၁၆ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ကုလမှာ လက်ရှိ မြန်မာသံအမတ်ကြီးကို ဆက်လက်ထောက်ခံဖို့ ကန်လွှတ်တော်အမတ် ၆ဦး တောင်းဆို
၂။ခေါင်လန်ဖူး တိုက်ပွဲကို ကွပ်ကဲဖို့လာတဲ့ စစ်ကော်မရှင် ဗျူဟာမှူး လမ်းမှာတင် တိုက်ခိုက်ခံရပြီး သေဆုံး၊မွန်-ကရင် အစပ်မှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား
၃။မုံရွာ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်နဲ့ ရဲတိုင်းရုံး ရော့ကတ်နဲ့ ပစ်ခတ်ခံရ၊ပေါင်းတည်မှာ စစ်ကော်မရှင် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၁၂ ဦး သေဆုံး၊
၄။စစ်ကော်မရှင်က ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း ပကဖ တာဝန်ခံကို တောင်တွင်းတရားရုံးကနေ မတရား သေဒဏ် ချမှတ် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။ကုလမှာ လက်ရှိ မြန်မာသံအမတ်ကြီးကို ဆက်လက်ထောက်ခံဖို့ ကန်လွှတ်တော်အမတ် ၆ဦး တောင်းဆို
======================
m.CDM၊ အောက်တိုဘာ ၁၅
ကုလသမဂ္ဂမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထောက်ခံ အားပေးဖို့ အမေရိကန်လွှတ်တော်အမတ် ၆ ဦး လက်မှတ်ရေးထိုးပြီး ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင် သံအမတ်ကြီး မိုက်ဝေါ့ဇ်ဆီကို တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီမှာ အာဏာသိမ်းစစ်တပ်က သူတို့ခန့်အပ်တဲ့ကိုယ်စားလှယ်နဲ့ လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်းနေရာကို အစားထိုးခန့်အပ်နိုင်ရေး ကြိုးပမ်းလာတာကို ဆန့်ကျင်ဖို့ အမေရိကန် အောက်လွှတ်တော်အမတ်တွေက သံအမတ်ကြီး မိုက်ဝေါ့ဇ်ဆီကို စာရေးသားပေးပိုခဲ့တာပါ။
အောက်တိုဘာ ၁၄ ရက်စွဲနဲ့ ပေးပို့လိုက်တဲ့စာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်ရုံး အနေနဲ့ ကုလမသဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထောက်ခံအားပေးဖို့နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဘယ်လိုကြိုးပမ်းမှုကိုမဆို ဆန့်ကျင် ကန့်ကွက်ဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပြီးမှာ ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ကိုယ်စားပြုမှုကို ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ထားတာကြောင့် လက်ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်း ဟာ ကုလသမဂ္ဂမှာ အပြောင်းအလဲမရှိဘဲ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
အဲဒီကာလအတွင်း မြန်မာ့ဒီမိုကရေစီအင်အားစုတွေက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဝင်ရောက်ခွင့်ရရှိရေး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုများ မဖြစ်ပွားစေဖို့ တားဆီးကာကွယ်ရေးတို့နဲ့ပတ်သက်လို့ ကုလသမဂ္ဂနဲ့ ထိတွေ့ဆက်ဆံ ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ အမေရိကန်လွှတ်တော်အမတ် ၆ ဦးရဲ့ စာမှာ ဖော်ပြထားပါတယ်။
ကုလရဲ့ကိုယ်စားလှယ်စိစစ်ရေးကော်မတီက လက်ရှိဆိုင်းငံ့ထားမှုအပေါ် ပြောင်းလဲမှုတွေလုပ်လာမယ်ဆိုရင် အမေရိကန်ရဲ့ အကျိုးစီးပွားတွေနဲ့ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာ၊ ခိုင်မာမှုတို့အပေါ် လက်တွေ့ကျကျ ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်တွေ ဖြစ်လာစေလိမ့်မယ်လို့လည်း ဒီအမတ် ၆ဦးက သတိပေးထားပါတယ်။
အာဏာသိမ်းမြန်မာစစ်တပ်ကို ကုလသမဂ္ဂမှာ မဲပေးခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေမှာ အီရန်နဲ့ တရုတ်တို့လို အမေရိကန်ရဲ့ ပြိုင်ဘက်တွေနဲ့ တတန်းတည်း ဆောင်ရွက်ခွင့်ပြုခြင်းက နိုင်ငံတကာကို မှားယွင်းတဲ့သတင်း စကား ဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ သံတမန်ရေးရာ အကာအကွယ်ရရှိရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးဆိုင် ရာ အထောက်အပံ့တွေနဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဖို့ လေယာဉ်ဆီရရှိ ရေးတို့အတွက် အဲဒီမိတ်ဖက်နိုင်ငံတွေအပေါ် မှီခိုနေရတာလို့ ထည့်သွင်းဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဥ်ဟာလည်း လက်နက်ကိုင်ပဋိပက္ခတွေ၊ အစုလိုက်အပြုံလိုက် နေရပ်စွန့်ခွာရမှုတွေ၊ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ နိုင်ငံရေးဆန့်ကျင်ဘက် အင်အားစုတွေကို ဖမ်းဆီးထိန်းသိမ်းမှု တွေနဲ့ အဓိက ဒီမိုကရက်တစ်ပါတီကြီးတွေကို ဖယ်ထုတ်ထားမှုတွေကြား ကျင်းပခဲ့တာလို့ ထောက်ပြထား ပြီး အဲဒီရွေးကောက်ပွဲအခင်းအကျင်းဟာ အာဏာအကျပ်ကိုင်မှု၊ အကြမ်းဖက်မှုနဲ့ အရေးပေါ်အမိန့်တွေနဲ့ အာဏာကို ဆက်လက်ကျင့်သုံးနေတဲ့ စစ်အုပ်ချုပ်ရေးရဲ့ ပင်ကိုသဘာဝကိုမြင်နေရတဲ့အတွက် နိုင်ငံရေးအရ တရားဝင်မှု လုံးဝမရှိဘူးလို့လည်း အခိုင်အမာ ပြောထားပါတယ်။
——————————
၂။ခေါင်လန်ဖူး တိုက်ပွဲကို ကွပ်ကဲဖို့လာတဲ့ စစ်ကော်မရှင် ဗျူဟာမှူး လမ်းမှာတင် တိုက်ခိုက်ခံရပြီး သေဆုံး၊မွန်-ကရင် အစပ်မှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွား
=======================
m.CDM အောက်တိုဘာ ၁၅ ရက်။
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်က တိုက်ပွဲကို ကွပ်ကဲဖို့လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦးဟာ လမ်းမှာတင် KIA ရဲ့ တိုက်ခိုက်မှုကို ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယပတ်က စစ်ကော်မရှင် ကစထမှူး နဲ့ တိုင်းမှူးတို့ ပူတာအိုကို လာရောက်စစ်ဆေး ပြီးနောက် အထိနာနေတဲ့ ခေါင်လန်ဖူးတိုက်ပွဲကို ကွပ်ကဲဖို့ ဗိုလ်မှူးကြီး တစ်ဦးနဲ့ ဒု-ဗိုလ်မှူးကြီး တစ်ဦးတို့ကို တာဝ န်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
၎င်းတို့ နှစ်ဦးဟာ ပူတာအို ကနေ ခေါင်လန်ဖူးကို ရဟတ်ယာဉ်နဲ့ ရောက်လာပြီး၊ မြန်မာ-တရုတ် နယ်စပ် မှတ်တိုင် (၃၀) အနီးက ရှာကာဒီလမ်း တိုက်ပွဲနေရာကို သွားနေရင်း အောက်တိုဘာ ၁၁ ရက်နေ့က လမ်းခုလတ် တစ်နေရာ မှာ တိုက်ခိုက်ခံလိုက်ရတာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း KIA ရဲ့ လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဗိုလ်မှူးကြီး ဟာ ခေါ်လန်ဖူးအထိ ပြန်ထမ်းပို့နေစဉ်မှာပဲ သေဆုံးသွားခဲ့ကာ ၎င်းရဲ့ ရုပ်အလောင်းကိုတော့ အောက်တိုဘာ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ပြန်သယ်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ခေါင်လန်ဖူးဒေသကို စစ်ကော်မရှင်က လေကြောင်းကနေ ရိက္ခာနဲ့အင်အားတွေ ဆက်ဖြည့်တင်းနေပြီး အချိန်မရွေး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာနိုင်တယ်လို့ KIA ဘက်က အသိပေးထားပါတယ်။
အလားတူ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ်မှာ တပ်အပြောင်းအရွေ့လုပ်တဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမတ (၃၁၈) တပ်ရင်းကနေ ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ ဇီးဖြူကုန်း စခန်းကို တပ်ချိန်းဖို့ထွက်လာတဲ့ စစ်ကြောင်းကို ပုလိန်ကျေးရွာအရောက်မှာ KNLA ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှ စတင်ကာ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ စစ်ကော်မရှင်တပ်ဘက်က အဘစ်ရွာ အမြောက်တပ်ရင်းနဲ့ ကျိုက်မရောမြို့ကနေ လက်နက်ကြီး ပစ်ကူပေးခဲ့သလို လေကြောင်းကနေပါ ဗုံးကြဲတိုက်ခို က်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းမှာတော့ ပစ်ခတ်သံတွေ ငြိမ်သက်သွားပြီး၊ စစ်ကော်မရှင် စစ်ကြောင်းဟာ တပ်အပြောင်းအရွေ့ ပြုလုပ်ပြီးနောက် ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပုလိန်ကျေးရွာဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစပ်မှာ တည်ရှိပြီး၊ KNU ရဲ့ အုပ်ချုပ်ရေး နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ (၆) နယ်မြေ၊ ဝင်းရေး မြို့နယ်ထဲ ပါဝင်တယ်လို့ သိရပါတယ်။
----------------
၃။မုံရွာ စီးပွားရေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်နဲ့ ရဲတိုင်းရုံး ရော့ကတ်နဲ့ ပစ်ခတ်ခံရ၊ပေါင်းတည်မှာ စစ်ကော်မရှင် စစ်ကြောင်း မိုင်းဆွဲခံရပြီး ၁၂ ဦး သေဆုံး၊
==================
m.CDM အောက်တိုဘာ ၁၅ ရက်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က စီးပွားရေးတက္ကသိုလ် ကျောင်းဝန်းထဲမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေနဲ့ တိုင်း ရဲရုံး တို့ကို ရော့ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ မုံရွာခရိုင်၊ အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထား ပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့၊ မနက် ၆ နာရီမှာ တပ်ရင်းက ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ၂ မိုင်ပစ် ရော့ကက် ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပြီး၊ ပစ်မှတ်တွေကို တိတိကျကျ ထိမှန်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ ဆိုပါတယ်။
ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုဘက်က ပါရာမော်တာ ၂ စီးနဲ့ ရမ်းသမ်း ဗုံးကြဲခဲ့တဲ့အပြင် အမြောက်တပ် နဲ့ COE ကျောင်းဝင်း ထဲကနေ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ရော့ကက်တွေနဲ့ ပစ်ခတ်ရာမှာ စစ်ကော်မရှင်တပ်သားတွေ ရှိတဲ့နေရာကိုပဲ မြေပုံညွန်းတိတိကျကျနဲ့ သေချာချိန်ရွ ယ် ပစ်ခတ်ခဲ့တာဖြစ်လို့ ကျောင်းသူ/ကျောင်းသားတွေ ထိခိုက်မှု မရှိခဲ့ဘူးလို့လည်း အသိပေးထားပါတယ်။
အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းကို ၂ ရက်ဆက် မိုင်းဆွဲတိုက်ခို က်ခဲ့ရာ ဗိုလ် ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ ပြည်ခရိုင်၊ တပ်ရင်း (၁) ထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်၊ မနက်ပိုင်းက ပေါက်တောရွာ ခမရ (၁၀) တပ်ရင်းကနေ အင်အား ၈၀ ခန့်ဖြင့် ထွက်လာတဲ့ စစ်ကြောင်းကို ကုန်းသာရွာနဲ့ သဲမဲရွာကြားမှာ ပြည်ခရိုင်၊ တပ်ရင်း (၁) တပ်ခွဲ (၂) က မိုင်းတစ်ကွင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၆ ရက်နေ့မှာလည်း အင်အားဖြည့်ဖို့ထပ်ရောက်လာတဲ့ တပ်အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို သဲမဲရွာနဲ့ ဖောင်အိုင်ရွာ ကြားမှာ မိုင်း ၃ ကွင်း ထပ်ဆွဲခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးထပ်မနည်း သေဆုံးခဲ့တဲ့အပြင် စစ်အုပ်စုဘက်က အချင် းချင်း မှားယွင်း ဗုံးကြဲမိခဲ့တာကြောင့် ဗိုလ် ၁ ဦး အပါအဝင် ၉ ဦး ထပ်မံ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို မှတ်တိုင်ရွာကနေ နာရေးကားနဲ့ ၃ ခေါက် လာရောက်သယ်ဆောင်သွားခဲ့ပြီး၊ စစ်ကြောင်းဟာ ရှေ့ဆက်မတက်နိုင်တော့ဘဲ အောက်တိုဘာ ၁၄ ရက်နေ့မှာ နောက်ကြောင်း ပြန်ဆုတ်သွားတယ် လို့ သိရပါတယ်။
----------------------
၄။စစ်ကိုင်းနဲ့ ကချင်ဒေသအနှံ့ အာဏာသိမ်းစစ်တပ်က အင်အားဖြည့်နေတယ်လို့ KIA ပြော
====================
m.CDM၊ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းအတွင်းနဲ့ ကချင်ပြည်ဒေသအနှံ့မှာ အာဏာသိမ်းစစ်တပ်က အင်အားဖြည့်တင်းနေတယ်လို့ ကချင် လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြလာပါတယ်။
အောက်တိုဘာ ၁၄ ရက်အတွက် နောက်ဆုံးရသတင်းတွေကိုဖော်ပြရာမှာ အောက်တိုဘာအတွင်း စစ်ကိုင်းတိုင်းထဲက အင်းတော်ဒေသ၊ ရှမ်းမြောက်က မိုးမိတ်ဒေသနဲ့ ကချင်ပြည်နယ်ဒေသအချို့ မှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို အသိပေးဖော်ပြလာတာပါ။
KIA တပ်ရင်း ၃၄ ဒေသဖြစ်တဲ့ ရှမ်းမြောက် မိုးမိတ်-မဘိမ်းကြားမှာ တိုက်ပွဲတွေဆက်ရှိနေပြီး KIA တပ်ရှိရာနေရာကို စစ်တပ်ဘက်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်နေတာလို့ ဆိုပါတယ်။
အောက်တိုဘာ ၁၄ ရက်မှာ စစ်တပ်က အင်အား ၃၀ ခန့်ဟာ KIA တပ်ရှိရာ ၉ မိုင်ဘက်ကို ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲ ပြင်းထန်ခဲ့သလို အောက်တိုဘာ ၁၃ ရက် ညနေပိုင်းမှာလည်း ၇ မိုင်ရွာအနီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
ဒါ့အပြင် ၆ မိုင်ကျေးရွာဘက်မှာလည်း စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားလာတာကို KIA နဲ့ပူးပေါင်းတပ်တွေက ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း အင်းတော်ဒေသမှာဆိုရင်လည်း အောက်တိုဘာထဲမှာ စစ်တပ်က ရိက္ခာနဲ့အင်အားဖြည့်တင်းလာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ အသိပေးပါတယ်။
စစ်ကိုင်းတိုင်းဘက်မှာ စစ်ရေးအခြေအနေ ပြန်လည်ရှုပ်ထွေးလာတာကြောင့် ကားလမ်းအချို့ ပိတ်ထားတယ်လို့လည်း ပြောထားပါတယ်။
ဒ့ါအပြင် ကချင်ပြည်နယ် တနိုင်းဒေသ လီဒိုလမ်းမှာလည်း စစ်တပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တပ်အဖွဲ့ အောက်တိုဘာ ၁၂ ရက်ကစပြီး စစ်အင်အားဖြည့်တင်းတာတွေ အရင်ထက် ပိုလုပ်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
လဝါးရွာကနေ တနိုင်းမြို့ အထိ စစ်ဆေးရေးဂိတ်နေရာအားလုံးမှာ စစ်အင်အား လက်နက်အင်အားဖြည့်တင်းတာ ကတုတ်ကျင်းတူးတာတွေ အရင်ကထက် ပိုလုပ်နေသလို ဝါရာဇွပ်နဲ့ ရှဒူးဇွပ်ကဆင်းလာတဲ့ ပြည်သူ့စစ်အဖွဲ့တွေဟာ လည်း အောက်တိုဘာ ၁၁ ရက်မှာ နောင်းမီ KBC ဆုတောင်းတောင်ခြေမှာ စခန်းချထားတယ်လို့ အသိပေးပါတယ်။
အခုလို လီဒိုလမ်းမတလျှောက် စစ်အုပ်စုဘက်က စစ်ဆေးရေးဂိတ်တွေချပြီး စစ်အင်အားဖြည့်တင်းနေလို့ ပြည်သူတွေ အနေနဲ့ သတိထားသွားလာဖို့လိုတယ်လို့ KIA ဘက်က သတိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အောက်တိုဘာဒုတိယပတ်ထဲမှာ မန္တလေးဘက်ကနေ ကချင်ပြည်နယ်ကို စစ်ယာဉ်တန်းတွေနဲ့ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် (မပခ) အပါအဝင် ကချင်ဒေသက စစ်တပ်စခန်းတွေကို စစ်အင်အား နဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတာလို့ သိရပါတယ်။
—————————————
၅။စစ်ကော်မရှင်က ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း ပကဖ တာဝန်ခံကို တောင်တွင်းတရားရုံးကနေ မတရား သေဒဏ် ချမှတ်
==================
m.CDM အောက်တိုဘာ ၁၅ ရက်။
မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဝဏ္ဏအောင်ကို အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အိုးဘို ထောင်တွင်း တရားရုံးကနေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ သေဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
သူ့ရဲ့ ဇနီးဖြစ်သူဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်မှာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်း ခံရပြီးနောက် ကိုဝဏ္ဏအောင် ကိုလည်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) က ဖမ်းဆီးပြီး စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့တာလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါပေမယ့် အခုလို ကိုဝဏ္ဏအောင် ကို ဖမ်းဆီးပြီး စစ်အုပ်စုဆီ လွှဲပြောင်းပေးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မိုင်းလား အဖွဲ့ (NDAA) အဖွဲ့ဘက်က မသိရှိဘူးလို့ ပြန်လည် ငြင်းဆိုထားတယ်ပါတယ်။
ကိုဝဏ္ဏအောင် ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။
----------------------------
၆။ကစယ်ဒိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်းပျက်စီး
=======================
m.CDM၊ အောက်တိုဘာ ၁၅
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင်ထဲက ကစယ်ဒိုလို့ခေါ်တဲ့ ပုလောမြို့နယ် အတွင်း စစ်တပ်လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်းပျက်စီးသွားတယ်လို့ KNU မြိတ်ထားဝယ် ခရိုင်က အောက်တိုဘာ ၁၅ မှာ ထုတ်ပြန်ပါတယ်။
ကစယ်ဒိုမြို့နယ် လှဘောကျေးရွာအုပ်စု ဘုရင့်တောင်ရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာလို့ အောက်တိုဘာ ၁၀ ရက်က စပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့သလို အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘုရားကျောင်းပျက်စီးသွားတာလို့ သိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၃၀၉ အမြောက်တပ်က ၁၂၀မမ လက်နက်ကြီးတွေနဲ့ အများ အပြား ပစ်ခတ်ခဲ့တာကြောင့် ဘုရင့်တောင်ခရစ်ယာန်သာသနာပိုင် ခန်းမဆောင်တခုလုံး ပျက်စီးသွားတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က အသိပေးပါတယ်။
အဲဒီတပ်ရင်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာလို့ ဘုရင့်တောင်ရွာကဒေသနေပြည်သူ တွေ တိမ်းရှောင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်ရဖို့ သရက်ချောင်းမြို့ ကနေ ဝင်း၀ဒေသဘက်ကို စစ်ကြောင်းထိုးနေသလို ပလောက်ကနေ ဘုရင့်တောင်ရွာဘက်ကိုလည်း စစ်ကြောင်းထိုးနေတာတွေရှိလို့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထား ပါတယ်။
—————————
၇။ပအိုဝ်းတော်လှန်ရေး အင်အားစုတွေနဲ့ SCEF ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေး၊စစ်ကိုင်းယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီနှင့် စစ်ကိုင်း သပိတ်အင်အားစုတွေ တွေ့ဆုံဆွေးနွေး၊
=====================
m.CDM အောက်တိုဘာ ၁၅ ရက်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး အဖွဲ့ချုပ် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့ ဒုတိယအကြိမ် အွန်လိုင်းက နေတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲကို အောက်တိုဘာလ ၁၄ ရက်၊ ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ SCEF အလှည့်ကျ သဘ ာပတိ ခူဦးရယ်နဲ့ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် အပြန်အလှန် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး၊ PNLO ဒု-ဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် နဲ့ SCEF မဟာဗျူ ဟာနှင် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့က နိဂုံးချုပ်စကား ပြောကြ ားခဲ့ကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများ ကောင်စီ (CCSC_SFU) နဲ့ စစ်ကိုင်းဒေသ သပိတ် အင်အားစု တို့ကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ CCSC_SFU က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့တဲ့ CCSC_SFU အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ နဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းက တော်လှန်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ကဏ္ဍအလိုက် အားသာချက်၊ အားနည်းချက်တွေကို အသေးစိတ် သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် တော်လှန်ရေး ပိုမိုအားကောင်းလာစေဖို့နဲ့ လိုအပ်ချက်တွေကို ချိန်ညှိပြီး၊ ရှေ့ဆက် ဟန်ချက်ညီညီ ပူးတွဲ ဆောင်ရွက်သွားကြဖို့ကို သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု တာဝန်ရှိသူတစ်ဦးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး၊ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်မှာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရှိရပါတယ်။
----------------------
၈။စစ်အာဏာသိမ်းမှုကြောင့် NCA အပေါ် လူထုယုံကြည်မှု ကျဆင်းခဲ့ကြောင်း RCSS ဝန်ခံ၊ စစ်ခေါင်းဆောင်က တော်လှန်ရေးအဖွဲ့များကို ဥပဒေဘောင်အတွင်း ဝင်ရန် ဖိတ်ခေါ်
===========================
m.CDM | အောက်တိုဘာ ၁၅၊ ၂၀၂၆
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ ရပ်တန့်ခဲ့ပြီး လူထု၏ ယုံကြည်မှု ကျဆင်းသွားခဲ့ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာ စစ်အုပ်စုက ကျင်းပတဲ့ NCA လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်မြောက် အခမ်းအနားမှာ RCSS ကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုင်းငင်းက အခုလို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ငြိမ်းချမ်းရေး အသီးအပွင့်တွေကို မစံစားရ၊ မခံစားရလို့ ဒေသခံလူထုတွေအနေနဲ့ ၁၁ နှစ်သား NCA စာချုပ်အပေါ် ယုံကြည်ကိုးစားမှုတွေ လျော့နည်းကျဆင်းခဲ့ပါတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးဖက်များအကြား အပြန်အလှန်ယုံကြည်မှု မတည်ဆောက်နိုင်ခဲ့ခြင်းဟာလည်း NCA ရည်မှန်းချက်တွေ မအောင်မြင်ရတဲ့ အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။
စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ NCA လုပ်ငန်းစဉ်ဟာ အကြီးအကျယ် ထိခိုက်ခဲ့ပြီး KNU၊ CNF နဲ့ ABSDF တို့ကလည်း စစ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပြယ်သွားပြီဆိုတဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ကြေညာထားကြပါတယ်။
အဲဒီအဖွဲ့တွေဟာ စစ်အုပ်စုနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ မပြုလုပ်တော့ဘဲ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က KNU၊ CNF နဲ့ ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်တက်ရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကိုလည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီမိုကရေစီလိုလားသူတွေအနေနဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းတွေကို အသုံးပြုဖို့နဲ့ မိမိတို့လိုလားချက်တွေကိုသာ တောင်းဆိုနေမယ့်အစား ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေအပေါ် အခြေခံပြီး ဆွေးနွေးအဖြေရှာဖို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။
သို့သော် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေ ပေါ်ပေါက်လာတဲ့ PDF တွေကို စစ်အုပ်စုရဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ တိုက်တွန်းခြင်းဟာ တော်လှန်ရေးအင်အားစုတွေ တောင်းဆိုနေတဲ့ စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ရည်မှန်းချက်တွေနဲ့ အခြေခံအားဖြင့် ကွာခြားနေပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ ရပ်တည်ချက်မှာ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအောက်ကို ပြန်လည်ဝင်ရောက်ရေးထက် စစ်တပ်ရဲ့ နိုင်ငံရေးအခန်းကဏ္ဍကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်ရေးကို ဦးတည်ထားတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အတွင်း သဘောထားကွဲလွဲမှုတွေ ဆက်လက်ရှိနေပြီး မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့မှာ NCA အပေါ် ရပ်တည်ချက်မတူညီမှုကြောင့် အဖွဲ့တွင်းကွဲထွက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
RCSS ကိုယ်စားလှယ်ကလည်း အတိတ်က ပင်လုံသဘောတူညီချက်တွေကို လျစ်လျူရှုခဲ့ခြင်းကြောင့် ယုံကြည်မှု ပျက်စီးခဲ့ရတဲ့ သမိုင်းသင်ခန်းစာတွေကို သတိပြုဖို့နဲ့ နိုင်ငံရေးဆန္ဒ၊ တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုတို့အပေါ် အခြေခံပြီး ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့ရတဲ့ နိုင်ငံရေးယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခြင်းမရှိသေးချိန်မှာ စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ ဘယ်လိုညှိနှိုင်းနိုင်မလဲဆိုတဲ့ မေးခွန်း ဆက်လက်ရှိနေပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
