၂၀၂၅ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ (၂၀၂၅) ဇွန်လအတွင်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၅၃၂) မှု ရှိ
📌 ၂။ မိုင်းယု (၁၀၅) မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ အုပ်ချုပ်ရေးအောက် ပြည်သူ့ဆေးရုံကြီး ဖွင့်လှစ်
📌 ၃။ တကသကျောင်းသားဟောင်းများ အင်အားစု၏ အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်ဟောင်း ကိုရှိန်းဝေအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်(၂၀) စီ ချမှတ်
📌 ၄။ စစ်အုပ်စု ထိန်းချုပ်ထားသော Facebook page များကို ချက်ချင်းအရေးယူပေးပါရန် Meta ဥက္ကဌထံ Defend Myanmar Democracy စာပေးပို့
📌 ၅။ ကော်သူးလေ လယ်ယာနှင့် စိုက်ပျိုးရေးဌာနနှင့် ကေအဲန်ယူ စီးပွားရေးကော်မတီတို့မှ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာမှာ အဆင်ပြေစေဖို့ ကူညီထောက်ပံ
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေဖြူမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဖခင်ဖြစ်သူနဲ့ ကလေး (၃) ဦး သေဆုံး
🚩 ၂။ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်နီပြည်နယ်အတွင်း အရပ်သား (၆၂) ဦး သေဆုံး
🚩 ၃။ အမှတ် (၃၉) ခြေလျင်တပ်ရင်း အား (၁၀၇) မမရှော့ဒုံးများဖြင့်တိုက်ခိုက်
🚩 ၄။ ကေတုမတီ (တောင်ငူ) လေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် တရက်တည်း (၂) ကြိမ် တိုက်ခိုက်
🚩 ၅။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ သင်္ဘော (၂) စီး ပျက်စီးပြီး ထိခိုက်မှုရှိ
🚩 ၆။ မုံရွာအနီး စစ်ကောင်စီ၏ စက်တပ်လေထီး တစ်စီး ပျက်ကျ၊ တပ်သား နှစ်ဦး သေဆုံး
🚩 ၇။ သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်နေပြီး (၅) မိုင်ရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်
🚩 ၈။ (၂၀၂၅) ခုနှစ် ဇွန်လအတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း (၂၇၀) ဦး ရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ (၂၀၂၅) ဇွန်လအတွင်း အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၅၃၂) မှု ရှိ
(၂၀၂၅) ဇွန်လအတွင်း အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၅၃၂) မှု ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဇွန်လအတွင်းမှာ မန္တလေးဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး (၁၁၆) မှုထိ ရှိခဲ့ကာ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့လည်း မန္တလေးဟာ (၅၅) ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဗုဒ္ဓဘာသာ ဘာသာရေး အဆောက်အအုံ (၁၅) လုံး၊ ခရစ်ယာန်ဘာသာ ဘာသာရေး အဆောက်အအုံ (၆) လုံးနှင့် မန္တလေးတိုင်းအတွင်းရှိ ကျန်းမာရေးအဆောက်အအုံ (၃) ခု ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၉ဝ) ဦး၊ ထိခိုက်ဒဏ်ရာရသူ (၂၉၆) ဦး ရှိခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ (၅၅) ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မိုင်းယု (၁၀၅) မိုင်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ အုပ်ချုပ်ရေးအောက် ပြည်သူ့ဆေးရုံကြီး ဖွင့်လှစ်
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်ဒေသတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ အုပ်ချုပ်မှုအောက်တွင် ပြည်သူ့ဆေးရုံကြီးတစ်ခု ဇူလိုင်လ (၈) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
အာရက္ခတပ်တော် (ULA/AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ပါဝင်သော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ဦးဆောင်မှုဖြင့် ထိုဆေးရုံကို မေလလယ်မှစတင်ပြင်ဆင်ခဲ့ပြီး သုံးလနီးပါးအကြာတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ယခင်က မိုင်းယု (၁၀၅) မိုင်ဒေသခံများသည် ကျေးလက်ကျန်းမာရေးဆေးခန်းများကိုသာ အားကိုးခဲ့ရပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်ပါက မူဆယ် သို့မဟုတ် နမ့်ခမ်းဆေးရုံများသို့ သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိတွင် မိုင်းယု (၁၀၅) မိုင်ဆေးရုံတွင် ကုတင် (၆၂) လုံးပါရှိပြီး သွေးစစ်ရောဂါရှာဖွေခြင်း၊ ဓာတ်မှန် (X-ray)၊ အာထရာဆောင်း (Ultrasound) နှင့် အခြားဆေးဝါးကုသမှုများကို (၂၄) နာရီလုပ်ငန်းဖွင့်လှစ်ထားသည့်အပြင် လိုအပ်နေသေးသည့် ကုသမှုများကိုလည်း ဆက်လက်ဖြည့်သွင်းသွားမယ်လို့ သိရပါတယ်။
ဖွင့်ပွဲအခမ်းအနားသို့ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အုပ်ချုပ်ရေးကော်မတီများ၊ သံဃာတော်များ၊ ရပ်မိရပ်ဖများ၊ ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
(၁၀၅) မိုင်ဒေသသည် (၂၀၂၃) ခုနှစ် ဒီဇင်ဘာ (၁၄) ရက်တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ခဲ့သည့်နေရာဖြစ်ပြီး၊ ယခုဆေးရုံဖွင့်လှစ်မှုသည် ဒေသခံများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ဒေသခံများက ပြောကြားထားပါတယ်။
========================
📌📌 ၃။ တကသကျောင်းသားဟောင်းများ အင်အားစု၏ အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်ဟောင်း ကိုရှိန်းဝေအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်(၂၀) စီ ချမှတ်
တကသကျောင်းသားဟောင်းများ အင်အားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေနှင့် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်ဟောင်း ကိုရှိန်းဝေအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ် နှစ်(၂၀) စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တ.က.သ ကျောင်းသားဟောင်းများအင်အားစုမှ သတင်းထုတ်ပြန်ပါတယ်။
၎င်းတို့ (၂) ဦးကို အကြမ်းဖက်စစ်ကောင်စီက (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် ဧည့်စာရင်းအကြောင်းပြကာ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင် ထောင်တွင်း (မ) တရားရုံးမှ ၁၉-၀၂-၂၀၂၅ တွင် ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် ဗိုလ်တထောင်ခရိုင် (မ) တရားရုံးမှ ၂၆-၀၆-၂၀၂၅ တွင် ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် (၁၀) နှစ် ထပ်မံ အမိန့်ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် နှစ် (၂၀) စီ ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ စစ်အုပ်စု ထိန်းချုပ်ထားသော Facebook page များကို ချက်ချင်းအရေးယူပေးပါရန် Meta ဥက္ကဌထံ Defend Myanmar Democracy စာပေးပို့
စစ်အုပ်စု ထိန်းချုပ်ထားသော Facebook page များကို ချက်ချင်းအရေးယူပေးပါရန် Meta ၏ ကမ္ဘာလုံးဆိုင်ရာရေးရာဥက္ကဌ Joel Kaplan ထံ စာတစ်စောင် ပေးပို့ခဲ့ကြောင်း Defend Myanmar Democracy မှ သတင်းထုတ်ပြန်ပါတယ်။
(2021) ခုနှစ်တွင် Facebook ၏ မိခင်ကုမ္ပဏီ Meta သည် စစ်အုပ်စုအား ၎င်းတို့၏ ပလက်ဖောင်းများမှ ပိတ်ပင်မည်ဟု ကတိပြုခဲ့သော်လည်း ယခုချိန်ထိ စစ်အုပ်စု Facebook ပေချ့်များသည် ဝါဒများ ဖြန့်ဝေပေးခြင်း၊ တရားဝင်မှုများပေးခြင်းနှင့် အကြမ်းဖက်စစ်အုပ်စုတစ်စုကို အထောက်အပံ့များ ကူညီပေးခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
Meta သည် ၎င်း၏ ကိုယ်ပိုင်ချမှတ်ထားသည့် စည်းမျဉ်းများကို သေချာစွာကိုင်တွယ်ရမည့် အချိန်ဖြစ်ပြီး စစ်အုပ်စု ဝါဒဖြန့်ချီရေးများကို ရပ်တန်းကရပ်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၅။ ကော်သူးလေ လယ်ယာနှင့် စိုက်ပျိုးရေးဌာနနှင့် ကေအဲန်ယူ စီးပွားရေးကော်မတီတို့မှ လယ်ယာလုပ်ငန်း လုပ်ကိုင်ရာမှာ အဆင်ပြေစေဖို့ ကူညီထောက်ပံ
ကော်သူးလေ လယ်ယာနှင့်စိုက်ပျိုးရေးဌာန (ဗဟို)နှင့် ကေအဲန်ယူ-စီးပွားရေးကော်မတီ (KECS) တို့က ပုံပိုးပေးသော မျိုးစပါးများဖြင့် ဖားအံခရိုင် လယ်ယာစိုက်ပျိုးရေးဌာနမှ ဦးစီးကာ မျိုးစပါး (၁၀) ဧက ကို စိုက်ပျိုးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ဖားအံခရိုင်၊ ကော်သူးလေ လယ်ယာနှင့် စိုက်ပျိုးရေး ဌာနက ပြည်သူများ စပါးစိုက်ပျိုးရေး လုပ်ကိုင်ရာမှာ အဆင်ပြေစေဖို့အတွက် စိုက်ပျိုးမြေများတွင် ရေနှုတ်မြောင်းများ တူးဖော်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ တောအူး (တောင်ငူ)ခရိုင်၊ လယ်ယာနှင့်စိုက်ပျိုးရေးဌာနကလည်း ပြည်သူများထံကို မျိုးစပါးပေးခြင်း၊ ဧက (၄၀၀) အတွက် စိုက်ပျိုးရန် လုပ်အားခငွေ ထောက်ပံခြင်းများ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ပြည်သူများ လယ်ယာလုပ်ငန်းလုပ်ကိုင်ရာမှာ အဆင်ပြေမှုရှိစေဖို့အတွက် လယ်ထွန်စက်များ ပံပိုးကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေဖြူမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဖခင်ဖြစ်သူနဲ့ ကလေး (၃) ဦး သေဆုံး
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်းကျေးရွာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ဖခင်ဖြစ်သူနဲ့ ကလေးငယ် (၃) ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင်လ (၇) ရက်နေ့ ညပိုင်းမှာ ကလိန်အောင် အခြေစိုက် ခလရ (၂၈၂) တပ်ကနေ လက်နက်ကြီး (၇) လုံး ပစ်ခတ်ခဲ့ရာ ကော့လှိုင်းနဲ့ မရမ်းချောင်း ကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
၎င်းလက်နက်ကြီး တလုံးဟာ ကော့လှိုင်းရွာ၊ မိုင်တိုင် - ၅၅ အနီး၊ ကားလမ်းဘေးက ဦးအေးခိုင်ရဲ့ နေအိမ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် (၄) ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ (၁) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေဟာ အသက် (၁) နှစ်အရွယ် နှင်းဝေနိုင်၊ (၂) နှစ်ခွဲအရွယ် မောင်ထိန်လင်းနိုင်၊ (၁၁) နှစ်အရွယ် မပွင့်ဖူးခိုင်နဲ့ အသက် (၅၀) အရွယ်ရှိ ဖခင်ဖြစ်သူ ဦးအေးခိုင်တို့ ဖြစ်ကြပြီး အသက် (၃၈) နှစ် အရွယ် မိခင်ဖြစ်သူ ဒေါ်ပပဝင်းကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်နီပြည်နယ်အတွင်း အရပ်သား (၆၂) ဦး သေဆုံး
(၂၀၂၅) ခုနှစ်အတွင်းတွင် တရားမဝင်အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ (၃၃) ဦး သေဆုံးခဲ့ပြီး (၉၄) ဦး ထိခိုက် ဒဏ်ရာရခဲ့ကာ သေဆုံးသူများတွင် အမျိုးသား (၁၅) ဦး၊ အမျိုးသမီး (၉) ဦး၊ ကလေး (၂) ဦးနှင့် အချက်အလက် အတိအကျ မသိရသူ (၇) ဦး ပါဝင်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ပါတယ်။
လက်နက်ကြီးပစ်ခတ်ခြင်းများနှင့် ဒရုန်းဗုံးကြဲခြင်း၊ အပြစ်မဲ့ပြည်သူကို ပစ်ခတ်ခြင်း၊ မိုင်းနင်းမိခြင်း များကြောင့် ပြည်သူ (၂၉) ဦး သေဆုံးကာ (၁၁၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူများတွင် အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၃) ဦး၊ ကလေး (၆) ဦးပါဝင်ကာ အချက်အလက် အတိအကျ မသိရသူ (၂) ဦး ပါဝင်တယ်လို့ သိရပါတယ်။
တရားမဝင်အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်အတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်သာမက ပြည်သူ့နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ပြည်သူများ၏ အခြေခံစားဝတ်နေရေးအတွက် ကုန်စည်စီးဆင်းမှုများကိုလည်း ပြတ်တောက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယာဉ်လမ်းကြောင်းများ ပိတ်ဆို့ခြင်း၊ ပြည်သူအများနေထိုင်ရာ ဒေသများသို့ စစ်ဆင်ရေးများ အကြိမ်ကြိမ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေခြင်းမှာ ကရင်နီပြည်သူများအား ပစ်မှတ်ထားကာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆောင်ရွက်ရန် ကြိုးပမ်းနေခြင်းပင်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ အမှတ် (၃၉) ခြေလျင်တပ်ရင်း အား (၁၀၇) မမရှော့ဒုံးများဖြင့်တိုက်ခိုက်
Brave Warriors for Myanmar (BWM) အဖွဲ့သည် KNLA တပ်မဟာ -၂၊ တပ်ရင်း - ၅ နှင့် ပူးပေါင်း၍ မဟာမိတ်အဖွဲ့ များဖြစ်သည့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့တို့နှင့်အတူ (၂၀၂၅) ခုနှစ်၊ ဇူလိုင်လ (၈) ရက် နေ့လည် (၂း၂၀) နာရီတွင် တောင်ငူမြို့၊ (၄) မိုင်ရှိ စစ်ရှုံးကောင်စီ၏ အမှတ် - ၃၉ ခြေလျင်တပ်ရင်း (ခလရ - ၃၉) အား (၁၀၇) မမ ရှော့တိုက်ဒုံး (၃) လုံးဖြင့်ပစ်ခတ်ရာ (၃) လုံးစလုံးကို ရန်သူ့တပ်စခန်းအတွင်းသို့ အောင်မြင်စွာပစ်သွင်းနိုင်ခဲ့ကြောင်း အသိပေးထားပါတယ်။
တောင်ငူမြို့၊ (၄) မိုင်တွင် အခြေစိုက်နေသော စစ်ရှုံးကောင်စီ၏ အမှတ် (၃၉) ခြေလျင်တပ်ရင်း (ခလရ - ၃၉) သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) လက်အောက်ထံတပ်ရင်းတစ်ခုဖြစ်ပြီး နယ်မြေတွင်း တော်လှန်ရေးလှုပ်ရှားမှုများ အတွက် အဟန့်အတားဖြစ်နေစေသော ရန်သူတပ်စခန်းတစ်ခုဖြစ်နေသောကြောင့် KNLA တပ်မဟာ - ၂၊ တပ်ရင်း - ၅ ၏ နယ်မြေ စစ်ရေးလိုအပ်ချက်အရ ကျွန်ုပ်တို့မဟာမိတ်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ခလရ - ၃၉ ကို တိုက်ခိုက်မှုအတွင်း ရန်သူစစ်ကောင်စီဘက်တွင် တပ်ရင်းရိက္ခာဂိုဒေါင်၊ စက်ပစ္စည်းဂိုဒေါင်နှင့် တပ်ရင်း လူပျိုဘားတိုက်များ မီးလောင်ပျက်စီးသွားခဲ့ကြောင်းနှင့် အရာရှိ (၂) ဦး၊ အခြားအဆင့်စစ်သည် (၃) ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ အရာရှိ (၁) ဦးနှင့် အခြားအဆင့်စစ်သည် (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်လှမ်းမီသော သတင်းရင်းမြစ်များထံမှ ကနဦး စုံစမ်းသိရှိထားရပါတယ်။
========================
🚩🚩 ၄။ ကေတုမတီ (တောင်ငူ) လေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် တရက်တည်း (၂) ကြိမ် တိုက်ခိုက်
စစ်ကောင်စီရဲ့ ကေတုမတီ (တောင်ငူ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တစ်ရက်တည်း ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ (၈) ရက်နေ့ မနက် (၄း၃၃) နာရီမှာ (၁၀၇) မမ (၁၂) လုံး ပစ်ခတ်ခဲ့ရာ (၄) လုံးသာ အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများကြောင့် လုံခြုံရေးအရ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
ည (၁၁း၅၅) နာရီမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်နေတဲ့ကြားက (၁၀၇) မမ ရှော့တိုက်ဒုံး (၈) လုံးကို ထပ်မံပစ်ခတ်ခဲ့ရာ (၇) လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးများဟာ တောင်ငူလေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လေတပ်အတွင်း ထပ်ဆင့်ပေါက်ကွဲသံများ ကြားခဲ့ရတယ်လို့ ကနဦး သိရပြီး နောက်ဆက်တွဲ အပျက်အစီးများကို သေချာ စုံစမ်းပြီး ဆက်လက်တင်ပြသွားမယ်လို့ ဆိုပါတယ်။
၎င်းစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) ၊ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People's Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသတပ်ဖွဲ့ နဲ့ KNLA တပ်မဟာ (၂) တပ်ရင်း (၅) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ သင်္ဘော (၂) စီး ပျက်စီးပြီး ထိခိုက်မှုရှိ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ သင်္ဘော (၂) စီး ပျက်စီးသွားခဲ့ပြီး ထိခိုက်မှုအချို့ ရှိခဲ့တယ်လို့ Monywa inventor က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ (၈) ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီခန့်မှာ သင်္ဘော (၃၃) စီးပါ စစ်ရေယာဉ် အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့ များက ဆားလင်းကြီးမြို့နယ်အတွင်း လက်နက်ကြီး လက်နက်ငယ်များနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ရှေ့ပြေးစစ်ရေယာဉ် (၁) စီး မီးလောင်ခဲ့ပြီး (၁) စီး ပျက်စီးသွားခဲ့ကာ မြစ်ကမ်းဘေးမှာ ရပ်ထားခဲ့ရတယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ပေမယ့် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုကို ဆားလင်းကြီးမြို့နယ် လက်ရုံးတပ် Monywa inventor နဲ့အတူ ချင်းတွင်း ဒိုင်းနမိုက်၊ Solo Aung Gyi, Salingyi တောင်ပံနီ အထူးပြောက်ကျား တပ်ဖွဲ့ ၊ Salingyi 5/ ကွန်မန်ဒို ဖို့၊ မုံရွာခရိုင် တပ်ရင်း (၄) တပ်ခွဲ(၂) ၊ Golden Eagle (မုံရွာခရိုင်) နှင့် တိုက်နယ် B4 အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ မုံရွာအနီး စစ်ကောင်စီ၏ စက်တပ်လေထီး တစ်စီး ပျက်ကျ၊ တပ်သား နှစ်ဦး သေဆုံး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အနီးတွင် စစ်ကောင်စီ၏ စက်တပ်လေထီး (ပါရာမော်တာ) တစ်စီး ပျက်ကျပြီး တပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက သိရပါတယ်။
ဇူလိုင်လ (၈) ရက် နံနက် (၁၁း၀၀) နာရီခန့်တွင် ချင်းတွင်းမြစ် လက်ဝဲဘက်ခြမ်း၊ ခဝဲကျင်းကျေးရွာ ဘုန်းကြီးကျောင်းအနီး၌ ယင်းလေထီး ပျက်ကျခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က “ချင်းတွင်းမြစ်အတိုင်း တက်လာတဲ့ ရေယာဉ်တန်းတွေကို လေထီးနဲ့ ကင်းထောက်ရင်း ပျက်ကျတာပါ။ နမခထဲက တက်လာတဲ့ လေထီးဟာ ခဝဲကျင်းဘုန်းကြီးကျောင်းအနီး ပြုတ်ကျခဲ့တာ။ မောင်းသူနှစ်ဦးဟာ ဆေးရုံရောက်ပြီး ညနေ (၄) နာရီခန့်မှာ ဦးခေါင်း၊ နံရိုး၊ ဇက်ရိုး ကျိုးဒဏ်ရာများနဲ့ သေဆုံးသွားတယ်” လို့ ပြောကြားထားပါတယ်။
========================
🚩🚩 ၇။ သပိတ်ကျင်းမှာ တိုက်ပွဲပြင်းထန်နေပြီး (၅) မိုင်ရွာကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်
တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားတဲ့ သပိတ်ကျင်း မြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး (၅) မိုင် ကျေးရွာကို စစ်ကောင်စီက သိမ်းပိုက်ရရှိ သွားတယ်လို့ People’s Spring က ဖော်ပြထားပါတယ်။
ဇွန်လဆန်းပိုင်းက စတင်ပြီး သပိတ်ကျင်းမြို့နယ်၊ (၇) မိုင် ကျေးရွာရှိ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်း နှင့် တွင်းငယ် ကျေးရွာရှိ အမှတ် (၁၃) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၃) တို့က စစ်ကောင်စီ တပ်သားများ စစ်ကြောင်းထိုးလာရာက တိုက်ပွဲများ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ကျန်ရှိနေတဲ့ တပ်ရင်းများကို စစ်ကောင်စီက လေကြောင်းကနေ အင်အားဖြည့်ပြီးနောက် Y-12, MI-35 နဲ့ ဒရုန်းများကို အဓိကအသုံးပြုပြီး စစ်ကြောင်း ပြန်ထိုးလာခဲ့ရာ (၅) မိုင် ကျေးရွာကို သိမ်းပိုက်ရရှိသွားခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ (၆) မိုင်နဲ့ (၄) မိုင် ကျေးရွာများကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းထားဆဲဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦး သေဆုံးခဲ့ကာ အခြားအဆင့်များလည်း သေဆုံးမှု ရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များလည်း ထိခိုက်ကျဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက (၉) ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး (၂၀၂၄) သြဂုတ်လ (၂၅) ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူ အပါအဝင် စစ်သုံပန်း များစွာကို ဖမ်းဆီးရမိခဲ့ပါတယ်။
မြို့ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် မြို့နယ်တခုလုံး စစ်ကောင်စီတပ်သားများ ကင်းစင်သွားခဲ့တာ မဟုတ်ဘဲ မြို့သိမ်းတိုက်ပွဲက ထွက်ပြေးသွားခဲ့တဲ့ စစ်သားများဟာ တွင်းငယ်ရွာရှိ တတက - ၁၃ နဲ့ (၇) မိုင်ရွာရှိ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းတို့မှာ သွားရောက်စုဝေးပြီး ခံစစ်ပြင်ထားခဲ့ကြတာ ဖြစ်ပါတယ်။
========================
🚩🚩 ၈။ (၂၀၂၅) ခုနှစ် ဇွန်လအတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း (၂၇၀) ဦး ရှိ
(၂၀၂၅) ခုနှစ် ဇွန်လအတွင်း စစ်ကောင်စီဘက်မှ စစ်သား၊ ရဲ၊ ပြည်သူ့စစ် အဖွဲ့ဝင် (၂၇၀) ဦး အလင်းဝင်လာခြင်း၊ လက်နက်ချခြင်းနှင့် စစ်သုံ့ပန်းဖမ်းဆီးခံရခြင်းများ ရှိကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီစစ်သားများမှာ တနင်္သာရီတိုင်းမှ (၂၀) ဦး၊ မွန်ပြည်နယ်မှ (၄) ဦး၊ ရန်ကုန်တိုင်းမှ (၃) ဦး၊ မကွေးတိုင်းမှ (၆) ဦး၊ ပဲခူးတိုင်းမှ (၁၀) ဦး၊ မန္တလေးတိုင်းမှ (၉) ဦး၊ စစ်ကိုင်းတိုင်းမှ (၃) ဦး၊ ကရင်ပြည်နယ်မှ (၅) ဦးနှင့် ရခိုင်ပြည်နယ်မှ (၅၀) ဦး စုစုပေါင်း စစ်ကောင်စီစစ်သား (၁၀၀) ဦး အလင်းဝင်လာခဲ့ပြီး ထိုအထဲမှ (၅၂) ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များတွင် မန္တလေးတိုင်းမှ (၁) ဦး၊ ပဲခူးတိုင်းမှ (၁) ဦး၊ စစ်ကိုင်းတိုင်းမှ (၂) ဦးနှင့် မကွေးတိုင်းမှ (၁) ဦး တို့ အလင်းဝင်လာခဲ့ပြီး စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ် (၄) ဦး၊ ပဲခူးတိုင်းမှ ပြည်သူ့စစ် (၁) ဦးနှင့် မကွေးတိုင်းမှ ပြည်သူ့စစ် (၁) ဦးတို့ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ ကရင်ပြည်နယ်မှ စစ်ကောင်စီစစ်သား (၅၀) ဦး လက်နက်ချခဲ့ပြီး ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းများတွင် မန္တလေးတိုင်းမှ စစ်သား (၈) ဦး၊ စစ်ကိုင်းတိုင်းမှ စစ်သား (၉) ဦး၊ ပဲခူးတိုင်းမှ စစ်သား (၂၃) ဦး၊ ကရင်ပြည်နယ်မှ စစ်သား (၄) ဦး၊ မကွေးတိုင်းမှ စစ်သား (၄၅) ဦး စုစုပေါင်း စစ်ကောင်စီ စစ်သား (၈၉) ဦး တို့ကို ဖမ်းဆီးရမိခဲ့ကာ ၎င်းတို့အနက် (၃) ဦးမှာ စစ်မှုထမ်းတပ်သားသစ်များ ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ပဲခူးတိုင်းမှ ရဲ (၂) ဦးနှင့် စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ် (၁၈) ဦးတို့ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ (၂၀၂၅) ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း (၁၄၉၂) ဦးအထိ ရှိကြောင်း အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment