၁၈ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ရေစကြိုမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁ဝဦးထက် မနည်း သေဆုံး
၂။စစ်တွေ ဒ.က.စ အနီးထိ AA ထိုးစစ် ရောက်ရှိလာ၊ မြို့ခံတွေနဲ့ စစ်ကော်မရှင် အရာရှိတချို့ ထွက်ပြေး၊ပုလောနဲ့ သရက်ချောင်းမှာ စစ်ကော်မရှင်နဲ့ KNLA တိုက်ပွဲတွေ ဆက်ဖြစ်နေ
၃။စစ်ရေးအခြေအနေကြောင့် ဆောမြို့နယ်က ကားလမ်းပိုင်းအချို့ကို မသုံးဖို့ PDF တားမြစ်
၄။ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ရဲ့ ချိမ်းခြောက်ခံရရင် လာရောက်ခိုလှုံနိုင်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖိတ်ခေါ် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။ရေစကြိုမြို့နယ် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁ဝဦးထက် မနည်း သေဆုံး
===================
m.CDM၊ အောက်တိုဘာ ၁၇
မကွေးတိုင်း ရေစကြိုမြို့နယ်ကို စစ်တပ်က ဒရုန်းတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်က မနေ အောက်တိုဘာ ၁၆ ရက် နေ့လည်ပိုင်းမှာ တပ်မ ၁၀၁ ကနေ ရေစကြိုမြို့နယ်မြောက်ဘက်မှာရှိတဲ့ ရွာတွေကို အသေခံဒရုန်းတွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စင်း၊ တိုက်လေယာဉ် ၂ စင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ရဲဘော်ဝေကြီးကလည်း လူမှုကွန်ရက်စာမျက်နှာ ကနေ အသိပေးထားပါတယ်။
အဲဒီဒေသတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်လာတာလို့ ရဲဘော်ဝေကြီးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပွေ့အရွယ်ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ၁၂ဦးခန့် သေဆုံးခဲ့ရတယ်လို့ ရဲဘော်ဝေကြီးက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပြီး စစ်တပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ဆိုထားပါတယ်။
အခု အောက်တိုဘာထဲမှာ အာဏာသိမ်းစစ်တပ်ဟာ မကွေးတိုင်း မြိုင်မြို့နယ်ထဲကကျေးရွာတွေကိုလည်း လေကြောင်း တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေထိခိုက်မှုတွေ ရှိနေပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP အဆိုအရ ရက်ပေါင်း ၁၀၀ ကျော်အတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် မြန်မာနိုင်ငံတဝန်းမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
————————————
၂။မြောင်နဲ့ ပေါင်းတည်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်၊ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ
===================
m.CDM အောက်တိုဘာ ၁၇ ရက်။
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် တို့မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပေါင်းတည်နဲ့ နတ်တလင်း မြို့နယ်အစပ်က ခုတ်ကြီးကျေးရွာကို အောက်တိုဘာလ ၁၆ ရက်နေ့မှာ စစ်ကော်မရှင် တပ်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ ပါရာမော်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် ၁ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး၊ သက်ကြီးရွယ်အို ၁ ဦး ဗုံးစထိမှန် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ပေါင်းတည်၊ တောင်ခမောက် ကျေးရွာကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ၂ ကြိမ် ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ရပါသေးတယ်။
အလားတူ မြောင်မြို့နယ်၊ မကျည်းကန်ရွာကိုလည်း အောက်တိုဘာလ ၁၆ ရက်၊ ညပိုင်းမှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ အသေခံဒရုန်း ၁ စီးတို့က လာရောက်ဗုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ရွာခံပြည်သူ ၁ ဦး ဒဏ်ရာရခဲ့ပြီး၊ ဘုန်းကြီးကျောင်းနဲ့ အိမ်စီးကား ၁ စီး ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့ကလည်း မြောင်နဲ့ ချောင်းဦး အစပ်က ပန်းလှဘုန်းကြီးကျောင်းကို စစ်အုပ်စုက ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ ပါသေးတယ်။
-------------------
၃။မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အမျိုးသမီး ၃ ဦး သေဆုံး၊ မြောင်နယ်က ရွာတွေကိုလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်
======================
m.CDM၊ အောက်တိုဘာ ၁၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကရွာတွေကို အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတာကြောင့် အမျိုးသမီး ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၁၇ မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၆ ရက် ညနေ ၄ နာရီကျော်အချိန်မှာ တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မတ္တရာနယ်အနောက်တောင်ခြမ်းက မိုးကြိုးရွာ၊ ရေလည်ကျွန်းရွာနဲ့ အိုင့်ဒိုင်ရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် လုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကြိုးရွာက အမျိုးသား တဦးနဲ့ အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ရာမှာ ဒဏ်ရာရ အမျိုးသမီးတွေထဲက တဦးသေဆုံးသွားသလို အိုင့်ဒိုင်ရွာက အသက် ၆၀ ဝန်းကျင်နဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသမီး ၂ ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသနေပြည်သူတွေကတော့ တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးပတ်ကြဲပြီး သေနတ်တွေနဲ့ပါပစ်သွားတာလို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အနောက်ခြမ်းကို နယ်မြေစိုးမိုးမှုရနိုင်ဖို့ ဒရုန်း၊လေယာဉ်၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စဉ့်ကူးမြိုနယ်အနောက်ခြမ်းကို ဂျက်ဖိုက်တာ၊Y-12၊ဒရုန်းတွေနဲ့ စစ်တပ်က တပြိုင်တည်း ဗုံးကြဲမှုတွေလုပ်ခဲ့ပါသေးတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်သွားတဲ့နေရာတွေဟာ တော်လှန်ရေးတပ်တေါဘက်က စစ်ရေး ဖော်ဆောင်တာမရှိသလို တိုက်ပွဲဖြစ်တာလည်းမရှိတဲ့အတွက် ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို အကြောင်းမဲ့ တိုက်ခိုက်သွားတာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထို့အတူ မနေ့ အောက်တိုဘာ ၁၇ ရက် ည ၇ နာရီဝန်းကျင်မှာလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ်က မကျည်းကန်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်လုပ်သွားတယ်လို့ မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ည ၇ နာရီ ၂၀ မိနစ်လောက်မှာ မကွေးတိုင်း ရေစကြိုနယ် ဖူလုံဘက်ကတက်လာတယ်လို့ယူဆရတဲ့ အသေခံ ဒရုန်းတစင်းက မြောင်မြို့နယ် မကျည်းကန်ရွာကို တိုက်ခိုက်တဲ့အတွက် အိမ်စီးကားတစီးပျက်စီးပြီး အရပ်သားတဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၇ နာရီ ၂၈ မိနစ်မှာလည်း တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ မကျည်းကန်ရွာ အရှေ့ဘက်ကို ပေါင် ၅၀၀ ဗုံးသီး ၂လုံး၊ ရွာအနောက်ဘက်ကို ပေါင် ၅၀၀ ဗုံး၂လုံးနဲ့ ထပ်ပြီး တိုက်ခိုက်သွားသလို ၇ နာရီခွဲမှာ ရေစကြို နယ် ဖူလုံကလို့ထင်ရတဲ့ ဆူဆိုက်တစင်းကလည်း မြောင်မြို့နယ် နဘက်ရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာရှိပြီး နေအိမ်ပျက်စီးတာနဲ့ လူထိခိုက်တာမရှိဘူးလို့ အသိပေးထားပါတယ်။
——————————
၄။စစ်တွေ ဒ.က.စ အနီးထိ AA ထိုးစစ် ရောက်ရှိလာ၊ မြို့ခံတွေနဲ့ စစ်ကော်မရှင် အရာရှိတချို့ ထွက်ပြေး၊ပုလောနဲ့ သရက်ချောင်းမှာ စစ်ကော်မရှင်နဲ့ KNLA တိုက်ပွဲတွေ ဆက်ဖြစ်နေ
===================
m.CDM အောက်တိုဘာ ၁၇ ရက်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို အကြမ်းဖက်စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်ခဲ့ ပေမယ့် အာရက္ခတပ်တော်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် မြို့တော်စစ်တွေမြို့ကို အသည်းအသန် ခုခံနေရတဲ့ အခြေအ နေကို ရောက်ရှိသွားပြီလို စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က စစ်တွေနဲ့ အလွန်နီးကပ်တဲ့ ရေချမ်းပြင် ကာကင်း စခန်းနဲ့ ကျက်တောပြင် စခန်းတို့ကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး၊ အမြင့်ကျွန်း၊ မင်းချောင်း၊ ဝါဘို နဲ့ ပေါက်တော အစပ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာ ဖြစ်ပါတယ်။
ရေချမ်းပြင်နဲ့ ဝါဘိုရွာဘက်ကထိုးစစ်ဆင်လာတဲ့ AA စစ်ကြောင်းတွေဟာ ဗန္ဓုလလမ်းဆုံအနီးက ဒေသကွပ်ကဲမှူ စစ်ဌာနချုပ် (ဒကစ-စစ်တွေ)အနီးကို ရောက်လာတာကြောင့် မြို့ပေါ်က ငွေကြေးတက်နိုင်သူတွေနဲ့ စစ်ကော်မရှင် အရာရှိ တချို့ပါ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
မြေပြင်စခန်းတွေကို ဆက်တိုက် လက်လွှတ်နေရတဲ့ စစ်အုပ်စုဟာ သက္ကယ်ပြင် ဒကစ ကနေ လက်နက်ကြီးတွေ ပစ်ကူပေးနေသလို စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်ဘက်နေရာတွေကိုပါ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက် ကြီးတွေသုံးပြီး အပြင်းအထန် ဗုံးကြဲနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ထဲက စစ်တွေကနေ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဟာ လက်ရှိမှာတော့ ပြည်နယ်မြို့တော် စစ်တွေ မကျရေးကိုသာ အဓိကထား ခုခံနေရတယ်လို့ သိရှိရပါတယ်။
တစ်ဖက်မှာလည်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ပလောက်မြို့နဲ့ သရက်ချောင်း မြို့နယ်ဘက်ကို စစ်ကြောင်း ထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့ကစတင်ပြီး ပလောက်မြို့ အနီးက ဘုရင့်တောင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အတွက် သုံးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကြောင့် ဘုရင့်တောင် ခရစ်ယာန် ဘုရားကျောင်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်အုပ်စုဟာ ဆင်ထိုးကြီးရွာနဲ့ သရက်ချောင်း မြို့နယ်၊ ဝင်းဝရွာကနေ ရငဲရွာတွေဘက်ကို ဆက်လက် စစ်ကြောင်းထိုးနေပြီး၊ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ရေဘေးအပြင် စစ်ဘေးဒဏ်ကိုပါ ထပ်မံ ကြုံတွေ့နေကြရတယ်လို့ သိရှိရပါတယ်။
-----------------------------
၅။စစ်ရေးအခြေအနေကြောင့် ဆောမြို့နယ်က ကားလမ်းပိုင်းအချို့ကို မသုံးဖို့ PDF တားမြစ်
===================
m.CDM၊ အောက်တိုဘာ ၁၇
မကွေးတိုင်း ဆောမြို့နယ်အတွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေကြောင့် ကားလမ်းတချို့ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂန့်ဂေါခရိုင် တပ်ရင်း ၆ က ဒီနေ့ အောက်တိုဘာ ၁၇ မှာ အရေးပေါ်ထုတ်ပြန်လာပါတယ်။
ဆောမြို့နယ်ထဲက ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းကို ဒီနေ့ အောက်တိုဘာ ၁၇ ရက်ကစပြီး ကားကြီး၊ ကားငယ်တွေနဲ့ သွားလာတာမလုပ်ဖို့ သတိပေးပြီး ဆိုင်ကယ်တော့ သွားလို့ရတယ်လို့ ဆိုပါတယ်။
အခုလိုထုတ်ပြန်ရတာဟာ ပြည်သူလူထုဘေးကင်းလုံခြုံဖို့အတွက်ဖြစ်တာမို့ အခုထုတ်ပြန်ချက်ကို အလေးထား လိုက်နာပေးကြဖို့ ဂန့်ဂေါခရိုင် တပ်ရင်း ၆ က မေတ္တာရပ်ခံထားပါတယ်။
ဒီသတိပေးကြေညာချက်ကို မလိုက်နာလို့ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကိုတော့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) က တာဝန်ယူနိုင်မှာမဟုတ်ဘူးလို့လည်း အသိပေးထာပါတယ်။
ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းဟာ လောင်းရှည်မြို့ဘက်ကနေ ဆောမြို့ဘက်ကိုသွားတဲ့ လမ်းပိုင်းတခု ဖြစ်ပြီး လောင်းရှည်-တောင်ဘို့ကြီး-သီးကုံး-မင်းလယ်နဲ့ ဆောလမ်းပိုင်းတလျောက် စကစ တပ်နဲ့ တော်လှန်ရေးတပ် တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။
ဆောမြို့နယ်ထဲက အဓိကလမ်းပိုင်းတွေနဲ့ ချင်းတောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့တွေကို ပြန်လည်ထိန်းချုပ် နိုင်ဖို့ကြိုးစားနေတဲ့ စစ်တပ်ဟာ ဆောမြို့နယ်အတွင်းကို စစ်အင်အားထောင်ချီပို့ခဲ့တာရှိပါတယ်။
အဲဒီစစ်အင်အားတွေနဲ့ ဆောမြို့နယ် လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်ကို အာဏာသိမ်းစစ်တပ် က စစ်ကြောင်းထိုးနေတာကြောင့် စက်တင်ဘာနောက်ဆုံးပတ်ကစလို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး စစ်အုပ်စုဘက် က ထိခိုက်သေဆုံးမှု များနေတဲ့ပြင် တော်လှန်ရေးတပ်တွေဆီ လက်နက်ချသူတွေလည်းရှိနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
——————————
၆။လက်ပံတန်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုက ကျောင်းထိုင်ဆရာတော်ကို သတ်ဖြတ်ပြီး ကိုယ့်ကိုကို အဆုံးစီရင်တာ လို့ လိမ်လည်ပြောဆိုနေ၊သရက်ချောင်း၊ ရငဲရွာ ဘုန်းကြီးကျောင်းမှာ ဘုံကထိန် လှူဖွယ်ပစ္စည်းတွေကို စစ်ကော်မရှင်စစ်ကြောင်း ခိုးယူ၊
==================
m.CDM အောက်တိုဘာ ၁၇ ရက်။
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဖိုးခေါင်စုရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်နဲ့ ပျူစောထီးတွေဟာ ကျောင်းထိုင်ဆရာတော်ကို လုပ်ကြံသတ်ဖြတ်ပြီး ဆွဲကြိုးချ သေဆုံး တာလို့ လိမ်လည်ပြောဆိုနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၄ ရက်၊ မနက်အာရုံဆွမ်းစားချိန်မှာ ဆရာတော် ဥူးသုမန ဟာ ဒေသခံအလှူရှင်တွေနဲ့ ကထိန် အလှူငွေစာရင်းရှင်းတာတွေကို ကောင်းမွန်စွာပြောဆိုပြုလုပ်ခဲ့ပြီး၊ ၈ နာရီဝန်းကျင်မှာ သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံတွေက ဆိုပါတယ်။
အလှူရှင်တွေပြန်သွားပြီးမှ ရုတ်တရက် သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပြီး၊ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ဆရာတော်ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာလို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဆရာတော်အနေနဲ့ အခုလို အဆုံးစီရင်စရာ အကြောင်းအရင်း လုံးဝ မရှိတာကြောင့် ဒါဟာ စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့ပြီး၊ ရုပ်အလောင်းကိုကြိုးနဲ့ချည်ကာ လိမ်လည်နေတာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်နေကြပါတယ်။
လက်ရှိမှာ သာယာဝတီခရိုင်အတွင်း စစ်ရေးတင်းမာမှု သိပ်မရှိပေမယ့် အကြမ်းဖက် စစ်ကော်မရှင် တပ်တွေဟာ အင်အားဖြည့် စစ်ကြောင်းထိုးတာ၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲတာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် တာတွေကို ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ ဘုန်းကြီးကျောင်းမှာ ဘုံကထိန်လုပ်ဖို့ စုဆောင်းထားတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို အကြမ်းဖက် စစ်ကော်မရှင် စစ်ကြောင်းက ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းမှာ ရငဲရွာနဲ့ ကတွဲရွာ ကြားက ရော်ဘာတောအနီးမှာ စစ်ကော်မရှင်တပ် နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ဝင်းဝ စခန်းကနေ အဆိုပါ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့သလို မြေပြင် စစ်ကြောင်းကလည်း အခုလို ဘုန်းကြီးကျောင်းက လှူဖွယ်ပစ္စည်းတွေကို ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ရေဘေးအလွန်ကာလမှာ သရက်ချောင်း မြို့နယ်ထဲကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ တာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး၊ ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရှိရပါတယ်။
-----------------------
၇။ခေါင်လန်ဖူးပြည်သူ့စစ်အဖွဲ့ရဲ့ ချိမ်းခြောက်ခံရရင် လာရောက်ခိုလှုံနိုင်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖိတ်ခေါ်
====================
m.CDM၊ အောက်တိုဘာ ၁၇
ကချင်ပြည်နယ် ပူတာအိုဒေသမှာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ ချိမ်းခြောက်တာခံရရင် မိမိတို့ဆီမှာ လာရောက်ခိုလှုံနိုင်တယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖိတ်ခေါ်လိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့က လူမျိုးရေးနဲ့ဘာသာရေးအသုံးချပြီး စစ်သား စုဆောင်နေသလို ဒေသနေပြည်သူလူထုရဲ့စည်းလုံးမှုကွဲအောင် လှုံ့ဆော်နေတဲ့အတွက် ခါကာဘို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဖိတ်ခေါ်လိုက်တာပါ။
ခါကာဘို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲံ အောက်တိုဘာ ၁၆ ရက် ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ဟာ ပြည်သူလူထုပြိုကွဲစေဖို့ရည်ရွယ်ပြီး ဘာသာရေးကိုခုတုံးလုပ်ပြီး သပ်လျှိုဟောပြောတာ၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး ပြည်သူ့စစ်အမည်ခံအဖွဲ့တွေဖွဲ့စည်းတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုထားပါတယ်။
စစ်တပ်လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်အဖွဲ့ကလည်း လူမျိုးစွဲ၊ ဒေသစွဲ၊ သမိုင်းဖြစ်စဉ်တွေကို အသုံးချပြီး အမြင်ကျဉ်းမြောင်းတဲ့ စည်းရုံးလှုံ့ဆော်မှုတွေနဲ့အတူ စစ်တပ်ကိုအကူအညီပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒေသကာကွယ်ရေး၊ လူမျိုးကာကွယ်ရေးစတဲ့ ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ပူတာအိုဒေသက လူငယ်တွေကို စစ်သားသစ်စုဆောင်းနေသလို လူကြီးလူငယ်မရွေး အထမ်းခေါ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်ဖို့လိုပြီး ချိမ်းခြောက်ခံရတာတွေရှိလာရင် လာရောက်ခိုလှုံနိုင်သလို နွေးနွေးထွေးထွေးစွာကြိုဆိုနေမယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF ဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့အတူ ကချင်ပြည်နယ် မှာ စစ်တပ်စစ်ကြောင်းတွေကိုတိုက်ခိုက်နေသလို မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပူးပေါင်းပါဝင်ခဲ့တာရှိတယ် လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
——————————
၈။မဲဆောက်မှာ ထိုင်းအာဏာပိုင်တွေ စစ်ဆင်ရေးနဲ့ ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံရ
=====================
m.CDM အောက်တိုဘာ ၁၇ ရက်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ အောက်တိုဘာလ ၁၇ ရက်၊ မနက်အစောပိုင်းက ထိုင်းအာဏာ ပိုင်အဖွဲ့တွေက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံ ခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်း ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ လဝက ပူးပေါင်းအဖွဲ့တွေဟာ "မဲဆောက် အရုဏ်ဦး" စစ်ဆင်ရေး အမည်ဖြင့် မြို့ပေါ် ရပ်ကွက်တွေ၊ နေအိမ်တွေ၊ ဟိုတယ်တွေနဲ့ တည်းခိုခန်း နေရာပေါင်း ၂၀ ကျော်ကို တစ်ပြိုင်နက်ဝင်ရောက် စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
ထိုသို့ စစ်ဆေးရာမှာ မြန်မာနိုင်ငံသားအများစု နေထိုင်တဲ့ ထုံထောင်းရပ်ကွက် အပါအဝင် နေရာအနှံမှာ တရားဝင် အထောက်အထား မရှိဘဲ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ် ။
ဒီစစ်ဆင်ရေးဟာ အထောက်အထားမဲ့ နေထိုင်သူတွေကို ဖော်ထုတ်ဖို့အပြင် မဲဆောက်ဒေသအတွင်းမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ဆက်နွယ်နေသူတွေကိုပါ ရှာဖွေစစ်ဆေးဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်းကလည်း မဲဆောက်မြို့၊ ဖြားသတ်ဖာဒဲင်းနဲ့ ထာ့ဆိုင်းလွတ် ကျေးရွာအုပ်စုတွေက ကားဝပ်ရှော့၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ အလှပြင်ဆိုင်တွေကို ထိုင်း လ.ဝ.က အဖွဲ့က ဝင်စစ်ခဲ့သေးတယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ဆေးမှု အတွင်းမှာလည်း ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ပြီး၊ ဥပဒေအရ အရေးယူဖို့အတွက် မဲဆောက် မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
No comments:
Post a Comment