၂ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၂ -  ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။အကြမ်းဖက် စစ်အုပ်စု အနေနဲ့ နိုင်ငံတကာမှာ တရားဝင်မှုနဲ့ ကိုယ်စားပြုခွင့်ရဖို့ ကြိုးပမ်းနေပေမယ့် အောင်မြင်မှု မရှိသေးဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဆို၊
အိမ်နီးချင်း နိုင်ငံတချို့ရဲ့ ပြန်လည်ထိတွေ့ ဆက်ဆံလာမှုအပေါ် မစိုးရိမ်ဖို့ အသိပေး၊

၂။လွိုင်ကော်က စစ်ရှောင် စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင် ဗုံးကြဲ၊ ကျောင်းသား/သူ ၃ ဦး သေဆုံး၊ဆားလင်းကြီးမှာလည်း ပါရာမော်တာနဲ့ ဗုံးကြဲခဲ့ရာ မိသားစုလိုက် ဒဏ်ရာရပြီး မိခင်ဖြစ်သူ သေဆုံ

၃။စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အစွမ်း ကုန် ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ၃၈ နှစ်မြောက် ABSDF နှစ်ပတ်လည်နေ့မှာ တိုက်တွန်း

၄။⁨⁨⁨⁨ကျိုက်မရောမြို့နယ်က စစ်စခန်းကို တိုက်ခိုက်မှု စစ်အရာရှိအပါ ၅ ဦးသေဆုံး စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨⁨အကြမ်းဖက် စစ်အုပ်စု အနေနဲ့ နိုင်ငံတကာမှာ တရားဝင်မှုနဲ့ ကိုယ်စားပြုခွင့်ရဖို့ ကြိုးပမ်းနေပေမယ့် အောင်မြင်မှု မရှိသေးဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ဆို၊
အိမ်နီးချင်း နိုင်ငံတချို့ရဲ့ ပြန်လည်ထိတွေ့ ဆက်ဆံလာမှုအပေါ် မစိုးရိမ်ဖို့ အသိပေး၊
=================
m.CDM နိုဝင်ဘာ ၁ ရက်။

အကြမ်းဖက်စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့ ဟန်ပြအစိုးရ ဖွဲ့စည်းမှုတွေကနေတဆင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုရဖို့ ကြိုးစားနေပေမယ့် အာဆီယံနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှာ မြန်မာ နိုင်ငံကို ကိုယ်စားပြုခွင့်နဲ့ တရားဝင်မှုရရှိရေးအတွက် အောင်မြင်မှု မရှိသေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အောက်တိုဘာလ ၃၁ ရက်၊ မနေ့က လူမှုကွန်ယက် (Facebook) ကနေတစ်ဆင့် ပြည်သူလူထုထံ သတင်းစကား ပေးပို့ရမှာ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံတကာခရီးစဉ်တွေ၊ အတုအယောင်ရွေးကောက်ပွဲနဲ့ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံ တချို့ရဲ့ ပြန်လည်ထိတွေ့ဆက်ဆံလာမှုတွေအပေါ် ပြည်သူတွေရဲ့စိုးရိမ်မှုကို နားလည်ကြောင်း ထည့်သွင်းပြောဆို ခဲ့တာ ဖြစ်ပါတယ်။

“နိုင်ငံတကာရေး အခြေအနေတွေကိုတော့ ဒီလိုမျိုး ခရီးစဉ်တွေ၊ တွေ့ဆုံပွဲတွေရဲ့ ဓာတ်ပုံတွေကနေ ကြည့်ပြီး ဒီအ ပေါ်မှာအခြေခံပြီးတော့ အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာက အသိအမှတ်ပြုလိုက်ပြီ ဆိုပြီးတော့ ကံသေကံမ ကောက်ချက်ချလို့တော့ မရနိုင်ပါဘူး” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတချို့ရဲ့ အကျိုးစီးပွားအခြေပြု ဆက်ဆံမှုတွေဟာ စစ်အုပ်စုအတွက် အထောက်အပံဖြစ်လာနိုင်လို့ NUG အနေနဲ့ အလေးအနက်ထားသုံးသပ်နေပြီး၊ တုံ့ပြန်တားဆီးနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုအနေနဲ့ နိုင်ငံတကာဖိအားတွေကို ကျော်လွှားနိုင်ပြီလား ဆိုတာ လက်တွေ့ နိုင်ငံရေးရလဒ် တွေနဲ့သာ တိုင်းတာရမှာဖြစ်ပြီး NUG နိုင်ငံခြားရေးကဏ္ဍရဲ့ ရေရှည်ရည်မှန်းချက်ဟာ စစ်အုပ်စုကို နိုင်ငံတကာက  အသိအမှတ်မပြုရေးနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတွေ တရားဝင်မှုရရှိရေး ဖြစ်တယ်လို့ ပြောပါတယ်။

ဒီရည်မှန်းချက်အတွက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရှိနေရေး၊ နိုင်ငံတကာ ပါလီမန် အဖွဲ့အစည်းတွေမှာ CRPH ကို ဆက်လက် အသိအမှတ်ပြုထားရေးနဲ့ အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် တက်ရောက်ခွင့်မရရေး စတဲ့ အဓိက ညွှန်းကိန်းတွေနဲ့ စောင့်ကြည့် သုံးသပ်နေတယ်လို့ ဆိုပါတ ယ်။

အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာသံတမန်တွေ နေပြည်တော်မှာ စစ်အုပ်စုနဲ့ ပြန်လည်ထိတွေ့ ဆက်ဆံလာတဲ့အခါမှာလည်း NUG နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဦးဆောင်ကောင်စီတို့ရဲ့ ရပ်တည်ချက် နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုင်းတာသင့်တဲ့ တိုးတက်မှု ညွန်းကိန်းတွေကို ရှင်းလင်းပြောကြားနေရတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် တိုးတက်မှုရှိ၊မရှိ အကဲဖြတ်ရာမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ပေးအပ်နိုင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံ ရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဆိုတဲ့ အချက်တွေနဲ့သာ အခြေခံတိုင်းတာသင့်တယ်လို့ ဆိုပါတယ်။

“ဒီလို ခရီးစဉ်တွေ၊ တွေ့ဆုံပွဲတွေနဲ့တင် တိုင်းတာလို့မရဘူး၊ package လိုက် တိုးတက်မှုရှိမရှိဆိုတာနဲ့ တိုင်းတာဖို့ လိုတယ်။” လို့လည်း အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (5-Point Consensus)  အပေါ် အကဲဖြတ်ရာမှာ ဒေါ်ဇင်မာအောင် က ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် စစ်အုပ်စုက နိုင်ငံတကာတွေ့ဆုံမှုတွေကနေ နိုင်ငံရေး အမြတ်ထုတ်နိုင်ခြေရှိလို့ သတိပြုကြဖို့ သတင်း- စကား ပေးနေသလို ပြည်တွင်းက ပြည်သူတွေရဲ့ ရုန်းကန်မှုနဲ့ နိုင်ငံတကာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို မဟ ာဗျူဟာကျကျ ချိတ်ဆက်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အနာဂတ်အတွက် ဆက်လက်ကြိုးပမ်းသွား မယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။
———————————
၂။လွိုင်ကော်က စစ်ရှောင် စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင် ဗုံးကြဲ၊ ကျောင်းသား/သူ ၃ ဦး သေဆုံး၊ဆားလင်းကြီးမှာလည်း ပါရာမော်တာနဲ့ ဗုံးကြဲခဲ့ရာ မိသားစုလိုက် ဒဏ်ရာရပြီး မိခင်ဖြစ်သူ သေဆုံး
==================
m.CDM နိုဝင်ဘာ ၁ ရက်။

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဝမ်ငေါကျေးရွာက စစ်ရှောင်စာသင်ကျောင်းကို အကြမ်းဖက် စစ်ကော်မရှင် တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား/သူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် စာသင်ကျောင်းက ကလေးငယ်တွေကို အာဟာရကျွေးနေချိန်မှာ တံတားဦး လေတပ်တက် ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်ဝန်းကျင် အရွယ် ကျောင်းသား၊ ကျောင်းသူ ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အသက် ၉ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကျောင်းသား/သူ ၅ ဦး ထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၅ နာရီကျော်မှာလည်း တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လွိုင်ကော်အရှေ့ခြမ်း၊ ကျေးရွာ တွေကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရရှိခဲ့ ပါသေးတယ်။

အလားတူ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာကိုလည်း အကြမ်းဖက် စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် မိသားစုဝင် ၄ ဦး ထိခိုက်ပြီး၊ မိခင်ဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက် ညနေ ၅ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ပါရာမော်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၄၅ နှစ်အရွယ် မိခင်ဖြစ်သူ သေဆုံးခဲ့ရပြီး၊ သူ့ရဲ့ ခင်ပွန်းဖြစ်သူ (၄၅ နှစ်) နဲ့ ၁၂ နှစ်နဲ့ ၁၇ နှစ်အရွယ် သားသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
-----------------------------
၃။ပေါက်တောကို စစ်တပ်ဗုံးထပ်ကြဲလို့ အရပ်သားပြည်သူတွေ ထိခိုက်မှုရှိ
====================
m.CDM၊ နိုဝင်ဘာ ၁

ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်နဲ့ ရွာချောင်းကြီးရွာထဲကို အာဏာသိမ်းစစ်တပ်က ထောက်ပို့လေယာဉ် Y12 နဲ့ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တာကြောင့် အရပ်သားပြည်သူနဲ့စစ်ဘေးရှောင်တွေထိခိုက်မှုတွေရှိတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝီရဌာနီလို့ အမည်ပြောင်းထားတဲ့ ပေါက်တောမြို့ပေါ်ကို နိုဝင်ဘာ ၁ ရက် မနက်အစောပိုင်း ၄ နာရီဝန်းကျင်လောက်မှာ  အာဏာသိမ်းစစ်တပ်က ဗုံးအလုံး ၂၀ နီးပါးနဲ့ ရွာချောင်းကြီးရွာထဲကို အလုံး ၁၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါ တယ်။
ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးရွာကို တနာရီအတွင်း ဗုံး ၃၄ လုံး ကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းကလည်း ဖော်ပြပါတယ်။
အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာချောင်းကြီးရွာက ၆ နှစ်အရွယ် ကလေးတဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပေါက်တောလူမှုကူညီရေးအသင်း PTHR တာဝန်ရှိသူတွေကတော့ မြို့ပေါ်မှာ ထိခိုက်ပျက်စီးမှုမရှိပေမယ့် ရွာချောင်းကြီးရွာက ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေကို ပြောထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးဟာ စစ်ဘေးရှောင်နေသူဖြစ်တဲ့ အသက် ၇၀ အရွယ် ဦးဒါအောင်ကျော်၊ အသက် ၃၅ နှစ် အရွယ် ဒေါ်မစောတင်၊ အသက် ၂၄ နှစ်အရွယ် မမေဦးခင်၊ အသက် ၁၄ နှစ်အရွယ် မမငယ်နဲ့ အသက် ၆ နှစ်အရွယ် မဆန်းနွယ်ဦးတို့ ဖြစ်ကြပြီး ဦးဒါအောင်ကျော်က ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ပေါက်တောမြို့ပေါ်နဲ့ ပြားသူရွယ်ရွာတို့ကို Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တာရှိပါတယ်။
————————————
၄။⁨ကျိုက်မရောမြို့နယ်က စစ်စခန်းကို တိုက်ခိုက်မှု စစ်အရာရှိအပါ ၅ ဦးသေဆုံး
==================
m.CDM နိုဝင်ဘာ ၁ ရက်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က စစ်စခန်းကို တိုက်ခိုက်ရာမှာ စစ်တပ်က အရာရှိအပါအဝင် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသွာတယ်လို့ တိုက်ပွဲဝင် တပ်တွေဆီက သိရပါတယ်။
ကျိုက်မရောမြို့နယ် ကျွန်းရွာမှာ အင်အား ၄၀ လောက်နဲ့ တပ်စွဲထားတဲ့ ရန်သူစစ်ကောင်စီတပ်ကို မုဒုံမြို့နယ် RMA တပ်က မနေ့ အောက်တိုဘာ ၃၁ ရက် မနက် ၅ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
၁၀ မိနစ်လောက်ကြာတဲ့ အဲဒီတိုက်ပွဲမှာ ရန်သူစစ်ကောင်စီတပ်က အရာရှိတဦးအပါအဝင် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရသွားသလို ရာမညမွန်တပ်တော် RMA ဘက်က ရဲဘော်တဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ရာမညမွန်တပ်တော်က နိုဝင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
——————————
၅။ပခုက္ကူမှာ ရဲတပ်ကြပ် သိန်းနိုင်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိ၊ရေစကြိုမှာလည်း ပျူခေါင်းဆောင်နဲ့ တပည့်ဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ
==================
m.CDM နိုဝင်ဘာ ၁ ရက်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျောက်လှေကား စစ်ဆေးရေးဂိတ်က ရဲတပ်ကြပ်သိန်းနိုင်ဦး ကို ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေရာမှာတင် သေဆုံးသွားတယ် လို့ မကွေး ဖက်ဒရယ်ယူနစ်၊ စစ်ကြောင်း (၃) - Southern YSO PDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက် ညနေ ၃ နာရီခန့်က ပခုက္ကူမြို့ကနေ Crown အဖြူရောင်ကားနဲ့ တစ်ဦးတည်း ပြန်လာတဲ့ ရဲတပ်ကြပ် သိန်းနိုင်ဦးကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ စောင့်ကြိုပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း ရဲတပ်ကြပ်ဟာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ၎င်းကိုင်ဆောင်တဲ့ MA-3 သေနတ် ၁ လက်၊ 9mm ပစ္စတို ၁ လက်၊ Crown ကား ၁ စီးနဲ့ ရုပ်အလောင်းကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

သိန်းနိုင်ဦး ဟာ ရဲတပ်ရင်း (၃၅) က ဖြစ်ပြီး၊ ကျောက်လှေကားဂိတ်မှာ အဓိက တာဝန်ယူထားသူ ဖြစ်တာကြောင့် ပစ်ခတ်ခံရပြီး နောက်ပိုင်းမှာ စစ်ကော်မရှင်တပ်က ၃ ရက်လောက် တောနင်း ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်လှေကားဂိတ်ဟာ ထင်းခုတ်လာတဲ့ အရပ်သားပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့သလို၊ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်တာ၊ ခရီးသွားပြည်သူတွေဆီကနေ လစဉ် ကျပ်သိန်း ၁,၀၀၀ ကျော်ကို မတရား ခြိမ်းခြောက် ငွေညှစ်တာတွေကို ကျူးလွန်ခဲ့တယ်လို့ သိရှိရပါတယ်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးတော (ပျူ)စခန်းက ထွက်လာတဲ့ ပျူစောထီး ခေါင်းဆောင်နဲ့ တပည့် ဖြစ်သူတို့ကို စောင့်ကြိုပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ရေစကြို မြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၃၁ ရက် မနက် ၆ နာရီခွဲခန့်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ ပျူခေါင်းဆောင် ဝင်းမြင့်အောင် (ခေါ်) ဝင်းမြင့်နဲ့ တပည့်ဖြစ်သူ မင်းအောင် တို့ကို ရေစကြို ပကဖ နဲ့ ပခုက္ကူခရိုင် တပ်ရင်း (၉) တို့က စောင့်ကြိုပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း ပျူစောထီး ၂ ဦးစလုံး နေရာမှာတင်သေဆုံးသွားခဲ့ပြီး၊ G-3 သေနတ် ၁ လက်၊ ကာဘိုင် ၁ လက်၊ ပွိုင့် ၃၈ ပစ္စတို ၁ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသွားတဲ့ ပျူခေါင်းဆောင်ဟာ စစ်ကော်မရှင် စစ်ကြောင်းကိုခေါပြီး ရွာတွေကို မီးရှို့တာ၊ ရေစကြို-မန္တလေး  လမ်းပေါ်မှာ ကားတွေကိုတားပြီး ငွေညှစ်တာနဲ့ အမျိုးသမီးတွေကို ကာမ အမြတ်ထုတ်တာတွေ ကျူးလွန်ခဲ့တယ်  လို့ ဆိုပါတယ်။

ပခုက္ကူ-မန္တလေး လမ်းမပေါ်က ဇီးတော (ပျူ)ရွာဟာ စစ်ကော်မရှင်ရဲ့ ခလရ (၂၅၆)၊ (၂၅၇)၊ (၂၅၈) တပ်ရင်းတွေနဲ့ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းတို့ကို အဓိက ချိတ်ဆက်ပေးထားတဲ့ ဗျူဟာကျတဲ့ စခန်းလည်း ဖြစ်ပါတယ်။
--------------------------
၆။စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အစွမ်း ကုန် ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ ၃၈ နှစ်မြောက် ABSDF နှစ်ပတ်လည်နေ့မှာ တိုက်တွန်း
===================
m.CDM နိုဝင်ဘာ ၁ ရက်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချု ပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး တို့အတွက် လူထုအား၊ နိုင်ငံရေးအားနဲ့ စစ်ရေးအားတွေ ပေါင်းစပ်ပြီး အစွမ်းကုန် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ABSDF ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ်မြောက် နှစ်ပတ်လည်နေ့ ထုတ် ပြန်ချက်မှာ အခုလို ထည့်သွင်း တိုက်တွန်းထားတာပါ။

ကျောင်းသားတပ်တော် အနေနဲ့ ၁၉၈၈ ကနေ လက်ရှိ ၂၀၂၆ နွေဦးတော်လှန်ရေး အထိ ခရီးကြမ်းတစ်လျောက်မှာ အသက်နဲ့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ကြသူတွေ၊ ထောင်ဒဏ်ကျခံခဲ့ရတဲ့ ရဲဘော်တွေ အားလုံးကို အလေးအနက် ဦးညွတ်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ABSDF အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ လက်တွဲနေသလို အညာဒေသက တော်လှန်ရေးအဖွဲ့ ၁၉ ဖွဲ့နဲ့လည်း စစ်ရေးနဲ့ နိုင်ငံရေးအရ လက်တွေ့ကျကျ ပူ းပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“၃၈ နှစ်ဆိုတာ မျိုးဆက် ၂ ခု ကွာခြားတာကြောင့် ခုဆိုရင် မကဒတ (ကျောင်းသားတပ်မတော်) ဟာ နွေဦးတော် လှန်ရေးမှာ ပေါ်ထွက်လာတဲ့ တတိယမျိုးဆက်တွေနဲ့အတူ ခိုင်မာစွာစုစည်းရင်း စစ်ကြောင်းတွေ၊ အလုပ်အဖွဲ့တွေ တိုးချဲ့ဖွဲ့စည်းပြီး ဦးတည်ချက် ၄ ရပ် အောင်မြင်ရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်နေကြပြီဖြစ်တယ်။ တပြိုင် နက်တည်းမှာပဲ အခြား မဟာမိတ်တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးနဲ့လည်း လက်တွေ့ကျတဲ့ နိုင်ငံ ရေး၊ စစ်ရေး၊ သံတမန်ရေးတွေအပြင် မြေပြင်၊ လူထုကြားမှာ ဆက်ဆံရေးတွေကို အခိုင်အမာ တည်ဆောက်ရင်း ဆက်လက်ချီတက်နေကြပြီ ဖြစ်တယ်။” လို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ က ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့ လက်ရှိအကျပ်အတည်းတွေကို အမြန်ဆုံး အဆုံးသတ်ဖို့ လိုအပ်နေပေမယ့် ဆေးမြီးတိုနည် းတွေနဲ့ မဖြေရှင်းသင့်ဘဲ ရေရှည်တည်တံ့မယ့် နိုင်ငံရေးအဖြေရှာမှုမျိုးပဲ ဖြစ်သင့်တယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူတွေကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်တွေဟာ နိုင်ငံရေး ထွက်ပေါက်ရှာတဲ့ အတုအယောင်သာ ဖြစ်ပြီး၊ စစ်အုပ်စု ဦးဆောင်တဲ့ ဘယ်လုပ်ငန်းစဉ်မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။
------------------------
⁨၇။ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှု ထိုင်းဘက်ခြမ်းရှိ နေအိမ်၊ အစိုးရရုံးနဲ့ ဘုရားကျောင်းများ ထိခိုက်ပျက်စီး
==================
m.CDM၊ နိုဝင်ဘာ ၁

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာစစ်တပ်က YAK-130 တိုက်လေယာဉ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သော်လဲထဂိတ်စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ်စုံလပ်ဒေသက နေအိမ် များ၊ ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးရုံးနဲ့ ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့အတွက် ဒေသနေပြည်သူတွေကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။
အောက်တိုဘာလ ၃၁ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်မှာ မြန်မာစစ်တပ်က တိုက်လေယာဉ်တတစင်းနဲ့ သံလွင်မြစ်အနီး ထိုင်းနိုင်ငံ မယ်စုံလပ်ဆိပ်ကမ်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ KNU ရဲ့ သော်လဲထဂိတ်စခန်းကို ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေယာဉ်ဗုံးပေါက်ကွဲမှုကြောင့် မီးလောင်မှုတွေဖြစ်ခဲ့ပြီး တုန်ခါမှုတွေကြောင့် ထိုင်းဘက်ခြမ်းရှိ နေအိမ် ပြတင်းပေါက်မှန်တွေ ကွဲအက်ပျက်စီးခဲ့တဲ့အတွက် ဒေသနေပြည်သူတွေ အထိတ်တလန့်နဲ့ ဘေးလွတ်ရာ  ထွက်ပြေးခဲ့ကြရတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
လက်ရှိမှာလည်း ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း သံလွင်မြစ်ကမ်းဘေးက အန္တရာယ်ရှိနိုင်တဲ့နေရာ တွေမှာ နေထိုင်သူတွေကို ဘေးကင်းရာနေရာတွေကို ရွှေ့ပြောင်းပေးနေတယ်လို့ သိရပါတယ်။
ထိုင်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကြိုတင်သတိပေးထားပြီး ဒေသတွေကို သတိထားနေထိုင်ကြဖို့နဲ့ အန္တရာယ်ရှိနေရာတွေက ရွှေ့ပြောင်းဖို့ အသိပေးပြီးချိန်မှာ မြန်မာစစ်တပ်က ဗုံး ၂ လုံး ကြဲချပြီး တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ KNU ထိန်းချုပ်နယ်မြေတွေကို ကုန်ပစ္စည်းတွေ မထောက်ပံ့ဖို့ ထိုင်းအစိုးရကို ပြီးခဲ့တဲ့ ဩဂုတ်လထြမှာသတိပေးခဲ့ပြီး မယ်ဆမ်လပ်ရွာနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ သော်လဲထစခန်းကို လေကြောင်း ကနေတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာရှိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ပြောထား တယ်လို့ သိရပါတယ်။


ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။34.jpg
Share:

No comments:

Post a Comment