၁၄ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )


signal-2026-09-12-23-36-34-274_002.jpg
၁၄  -  ၉  - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။⁨ပုဏ္ဏားကျွန်း၊ ဦးရာဇ်တောင်စေတီနားကို စစ်ကော်မရှင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊အရပ်သား ၂ ဦး သေဆုံးပြီး၊ သမိုင်းဝင် ဦးရစ်တော စေတီ ထက်ပိုင်းကျိုး ပြိုကျ

၂။ဗန်းမော်ကနေ ဆင်းလာတဲ့  စစ်ကော်မရှင်ရဲ့ စစ်သင်္ဘော ၆ စီးကို KIA ထပ်မံတိုက်ခိုက် ဖျက်ဆီး၊အထိနာသွားတဲ့ စစ်အုပ်စုက ကောင်းတုံရွာနဲ့ စာဝတီးရွာ တို့ကို ဗုံးကြဲတိုက်ခိုက်၊

၃။အကြမ်းဖက်စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုကို တိုက်ဖျက်နိုင်ရေး လူငယ်တွေ တော်လှန်ရေးနယ်မြေ ကိုလာရောက်ကြဖို့ဝ န်ကြီး ဦးရည်မွန် ဖိတ်ခေါ် ၊ စစ်ဖိနပ်အောက်မှာ ဘဝနဲ့အသက်တွေ အချည်းနှီးအဖြစ်မခံကြဖို့ ဦးမင်းကိုနိုင် တိုက်တွန်း
⁨⁨⁨⁨
၄။သံအမတ်ကြီးဦးကျော်မိုးထွန်းကို အကြမ်းဖက်စစ်တပ်က ငွေကြေးအလွဲသုံးစားလုပ်မှု၊ သစ္စာဖောက်ဖျက်မှုတွေနဲ့ စွပ်စွဲခြိမ်းခြောက်၊မဲဆောက်က တော်လှန်ရေးအဖွဲ့တွေနဲ့ ခေါင်းဆောင်တွေကို ထောက်လှမ်းဖို့ စစ်ကော်မရှင်က အထူး စရဖ ၁၅ ဖွဲ့ စေလွှတ်ထား စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨ပုဏ္ဏားကျွန်း၊ ဦးရာဇ်တောင်စေတီနားကို စစ်ကော်မရှင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊အရပ်သား ၂ ဦး သေဆုံးပြီး၊ သမိုင်းဝင် ဦးရစ်တော စေတီ ထက်ပိုင်းကျိုး ပြိုကျ၊
=====================
m.CDM စက်တင်ဘာ ၁၃ ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့က ဦးရာဇ်တောင် တံတားနားကို စစ်ကော်မရှင်တပ်က လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာ ၁ စီးနဲ့ စေတီရင်း ကျေးရွာဘက်ကမ်းက ဦးရာ ဇ်တောင် ကြိုးတံတား ချောင်းကမ်းစပ်ကို ဗုံး ၁ လုံး၊ ချောင်းထဲကို ဗုံး ၁ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

ဗုံးသီးတွေဟာ ကြိုးတံတားအနီးက ခရီးသွားစက်လှေတွေနားကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရသေ့တောင် မြို့နယ်၊ လေးကန်ကျေးရွာက အသက် ၆၅ နှစ်အရွယ် စက်လှေလုပ်သား ဦးမိုးမိုး နဲ့ စေတီရင်းရွာက အသက် ၃၇ နှစ်အရွယ် ဒေါ်စိုးစိုး တို့ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် စေတီရင်းရွာက အသက် ၉ နှစ်အရွယ် မဖြူထွေး၊ ၇၁ နှစ်အရွယ် ဒေါ်ဦးကျော့စိန်နဲ့ ရသေ့တောင်မြို့က ဦးအောင်ဝင်းမောင် တို့ ၃ ဦးလည်း ဗုံးစထိမှန်ကာ အသေးစားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်ခန့်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ်က ရှေးဟောင်းသမိုင်းဝင် ဦးရာဇ်တောင်စေတီတော်ကို ပေါင် ၅၀၀ ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စေတီတော်ဟာ အလယ်ကနေ ထက်ပိုင်းကျိုး ပြိုကျခဲ့ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်တွေ နဲ့ ပုဏ္ဏားကျွန်း အစပ်ကို စစ်ကော်မရှင်တပ်က မြေပြင် စစ်ကြောင်းအပြင် ရေတပ်၊ လေတပ်၊ လက်နက်ကြီးနဲ့ ဒရုန်းတွေကိုပါ အသုံးပြုပြီး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေအတွင်းမှာ အထိနာပြီး ဆုတ်ခွာသွားရတဲ့ စစ်ကော်မရှင်တပ်ဟာ လေကြောင်းကို အသုံးပြုပြီး အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ လူစုလူဝေးရှိရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
-------------------------
၂။ပလက်ဝ၊ မြိုင်နဲ့ ဗန်းမော်မှာ စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေ
====================
m.CDM စက်တင်ဘာ ၁၃ ရက်။

ချင်းပြည်နယ်၊ ပလက်ဝခရိုင်၊ ဆမီးမြို့နဲ့ မတူပီ မြို့နယ်ကြားက ဘွေလီရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကုန်စုံဆိုင်နဲ့ ထမင်းဆိုင်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၂ ရက်၊ ညနေပိုင်းမှာ ပေါင် ၃၀၀ ဗုံး အသုံးပြုပြီး Starlink အင်တာနက်သုံးနေတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်မှု မရှိခဲ့ပေမယ့် ကုန်စုံဆိုင်၊ ထမင်းဆိုင်တွေနဲ့ ကားတစ်စီး ပျက်စီးခဲ့ရ ပြီး၊ အိမ်မွေးတိရိစ္ဆာန် တချို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ဆမီးမြို့၊ အမှတ် ၂ ရပ်ကွက်ကို စစ်ကော်မရှင် တပ်က ဗုံး ၄ လုံး ကြဲချခဲ့ တာကြောင့် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ် ၅ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိခဲ့ ပါသေးတယ်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း စက်တင်ဘာလ ၁၃ ရက်၊ မနက် ၁၁ နာရီခန့်က တဲကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ကျောက်ခွက် ရေနံမြေနားကို ၁၂၀ မမ လက်နက်ကြီး တွေနဲ့ ပစ်ခတ်ခဲ့တယ် လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခဲ့တာဖြစ်ပြီး ရေနံခပ်နေတဲ့ ပြည်သူတစ်ဦး ကျည်စထိမှန်ကာ ဒဏ်ရာရခဲ့သလို၊ တဲကြီး ကျေးရွာမှာလည်း စစ်ကော်မရှင်စစ်ကြောင်း တပ်စွဲထားတာကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဘေးလွ- တ်ရာကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ထို့အပြင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဘက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ကောင်းတုန်ကျေးရွာ တစ်ဝက်လောက် မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်ကနေ ဆင်းလာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက်မှာ အခုလို ဗန်းမော် ပတ်ဝန်းကျင်နဲ့ ဧရာဝတီ မြစ်ကမ်းတစ်လျောက်ကို ပစ်မှတ်ထားပြီး ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။

ထို့အပြင် ရွှေကူ၊ စင်းခန်း၊ ဗန်းမော်နဲ့ ဧရာဝတီ မြစ်ကြောင်းတစ်လျောက်မှာ စစ်အုပ်စုက လေကြောင်းကနေ ၁၅ ကြိမ် ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။
----------------------------
၃။ဗန်းမော်ကနေ ဆင်းလာတဲ့  စစ်ကော်မရှင်ရဲ့ စစ်သင်္ဘော ၆ စီးကို KIA ထပ်မံတိုက်ခိုက် ဖျက်ဆီး၊အထိနာသွားတဲ့ စစ်အုပ်စုက ကောင်းတုံရွာနဲ့ စာဝတီးရွာ တို့ကို ဗုံးကြဲတိုက်ခိုက်၊
=====================
m.CDM စက်တင်ဘာ ၁၃ ရက်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ကနေ မန္တလေးဘက်ကို ပြန်လည် စုန်ဆင်းလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ စစ်သင်္ဘော ၆ စီးကို KIA ပူးပေါင်းတပ်တွေက ထပ်မံ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်၊ မနက်ပိုင်းက စာဝတီးရွာနဲ့ မြလယ်ရွာကြားမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ပထမ အကြိမ်မှာ တက်လာတဲ့ သင်္ဘော ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး ၁ စီး ရေထဲနစ်မြုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် ဒုတိယအကြိမ်ထပ်တက်လာတဲ့ စစ်သင်္ဘော ၃ စီးကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ ၃ စီးလုံး နစ်မြုပ်သွား ခဲ့ပြီး၊ တစ်ရက်ထဲမှာတင် စစ်သင်္ဘော ၄ စီး နစ်မြုပ်သွားခဲ့ကာ ၂ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ ကလည်း စာဝတီးနဲ့ သပြေကုန်း ရွာကြားမှာ စစ်သင်္ဘော ၁ စီးကို ဖျက်ဆီးနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းကနေ ဒီနေ့အချိန်ထိ စစ်သင်္ဘော နဲ့ ကုန်တင်သင်္ဘော ၂၄ စီးခန့်ကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကော်မရှင် တပ်သား ၁၅၁ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

အခုလို စစ်သင်္ဘောတွေ ဆက်တိုက် ဖျက်ဆီးခံရပြီး အထိနာသွားတဲ့ အကြမ်းဖက် စစ်အုပ်စုဟာ စက်တင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီခန့် ကနေ ၁၄ ရက်နေ့ မနက်ပိုင်းအထိ Y12 လေယာဉ်တွေ၊ ဂျက်ဖိုက်တာတွေနဲ့ စာဝတီး၊ ညောင်ပင်သာ၊ ကောင်းတုံ ရွာတွေနဲ့ ဧရာဝတီမြစ်ကမ်း တစ်လျှောက်ကို အကြိမ် ၁၅ ကြိမ် ထက်မနည်း ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေကူနဲ့ ဗန်းမော် မြို့နယ်ကြားမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာလည်း KIA ပူးပေါင်းတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် အကျအဆုံး များစွာဖြင့် ရွှေကူမြို့ပေါ်ကို ပြန်လည်ဆုတ်ခွာ နေရ တယ်လို့ သိရှိရပါတယ်။
-----------------------------------
၄။⁨မြ၀တီမြို့မှာ ညသန်းခေါင်းချိန် ပေါက်ကွဲမှု ၃ကြိမ်ဖြစ်၊ ယာဉ်ထိန်းရဲအဆောက်အအုံငယ်ပျက်စီး
======================
m.CDM၊ စက်တင်ဘာ ၁၃

ကရင်ပြည်နယ် မြ၀တီမြို့ပေါ်မှာ မနေ့ညသန်းခေါင်အချိန် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ခဲ့ပြီး ယာဉ်ထိန်းရဲ အဆောက်အအုံငယ်တခုပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ ပေါက်ကွဲမှု ၃ ကြိမ်ဆက်တိုက်ဖြစ်ခဲ့ရာမှာ ရေပူမီးပွိုင့် အနီးမှာရှိတဲ့ ယာဉ်ထိန်းရဲကင်းအဆောက်အအုံ ပျက်စီးသွားပေမယ့် လူထိခိုက်တာတော့မရှိဘူးလို့ မြ၀တီမြို့ က ဒေသနေပြည်သူတွေကလည်း ပြောပါတယ်။
ညသန်းခေါင်း ၁ နာရီကျော်ချိန်မှာ မြဝတီမြို ရဲစခန်းအနီးမှာတကြိမ်၊ ရေပူမီးပွိင့်အနီးမှာ တကြိမ်၊ အမှတ်-၂ ချစ်ကြည်ရေးတံတားအနီးမှာတကြိမ် ကားမိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာလို့ အသိပေးပါတယ်။
ဒီပေါက်ကွဲမှုဖြစ်စဥ်တွေကြောင့် လူထိခိုက်မှုမရှိပေမယ့် ကား ၂ စီးနဲ့ ရေပူမီးပွိုင့်ကယာဥ်ထိန်းရုံး မီးလောင် ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။  
ဗုံးပေါက်ကွဲမှုတွေမဖြစ်ခင် မနေ့ည စက်တင်ဘာ ၁၂ ရက် ည ၁၁ နာရီကျော်ကတည်းက မြ၀တီမြို့ပေါ်မှာ ဒရုန်းပျံသန်းသံမှုတွေရှိခဲ့တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးရေးအဖွဲအစည်းတွေရဲ့ လက်ချက်မဟုတ်ဘဲ စစ်တပ်ကလုပ်တာြဖစ်နိုင်တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထား ပါတယ်။
—————————————
⁨၅။အကြမ်းဖက်စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုကို တိုက်ဖျက်နိုင်ရေး လူငယ်တွေ တော်လှန်ရေးနယ်မြေ ကိုလာရောက်ကြဖို့ဝ န်ကြီး ဦးရည်မွန် ဖိတ်ခေါ် ၊ စစ်ဖိနပ်အောက်မှာ ဘဝနဲ့အသက်တွေ အချည်းနှီးအဖြစ်မခံကြဖို့ ဦးမင်းကိုနိုင် တိုက်တွန်း
====================

m.CDM၊ စက်တင်ဘာ ၁၃
အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းနေတာကို တိုက်ဖျက်နိုင်ဖို့အတွက် လူငယ် တွေ တော်လှန်ရေးနယ်မြေတွေကို လာရောက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ဖိတ်ခေါ်ထားသလို စစ်ဖိနပ်အောက်မှာ ဘဝနဲ့အသက်တွေ အချည်းနှီးအဖြစ်မခံကြဖို့ ဦးမင်းကိုနိုင်ကလည်း တိုက်တွန်းလိုက်ပါတယ်။
“အောင်စိတ်နဲ့ နင်းတဲ့မြေဟာ အောင်မြေဖြစ်တယ်” လို့ အမည်ပေးထားတဲ့ အပြန်အလှန် စကားစုစည်းမှု အစီအစဉ်ကနေ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့က အခုလို ပြောကြားခဲ့တာပါ။
NUG ရဲ့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က လူငယ်တွေကို တော်လှန်ရေးနယ်မြေကို လာရောက်ကြဖို့ ဖိတ်ခေါ်တဲ့နေရာမှာ ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်စောင့်ရှောက်ရေး၊ ပြည်ပထွက်ခွာနိုင်ရေး၊ လူထုဝန်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်အောင် စီစဉ်ပေးမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းကလူငယ်တွေကို အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သားစုဆောင်းနေတဲ့ အစီ အစဉ်ဟာ စစ်အုပ်စုအတွက် စစ်ရေးအရ အသက်ရှူပေါက်တခုဖြစ်နေပေမယ့် တဖက်မှာလည်း စစ်တပ်ရဲ့ အားနည်းချက်တခု ဖြစ်နေတယ်လို့ ဦးရည်မွန်က ဆိုပါတယ်။
အတင်းအကျပ် စစ်မှုထမ်းရမယ့်အန္တရာယ်ရှိနေတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို လာ ရောက်နိုင်ဖို့အတွက် မကြာမီအချိန်မှာ ကြေညာချက်တစောင် ထုတ်ပြန်ပေးမယ်လို့ အသိပေးပါတယ်။
တော်လှန်ရေးနယ်မြေတွေကိုရောက်ရှိလာပြီး တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူတွေအတွက် PDF သို့မဟုတ် ပကဖတပ်ဖွဲ့တွေမှာ ပါဝင်နိုင်ဖို့ စီစဉ်ပေးမှာဖြစ်သလို တိုက်ခိုက်ရေးတာဝန် ထမ်းဆောင်လိုသူတွေ အတွက်လည်း ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင် စောင့်ရှောက်ရေး၊ လူထုဝန်ဆောင်မှု၊ ဖွံ့ဖြိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်နိုင်အောင် စီစဉ်ပေးမယ်လို့ ဝန်ကြီး ဦးရည်မွန်က ရှင်းပြပါတယ်။
တော်လှန်ရေးနယ်မြေကို ရောက်လာသူတွေ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်နိုင်ရေးနဲ့ အသက်အန္တရာယ် အတွက် အတိုင်းအတာတခုအထိ လုံခြုံမှုရှိစေဖို့ စီစဉ်ပေးမယ်လို့လည်း အပြန်အလှန်စကားဝိုင်းမှာ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ပစ အစီအစဉ်တိုက်ဖျက်ရေးဟာ ကျွန်တော်တို့တော်လှန်ရေးအတွက် အရေးကြီးတဲ့အလုပ်တခုဖြစ်မယ်။ ဒီအလုပ်အတွက် ကျွန်တော်တို့ ပြည်သူတွေရော အရွယ်ရောက်ပြီး လူငယ်တွေရော ပူးပေါင်းပါဝင်ဖို့ အရေးကြီးလိမ့်မယ်” လို့ ဦးရည်မွန်က ပြောပါတယ်။
ဒါကြောင့် လူငယ်တွေအနေနဲ့ စစ်အုပ်စုရဲ့ ဖိအားပေးမှုအောက်မှာ နေမယ့်အစား တော်လှန်ရေး နယ်မြေတွေကို ရုန်းထွက်လာကြဖို့ ဦးမင်းကိုနိုင်က တိုက်တွန်းထားပါတယ်။
“စစ်ကောင်စီရဲ့ ဖိနပ်အောက်မှာတော့ အချည်းနှီးဖြစ်မခံနဲ့၊ ဒီဘက်ကို ရုန်းထွက်လာခဲ့ပါ။ ဒီဘက်မှာ ဘာမဆို အတူရင်ဆိုင်ကြဖို့ အဆင်သင့်ရှိတယ်” လို့ ဦးမင်းကိုနိုင်က လူငယ်ထုကို သတင်းစကားပါးထားပါတယ်။⁩
—————————————
၆။သံအမတ်ကြီးဦးကျော်မိုးထွန်းကို အကြမ်းဖက်စစ်တပ်က ငွေကြေးအလွဲသုံးစားလုပ်မှု၊ သစ္စာဖောက်ဖျက်မှုတွေနဲ့ စွပ်စွဲခြိမ်းခြောက်၊မဲဆောက်က တော်လှန်ရေးအဖွဲ့တွေနဲ့ ခေါင်းဆောင်တွေကို ထောက်လှမ်းဖို့ စစ်ကော်မရှင်က အထူး စရဖ ၁၅ ဖွဲ့ စေလွှတ်ထား၊
====================
m.CDM စက်တင်ဘာ ၁၃ ရက်။

အကြမ်းဖက် စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ငွေကြေးအလွဲသုံးစားမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ စွပ်စွဲခြမ်းခြောက်ပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ်မှ ထုတ်ပယ်(Dismissal)ထားကြောင်း ထုတ်ပြန်လာပါတယ်။

ဦးကျော်မိုးထွန်း အနေနဲ့ နိုင်ငံပိုင်ဘဏ္ဍာငွေတွေဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၆ သန်းနဲ့ ယူရို ၃ သောင်း ၈ ထောင်ကျော်ကို ၎င်းတို့ရဲ့ခွင့်ပြုချက်မရဘဲ ထုတ်ယူသုံးစွဲထားပြီး၊ ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ထားတယ် လို့ စွပ်စွဲထားပါတယ်။

ထို့အပြင် NUG နဲ့ CRPH တို့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတာ၊ ကုလသမဂ္ဂ စင်မြင့်ကို အလွဲသုံးစားပြုလုပ်နေတာ၊ တော်လှန်ရေးအတွက် အလှူငွေကောက်ခံပေးနေတာ၊ အကာအကွယ်ပေး နေတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အဆိုပါ လုပ်ရပ်တွေကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၂) (နိုင်ငံတော် ပုန်ကန်မှု) အပါအဝင် မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇ (၁)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဦးကျော်မိုးထွန်း ကို တရားခံပြေးအဖြစ် ကြေညာထားပြီး အင်တာပိုလ်(Interpol) နဲ့ အမေရိကန် ရဲတပ်ဖွဲ့ တို့နှင့် ချိတ်ဆက်ကာ သံတမန်လမ်းကြောင်းကနေတဆင့် ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက် နေတယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ယခု ထုတ်ပြန်ချက်ဟာ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမယ့်အချိန်နဲ့ တိုက်ဆိုင်နေပြီး၊ ခန့်အပ်လွှာ စိစစ်- ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်ကာ ဦးကျော်မိုးထွန်းရဲ့ ပုဂ္ဂိုလ်ရေးသိက္ခာ ကျဆင်းအောင် လုပ်ကြံဖန်တီးလာတာလည်း ဖြစ်ပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာလှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့တွေ နဲ့ CDM တွေကို ထောက်လှမ်းဖို့အတွက် အကြမ်းဖက် စစ်ကော်မရှင်တပ်က အထူးလျှို့ဝှက် စရဖ အဖွဲ့ ၁၅ ဖွဲ့ကို စေလွှတ်ထားတယ်လို့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။

ဒီစစ်ဆင်ရေးကို စဖရ ဗိုလ်မှူးအောင်ကျော်ဦး (ခ) လှထွန်း က အဓိက ကွပ်ကဲနေပြီး၊ သတင်းပေးကွန်ယက် ပျိူး- ထောင်ရေးအတွက် ဗိုလ်ကြီးသန်းဌေး (ခ) မျိုးဆွေနဲ့ ဆိုင်ဘာထောက်လှမ်းရေးအတွက် ဗိုလ်ကြီးဇော်ဝင်းနိုင် (ခ) ဆန်းမင်းထက် တို့က တာဝန်ယူထားတယ်လို့ ဆိုပါတယ်။

ထို့အပြင် ဘဏ္ဍာရေး ထောက်လှမ်းဖို့အတွက် ဗိုလ်ကြီး ကျော်ဇေယျ၊ အထူးစိမ့်ဝင်လှုပ်ရှားရေးအတွက် ဗိုလ်ကြီး မျိုးမင်းအောင် အပါအဝင် ဗိုလ်အဆင့် ၄ ဦး၊ ဒုဗိုလ်အဆင့် ၂ ဦးနဲ့ တပ်ကြပ်ကြီး ၃ ဦး တို့ဖြင့် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

အဆိုပါ စရဖ အထူးအဖွဲ့ဝင်များဟာ နယ်စပ်ဖြတ်ကျော် ကုန်သည်၊ ရွှေ့ပြောင်းလုပ်သား၊ စစ်ဘေးရှောင်နဲ့ CDM တွေအဖြစ် အသွင်ယူစိမ့်ဝင်ကြမှာဖြစ်ပြီး၊ မဲဆောက်က စီးပွားရေးသမားတွေနဲ့ ပွဲစားတွေ၊ ငွေကြေးအခက်အခဲရှိ တဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ NGO ဝန်ထမ်းတွေကိုပါ ငွေပေးစည်းရုံးပြီး သတင်းပေးကွန်ယက် ဖွဲ့စည်းသွားမယ် လို့ ဆိုပါတယ်။

၎င်းတို့ရဲ့ အဓိကပစ်မှတ်တွေက တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ သွားလာလှုပ်ရှားမှုတွေ၊ ကာကွယ်ရေးဆိုင်ရာ လျှို့ဝှက်နေအိမ်တွေ၊ ပြည်ပကနေ ဝင်လာမယ့် ရန်ပုံငွေ လမ်းကြောင်းနဲ့ လက်နက်ခဲယမ်း စီးဆင်းမှုတွေ ဖြစ်ပြီး၊ နေပြည်တော် စရဖ အရာရှိချုပ်ရုံးကို တိုက်ရိုက် သတင်းပို့ရမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

မဲဆောက်မြို့အတွင်း အထူးလျှို့ဝှက် သတင်းတပ်ဖွဲ့တွေ စေလွှတ်ထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး CDM အရာရှိတွေ၊ ထိုင်းထောက်လှမ်းရေး အဖွဲ့နဲ့ ရှေ့နေတွေကတော့ မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားပါတယ်။
-------------------------
၇။⁨သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ကိုယ်စားပြုခွင့်ထပ်ရရေး ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒထုတ်ဖော်
====================
m.CDM၊ စက်တင်ဘာ ၁၃

ကုလသမဂ္ဂ UN မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်စားပြုခွင့် ထပ်ရရေး  ဗြိတိန်ရောက် မြန်မာတွေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က ပါလီမန်အဆောက်အအုံရှေ့မှာ  စက်တင်ဘာ ၁၂ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ ဗြိတိန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ခေါ် Kim Aris နဲ့ သရုပ်ဆောင် မေမြတ်နိုးတို့ တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံပေးကြဖို့၊ SCEF ၊ NUG စတဲ့ ပြည်သူ့ကိုယ်စားလှယ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ အာဏာသိမ်း စစ်တပ်ကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်တာတွေမလုပ်ဖို့ တိုက်တွန်း တောင်းဆိုခဲ့ တယ်လို့ သိရပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာထပ်ရှိနေစေဖို့ ကမ္ဘာ့မြို့ကြီးတွေကို ရောက်ရှိနေတဲ့ နွေဦးတော်လှန်ရေးမိသားစုတွေက ဆန္ဒထုတ်ဖော်မှုတွေ ဆက်တိုက်ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ်အဖြစ် ဆက်ပြီးခန့်ထားနိုင်ဖို့ နိုင်ငံ့ခေါင်းဆောင်တွေ မိန့်ခွန်းပြောကြမယ့် စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းမှာလည်း ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ နိုင်ငံတကာရောက် မြန်မာတွေက ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ ဆန္ဒထုတ်ဖော်မှုတခု ပြုလုပ်ဖို့ရှိနေတယ်လို့ သိရပါတယ်။
————————————
၈။⁨အကျဉ်းထောင် ၁၃ ခု နိုင်ကျဥ်းနဲ့မိသားစုဝင်တွေဆီက ငွေကြေးခေါင်းပုံဖြတ်တာ၊ ဆေးဝါးကန့်သတ်တာတွေလုပ်နေ
======================
m.CDM၊ စက်တင်ဘာ ၁၃

အကျဉ်းထောင် ၁၃ ခုမှာရှိတဲ့ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး ခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှုတွေကို ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က  စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းက အကျဉ်းထောင် ၁၃ ခုမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဆီပေးပို့တဲ့ တရားဝင် ဈေးဘားသွင်းငွေတွေနဲ့ ထောင်ဝင်စာပါဆယ်တွေကို ထောင်အာဏာပိုင်တွေက နည်းလမ်းမျိုးစုံနဲ့ မတရား ငွေကြေး ကောက်ခံတာ၊ ခေါင်းပုံဖြတ်တာ၊ ဆေးဝါးပေးပို့မှုကို ကန့်သတ်ပိတ်ပင်တာတွေ ဖြစ်နေတာကို PPNM က အသိပေး လာတာြဖစ်ပါတယ်။
တရားဝင်စျေးဘားကနေ ငွေသွင်းယူရာမှာ အကျဉ်းထောင်အာဏာပိုင်တွေက ငွေပမာဏပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်ယူနေပြီး အိုးဘိုအကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နဲ့ တောင်ငူအကျဉ်းထောင် တွေဟာ မတရားငွေကြေး ကောက်ခံမှုနဲ့ခေါင်းပုံဖြတ်မှုတွေ အဆိုးရွားဆုံးလို့ PPNM က ပြောပါတယ်။
အိုးဘို၊ မိတ္ထီလာ၊ တောင်ငူ၊ ကျိုက်မရော၊ ဒိုက်ဦး၊ ပြည်၊ မြင်းခြံ၊ ရွှေဘိုနဲ့ ပေါင်းတည်အကျဉ်းထောင်တွေမှာ ထောင်ဝင်စာ ပါဆယ်ပေးပို့ရာမှာ သတ်မှတ်ပါဆယ်အိတ်တွေကို တထောင့်ငါးရာကျပ်ကနေ ၂ထောင်ကျပ်အထိ မဖြစ်မနေ ဝယ်ယူစေတာ၊ ငွေရပြေစာဖိုးနဲ့ စာရွက်စာတမ်းကြေး ခေါင်းစဥ်တပ်ပြီး ကျပ် ၅၀၀ ကနေ တသောင်းခွဲအထိ မတရားကောက်ခံတာတွေအပြင် မိသားစုဝင်မဟုတ်သူတွေပေးပို့လာရင် အပိုဆောင်းငွေ တောင်းခံတာတွေ လုပ်နေတယ်လို့ PPNM ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
————————————
၉။မြင်းမူမှာ တိုက်နယ် ပကဖ တာဝန်ခံနဲ့ ဇနီး လက်နက်တွေ ယူဆောင်သွားပြီး အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်း
====================
m.CDM စက်တင်ဘာ ၁၃ ရက်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ဂုံညှင်းဆိပ်တိုက်နယ် ပကဖ တာဝန်ခံ ကိုမြတ်စိုး ဟာ လက်နက် ၁၀ လက်ကျော် ကို ယူဆောင်သွားခဲ့ပြီး၊ စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်တပ်ထံ ပူးပေါင်းသွားတယ် လို့ သိရပါတယ်။

၎င်းရဲ့ဇနီးဖြစ်သူဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ကြိုတင်ပြီး ဘက်ပြောင်းသွားခဲ့တဲ့အတွက် ကိုမြတ်စိုး ဟာ ရဲဘော်တွေရဲ့ လက်နက်တွေအပြင် ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းထားကြတဲ့ ငွေကျပ် ၁၅ သိန်းနဲ့ လက်နက်ဝယ်ဖို့ စုဆောင်းထားတဲ့ ငွေကြေးတွေကိုပါ ခိုးယူပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကိုမြတ်စိုးနဲ့ ဇနီးဖြစ်သူတို့ဟာ တော်လှန်ရေး အမည်ခံပြီး လောင်းကစားဒိုင် လုပ်တာ၊ ပြန်ပေးဆွဲတာ၊ ဓါးပြတိုက် တာတွေနဲ့ ပြည်သူတွေအပေါ် ဗိုလ်ကျတာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမ ယ့် အခြေအနေ ဖြစ်လာတာကြောင့် အခုလို စစ်တပ်ထံ ပြေးဝင်သွားခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။

၎င်းရဲ့ မသင်္ကာစရာ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး ပကဖ အဖွဲ့ဝင် တချို့က မြို့နယ် ပကဖ ထံ တိုင်ကြားခဲ့ဖူးပေမယ့် အရေးယူမှု မရှိဘဲ လျစ်လျူရှုခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို ပကဖ တာဝန်ခံ လက်နက်ချသွားတဲ့ နေ့မှာပဲ ဂုံညှင်းဆိပ်ရွာနဲ့ အနီးတဝိုက်ကို အကြမ်းဖက် စစ်ကော်မရှင် တပ်ဘက်က ကင်းထောက်ဒရုန်းတွေ ပျံသန်းနေခဲ့တာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေး အထူးသတိပြုကြဖို့ အသိပေးထားပါတယ်။

ယခုဖြစ်စဉ် အပါအဝင် စက်တင်ဘာလ တစ်လတည်းမှာတင် မြင်းမူမြို့နယ် အတွင်းမှာ အကြမ်းဖက် စစ်တပ်ထံ လက်နက်ချ ဘက်ပြောင်းသွားခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင် ၁၀ ဦးခန့် ရှိနေပြီးလို့ သိရှိရပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--
Send email to - editors@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654
Share:

No comments:

Post a Comment