၂၁ - ၉ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

signal-2026-09-20-07-16-05-703_004.jpg
၂၁ -  ၉  - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။⁨⁨⁨⁨ဝက်လက်မြို့နယ်‌အရှေ့ခြမ်းမှာ အင်အား ၃၀၀ ပါ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ထက် မနည်း ဖြစ်ခဲ့ရာမှာ စစ်သား တရာကျော်သေပြီး ကား ၄စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ  

၂။စစ်တွေ-ပုဏ္ဏားကျွန်း တိုက်ပွဲက စစ်သုံ့ပန်းတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တွေကို AA ထုတ်ပြ၊အမျိုးသမီးနဲ့ ကလေးပါမချန် ရှင်းလင်းပစ်ဖို့ အမိန့်ပေးထားတယ်လို့ စစ်သုံ့ပန်းတွေ ထွက်ဆို၊

၃။ဘီးလင်းမှာ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်း ပျက်စီး၊နွားထိုးကြီးမှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ရွှေကူမြို့နယ်မှာ နယ်မြေဆုံးရှုံးမှု များနေတဲ့ စစ်အုပ်စုက ကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲ၊

၄။အမေရိကန်ရောက်မြန်မာတွေ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့ မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပွဲလုပ်စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨ဝက်လက်မြို့နယ်‌အရှေ့ခြမ်းမှာ အင်အား ၃၀၀ ပါ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ထက် မနည်း ဖြစ်ခဲ့ရာမှာ စစ်သား တရာကျော်သေပြီး ကား ၄စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ  
===================
m.CDM၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်‌အရှေ့ခြမ်းမှာ အင်အား ၃၀၀ ပါ စစ်တပ်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ရာမှာ စစ်သား တရာကျော်သေပြီး ကား ၄စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်းက စက်တင်ဘာ ၂၀ မှ ထုတ်ပြန်ပါတယ်။
ဝက်လက်မြို့နယ်‌အရှေ့ခြမ်း ဧရာဝတီမြစ်ရိုးတလျောက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၃၃ ၊ ခမရ - ၁၂ ၊ခမရ ၁၃ နဲ့ မင်းကွန်းပြည်သူ့စစ်အဖွဲ့တို့ပါတဲ့ ပူးပေါင်းအင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေကြား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ကနေ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်ထိ ၇ လတာကာလအတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ အသိပေးလာတာပါ။
ဒီ ၇ လတာကာလအတွင်း ထိတွေ့တိုက်ပွဲ ကြီးငယ်ပေါင်း ၁၅ ကြိမ်ထက်မနည်းဖြစ်ခဲ့ရာမှာ စစ်သား တရာကျော်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီး ဂျမ်ဘာကားတစီး ဖျက်ဆီးနိုင်ခဲ့သလို ဒရုန်းနှစ်စင်းပစ်ချနိုင်ခဲ့ပြီး ရန်သူ့ ကား ၄ စီးနဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို အမှတ် ၂ ရွှေဘိုခရိုင်စစ်ဌာနရဲ့ ကွပ်ကဲမှုနဲ့ အမှတ် ၁၊၂၊၃၊၄၊၅၊၁၅၊၁၇၊၁၈၊၂၃၊၉၇၀၆ တပ်ရင်းများ၊ ၁၂၂၂ ဗျူဟာ၊ အမှတ် ၉၇၀၈ တပ်ဖွဲ့၊ အမှတ် ၂ ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပကဖတို့ပူးပေါင်းပြီး ခုခံစစ်ကနေ ထိုးစစ်အသွင်ပြောင်းပြီး လက်တွဲညီညီတိုက်ပွဲဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဧရာဝတီမြစ်ကမ်းဘေးက ထုံးဘို၊ရှားကွဲရေဂမိုး၊ရွာသစ်၊လှေပို့ဆိပ်၊ သစ်ဆိမ့်စတဲ့ရွာတွေမှာ လက်ရှိအချိန်ထိ တပ်စွဲထားပြီး  ပြည်သူပိုင်ပစ္စည်းကို ရေကြောင်းကနေ သယ်ထုတ် တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေနဲ့ အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်တဲ့အတွက် ဝက်လက်မြို့နယ်အရှေ့ခြမ်း အမှတ် ၃ လမ်းပိုင်းကို အသုံးပြုနေတဲ့ ခရီးသွားပြည်သူများအနေနဲ့ စစ်ရေးအသိနဲ့ အထူးဂရုစိုက်သွားလာကြဖို့ ရွှေဘိုခရိုင် အမှတ် ၂ တပ်ရင်းက တိုက်တွန်းထားပါတယ်။
——————————————
၂။⁨⁨စလင်း - ကံပြားလမ်းတနေရာမှာ စစ်ယာဥ်တန်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းတပ်ဖွဲ့ က FPV Drone နဲ့တိုက်ခိုက်၊ စစ်ကားတစီးနဲ့ကားပေါ်ပါပစ္စည်းတွေပျက်စီးပြီး စစ်သားတွေသေဆုံး
======================
m.CDM၊ စက်တင်ဘာ ၂၀ ရက်။

မကွေးတိုင်းထဲက စလင်း - ကံပြားလမ်းတနေရာမှာ စစ်ယာဥ်တန်းကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်းတပ်ဖွဲ့ က FPV Drone နဲ့တိုက်ခိုက်ခဲ့ရာမှာ စစ်ကားတစီးနဲ့ကားပေါ်ပါပစ္စည်းတွေပျက်စီးသွားခဲ့ပြီး စစ်သားတွေလည်း သေဆုံးသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက စက်တင်ဘာ ၂၀ မှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၁၉ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ မင်းဘူးမြို့ဘက်ကထွက်လာတဲ့ စစ်ကား ၁၈၅ စီး ပါ စစ်ယာဥ်တန်းကို တိုက်ခိုက်ခဲ့တာကို ရုပ်သံမှတ်တမ်းနဲ့အတူ အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီစစ်ယာဥ်တန်းမှာပါတဲ့ စစ်ကားတွေပေါ်မှာ စစ်လက်နက်ခဲယမ်း အပြည့်အစုံတွေပါသလို ဗျူဟာမှူးတွေ၊ ဒရုန်းတွေ တင်ဆောင်လာတယ်လို့ ဆိုပါတယ်။
အဲဒီယာတန်းက ကားတစီးကို စလင်း - ကံပြားလမ်းတနေရာမှာ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း ဒရုန်း တပ်ဖွဲ့ က FPV Drone နဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာြဖစ်ပြီး ကားပေါ်ပါပစ္စည်းတွေပျက်စီးသွားခဲ့ပြီး စစ်သား တွေလည်း သေဆုံးသွားတယ်လို့ အသိပေးပါတယ်။
ဒီမစ်ရှင်ကို မင်းဘူးခရိုင်ကွပ်ကဲမှုအောက်မှာရှိတဲ့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ တပ်ရင်းရဲ့ ဒရုန်းလက်ရုန်းအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာြဖစ်ပါတယ်။
—————————————
၃။စစ်တွေ-ပုဏ္ဏားကျွန်း တိုက်ပွဲက စစ်သုံ့ပန်းတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တွေကို AA ထုတ်ပြ၊အမျိုးသမီးနဲ့ ကလေးပါမချန် ရှင်းလင်းပစ်ဖို့ အမိန့်ပေးထားတယ်လို့ စစ်သုံ့ပန်းတွေ ထွက်ဆို၊
=====================
m.CDM စက်တင်ဘာ ၂၀ ရက်။

ရခိုင်ပြည်နယ်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံပန်းတွေရဲ့ ထွက်ဆိုချက်တွေနဲ့ သိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းတွေကို အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၂၀ ရက်နေ့မှာ တရားဝင် ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ကွမ်းတောင်ရွာနဲ့ အမြင့်ကျွန်းရွာကြား တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ရဲ့ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၅၂) တပ်ရင်းထံကနေ လက်နက်မျိုးစုံ ၃၄ လက်၊ ဒရုန်း ၁ စင်းနဲ့ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့သိရပြီး ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံနဲ့  စစ်မှုထမ်း တပ်သားသစ် မိုက်ကယ် တို့ရဲ့ ထွက်ဆိုချက်တွေကို ရုပ်သံမှတ်တမ်းနှင့်တကွ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ကလေး လူကြီးမကျန် အမြစ်ပြတ် လူမျိုးတုန်းသတ်ဖြတ်ဖို့ အကြမ်းဖက် စစ်ကော်မရှင်တပ်က အမိန့်ပေးထားကြောင်း အဆိုပါ စစ်သုံ့ပန်းတွေက ဝန်ခံထွက်ဆိုထားတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။

“ရက္ခိုင်နဲ့တွေ့လို့ရှိရင် ဘာမှကိုမချန်နဲ့ မိန်းမသားလည်းမချန်နဲ့ ယောက်ျားသားလည်းမချန်နဲ့ ကလေးသူငယ်လည်း မချန်နဲ့ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းဖို့ အမိန့်မှာကြားထားတယ်။” လို့ တပ်သား မိုက်ကယ် က ဆိုပါတယ်။

စစ်ကော်မရှင်တပ် အရာရှိတွေက ထွက်ပြေးရင် ပစ်သတ်မယ်လို့ ချိန်းခြောက်ထားကြပေမယ့် တပ်သား အများစု ဟာ စစ်မတိုက်ချင်ကြတော့ကြောင်းနဲ့ “အခွင့်အရေးရပါက လွတ်အောင်ထွက်ပြေးကြ”ဖို့ ၎င်းက တိုက်တွန်းထား ပါတယ်။

အလားတူ စစ်ကော်မရှင်တပ် အရာရှိတွေဟာ “ရခိုင်ဆိုရင် ကလေးပါမချန် အကုန် ပစ်သတ်ပစ်”ဖို့ အပြင် ကြက်၊ နွား အစရှိတဲ့ တိရိစ္ဆာန်တွေကိုပါ “တွေ့ရင်တွေ့တာ အကုန်ဆွဲ”လို့ အမိန့်ပေးထားကြောင်း တပ်သား အောင်ပြည့်စုံ က ပြောပါတယ်။

ထို့အပြင် စစ်ကော်မရှင်တပ်အရာရှိတွေဟာ “နောက်ကိုဘယ်တော့မှ ပြန်ဆုတ်မလာနဲ့ အသေခံပစ်”လို့ အမိန့်ပေး ထားပေမယ့် သူတို့ကိုယ်တိုင်ကျ “ဘယ်လို ဆုတ်လို့ဆုတ်သွားမှန်းမသိဘူး” လို့လည်း ၎င်းက ဆိုပါတယ်။

ကိုယ်ချင်းစာစိတ်မရှိတဲ့ စစ်ကော်မရှင်တပ်ကို စိတ်နာနေပြီ ဖြစ်တာကြောင့် အာရက္ခတပ်တော် မှာ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်လို့ရပါက ဝင်လိုကြောင်းကိုလည်း အောင်ပြည့်စုံ က ထုတ်ဖော်ပြောဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က စတင်ပြီး “ရန်နိုင်အောင် စစ်ဆင်ရေး” ဆိုကာ ရခိုင် ပြည်နယ်ဘက်ကို တန်ပြန် ထိုးစစ်ဆင်နေပေမယ့် စစ်မျက်နှာ အများစုမှာ သေဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးသူတွေနဲ့ ဖမ်းဆီးခံရသူတွေ အများအပြား ရှိနေပြီး အထိနာနေတာ ဖြစ်ပါတယ်။
-------------------------
၄။Mi-17 စစ်ရဟတ်ယာဉ်ကို ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့ကို ဂုဏ်ပြုဆုငွေ သိန်းတစ်သောင်း ချီးမြှင့်
====================
m.CDM စက်တင်ဘာ ၂၀ ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ(ပျူ)ရွာကိုလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ကို ဂုဏ်ပြုဆုငွေနဲ့ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခဲ့တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နဲ့ မကွေး ဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့တာလို့ ဆိုပါတယ်။

အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပေါက် ပကဖ ဒရုန်းတပ်ဖွဲ့ကို ဦးဆောင်တဲ့ တာဝန်ခံ ရဲဘော် ကိုချမ်း က စစ်ဆင်ရေးအကြောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁ သောင်းကို ချီးမြှင့်ပေးခဲ့ပြီး၊ ကြားကလ မကွေးဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော် က ဂုဏ်ပြုလက်မှတ်ကို ချီးမြှင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ မကွေးယူနစ် ဒု-ဝန်ကြီးချုပ် ဦးချစ်ဝင်းမောင် တို့ကလည်း ဂုဏ်ပြုစကား အသီးသီး ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

ထို့နောက် ဂုဏ်ပြုခံရတဲ့ ရဲဘော် ၇ ဦး ကိုယ်စား ပေါက်မြို့နယ် ပ.က.ဖ တာဝန်ခံ ရဲဘော်နက္ခတ် က ကျေးဇူးတင် စကား ပြောကြားခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နဲ့ ဒေါက်တာရဲထွန်းဇော် တို့က နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုဖြင့် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ ရဟတ်ယာဉ်ကို ဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပြီး၊ ရှေ့ဆက်၍လည်း စစ်ကော်မရှင်ရဲ့ ဗဟိုချက်မတွေကို အရှိန်အဟုန်နဲ့ ဆက်လက်ထိုးစစ်ဆင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။
--------------------
၅။ဘီးလင်းမှာ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်း ပျက်စီး၊နွားထိုးကြီးမှာ စစ်ကော်မရှင် စစ်ကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ရွှေကူမြို့နယ်မှာ နယ်မြေဆုံးရှုံးမှု များနေတဲ့ စစ်အုပ်စုက ကျေးရွာတွေကို ဆက်တိုက်ဗုံးကြဲ၊
====================
m.CDM စက်တင်ဘာ ၂၀ ရက်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယိုကလား ကျေးရွာနဲ့ ကြသောင်းဆိပ် ကျေးရွာတို့ကို စက်တင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲ ခန့်မှာ စစ်ကောမရှင်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ လူထိခိုက်မှု မရှိပေမယ့် ယိုကလားရွာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ကြသောင်းဆိပ်ရွာက စာသင်ကျောင်း၊ နေအိမ်တွေပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီး မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပျိုးကန်ကျေးရွာက ပြည်သူတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၎င်းစစ်ကြောင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်မှာလည်း ဖောင်ကျင်း၊ မကြီးကုန်း၊ ကျောက်တန်း စတဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းတွေကိုပါ လုယက် ခိုးယူသွားတယ်လို့ ပြောပါတယ်။

ထို့အပြင် ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာလည်း နယ်မြေဆုံးရှုံးမှုများနေတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ကျေးရွာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲချ တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့က ရွှေကူမြို့နယ်ထဲကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရခဲ့သလို စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းမှာလည်း မြို့ကုန်းရွာကို ဗုံးကြဲတာကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို KIA ပူးပေါင်းတပ်က ဆေးကုသပေးနေပြီး၊ အကြမ်းဖက် စစ်ကာ်မရှင်တပ် ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ့ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရှိရပါတယ်။
-------------------------
၆။ဝက်ထီးကန်မှာ စစ်တပ်သတင်းပေးနဲ့ အုပ်ချုပ်ရေးမှူးတွေ ဆက်တိုက် ရှင်းလင်းခံနေရ၊ သရက်ချောင်းမှာ ဥပဒေရုံး စာရေးမ တစ်ဦး ဖမ်းဆီးခံရ
======================
m.CDM စက်တင်ဘာ ၂၀ ရက်။

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေမှာ ဆယ်ရက်အတွင်း စစ်တပ်သတင်းပေးနဲ့ အုပ်ချုပ်ရေးမှူး တို့ ၂ ဦး ဆက်တိုက် ပစ်ခတ်ရှင်းလင်းခံနေရတာကြောင့် ကျန်တဲ့သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့မှာ သစ်ချိုပင်အုပ်စု၊ ကံစုရွာက ဝက်ထီးကန်ရဲစခန်းရဲ့ သတင်းပေး မျိုးချစ် ရှင်းလင်း ခံခဲ့ရပြီး၊ ၁၈ ရက်နေ့မှာလည်း သစ်ချိုပင် ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ကျော်ဆန်း ထပ်မံ ရှင်းလင်းခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ရှင်းလင်းခံရပြီးနောက် တဲကြီးကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းမြ ကို သားဖြစ်သူ ရဲတပ်ဖွဲ့ဝင်က ကားဖြင့် လာခေါ်သွားခဲ့သလို အင်းဝင်းအုပ်စု အုပ်ချုပ်ရေးမှူး ကျော်သန်း လည်း ပြည်မြို့ပေါ်ကို ပြောင်းရွေ့သွားခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ အကြမ်းဖက် စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေကို အနိုင်ကျင့်ခဲ့ကြသူတွေ ဖြစ်တာကြောင့် အသတ်ခံရမှာကြောက်ပြီး အသီးသီး ထွက်ပြေးသွားကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

၎င်းတို့ဟာ ထွက်ပြေးသွားပေမယ့် အဝေးကနေ ရာအိမ်မှူးတွေကို ဖုန်းနဲ့ လှမ်းခိုင်းတာတွေ ပြုလုပ်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ ဆက်လက် စောင့်ကြည့်ပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုထားပါတယ်။

တစ်ဖက်မှာလည်း တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဥပဒေရုံးက အကြီးတန်းစာရေးမ ခိုင်ဇင်ထွေး ဆိုသူကို အမည်မသိ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အိမ်ရှေ့ပြင်ရွာကနေ သရက်ချောင်းမြို့ပေါ်က ဥပဒေရုံးကို သွားတဲ့အချိန် တီတွတ်ပြင်ရွာ လမ်းဆုံအရောက်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပြီး၊ ဘယ်အဖွဲ့က ဖမ်းသွားခဲ့တယ် ဆိုတာကိုတော့ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးဘူးလို့ သိရှိရပါတယ်။
--------------------
၇။⁨အမေရိကန်ရောက်မြန်မာတွေ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့ မှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပွဲလုပ်
==================
m.CDM၊ စက်တင်ဘာ ၂၀

အမေရိကန်ရောက်မြန်မာတွေစုပေါင်းပြီး နယူးယောက်မြို့က UN ရုံးချုပ်ရှေ့ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လူထုထောက်ခံပွဲတခုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိနေစေဖို့ Global Action for Credential Campaign 2026 အဖြစ်နဲ့ Our UN Ambassador HE Kyaw Moe Tun, True Voice of Myanmar ခေါင်းစဉ်နဲ့ လူထုထောက်ခံ ချီတက်ဆန္ဒဖော်ထုတ်ပွဲကို ဒေသစံတော်ချိန် စက်တင်ဘာ ၁၉ ရက်မှာ ပြုလုပ်ခဲ့တာြဖစ်ပါတယ်။  
ဒီအခမ်းနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း ဆုမွန်တောင်းခဲ့တာနဲ့ စတင်ခဲ့တာြဖစ်ပြီး မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ NUG အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်တို့လည်း တက်ရောက်ကာ ဂုဏ်ပြုထောက်ခံစကားတွေပြောကြားခဲ့ပါတယ်။
အဲဒီနောက် ပွဲကျင်းပရေးတာဝန်ရှိသူတွေက Global Action for Credential Campaign 2026 အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာတဲ့ ပြည်နယ်အသီသီး၊အဖွဲ့အစည်းအသီးသီးရဲ့ ကိုယ်စားလှယ်တွေက  Campaign နဲ့ပတ်သက်တဲ့ သဘောထားရပ်တည်ချက်တွေ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မနေ့ကလုပ်တဲ့ လူထုထောက်ခံပွဲမှာ ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလစင်မြင့်မှာ ဆက်ရှိနေစေဖို့၊ တရားဥပဒေမဲ့ကျူးလွန်မှုတွေ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတဲ့ စစ်အကြမ်းဖက်အုပ်စုကို နိုင်ငံတကာအသိုင်းကနေ ဖယ်ကျဉ်ဖို့၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်ကူညီပေးကြဖို့ တောင်းဆိုခဲ့ကြတယ်လို့ ပွဲစီစဥ်သူတွေက ပြောပါတယ်။
အဲဒီနောက် အမေရိကန်ရောက် မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်စုံဟာ UN ရုံးချုပ်ရှေ့ကနေ နယူးယောက် မြို့လယ်မှာရှိတဲ့ Time Square ရင်ပြင်ထိ ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးပြီးချီတက်ခဲ့ကြပြီး UN ရုံးချုပ်အနီး ပြန်ရောက်လာတဲ့ ဆန္ဒပြစစ်ကြောင်းကို နယူးယောက်ဒေသခံ အလှူရှင်တွေက နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေး ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအခမ်းနားနဲ့ချီတက်ပွဲကို နယူးယောက်မြို့မှာရှိတဲ့ NYCBCအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာြဖစ်ပြီး အမေရိကန် ရောက် မြန်မာပြည်ဖွားတိုင်းရင်းသားတွေ ထောင်နဲ့ချီတက်ရောက်ခဲ့တယ် NYCBC က အသိပေးထားပါတယ်။

မနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာပဲ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပြည်ပရောက်မြန်မာတွေစုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး NUGကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ ဩစတြေးလျ အထက်လွှတ်တော်အမတ် David Shoebridge နဲ့ Jessica Collins တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
———————————
⁨၈။မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသား ဗန်က စိန်ခေါ်သူ ပန်တိုဂျာကို အမှတ်နဲ့ အနိုင်ယူပြီး UFC Flyweight ရွှေခါးပတ်ချန်ပီယံဘွဲ့ကို ကာကွယ်
======================
m.CDM၊ စက်တင်ဘာ ၂၀

မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား အမေရိကန်နိုင်ငံသား UFC ဖိုက်တာချန်ပီယံ ဂျော့ရှူဝါ ဗန် က စိန်ခေါ်သူ ဘရာဇီးလ်ဝါရင့်ဖိုက်တာ အလက်ဇန်းဒါး ပန်တိုဂျာကို အမှတ်နဲ့အနိုင်ယူပြီး UFC Flyweight ရွှေခါးပတ်ကို နောက်တကြိမ် ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီစိန်ခေါ်ထိုးသတ်ပွဲကို စက်တင်ဘာ ၂၀ မှာ ကျင်းပခဲ့တာြဖစ်ပြီး ၅ ချီအပြည့် ယှဉ်ပြိုင်ထိုးသတ်ရာမှာ ဗန် က အသာစီးကနေ ထိုးသတ်နိုင်ခဲ့တဲ့အတွက် အမှတ်အပြတ်အသတ်နဲ့ အနိုင်ရရှိပြီး UFC Flyweight ရွှေခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
UFC 331 ရဲ့ အဓိကခေါင်ပွဲဖြစ်တဲ့အတွက် ဗန်ဟာ ပွဲစချိန်ပထမအချီကနေ နောက်ဆုံးအချိန်အထိ တပွဲလုံးကို တိုက်စစ်ဖွင့်ထိုးသတ်နိုင်ခဲ့ပြီး ထိုးချက်တွေဟာလည်း ပန်တိုဂျာထက် ပိုပြီးထိရောက်တာတွေရပါတယ်။
ဗန်ဟာ ၅ ချီစလုံးမှာ တိုက်စစ်ဆင်နိုင်ခဲ့သလို ပန်တိုဂျာရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေ အကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့တဲ့အတွက် ဒိုင်လူကြီးတွေ အမှတ်ပေးဆုံးဖြတ်ချက်နဲ့အတူ အမှတ်အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာ လည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း ပွဲစီစဉ်သူတွေက ဗန် နဲ့ ပန်တိုဂျာ တို့ရဲ့ ငါးချီအပြည့် အကြိတ်အနယ်ထိုးသတ်ခဲ့တဲ့ မကျေပွဲ ဟာ UFC 331 ရဲ့ အကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ရွေးချယ်ခံရပြီး ကစားသမားတဦးစီကို အပိုဆုကြေးအဖြစ် ဒေါ်လာ တသိန်းစီ ရရှိတယ်လို UFC က ကြေညာခဲ့ပါတယ်။
အခုထိုးသတ်တဲ့ပွဲဟာ ဗန် နဲ့ ပန်တိုဂျာ တို့ရဲ့ ဒုတိယအကြိမ် ပြန်လည်ထိုးသတ်တဲ့ Rematch ဖြစ်တဲ့အပြင် Van အနေနဲ့ သူရရှိထားတဲ့ UFC Flyweight ရွှေခါးပတ်ချန်ပီယံဘွဲကို ကာကွယ်နိုင်ခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ဗန်ဟာ UFC ပြိုင်ပွဲမှာ ၁၂ ပွဲကစား ၁၁ ပွဲနိုင် ၁ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကောင်းကိုပိုင်ဆိုင်ခဲ့ပြီး ပန်တိုဂျာကတော့ ၁၉ ပွဲယှဥ်ပြိုင်ထားချိန်မှာ ၁၄ ပွဲနိုင် ၅ ပွဲရှုံးဆိုတဲ့ မှတ်တမ်းကို ရရှိသွားပါတယ်။
————————————
၉။တောင်ကြီးမှာ ကျောက်တုံးကြီး ပြုတ်ကျလို့ ကားတစ်စီး ပျက်စီး၊ တောင်သာမှာ ချောင်းရေကြီးလို့ သီးနှံခင်းတွေ ရေမြုပ်ပျက်စီး
=================
m.CDM စက်တင်ဘာ ၂၀ ရက်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျောက်တုံးကြီး ပြုတ်ကျတာနဲ့ မန္တလေးတိုင်း တောင်သာမြို့နယ်မှာ ချောင်းရေကြီးတာတွေကြောင့် ပြည်သူတွေရဲ့ ပစ္စည်းတွေနဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့၊ ည ၁၀ နာရီကျော်မှာ တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းမပေါ်ကို တစ်ထပ်တိုက် အိမ်တစ်လုံးစာလောက်ရှိတဲ့ ကျောက်တုံးကြီး ပြုတ်ကျလာတာ ဖြစ်ပါတယ်။

အဲဒီလို ပြုတ်ကျလာတဲ့အတွက် လမ်းဘေးမှာ ရပ်ထားတဲ့ ကား ၁ စီး ပြားချပ်သွားပြီး ဆီဆိုင်တချို့လည်း ထိခိုက် ပျက်စီးခဲ့ပေမယ့် ညနက်ပိုင်းဖြစ်လို့ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အခုရက်ပိုင်း မိုးဆက်တိုက် ရွာနေတဲ့အတွက် အခုလို မြေပြို ကျောက်တုံးကျတာတွေ ဖြစ်နေပြီး လွိုင်လင်နဲ့ မိုင်းပွန်လမ်းကြားက ခေါင်းနွှဲ့တောင်မှာလည်း မြေကျွံကျတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာမှာလည်း မနေ့က စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၃ နာရီကျော်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ချောင်းရေ လျှံတက်လာတယ်လို့ ဆိုပါတယ်။

ရေတွေ ရုတ်တရက် ဝင်လာတဲ့အတွက် ဒေသခံတွေ အမြန်ရွှေ့ပြောင်းခဲ့ရပြီး မရွှေ့လိုက်နိုင်တဲ့ ပစ္စည်းတွေ ရေထဲ မျောပါသွားသလို ပဲခင်းတွေ အပါအဝင် စိုက်ပျိုးထားတဲ့ သီးနှံခင်း အများအပြားလည်း ရေမြုပ်ပျက်စီးခဲ့ရတယ် လို့ သိရပါတယ်။

စက်တင်ဘာ လလယ်အတွင်း နိုင်ငံတစ်ဝန်းမှာ မိုးကြီးတာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဆက်ဖြစ် နိုင်တဲ့အတွက် အထူးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


--
Send email to - editors@moemaka.net to contact and contribute with us!

MoeMaKa on the Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654

Share:

No comments:

Post a Comment