၁၉ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။လွယ်ယင်းတောင်ခြေ တိုက်ပွဲမှာ DMO PDF ရဲဘော်တစ်ဦး ကျဆုံး၊တံတားဦးမှာ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊KIA တပ်မဟာ ၃ ခုမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ ခေါင်လန်ဖူး တိုက်ပွဲမှာ စစ်တပ်ဗျူဟာမှူး ဒဏ်ရာရ
၂။ဖာပွန်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ လသားအရွယ် ကလေးငယ် အပါအဝင် ၂ ဦး ဒဏ်ရာရ၊ရသေ့တောင်မှာ ဗုံးအလုံး ၂၀ ကျော် ကြဲချ တိုက်ခိုက်ခံရပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ၊
ဝက်လက်မှာ လေကြောင်းကနေ ၇ ကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခံရ၊
၃။မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုဇေယျာအောင်ကို ထောင်ဝန်ထမ်းတွေနဲ့အဖွဲ့ အုပ်စုဖွဲ့ ရိုက်နှက်ပြီး တိုက်ပိတ်ထား
၄။မြန်မာနိုင်ငံကို ရေရှည် အကူအညီပေးဖို့ ဂျပန်လွှတ်တော်မှာ ဒေါက်တာ စင်သီယာမောင် တောင်းဆို၊ဘီလ်ဂိတ်စ်ရဲ့ Heroes in the Field အစီအစဉ်မှာလည်း သူမကို ဂုဏ်ပြုဖော်ပြစတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။လွယ်ယင်းတောင်ခြေ တိုက်ပွဲမှာ DMO PDF ရဲဘော်တစ်ဦး ကျဆုံး၊တံတားဦးမှာ ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊KIA တပ်မဟာ ၃ ခုမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ ခေါင်လန်ဖူး တိုက်ပွဲမှာ စစ်တပ်ဗျူဟာမှူး ဒဏ်ရာရ
====================
m.CDM အောက်တိုဘာ ၁၈ ရက်။
ရှမ်း-ကရင်နီ နယ်စပ်၊ မိုးဗြဲမြို့ အနီးက လွယ်ယင်းတောင်ခြေ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်း၊ အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော် ဂျွန်ဘောစကို ကျဆုံးသွားခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လွယ်ယင်းတောင်ခြေ တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ကို ရွပ်ရွပ်ချွံချွံ ခုခံရင်း ကျဆုံးခဲ့ရတာ ဖြစ်ပြီး၊ မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။
လွယ်ယင်းတောင်ခြေမှာ အောက်တိုဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တွေကတည်းက တိုက်ပွဲတွေပြင်းထန်နေခဲ့တာ ဖြစ်ပြီး၊ အထိနာနေတဲ့ စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း မိုးဗြဲမြို့ အနီးက တိုက်ပွဲအတွင်းမှာ မိုးဗြဲ PDF တပ်ရင်း (၁၀၀၁) က တပ်စုမှူး တစ်ဦး ကျဆုံးခဲ့ရပါသေးတယ်။
တစ်ဖက်မှာလည်း မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲ ထားပြီး ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ကော်မရှင် တပ်သားတွေကို ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က ထုတ်ပြန်ထားပါတယ်။
အင်အား ၂၀ ခန့်နဲ့ ဂိတ်ချပြီး ငွေကောက်နေတဲ့ စစ်ကော်မရှင် တပ်သားတွေကို အောက်တိုဘာလ ၁၇ ရက် ညနေ ၆ နာရီခွဲ လောက်မှာ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ဂိတ်ပေါက်ဝမှာ ဖုန်းသုံးနေတဲ့ စစ်ကော်မရှင်တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ တခြား ၃ ဦးလည်း ပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဖော်ပြထားပါတယ်။
ထိုနေ့ည ၁၁ နာရီနဲ့ ၁ နာရီ အချိန်တွေမှာတော့ စစ်ကော်မရှင်တပ်က ချောင်းဆုံနဲ့ ဂွေးကုန်းဘက်ကနေ ကား ၂ စီး၊ အင်အား ၆၀ ခန့်နဲ့ ကျပ်ပြင်ရွာ ဘုန်းကြီးကျောင်းမှာ ထပ်မံ အင်အားဖြည့် တပ်စွဲထားတယ်လို့ သိရပါတယ်။
ထို့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ တပ်မဟာ (၄)၊ (၇) နဲ့ (၈) နယ်မြေတွေမှာ တိုက်ပွဲတွေ ဆက် လက် ပြင်းထန်နေတယ်လို့ ဒီကနေ့ (အောက်တိုဘာ ၁၈ ရက်) မနက်ပိုင်းမှာ KIA က ထုတ်ပြန်ထားပါတယ်။
တပ်မဟာ ၇ နယ်မြေ၊ ခေါင်လန်ဖူးမြို့နယ်၊ ဇီဒန်းရွာဘက်က တိုက်ပွဲမှာ လာရောက်ကွပ်ကဲတဲ့ စစ်ကော်မရှင်တပ် ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီးကို နယ်ခြားမှတ်တိုင် အမှတ် (၃၀) အနီးမှာ KIA က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး၊ ထိခိုက်ဒ ဏ်ရာ ရသွားတယ်လို့ ဆိုပါတယ်။
အလားတူ တပ်မဟာ (၄) နယ်မြေ မိုးမိတ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်နေသလို၊ တပ်မဟာ (၈) နယ်မြေ အင်းတော် ဒေသမှာလည်း စစ်ကော်မရှင်လက်အောက်ခံ SNA ရှမ်းနီ ပြည်သူ့စစ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့ ဖော်ပြထားပါတယ်။
အင်းတော်ကြီးဒေသ မိုးညှင်းမြို့နယ်၊ လုံးတုံရွာမှာ တပ်စွဲထားတဲ့ SNA ပြည်သူ့စစ်တွေက ဟဲပန်လမ်းဆုံဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး၊ စစ်အုပ်စုကလည်း ကချင်ဒေသတွင်းကို အင်အားဖြည့်တင်းကာ ပြည်သူတွေ ကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရှိရပါတယ်။
-------------------------
၂။ဖာပွန်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ လသားအရွယ် ကလေးငယ် အပါအဝင် ၂ ဦး ဒဏ်ရာရ၊ရသေ့တောင်မှာ ဗုံးအလုံး ၂၀ ကျော် ကြဲချ တိုက်ခိုက်ခံရပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ၊
ဝက်လက်မှာ လေကြောင်းကနေ ၇ ကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခံရ၊
====================
m.CDM အောက်တိုဘာ ၁၈ ရက်။
ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်) ခရိုင်၊ ဖာပွန်မြို့ပေါ်က ရပ်ကွက် (၃) ကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာလ ၁၆ ရက် ည ၁၁ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ ၅ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ အသက် ၄၀ ကျော် အမျိုးသား ၁ ဦး တို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖာပွန်ဗျူဟာ မကျရေးအတွက် စစ်အုပ်စုဟာ Y-12 လေယာဉ်နဲ့ ရိက္ခာတွေပို့နေသလို၊ ညဘက်တွေမှာလည်း Jet Fighter တွေနဲ့ ဗုံးကြဲတာ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။
ဒါ့အပြင် ကမမောင်း-ဖာပွန် လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင် တပ်တွေကို KNLA ပူးပေါင်းတပ် တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဘက်က အထိနာနေပြီး၊ အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သ ားတွေလည်း ရှိတယ်လို့ သိရပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နဲ့ အနီးနား ရွာတွေကို အောက်တိုဘာလ ၁၈ ရက်၊ မနက် ၁ နာရီကနေ ၂ နာရီအတွင်း စစ်အုပ်စုက Y-12 လေယာဉ်တွေနဲ့ ဗုံးသီး ၂၀ ကျော် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရသေ့တောင် မြို့ပေါ်က အရှေ့တောင်ရပ်ကွက်၊ ဂူတာပြင်ရပ်ကွက်၊ ပြားချော င်းကြီးနဲ့ ပြင်ခေါင် ရွာတွေမှာ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး၊ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းကိုလည်း နေ့လယ် ၁၁ နာရီ ၅၀ မိနစ်လောက်မှာ ဂျက်ဖိုက်တာ ၂ စီး၊ Mi-35 ရဟတ်ယာဉ် ၁ စီးတို့နဲ့ ၇ ကြိမ်ထက်မနည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တ ယ်လို့ ဆိုပါတယ်။
လက်တလောမှာ ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးသလို၊ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ ကလည်း ဝက်လက် အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၄ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
----------------------------
၃။ရခိုင်မှာ စကစတပ်သား ၁၂ ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိ
====================
m.CDM၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်အတွင်း လတ်တလောြဖစ်နေတဲ့တိုက်ပွဲတွေမှာ စကစတပ်သား ၁၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က အောက်တိုဘာ ၁၈ မှာ ထုတ်ဖော်လိုက်ပါတယ်။
ပြည်သူ့ပန်းတိုင်ကအပတ်စဉ်တင်ဆက်နေတဲ့ ပြေးဟ ပရောဂျက် ယခုတစ်ပတ် အစီအစဉ်ကနေ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။
အခု အောက်တိုဘာလ ဒုတိယပတ်ထဲမှာ အလင်းဝင်ပူးပေါင်းနဲ့လက်နက်ချတာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရ တဲ့ စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်ပူးပေါင်းလာသူ ၅ ဦးရှိပြီး နေပြည်တော်က စစ်သားတဦးနဲ့စစ်ကိုင်းတိုင်းက စစ်သား ၃ ဦး၊ ရန်ကုန်တိုင်းမှာ ရဲတဦး တော်လှန်တပ်တွေဘက်ကို ပူးပေါင်းလာတယ်လို့ သိရပါတယ်။
စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသူ ၁၇ ဦးရှိရာမှာ စစ်သား ၁၂ ဦးပါဝင်ပြီး အဲဒီ ၁၂ ဦးလုံး ရခိုင်မှာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
စစ်သုံ့ပန်းဖမ်းဆီးခံရသူတွေထဲမှာ ပြည်သူစစ်အဖွဲ့တွေလည်းပါဝင်ပြီး မကွေးတိုင်းမှာ ၄ ဦးနဲ့ မန္တလေးတိုင်း မှာတဦးလို့ ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
————————————
၄။အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ နျူကလီးယားစွမ်းအင်စီမံကိန်းဟာ ငြိမ်းချမ်းလိုတဲ့ရည်ရွယ်ချက်အတွက် မဟုတ်ဘူးလို့ ကုလညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း သတိပေး
========================
m.CDM၊ အောက်တိုဘာ ၁၈
အာဏာသိမ်းထားတဲ့ မြန်မာ အကြမ်းဖက်စစ်တပ်ရဲ့ နျူကလီးယားစွမ်းအင်စီမံကိန်းဟာ ငြိမ်းချမ်းလိုတဲ့ ရည်ရွယ်ချက်အတွက်လုပ်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂအစည်းအဝေးမှာ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂဌာနချုပ်မှာ အောက်တိုဘာ ၁၆ ရက်ကကျင်းပတဲ့ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့ နျူကလီးယားလက်နက်များဆိုင်ရာ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို သတိပေးလိုက်တာပါ။
မြန်မာစစ်တပ်က နျူကလီးယားစွမ်းအင်စီမံကိန်းလို့ခေါ်ဆိုနေတဲ့အစီအစဉ်ဟာ ငြိမ်းချမ်းသောရည်ရွယ်ချက် တွေအတွက်သာ အသုံးပြုမယ်ဆိုတာ ယုံကြည်ဖို့ခက်ခဲပြီး စစ်ရေးနဲ့ အခြားရည်ရွယ်ချက်တွေအတွက် အလွဲသုံးစားပြုမယ့်အပေါ် စိုးရိမ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်တွေ အလုံးစုံဖျက်သိမ်းရေး ခိုင်မာတဲ့ ကတိကဝတ်ပြုထားတယ်လို့ ပြောကြားခဲ့ပြီး ကမ္ဘာတဝန်း နျူကလီးယားလက်နက်အသုံးပြုလာနိုင် တဲ့အန္တရာယ် မြင့်တက်လာတာ၊ နျူကလီးယားလက်နက်တိုက်တွေ အဆင့်မြှင့်တင်နေတာနဲ့ စစ်ရေးမဟာ ဗျူဟာတွေမှာ နျူကလီးယားလက်နက်တွေအပေါ် မှီခိုအားထားမှုတွေ ပိုများလာတွေအပေါ် စိုးရိမ်မိတယ်လို့ လည်း အသိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ “နျူကလီးယားလက်နက်ဖျက်သိမ်းရေး” ဆုံးဖြတ်ချက်မူကြမ်းကို ထပ်မံတင်သွင်းထားသလို ဒီမူကြမ်းကို အခုနှစ်ကစလို့ ၂နှစ်တကြိမ် တင်သွင်းဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားလက်နက်စမ်းသပ်မှုပိတ်ပင်ရေးစာချုပ် CTBT ကို ဆက် ထောက်ခံ ထားပြီး ဒီစာချုပ် အမြန်ဆုံးအသက်ဝင်လာစေရေး ကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့လိုတယ်လို့လည်း အစည်းအဝေး တက်ရောက်သူတွေကို ပြောခဲ့ပါတယ်။
ဒါ့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ခဲယမ်းတွေ၊ စစ်လက်နက် ပစ္စည်းတွေ၊ တိုက်လေယာဉ်ဆီ၊ စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ပစ္စည်းတွေနဲ့ ဆက်စပ်နည်းပညာတွေ လွှဲပြောင်းပေးအပ်နေတာကို ကာကွယ်တားဆီးပေးကြဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက မေတ္တာရပ်ခံ ထားပါတယ်။
လက်ရှိမှာ အာဏာသိမ်း အကြမ်းဖက်မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံနဲ့ပေါင်းပြီး အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ သဘောတူလက်မှတ် ရေးထိုးထားပါတယ်။
——————————
၅။SCEF နဲ့ မွန်တော်လှန်ရေး အင်အားစုတွေ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံ
=====================
m.CDM အောက်တိုဘာ ၁၈ ရက်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ မွန်တော်လှန်ရေး အင်အားစုတွေ ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့၊ ညနေ ၅ နာရီမှာ အွန်လိုင်းကနေတဆင့် ပြုလုပ်ခဲ့တဲ့ အဆိုပါ တွေ့ဆုံပွဲကို မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည် အတိုင်ပင်ခံကောင်စီ (MSCC) နဲ့ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) က တာဝန်ရှိသူတွေနဲ့ SCEF က တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ SCEF အလှည့်ကျ သဘာပတိ ခူဦးရယ် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အတွင်းရေးမှူး အဖွဲ့ဝင် ပဒိုစောတာဒိုမူး က SCEF နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ရှင်းလင်းတင်ပြကာ၊ အပြန်အလှန် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မွန်ပြည်သစ်ပါတီ - စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP - AD) က ဗိုလ်ချုပ် နိုင်လယီကောင်း က နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး၊ ဆွေးနွေးပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
SCEF နဲ့ မွန်တော်လှန်ရေး အင်အားစုတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ က ပထမအကြိမ် တွေ့ဆုံပြီးနောက် နှစ်လခွဲခန့် အကြာမှာ ထပ်မံ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
SCEF ဟာ ယခု အောက်တိုဘာလအတွင်းမှာပဲ အာရက္ခတပ်တော် (AA)၊ ပအိုဝ်းတော်လှန်ရေး အင်အားစုတွေနဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) တို့ကိုလည်း သီးခြားစီ တွေ့ဆုံဆွေးနွေးထားပါသေးတယ်။
----------------------
၆။မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ကိုဇေယျာအောင်ကို ထောင်ဝန်ထမ်းတွေနဲ့အဖွဲ့ အုပ်စုဖွဲ့ ရိုက်နှက်ပြီး တိုက်ပိတ်ထား
=====================
m.CDM၊ အောက်တိုဘာ ၁၈
အကျဉ်းထောင်တွင်း ဖိနှိပ်ချုပ်ချယ်မှုတွေကို နည်းလမ်းတကျတင်ပြဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇေယျာအောင် (ခ) တရုတ်ကြီးကို မကွေးဗဟိုအကျဉ်းထောင်က အကျဉ်းထောင်ဝန်ထမ်းတွေနဲ့အဖွဲ့က ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က အောက်တိုဘာ ၁၈ မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရပြီး မန္တလေးအိုးဘိုထောင်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့မှာ မကွေးထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား ကိုဇေယျာအောင် (ခ) တရုတ်ကြီးကို ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားအချို့က ထောင်အာဏာပိုင်တွေအလို့ကျ ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။
ကိုဇေယျာအောင် (ခ) တရုတ်ကြီးဟာ အောက်တိုဘာ ၁၂ ရက်နေ့က ညနေ တန်းပိတ်ခါနီးအချိန်မှာ မကွေး ထောင်တွင်း ဖြစ်ပွားနေတဲ့ တန်းထိုင်ချိန် ကြာလွန်းတာ၊ ထမင်းစားဆင်းချိန်မှာ ၂ ယောက်တတွဲ ဆင်းရပြီး လွတ်လပ်စွာ စားသောက်ခွင့်မရတာ စတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ သွားရောက်တင်ပြခဲ့တယ်လို့ သိရပါတယ်။
ကိုဇေယျာအောင် အနေနဲ့ အဆောင် ၃ အဆောင်မှူးရုံးခန်းကိုသွားပြီး သတင်းပို့ရာမှာ အဆောင်မှူးက တန်းပိတ်မှတင်ပြဖို့ ပြောပြီး ပြန်လွှတ်လိုက်တဲ့အတွက် အဆောင်ရုံးခန်းအနီးက ထမင်းစားဆောင်ဘက် ထွက်လာချိန် အဆောင် ၃ တန်းစီးချုပ်ဖြစ်တဲ့ အကျဉ်းသား စစ်သားကြီးကရန်စပြီး ပဋိပက္ခဖော်ဆောင်ခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို ပဋိပက္ခဖြစ်ရာက တန်းစီးအနီးမှာထိုင်နေတဲ့ အခြားအကျဉ်းသား ၅ ဦးခန့်က ကိုဇေယျာအောင်ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတာလို့ သိရပါတယ်။
အဲဒီနောက် အဆောင်မှူးက ခရာမှူတ်အကြောင်းကြားတဲ့အတွက် မိန်းဂျေးက အကျဉ်းသား ၈ ဦးနဲ့ ထောင်ဝန် ထမ်း ၆ ဦးတို့ ရောက်ရှိလာပြီး ကိုဇေယျာအောင်ကို ဝိုင်းရိုက်ကာ တိုက်နံပါတ် ၃၇ ကို အဓမ္မခေါ်ဆောင်ကာ အဝတ်တထည် ကိုယ်တခုနဲ့ တိုက်ပိတ်လိုက်တာလို့ အသိပေးပါထားပါတယ်။
ရိုက်နှက်ခေါ်ဆောင်ပြီး တိုက်ပိတ်ဖို့ တိုက်ရိုက်ညွှန်ကြားသူဟာ ၃ ဆောင်တာဝန်ခံ ထောင်မှူးကြီး ကောင်းမြတ်သူဖြစ်ပြီး ပဋိပက္ခကိုစတင်ဖန်တီးခဲ့သူ တန်းစီးချုပ် စစ်သားကြီးဆိုသူကတော့ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေရသူဖြစ်ကာ ထောင်အာဏာပိုင်တွေအလိုကျ ဆောင်ရွက်နေသူလို့ သိရပါတယ်။
———————————
၇။မြန်မာနိုင်ငံကို ရေရှည် အကူအညီပေးဖို့ ဂျပန်လွှတ်တော်မှာ ဒေါက်တာ စင်သီယာမောင် တောင်းဆို၊ဘီလ်ဂိတ်စ်ရဲ့ Heroes in the Field အစီအစဉ်မှာလည်း သူမကို ဂုဏ်ပြုဖော်ပြ
=================
m.CDM အောက်တိုဘာ ၁၈ ရက်။
မြန်မာ့ဒီမိုကရေစီအရေး ပံ့ပိုးကူညီရေး ဂျပန် ပါတီစုံလွှတ်တော်အမတ် ၁၅ ဦးနဲ့ မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင် တို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းက ဂျပန်လွှတ်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံပွဲမှာ ဒေါက်တာ စင်သီယာမောင် က မြန်မာ့နိုင်ငံမှာ ပဋိပက္ခတွေ ကြာမြင့်လာတာနဲ့အမျှ ငွေကြေး အထောက်အပံ သာမကဘဲ နည်းပညာနဲ့ ရေရှည် လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Akiko Ikuina နဲ့ တွေ့ဆုံခဲ့ပြီး၊ ခက်ခဲနေတဲ့ မြန်မာပြည်သူ တွေဆီ တိုက်ရိုက်ရောက်မယ့် အကူအညီတွေ ဆက်ပေးသွားဖို့ ဂျပန်ဘက်က ကတိပြုခဲ့တယ်လို့ သိရပါတယ်။
ဒေါက်တာ စင်သီယာမောင်ဟာ အာရှ-ပစိဖိတ်ဒေသတွင်း အကြမ်းမဖက် ငြိမ်းချမ်းရေး တည်ဆောက်သူတွေကို ချီးမြှင့်တဲ့ “အိုကီနာဝါ ငြိမ်းချမ်းရေးဆု” ကို လက်ခံရယူဖို့ ဂျပန်ကို ရောက်ရှိနေတာဖြစ်ပြီး ဆုပေးပွဲကို မနက်ဖြန် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
နှစ်နှစ်ကို တစ်ကြိမ် ချီးမြှင့်တဲ့ အိုကီနာဝါ ငြိမ်းချမ်းရေးဆု သမိုင်းတစ်လျှောက်မှာ ပြည်ပအခြေစိုက် အဖွဲ့အစည်း အနေနဲ့ မယ်တော်ဆေးခန်းက ပထမဆုံး ရွေးချယ်ခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်ဖက်မှာလည်း ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်စ်ဟာ နယ်စပ်က ဒုက္ခသည်တွေ၊ စစ်ဘေးရှောင် တွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နှစ်ပေါင်း ၄၀ နီးပါး အခမဲ့ ဆေးကုသပေးနေတဲ့ ဒေါက်တာစင်သီယာမောင် ကို ကျန်းမာရေး ရှေ့တန်းက သူရဲကောင်းတစ်ဦး အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဘီလ်ဂိတ်စ် ရဲ့ Heroes in the Field ရုပ်သံအစီအစဉ် ကနေလည်း “ဝေးလံခေါင်ဖျားတဲ့ စစ်ရေးပဋိပက္ခ နယ်မြေ တွေအထိ ငှက်ဖျား၊ အာဟာရချို့တဲ့မှု နဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေကို လှည့်လည်ကုသပေးနေတာ ကိုလည်း အသိအမှတ်ပြု ဖော်ပြခဲ့တယ်”လို့ သိရပါတယ်။
ဘီလ်ဂိတ်စ် ရဲ့ ဖောင်ဒေးရှင်းဟာ ဒေါက်တာစင်သီယာမောင် ရဲ့ “ရွေ့လျား သားဖွားနဲ့ မိခင်ကျန်းမာရေး စောင့်ရှော က်မှု စီမံကိန်း” အတွက် ရန်ပုံငွေတွေ ထောက်ပံ့ကူညီပေးထားတာလည်း ဖြစ်ပါတယ်။
———————————
၈။စစ်အုပ်စုရဲ့ CI စာအုပ် မလိုဘဲ ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ရရှိရေး မြန်မာလုပ်သားတွေ တောင်းဆို၊CI စခန်းတွေဖွင့်ပြီး ၅ ရက်ကြာတဲ့အထိ လာလုပ်သူ မရှိနေ၊
=================
m.CDM အောက်တိုဘာ ၁၈ ရက်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေ အကြမ်းဖက်စစ်အုပ်စုက ထုတ်ပေးမယ့် CI စာအုပ် မလုပ်ရေးအတွက် ကမ်ပိန်းကို အောက်တိုဘာ ၁၈ ရက်နေ့မှာ စတင်ပြုလုပ်နေပြီး မြန်မာလုပ်သား အများအပြား ပါဝင်နေတယ်လို့ သိရပါတယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) က ဦးဆောင်ပြီး CI မလုပ်ရရေး အပါအဝင် အချက် (၄) ချက်ကို ထိုင်းအစိုးရထံ တောင်းဆိုနေတာ ဖြစ်ပါတယ်။
တောင်းဆိုချက်တွေထဲမှာ CI (သို့) ပတ်စပို့ မလိုဘဲ ပန်းရောင်ကတ်၊ Work Permit နဲ့ ထိုင်းမှာ တရားဝင် အလုပ် လုပ်ခွင့်ရရေး၊ ဗီဇာမရှိဘဲ Work Permit သက်တမ်းတိုးခွင့်ရရှိရေး၊ Work Permit နဲ့ ပန်းရောင်ကတ်တွဲပြီး ဗီဇာ ထုတ်ပေးရေး စတဲ့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကနေ့ တနင်္ဂနွေအလုပ်ပိတ်ရက်မှာ မြန်မာလုပ်သားတွေဟာ CI မလုပ်ရေး တောင်းဆိုချက် ဗီနိုင်းတွေကိုကိုင်ပြီး လူမှုကွန်ရက် ကနေ အသီးသီး တောင်းဆိုနေကြတာကို တွေ့ရပြီး၊ နောက်ထပ်လည်း ပါဝင်လာဖို့ ရှိသေးတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူ ကိုရဲမင်း က People Spring မှာ ပြောဆိုထားပါတယ်။
တစ်ဖက်မှာလည်း အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ CI စာအုပ်ကနေ ငွေကြေးရယူဖို့ ထိုင်းနိုင်ငံ စမုပရာကန်၊ စမုစခွန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီတို့မှာ အောက်တိုဘာလ ၁၄ ရက်က စတင်ပြီး CI စခန်းတွေ ပြန်ဖွင့်ထား ပါတယ်။
ဒါပေမယ့် စခန်းတွေပြန်ဖွင့်ပြီး ၅ ရက်ကြာတဲ့အထိ လာလုပ်သူမရှိဘဲ တိတ်ဆိတ်နေတယ် လို့လည်း ကိုရဲမင်း က ဆက်ပြောပါတယ်။
CI စာအုပ် လာလုပ်တဲ့ အလုပ်သမားတွေ အနေနဲ့ လစာရဲ့ ၂၅ ရာခိုင်နှုန်း (၃ လစာ ဘတ် ၆,၀၀၀ ခန့်) ကို မိသားစု ထံ ၎င်းတို့သတ်မှတ်ထားတဲ့ တရားဝင်လမ်းကြောင်းကနေ လွှဲပို့ထားတဲ့ အထောက်အထားကို မဖြစ်မနေပြရမယ် လို့ စစ်အုပ်စုက ကန့်သတ်ထားပါတယ်။
ထိုသို့ ငွေလွှဲထားတဲ့ စလစ်မရှိတဲ့သူတွေအနေနဲ့ CI စခန်းထဲမှာ ငွေလွှဲပြေစာအတုလုပ်ဖို့ ဘတ် ၁,၀၀၀ ပေးရပြီး၊ စာအုပ်ဖိုးနဲ့ တခြား စရိတ်တွေပါ ပေါင်းရင် ဘတ် ၇,၀၀၀ ကျော်လောက် ကုန်ကျနေတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ စစ်ကော်မရှင်ကို ထိုင်းမှာ CI လုပ်ခွင့်ပေးတာဟာ ဝင်ရောက်စွက်ဖက် ကျူးကျော်ခွင့်ပေးတာ ဖြစ်တယ်လို့ ထိုင်းလွှတ်တော်အမတ် တချို့နဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေကလည်း ဝေဖန်နေကြပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
No comments:
Post a Comment