၂ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

Uploaded Image

၂ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ SCEF ကိုယ်စားလှယ်တွေ တွေ့ဆုံ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်မယ်လို့ အတည်ပြု

၂။ကျောက်တော်၊ သံတွဲ၊ ဝီရဌာနီ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း တို့ကို အကြမ်းဖက်စစ်ကော်မရှင် ဆက်တိုက်ဗုံးကြဲ၊ပြည်သူ ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

၃။ထားဝယ်ရေဘေး ကယ်ဆယ်ရေးယာဉ်တွေ အလံဖြူ မထောင်ကြဖို့ နည်းဗျူဟာ ၃၃ မေတ္တာရပ်ခံ၊ဘေးသင့်ပြည်သူတွေ အကူအညီ အများအပြား လိုအပ်နေ၊

၄။ ဗန်းမော်ထောင်ကအကျဉ်းသားတွေကို စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုတယ်လို့ KIA ထုတ်ပြော စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ SCEF ကိုယ်စားလှယ်တွေ တွေ့ဆုံ၊ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းပြီး ဖက်ဒရယ် ပြည်ထောင်စုသစ် တည်ဆောက်မယ်လို့ အတည်ပြု
=====================
m.CDM အောက်တိုဘာ ၁ ရက်။

အတွင်းရေးမှူးအဖွဲ့ဝင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ SCEF ကိုယ်စားလှယ်အဖွဲ့ဟာ ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong နဲ့ ကင်ဘာရာမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး၊ SCEF နိုင်ငံခြားရေးရာ အဖွဲ့ဝင်တွေ ဖြစ်တဲ့ နဲနယ်ပလို (KNPP)၊ စောနီးမရော့ဒ် (KNU) နဲ့ ဦးတင်ထွန်းနိုင် (NUG) တို့လည်း ပါဝင်ဆွေး နွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာနိုင်ငံနဲ့ ဒေသတွင်းက လက်ရှိ အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေ းနွေးခဲ့ကြသလို နောက်ဆက်တွဲ ဖြစ်ပေါ်တိုးတက်မှု အချက်အလက်တွေ ထပ်မံပေးပို့သွားဖို့လည်း သဘောတူခဲ့ ကြတယ်လို့ သိရပါတယ်။

ထို့အပြင် KNU ဥက္ကဋ္ဌ စောကွယ်ထူးဝင်းနဲ့ NUG ဝန်ကြီး ဦးတင်ထွန်းနိုင် တို့ဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ဂျပန်ခရီး စဉ်အတွင်း ဂျပန် သတင်းစာ The Yomiuri Shimbun နဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး SCEF ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ နဲ့ပတ်သက်လို့ ဖြေကြားခဲ့ပါတယ်။

SCEF အနေနဲ့ "မူတစ်ခု၊ ဗျူဟာတစ်ခု" ဆိုတဲ့ အခြေခံမူနဲ့ တစ်နိုင်ငံလုံးဆိုင်ရာ စစ်ရေး မဟာဗျူဟာ တစ်ရပ်ကို ရေးဆွဲသွားမှာဖြစ်ပြီး စစ်တိုက်ရာမှာဖြစ်ဖြစ် ဆွေးနွေးရာမှာဖြစ်ဖြစ် စုပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ထို့အပြင် လုပ်ငန်းလည်ပတ်ဖို့အတွက် ရန်ပုံငွေ ဒေါ်လာ သန်း ၃၀ဝ ကို ရှာဖွေသွားမယ်လို့ အတည်ပြု ပြောကြား ခဲ့ပြီး၊ မဟာဗျူဟာအရ ဦးစားပေးရမယ့်အပေါ် မူတည်ပြီး ခွဲဝေသုံးစွဲသွားမယ်လို့ ပြောပါတယ်။

အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လုံးဝ ဆန္ဒမရှိဘူးလို့ ယုံကြည်ထားပြီး၊ သူမနဲ့ ပူးပေါင်းကာ ဖက်ဒရယ်ပြည်ထောင်စုသစ် တစ်ခုကို တည်ဆောက်သွားမယ်လို့လည်း ဆိုပါတယ်။

တစ်နှစ် နှစ်နှစ်အတွင်းမှာ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရှိပြီး နိုင်ငံပြန်လည် တည်ငြိမ်လာမှာ ဖြစ်တာကြောင့် ဂျပန်ကုမ္ပဏီတွေ အနေနဲ့ သည်းခံပြီး ဆက်လက်ရပ်တည်ပေးဖို့နဲ့ ဂျပန်အစိုးရရဲ့ ဖွံဖြိုးတိုးတက်မှု အကူအညီတွေ ကိုလည်း ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

SCEF အနေနဲ့ တစ်နိုင်ငံလုံးက တိုင်းရင်းသားအဖွဲ့တွေနဲ့ အမြဲမပြတ်ဆွေးနွေးတိုင်ပင်နေပြီး နာမည်ထုတ်ပြောလို့ မရသေးတဲ့ အဖွဲ့တွေ ရှိနေကြောင်း၊ ညီညွတ်မှုနဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်တာနဲ့အမျှ အဖွဲ့တွေ ပိုမို ပါဝင်လာမှာ ဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြားခဲ့ပါသေးတယ်။
---------------------------
၂။ကျောက်တော်၊ သံတွဲ၊ ဝီရဌာနီ၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်း တို့ကို အကြမ်းဖက်စစ်ကော်မရှင် ဆက်တိုက်ဗုံးကြဲ၊ပြည်သူ ၁ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ
===============
m.CDM အောက်တိုဘာ ၁ ရက်။

ရခိုင်ပြည်နယ်က မြို့နယ် ၅ ခု ထပ်မနည်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်မှာ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်းက ကူတောင်ရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် အသက် ၅၁ နှစ်အရွယ် ဦးအောင်ထွန်းသိန်း သေဆုံးသွားပြီး၊ ဇနီးဖြစ်သူ ၄၁ နှစ်အရွယ် ဒေါ်ဝင်းနု ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဝီရဌာနီမြို့ကိုလည်း စက်တင်ဘာလ ၃၀ ရက်၊ ည ၁၁ နာရီ ၅၅ မိနစ်ကနေ ၁၂ နာရီ ကျော်အထိ Y-12 လေယာဉ်ဖြင့် ဗုံး ၁၄ လုံး ကြဲချခဲ့တာကြောင့် အသက် ၂၆ နှစ်ကနေ ၆၆ နှစ် အတွင်းရှိ အမျိုးသမီး ၅ ဦး ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ရွာနားက စစ်ဘေးရှောင်စခန်းကိုလည်း ည ၉ နာရီခန့်မှာ Jet Fighter ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက် ၄ နှစ်အရွယ် မောင်နေကျော်လင်းနဲ့ ၂၆ နှစ်အရွယ် မခင်ခင်သန်းတို့ နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်မှာလည်း သံတွဲမြို့ရှိ အမှတ် (၆) ရပ်ကွက်၊ ဗောတိကုန်းဈေး လမ်းကို ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံးကြဲချခဲ့တာကြောင့် ၄၆ နှစ်အရွယ် ကိုစည်သူနဲ့ ၃၈ နှစ်အရွယ် မေသန္တာဝင်းတို့ နှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကျောက်တော်မြို့ကိုလည်း ဒီကနေ့ နေ့လယ် ၁၂ နာရီခွဲလောက်ကစတင်ပြီး ဗုံးအလုံးရေ ၁၀ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး သီတင်းသုံးနေတဲ့ သကြားရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ပြီး ဆရာတော် ကတော့ အချိန်မီ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား ၅၀ ဦး သေဆုံးခဲ့ရ တဲ့အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ နေကြပေမယ့် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။
---------------------
၃။မြိုင်မှာ စစ်ကော်မရှင်စစ်ကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး၊ ထန်းတပင်မှာ စစ်အုပ်စုရဲ့ ကာမီကာဇေ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး၊ရေဘေးသင့်နေတဲ့ ထားဝယ် သရက်ချောင်း ဒေသကို စစ်ကော်မရှင် ထပ်မံ ဗုံးကြဲတိုက်ခိုက်၊
====================
m.CDM အောက်တိုဘာ ၁ ရက်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တဲကြီးရွာ ကနေ ထွက်လာတဲ့ အင်အား ၆၀၀ ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့က ဝဲတူး (Well 2) ရေနံမှော်၊ ရေနံတွင်းတွေကို မိုင်းခွဲဖျက်ဆီးဖို့ ထွက်လာတဲ့ အဆိုပါ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ရွာကို အကြမ်းဖက်စစ်တပ်က ကာမီကာဇေ ဒရုန်း ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ် နဲ့ ၁၁ နာရီ ၁၅ မိနစ် တို့မှာ မုန်းမြို့ အခြေစိုက် ခ.မ.ရ (၅၅၉) တပ်ရင်းကနေ လူစည်ကားရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အလားတူ ရေဘေးဒဏ်သင့်နေတဲ့ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်ထဲက ဆင်ကျန်းရွာ၊ ပိတိုင်ရွာနဲ့ လဘရွာ တွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါ တယ်။

အောက်တိုဘာလ ၁ ရက်၊ ညနေ ၃ နာရီကျော်ခန့်မှာ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့တဲ့အပြင် စက်သေနတ် တွေနဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ လူအထိအခိုက် မရှိပေမယ့် ရေဘေးဒဏ် ခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေကြရတယ်လို့ သိရှိရပါတယ်။
----------------
၄။ထားဝယ်ရေဘေး ကယ်ဆယ်ရေးယာဉ်တွေ အလံဖြူ မထောင်ကြဖို့ နည်းဗျူဟာ ၃၃ မေတ္တာရပ်ခံ၊ဘေးသင့်ပြည်သူတွေ အကူအညီ အများအပြား လိုအပ်နေ၊
====================
m.CDM အောက်တိုဘာ ၁ ရက်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးနဲ့ သရက်ချောင်း မြို့နယ်တွေမှာ ရေကြီး မြေပြိုမှုတွေကြောင့် ကျေး ရွာပေါင်း ၆၀ ကျော် ဘေးသင့်နေပြီး၊ ကူညီကယ်ဆယ်ရေး ယာဉ်တွေအနေနဲ့ အလံဖြူထောင်ကာ သွားလာခြင်း မပြုကြဖို့ နည်းဗျူဟာ (၃၃) က မေတ္တာရပ်ခံထားပါတယ်။

ပြည်သူတွေ ဘေးဒုက္ခ ကြုံတွေ့နေရချိန်မှာ အကြမ်းဖက် စစ်တပ်က အခွင့်ကောင်းယူပြီး အသွင်ယူကာ ရေဘေး သင့် ဒေသတွေကို စိမ့်ဝင်နေသလို ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးခွဲ ဝါဒဖြန့်ဖို့ ရည်ရွယ်ချက်နဲ့ အလံဖြူထောင် သွားလာခိုင်းနေတယ်လို့ ဆိုပါတယ်။

ထို့အပြင် အလှူရှင်တွေကို စစ်အုပ်စုရဲ့ စစ်ဆေးရေး ဂိတ်တွေက ဖြတ်သန်းခွင့် အာမခံလက်မှတ်တွေ ထိုးခိုင်းတာ တွေအပြင် ပြည်သူတွေရဲ့ အခက်အခဲကို အသုံးချနေပြီး နိုင်ငံရေး၊ စစ်ရေးအရ ပုံဖော်နေတယ်လို့ တနင်္သာရီတိုင်း စစ်ဌာန၊ နည်းဗျူဟာ (၃၃) က သုံးသပ်ထားပါတယ်။

နည်းဗျူဟာ (၃၃) အနေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အဆင်ပြေပြေသွားလာနိုင်အောင် ကူညီပေးဖို့ နယ်မြေခံတော် လှန်ရေး တပ်ဖွဲ့တွေကို ညွန်ကြားထားတာကြောင့် အလံဖြူထောင်ပြီး သွားလာတာတွေ မလုပ်ကြဖို့ အနူးအညွန့် ပန်ကြားထားပါတယ်။

တစ်ဖက်မှာလည်း လောင်းလုံးမြို့နယ် အတွင်းမှာ မြေပြိုမှုတွေကြောင့် အဓိကလမ်းမကြီးတွေ၊ တံတားတွေနဲ့ ရွာ ချင်းဆက်လမ်းတွေ ပိတ်ဆို့ပျက်စီးသွားရပြီး၊ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတာကြောင့် အကူအညီ တောင်းခံဖို့နဲ့ မြေပြင်သတင်းတွေ သိရဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

အသက်ဆုံးရှုံး ရသူတွေနဲ့ ပျောက်ဆုံးနေသူ အများအပြား ရှိနေတဲ့အပြင် သောက်သုံးရေ မသန့်ရှင်းတာ၊ လုံခြုံတဲ့ အမိုးအကာ မရှိတာတွေကြောင့် ကူးစက်ရောဂါ ပျံနှံလာနိုင်တဲ့ အန္တရာယ်ကိုပါ စိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဘေးသင့်ပြည်သူတွေ အသက်ဆက်နိုင်ဖို့ အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ ရေသန့်၊ ဆေးဝါးနဲ့ အဝတ်အထည်တွေကို Spring Crowd Fund ပလက်ဖောင်းကနေတဆင့် ထောက်ပံကူညီ လှူဒါန်းပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
----------------------
⁨ ၅။ဗန်းမော်ထောင်ကအကျဉ်းသားတွေကို စစ်တပ်က လူသားဒိုင်းအဖြစ် အသုံးပြုတယ်လို့ KIA ထုတ်ပြော
====================
m.CDM၊ အောက်တိုဘာ ၁

အာဏာသိမ်းစစ်တပ်ဟာ ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တယ် လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားက ထွက်ဆိုထားတဲ့အကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA သတင်းပြန်ကြားရေးဌာနက ထုတ်ဖော်ပြေကြားလိုက်ပါတယ်။
စစ်တပ်က သူတို့လုံခြုံရေးအတွက် အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ်အသုံးပြုနိုင်ဖို့ သင်္ဘောနဲ့ ခေါ်လာ ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ချိန်မှာ ရေထဲခုန်ချပြီး ထွက်ပြေးသွားလို့ လွတ်မြောက်လာသူတွေရှိတယ်လို့ ဆိုပါတယ်။
ဗန်းမော်အကျဉ်းထောင်က အကျဉ်းသားတွေကို စစ်တပ်က လုံခြုံရေးအတွက် လူသားဒိုင်းအဖြစ် အသုံးပြု နေတာကို အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဦးအိုက်စိုးဆိုသူက ပြောဆိုခဲ့တယ်လို့ KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ မန္တလေးကနေ ဆန်တက်လာစဉ်ကလည်း စစ်တပ်ဟာ ပြည်သူတွေနဲ့အတူ ရောနှောပါဝင်လာခဲ့သလို ဗန်းမော်မြို့ကနေ ပြန်လည်စုန်ဆင်းချိန်မှာလည်း မီးမတော်တ ဆဖြစ်ရင် ငြိမ်းသက်ဖို့ဆိုပြီး အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် တင်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါ တယ်။
သင်္ဘောနဲ့ စုန်ဆင်းလာချိန် KIA နဲ့ ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွှေကူမြို့အနီး မှာ အကျဉ်းသား ဦးအိုက်စိုးက ရေထဲခုန်ချပြီး စစ်တပ်လက်မှ လွတ်မြောက်လာတာလို့ သိရပါတယ်။
ဦးအိုက်စိုးနဲ့အတူ အခြားအကျဉ်းသား ၇၀ ကျော်လည်း ရေထဲခုန်ချ လွတ်မြောက်သွားတယ်လို့ KIA က အသိပေးပါတယ်။
ဗန်းမော်အကျဉ်းထောင်မှာ အကျဉ်းသား ၄၀၀ ကျော်ကျန်ရှိနေပြီး သင်္ဘောနဲ့ပါလာတဲ့ အကျဉ်းသားတွေဟာ သင်္ဘောပေါ်ကနေ ပစ္စည်းတွေသယ်ပေးရတာ၊ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ငွေကောက်တာ၊ ငွေမပေးနိုင်သူ တွေကို ရိုက်နှက်တာနဲ့ ဒဏ်ပေးတာတွေရှိခဲ့တယ်လို့ လွတ်မြောက်အကျဉ်းသား ဦးအိုက်စိုးက ထွက်ဆိုထား တယ်လို့ KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါ့အပြင် ရိက္ခာတင်သင်္ဘောမရောက်ခင်ကာလမှာ အကျဉ်းသားတွေဟာ ပြောင်းဖူးတွေကိုပဲ လနဲ့ချီ စားခဲ့ရ တာကြောင့် ကျန်းမာရေးထိခိုက်သူတွေရှိသလို ဖျားနာသူတွေကို ဆေးကုသပေးတာမရှိဘူးလို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ် သင်္ဘောတွေဟာ ဩဂုတ်လကုန်ပိုင်းမှာ ကချင်ပြည်နယ်ကို ဝင်ရောက်လာတာဖြစ်ပြီး ကသာ-ရွှေကူကြား၊ ရွှေကူ-ဗန်းမော်ကြားမှာ KIA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သလို စက်တင်ဘာ လလယ် ပိုင်းမှာ ဗန်းမော်မြို့ကနေ ပြန်လည်စုန်ဆင်းခဲ့ချိန်မှာလည်း KIA နဲ့ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရေကြောင်းတိုက်ပွဲတွေမှာ စစ်တပ်ကအသုံးပြုခဲ့တဲ့ သင်္ဘော အစီး ၂၀ နီးပါးထိခိုက်ပျက်စီးနစ်မြုပ်ခဲ့ပါတယ်။
စစ်တပ်ဟာ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်တင်းရာမှာ အရပ်သားသင်္ဘောတွေကိုပါ အဓမ္မ ခေါ်ယူအသုံးပြု ခဲ့တာကြောင့် တိုက်ခိုက်ခံရလို့ ပျက်စီးခဲ့ရတဲ့ သင်္ဘောတွေထဲမှာ ပုဂ္ဂလိကပိုင်သင်္ဘောတွေ များစွာပါတယ်လို့ KIA က အသိပေးထားပါတယ်။
————————————
⁨၆။ကျောက်တော်မြို့ကို လေကြောင်းတိုက်ခိုက်မှု ရာဇဝတ်မှုမြောက်နိုင်တယ်လို့ IIMM ပြော
===================
m.CDM၊ အောက်တိုဘာ ၁

ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာဟာ ရာဇဝတ်မှု မြောက်နိုင် တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးယန္တရား IIMM က ပြောကြားလိုက်ပါ တယ်။
စက်တင်ဘာ ၂၈ ရက်ကဖြစ်ခဲ့တဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အခုလို ပြောကြားလိုက် တာဖြစ်ပါတယ်။
ရခိုင်ပြည်သူ ၅၀ ဦး သေဆုံးခဲ့ရတဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ ဖြစ်စဉ်အကြောင်း တိုက်ရိုက်သိရှိထားသူတွေအနေနဲ့ သတင်းအချက်အလက်တွေ မျှဝေပေးကြဖို့လည်း IIMM ကတောင်းခံထား ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သေဆုံး၊ ဒဏ်ရာရရှိသူတွေရဲ့ အချက်အလက်တွေ ဓာတ်ပုံနဲ့ ဗီဒီယို တွေ၊ စျေး၊ တံတားနဲ့ အနီးဝန်းကျင်က အဆောက်အအုံတွေ ပျက်စီးခဲ့တာကို မှတ်တမ်းတင်ထားတဲ့ အချက် အလက်တွေ ပေးပို့ကြဖို့ IIMM က တောင်းခံထားတာဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ခိုက်ရာမှာအသုံးပြုခဲ့တဲ့ လေယာဉ်အမျိုးအစား၊ အခြေစိုက်ရာ လေတပ်စခန်း၊ အသုံးပြုခဲ့တဲ့ လက်နက်တွေနဲ့ လက်နက်အကြွင်းအကျန်များ၊ တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ လေယာဉ်မှူးတွေနဲ့ အမိန့်ပေးသူ များအပါအဝင် တာဝန်ရှိသူတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေလည်း ပေးပို့နိုင်တယ်လို့ အသိပေးထားပါတယ်။
ဒီဖြစ်စဉ်တွေကို မျက်မြင်တွေ့ရှိသူတွေနဲ့ ဖြစ်စဉ်အကြောင်း တိုက်ရိုက်သိထားသူတွေအနေနဲ့ သတင်းအချက် အလက်တွေကို IIMM ရဲ့ Signal နံပါတ် +41 76 691 12 08 ကို ဆက်သွယ်ပေးပို့နိုင်ပြီး စာတိုတွေ အလိုအ လျောက်ပျောက်သွားတဲ့ disappearing messages စနစ်ကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် Proton အီးမေးလ်ကတဆင့် contact@myanmar-mechanism.org ကိုလည်း အချက်အလက်တွေ ပေးပို့နိုင်မှာဖြစ်ပြီး သတင်းအချက်အလက်ပေးပို့လိုသူတွေအနေနဲ့ မိမိတို့ရဲ့လုံခြုံရေးကို ဦးစားပေးပြီး စိတ်ချ လုံခြုံရတဲ့ အခြေအနေရှိမှ IIMM နဲ့ ဆက်သွယ်ကြဖို့လည်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းရေး ယန္တရားက သတိပေးထားပါတယ်။
သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ မွေးကင်းစကလေးငယ်တဦးလည်း ပါဝင်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယစျေးအပြင် အနီးဝန်းကျင်မှာရှိတဲ့ အဆောက်အအုံတွေ ကစ္စပနဒီ တံတားနဲ့ ဆိုင်ခန်းတွေပျက်စီးခဲ့ရပါတယ်။

ဒီ တိုက်ခိုက်မှုတွေထဲမှာ စာသင်ကျောင်း၊ ဆေးရုံ၊ စျေးနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပြီး စားဝတ်နေရေးအတွက်အသုံးပြုနေရတဲ့ စျေးလိုနေရာတွေကို တိုက်ခိုက်တာဟာ အစားအစာရရှိနိုင်မှုနဲ့ စားနပ်ရိက္ခာဖူလုံမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တဲ့အပြင် စစ်ပွဲအတွင်း ငတ်မွတ်စေလိုတဲ့ နည်းဗျူဟာ အဖြစ် အသုံးပြုတာဆိုရင် ရာဇဝတ်မှုမြောက်နိုင်တယ်လို့ IIMM က သတိပေးထားပါတယ်။
———————————
၇။ဆိုမာလီ ပင်လယ်ဓားပြတွေ ဖမ်းထားတဲ့ သင်္ဘောက မြန်မာသင်္ဘောသား ၁ ဦး အပါအဝင် ၅ ဦး သတ်ဖြတ်ခံရ
====================
m.CDM အောက်တိုဘာ ၁ ရက်။

ဆိုမာလီယာ ကမ်းလွန်မှာ ပင်လယ်ဓားပြတွေ ၅ လ နီးပါးကြာ ပြန်ပေးဆွဲထားတဲ့ ရေနံထွက်ကုန်တင် သင်္ဘောက မြန်မာနိုင်ငံသား အင်ဂျင်နီယာချုပ်တစ်ဦး အပါအဝင် သင်္ဘောသား ၅ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသတွင်း အာဏာပိုင်တွေက အတည်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က Palau အလံလွှင့်တင်ထားတဲ့ MT Honour 25 ရေနံတင်သင်္ဘောဟာ ဆိုမာလီယာ နိုင်ငံ Puntland ဒေသရဲ့ ကမ်းလွန်ရေမိုင် ၃၀ ခန့်အကွာမှာ ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

၎င်းသင်္ဘောကို Puntland လုံခြုံရေး တပ်ဖွဲ့နဲ့ ရေကြောင်းရဲ တပ်ဖွဲ့ (PMPF) တို့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ကယ်တင်ခဲ့ပေမယ့် စစ်ဆင်ရေး မစခင်မှာပဲ ပင်လယ်ဓါးပြတွေဟာ သင်္ဘောသား တွေကို သတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ သင်္ဘောသား ၅ ဦးထဲမှာ အမည်မသိရသေးတဲ့ မြန်မာနိုင်ငံသား အင်ဂျင်နီယာချုပ် (Chief Engin eer) ၁ ဦး၊ ပါကစ္စတန် နိုင်ငံသား ၃ ဦးနဲ့ အိန္ဒိယ နိုင်ငံသား ၁ ဦး ပါဝင်ပြီး တခြား ၄ ဦးလည်း ဒဏ်ရာရခဲ့တယ် လို့ သိရပါတယ်။

ဒါပေမယ့် အသက်ရှင်ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းချိန်မှာ ပင်လယ်ဓ ါးပြတွေက ထွက်ပြေးဖို့ ကြိုးစားရင်း ဖမ်းဆီးခံထားရတဲ့ သူတွေကို ပစ်ခတ်သွားတာလို့ ပြောပါတယ်။

လက်ရှိမှာ MT Honour 25 သင်္ဘောကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီး ပင်လယ်ဓါးပြ ၁၆ ဦးကို ဖမ်းဆီးထားကာ ထွက်ပြေးသွားသူတွေကို ဆက်လက် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

ယခုဖြစ်စဉ်ဟာ ဆယ်စုနှစ် တခုကျော်ကြာ ကာလအတွင်း ဆိုမာလီ ပင်လယ်ဓါးပြတွေကြောင့် သင်္ဘောသားတွေ သေဆုံးခဲ့ရတဲ့ ပထမဆုံး ဖြစ်ရပ်ဖြစ်တယ်လို့လည်း နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူ‌လေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


Send email to - editors@moemaka.net to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654
Share:

No comments:

Post a Comment