၂၈ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။အာဆီယံ အထူးသံတမာန်အဖွဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ နေပြည်တော်ကို လာရောက်မည်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရန် စစ်အုပ်စုက ခွင့်မပြုဟုဆို
၂။သီတင်းကျွတ်ကာလမှာ အာဏာသိမ်းစစ်တပ်က မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို ဗုံးကြဲ
၃။အင်းတော်တိုက်ပွဲမှာ စစ်တပ်ထိနာ၊ နည်းဗျူဟာမှူးအပါ စစ်သားအချို့ကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိ
၄။ပေါက်မြို့နယ်၊ အကျဉ်းစခန်းက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၈ ဦးနဲ့ ခေါ်ထုတ်သွားတဲ့ PDF ရဲဘော်ကို ပြန်လည် ဖမ်းဆီးရမိ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။အာဆီယံ အထူးသံတမာန်အဖွဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ နေပြည်တော်ကို လာရောက်မည်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရန် စစ်အုပ်စုက ခွင့်မပြုဟုဆို
======================
m.CDM အောက်တိုဘာ ၂၇ ရက်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရို ဦးဆောင်တဲ့ အာဆီယံအထူးသံတမန်အဖွဲ့ဟာ မနက်ဖြန် အောက်တိုဘာလ ၂၈ ရက်နေ့မှာ နေပြည်တော်ကို လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်မှာ အာဆီယံက တောင်းဆိုထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကိုတော့ ခွင့်မပြုသေးဘူးလို့ သံတမာန် သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Thai PBS သတင်းဌာနက ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၈ နဲ့ ၂၉ ရက်တွေမှာ အထူးသံတမန်အဖွဲ့ဟာ စစ်အုပ်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေ နဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး၊ လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုရောက်ရှိရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။
ကိုယ်စားလှယ်အဖွဲ့မှာ ဂျာကာတာအခြေစိုက် AHA Centre မှ အရာရှိတွေလည်း ပါဝင်မှာဖြစ်ပြီး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့ထိ သွားရောက်ကာ ဒေသခံ အကူအညီပေးရေး အဖွဲ့တွေနဲ့ တွေ့ဆုံနိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါ တယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းထားရဆဲ ဖြစ်ပေမယ့် ယခုလအတွင်းမှာ ဗြိတိန်ဘုရင် ချားလ်စ်ဆီက လက်ဆောင်ရရှိခဲ့သလို သားဖြစ်သူနဲ့လည်း ဖုန်းပြောခွင့် ရရှိခဲ့တာကြောင့် အပြုသဘောဆောင်တဲ့ တိုးတက်မှုဖြစ်တယ်လို့ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကယို က ပြောပါတယ်။
ဒါပေမယ့် အကြမ်းဖက် စစ်အုပ်စုဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးတာကြောင့် မြန်မာကိုယ်စားလှယ်တွေကို အာဆီယံရဲ့ အဆင့်မြင့် အစည်းအဝေးတွေ ကနေ ဆက်လက်ထုတ်ဖယ်ထားဆဲ ဖြစ်ပါတယ်။
လာမယ့်နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ မနီလာမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန်၊ တရုတ် စတဲ့ ကမ္ဘာ့ နိုင်ငံခေါင်းဆောင် ၂၀ နီးပါး တက်ရောက်ဖို့ရှိပြီး၊ မြန်မာနိုင်ငံအနေနဲ့ အောက်ခြေ အဆင့်အရာရှိတွေကိုသာ တက်ရောက်ခွင့် ပြုထားတယ်လို့ သိရှိရပါတယ်။
------------------------
၁။အင်းတော်တိုက်ပွဲမှာ စစ်တပ်ထိနာ၊ နည်းဗျူဟာမှူးအပါ စစ်သားအချို့ကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိ
======================
m.CDM၊ အောက်တိုဘာ ၂၇
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း ၂ ခုကို တော်လှန်ရေး တပ်တွေ တိုက်ခိုက်ခဲ့ရာမှာ နည်းဗျူဟာမှူးအပါအဝင် စစ်သားအချို့ကို အရှင်ဖမ်းဆီးရမိထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်မြို့တောင်ဘက် လယ်ပြင်ရွာမှာ အာဏာသိမ်းစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ရာမှာ အောက်တိုဘာ ၂၆ မှာ စစ်တပ်က တနေကုန်လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့ တာရှိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကြောင်းဟာ အင်အား ၅၀၀ လောက်နဲ့ မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ အင်းတော်မြို့ထဲကနေ အောက်တိုဘာ ၄ ရက်နေ့ကတည်းက စစ်ကြောင်း ၂ ခုခွဲပြီး ထွက်လာတာကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဆည်ရွာ၊ လယ်နောင်၊ သံဘိုရွာတို့ကတဆင့် နန့်သဲနဲ့ မဲဇာရွာဘက် ထွက်လာတဲ့ စစ်ကြောင်းကို နန့်သဲ၊ မဲဇာရွာအရောက်မှာ တော်လှန်ရေးတပ်တွေ တိုက်ခိုက်ချေမှုန်းခဲ့ရာ အောက်တိုဘာ ၂၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြီး ကျန်တဲ့စစ်သားတွေ ကစဉ့်ကလျား ထွက်ပြေး သွားတယ်လို့ သိရပါတယ်။
စစ်သားတွေ ရွာထဲကထွက်သွားပြီးတဲ့နောက်ဒေသနေပြည်သူတွေ ရွာထဲဝင်ကြည့်ရာမှာ ဖြစ်သလိုမြှုပ်ထား တဲ့ စစ်သားအလောင်း ၅၀ ထက်မနည်း ရှာဖွေတွေ့ရှိခဲ့ပြီး မီသင်္ဂြိုလ်ပေးခဲ့ရတယ်လို့ Indaw Revolution မှာ ဖော်ပြထားပါတယ်။
စစ်ရေးလေ့လာစောင့်ကြည့်သူတွေအဆိုအရ အင်းတော်ကထွက်လာတဲ့ စစ်တပ်ဟာ စစ်ကြောင်း ၂ခုခွဲပြီး ထွက်လာရာမှာ တကြောင်းက မဲဇာကိုဖြတ်ပြီး ဝန်းသိုဘက်ကိုထိုးခဲ့တာဖြစ်ပြီး ကံကုန်းရွာမှာ ပိတ်မိကာ အကျအဆုံးများသလို အဲဒီစစ်ကြောင်းကို ထွက်ကြိုတဲ့ စစ်ကြောင်းလည်း ဂျိုးတောင်ရွာမမှာ ပိတ်မိပြီး အထိနာသွားတယ်လို့ သိရပါတယ်။
အင်းတော်ကထွက်လာပြီး ထီးချိုင့်ဘက်ကို ထိုးတဲ့စစ်ကြောင်းက ပိန်းအင်းမှာ ခြေမှုန်းခံရလို့ စစ်ကြောင်း ပျက်ပြီး ဆက်မတက်နိုင်ဘဲ အင်းတော်နားက လယ်ပြင်ကို ပြန်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။
——————————
၃။ပေါက်မြို့နယ်၊ အကျဉ်းစခန်းက ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်း ၈ ဦးနဲ့ ခေါ်ထုတ်သွားတဲ့ PDF ရဲဘော်ကို ပြန်လည် ဖမ်းဆီးရမိ
=================
m.CDM အောက်တိုဘာ ၂၇ ရက်။
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရှိ အကျဉ်းစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သုံပန်းတွေထဲက ၈ ဦးနဲ့ ခေါ် ထုတ်သွားတဲ့ PDF ရဲဘော်တစ်ဦးကို ပြန်လည် ဖမ်းဆီးရမိထားတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ မကွေးတိုင်း အခြေစိုက် ဆေးတပ်ဖွဲ့ဝင် PDF တစ်ဦးက လုံခြုံရေး ရဲဘော် ၃ ဦးကို ဓားစာခံလုပ်ပြီး စစ်သုံ့ပန်း ၁၄ ဦးကို ခေါ်ဆောင်ကာ လက်နက် ၄ လက်နဲ့အတူ ထွက်ပြေးသွားခဲ့တာ ဖြစ် ပါတယ်။
ဓားစာခံအဖြစ် ခေါ်ဆောင်သွားခြင်းခံရတဲ့ ရဲဘော် ၃ ဦးကိုတော့ အဲ့ဒီနေ့ ညနေပိုင်းမှာပဲ လမ်းခုလတ်မှာ ကြိုးတုပ် လျက်သား ပြန်လည်တွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနောက် ထွက်ပြေးသွားသူတွေကို NUG လက်အောက်ခံတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပိတ်ဆို့ ရှာဖွေခဲ့ရာ ပေါက်မြို့နယ်နဲ့ ဆောမြို့နယ်ကြားတနေရာမှာ ခေါ်ထုတ်သွားတဲ့ရဲဘော်နဲ့ စစ်သုံ့ပန်းတချို့ကို ပြန်လည် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာတော့ လွတ်မြောက်နေဆဲဖြစ်တဲ့ ကျန်ရှိနေတဲ့ စစ်သုံ့ပန်း ၇ ဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အခု ထွက်ပြေးသွားခဲ့တဲ့ စစ်သုံ့ပန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၆၊ ဇွန်လ ၁၀ ရက်နေ့က ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်း သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
------------------------
၄။လွိုင်ကော်မှာ စပါးရိတ်နေတဲ့ ပြည်သူတွေကို စစ်အုပ်စုက အသေခံဒရုန်းနဲ့ တိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံး၊သံတွဲမှာ စစ်အုပ်စု ထောင်ထားတဲ့မိုင်း ပေါက်ကွဲခဲ့ပြီး ကလေး ၁ ဦး ပြင်းထန်ဒဏ်ရာရ
===================
m.CDM အောက်တိုဘာ ၂၇ ရက်။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွယ်ထွဲကျေးရွာအနီးမှာ စပါးရိတ်သိမ်းနေတဲ့ ပြည်သူတွေကို အကြမ်းဖက် စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က လွိုင်ကော်မြို့ အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာ တစ်ရွာဖြစ်တဲ့ လွယ်ထွဲရွာ အနီးမှာ စပါးရိတ်နေတဲ့ ပြည်သူတွေကို လွိုင်ကော်အခြေစိုက် ဒ.က.စ ဌာနချုပ်ကနေ အသေခံ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာလ ၂၁၊ ၂၂ နဲ့ ၂၄ ရက်နေ့တွေမှာလည်း ဒီးမော့ဆို မြို့နယ်အတွင်းကို ဂျက်ဖိုက်တာတွေနဲ့ ၅ ကြိမ်တိုင် ဗုံးကြဲခဲ့ပြီး၊ အောက်တိုဘာ ၂၅ နေ့ကလည်း အသေခံဒရုန်း ၃ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်အုပ်စုဟာ ကရင်နီဒေသကို အသေခံ ဒရုန်းတွေနဲ့ ဆက်တိုက် တိုက်ခိုက်နေ တာကြောင့် ပြည်သူတွေ အနေနဲ့ အထူးဂရုစိုက် နေထိုင်ကြဖို့ကိုလည်း သတိပေး တိုက်တွန်းထားပါတယ်။
ထို့အပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာလည်း အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေ ၃ နာရီခန့်မှာ အကြမ်းဖက် စစ်အုပ်စု ထောင်ထားတဲ့ မိုင်းပေါက်ကွဲခဲ့လို့ ကလေးငယ် တစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
သစ်ကောက်တော ရွာက အသက် (၁၂) နှစ်အရွယ် မောင်လင်းထက်ပိုင် ဟာ ဝါကျွတ် လပြည့်နေ့မှာ ဥပုသ်စောင့် သူတွေနဲ့ ရွာအနောက်ဘက် ကျောက်ဖယောင်းတောင်ခြေကို လိုက်သွားရင်း မိုင်းတစ်လုံးကို လက်နဲ့ ကိုင်မိရာက နေ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် သူ့ရဲ့ ညာဘက်လက်ချောင်း ၄ ချောင်း ပြတ်ထွက်သွားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရှိရပါတယ်။
----------------------
၅။သီတင်းကျွတ်ကာလမှာ အာဏာသိမ်းစစ်တပ်က မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို ဗုံးကြဲ
======================
m.CDM၊ အောက်တိုဘာ ၂၇
သီတင်းကျွတ်ကာလမှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ဟာ မကွေးတိုင်းထဲက မြိုင်နဲ့ ပခုက္ကူမြို့နယ်က ဘုန်ကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
အခု အောက်တိုဘာ ၂၁ နဲ့ ၂၅ ရက်မှာ သာစည်ရွာနဲ့ သစ်ပုလွေကုန်းရွာက ဘုန်ကြီးကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒေသနေပြည်သူတွေရဲ့အဆိုအရ တပ်မ ၁၀၁ ကနေ စစ်ကူစစ်ကြောင်းရောက်နေတဲ့ တွင်းရွာ အနီးတဝိုက်ကို ဗုံးကြဲခဲ့တာြဖစ်ပြီး ဘုန်ကြီးကျောင်းတွေပါ တိုက်ခိုက်ဖျက်ဆီးသွားတာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ အရပ်သားပြည်သူထိခိုက်ကတော့ မရှိဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေက အသိပေးပါတယ်။
အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ သာစည်ရွာဟာ စစ်တပ်အာဏာသိမ်းစဉ်ကတည်းက မီးရှို့ဖျက်ဆီးခံခဲ့ရတာ ၂ကြိမ် ရှိခဲ့ပြီး အခုတကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတော့ ဘုန်ကြီးကျောင်းဆောင်အဟောင်းရော အသစ်ပါ ပျက်စီးသွားတယ်လို့ စစ်ရှောင်အရေးကူညီနေသူတဦးက အသိပေးပါတယ်။
စစ်တပ်ဘက်က အခုရက်ပိုင်း လေကြောင်းကင်းထောက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် မြိုင်နယ် တောင်ပိုင်းက ဒေသနေပြည်သူတွေအနေနဲ့ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ အညာမြေ အရပ်ဖက်လူမှု အဖွဲ့အစည်း-မြိုင်က တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြိုင်မြို့နယ်ထဲကရွာတွေကို ဂျက်ဖိုက်တာ၊ Y12၊ပါရာမော်တာ၊ဂျိုင်ရိုကော်ပတာ တွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်နေတာမို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက သတိပေးနှိုးဆော်ထားတာပါ။
ပခုက္ကူ၊ မြိုင်နဲ့ပေါက်မြို့နယ်တို့မှာရှိတဲ့ ရေနံမှော်တွေကိုထိန်းချုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လဆန်း ကစပြီး အင်အား ၅၀၀ ၀န်းကျင်လောက်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး တဲကြီးရွာမှာ တပ်စွဲနေတာ နှစ်လ နီးပါးရှိနေပြီလို့သိရပါတယ်။
———————————
၆။တော်လှန်ရေးအတွက် မြေနေရာပေးသုံးတဲ့ အသက် ၉၅ နှစ်အရွယ်အဘိုးကို အရာတော်မြို့နယ် ပကဖ သွားရောက် ကန်တော့၊ စစ်တပ်ကို နိုင်အောင်တိုက်ဖို့ အဘိုးပြော
=======================
m.CDM၊ အောက်တိုဘာ ၂၇
တော်လှန်ရေးအစထဲက မြေနေရာပေးသုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို သွန်သင်ဆုံးမလေ့ရှိတဲ့ အသက် ၉၅ နှစ်အရွယ် တော်လှန်ပြည်သူအဘိုးတယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အရာတော် မြို့နယ်ပြည်သူ့ကာကွယ်ရေး ပကဖ ပြည်သူရေးရာအဖွဲ့က သီတင်းကျွတ်လပြည့်နေ့မှာ သွားရောက်ကန်တော့ခဲ့ကြပါ တယ်။
အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြည်သူရေးရာကရဲဘော်တွေ သွားရောက်ကန်တော့ချိန်မှာ စစ်တပ်ကို နိုင်အောင်တိုက်ဖို့ အဘိုးက တိုက်တွန်းပြောကြားခဲ့ပါတယ်။
အဘိုးက ငါပိုင်တဲ့မြေ ငါပိုင်တဲ့အရာအားလုံး မင်းတို့ကြိုက်ရာလုပ်ကြ၊ စစ်ခွေးတွေကိုတော့ နိုင်အောင်တိုက်၊ ဒီကောင်တွေမရှိမှ တိုင်းပြည်အေးချမ်းမှာလို့ အမြဲပြောလေ့ရှိသူလို့ သိရပါတယ်။
အရာတော်မြို့နယ် ပကဖအဖွဲ့က တိုက်ခိုက်ရေးတာဝန်ယူထားတဲ့ရဲဘော်တွေဟာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို တွန်းလှန်တိုက်ထုတ်နေသလို့ ပြည်သူလူထုကိုဝန်ဆောင်မှုပေးနေကြတဲ့ ပြည်သူရေးရာအဖွဲ့ကလည်း လူထုအကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။
ထို့အတူ မကွေးတိုင်း စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းမှာရှိတဲ့ ကျေးရွာတွေက အသက် ၁၀၅ နှစ် ဝန်းကျင်အပါအဝင် သက်ကြီးရွယ်အိုတွေနဲ့ ပူဇော်ထိုက်သူတွေကို သီတင်းကျွတ်အခါသမယမှာ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ရဲဘော်၊ရဲမေတွေ သွားရောက်ကန်တော့ခဲ့ကြတာလည်းရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းထားပြီး လူထုစည်းရုံး ရေး၊ ပြည်သူစစ်မဟာဗျူဟာ ဖော်ဆောင်ရေးနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
————————————
၇။CI စင်တာမှာ သတင်းသွားယူစဉ် ချိန်းခြောက်ခံခဲ့ရတဲ့ ထိုင်းသတင်းထောက် လွှတ်တော်မှာ တိုင်ကြားမည်၊CI စင်တာတွေကို ဖျက်သိမ်းပေးဖို့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ တောင်းဆိုနေ
======================
m.CDM အောက်တိုဘာ ၂၇ ရက်။
ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ခရိုင်က CI စင်တာမှာ သတင်းသွားယူစဉ် ခြိမ်းခြောက်ခံခဲ့ရတဲ့ ထိုင်းသတင်းထောက် ပေါ့ဒ် နက်ထေဖာ့ပ် (Pod Nathaphob) က အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထိုင်းလွှတ်တော်၊ နိုင်ငံရေးဖွံ့ဖြိုးတိုး တက်မှု လူထုဆက်သွယ်ရေးနှင့် ပြည်သူလူထုပါဝင်မှုဆိုင်ရာ ကော်မတီထံကို တိုင်ကြားစာ တင်သွင်းသွားမယ်လို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်က သတင်းတာဝန်ထမ်းဆောင်နေချိန်မှာ အခုလို ခြိမ်းခြောက်ခံခဲ့ရတာ ဖြစ်ပြီး သူ့အနေနဲ့ မနက်ဖြန်(အောက်တိုဘာ ၂၈ ရက်) မွန်းလွဲ ၁ နာရီခွဲမှာ တိုင်ကြားစာတင်သွင်းသွားမယ်လို့ ဆိုပါတယ်။
ဒီတိုင်ကြားမှုဟာ “မိမိရဲ့ အနာဂတ် လုံခြုံရေးအတွက်သာမက သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ လုပ်င န်းခွင်လုံခြုံရေးအတွက် စံသတ်မှတ်ချက်တစ်ရပ် ပေါ်ပေါက်လာစေဖို့လည်း ဖြစ်တယ်”လို့ ပေါ့ဒ် နက်ထေဖာ့ပ် က ပြောပါတယ်။
CI စခန်းများကဲ့သို့ ပြည်သူ့အကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေအားလုံးဟာ လုံခြုံစွာ ဝင်ရောက်လေ့လာနိုင် မယ့် နေရာဖြစ်ရမှာ ဖြစ်ပြီး၊ သတင်းသမားရဲ့ လုပ်ငန်းတာဝန်ကို ချိန်းခြောက်၊ နှောက်ယှက်၊ တားစီးခွင့်မရှိဘူးလို့ လည်း ဆိုပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရဌာနတွေအနေနဲ့ ပွဲစားကွန်ရက်တွေနဲ့ပေါင်းပြီး မြန်မာရွေ့ပြောင်း အလုပ်သမားတွေဆီကနေ တရားမဝင် အပိုငွေကြေးကောက်ခံကာ မြန်မာစစ်အုပ်စုအတွက် အကျိုးအမြတ် ရှာပေးနေတာတွေကို ရပ်တန့်ဖို့ ကိုလည်း သူက တောင်းဆိုထားပါတယ်။
ဖိအားတွေရှိနေပေမယ့် အမှန်တရားကို ရှာဖွေမှုနဲ့ မေးခွန်းထုတ်မှုတွေကိုတော့ ရပ်တန့်စေနိုင်မှာ မဟုတ်ဘူးလို့လ ည်း ပေါ့ဒ် နက်ထေဖာ့ပ် က အသိပေး ပြောကြားထားပါတယ်။
ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာအာဏာပိုင်တွေ ထုတ်ပေးနေတဲ့ CI (သက်သေခံလက်မှတ်) နဲ့ ပတ်သက်ပြီး မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကြား ကန့်ကွက်မှုတွေ မြင့်တက်လာနေပြီး၊ CI စင်တာတွေ ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြပါတယ်။
-----------------------------
၈။မြန်မာဘက်ကတိုက်ပွဲတွေကြောင့် ကျည်ကျတဲ့အပေါ် ထိုင်းနယ်စပ်ပြည်သူတွေ ဆန္ဒပြ
====================
m.CDM၊ အောက်တိုဘာ ၂၇
မြန်မာနယ်စပ်မှာြဖစ်နေတဲ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ဆန်တွေကျရောက်နေတဲ့အပေါ် မဲ့ကုကင်းဒေသက ထိုင်းပြည်သူတွေ ဒီနေ့ အောက်တိုဘာ ၂၇ မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီတောင်ဘက် ဖလူးနဲ့မင်းလက်ပံဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်နဲ့ KNU၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး လက်နက်ကြီးကျည်လေးလုံး ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် မဲဆောက်မြို့ မဟာဝမ်ကျေးရွာအုပ်စုထဲကျရောက်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကျည်နဲ့ လက်နက်ငယ်ကျည်တွေ မဲဆောက်မြို့နယ် မဲ့ကုကင်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံထိုင်းပြည်သူတွေ အခုလို့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒထုတ်ဖော်သူတွေက နယ်စပ်ဖြတ်ကျော်ကျရောက်လာတဲ့ ကျည်ဆန်တွေကြောင့် ဒေသနေပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေအပေါ် စိုးရိမ်တာကြောင့် ထိုင်းအာဏာပိုင်တွေအနေနဲ့ ပြည်သူတွေရဲ့လုံခြုံရေး ထိရောက်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
ကျည်တွေကျတာကြောင့် မဲ့ကုကင်းရွာ မြစ်ကမ်းအနီးနေထိုင်သူအချို့ဟာ ဘေးကင်းလုံခြုံတဲ့နေရာတွေဆီ ပြောင်းရွှေ့ နေထိုင်ရသလို မြန်မာရွှေ့ပြောင်းကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းအချို့ လည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။
ဒေသနေပြည်သူအချို့ကတော့ စစ်တပ်ဟာ ထိုင်းဘက်ကိုကျအောင် တမင်ကျော်ပစ်ပြီး ထိုင်းအစိုးရနဲ့ စစ်တပ်က နယ်စပ်ကတော်လှန်ရေးအဖွဲ့တွေကို အခက်တွေ့အောင်လုပ်ဖို့ ရည်ရွယ်နေတာလို့သုံးသပ် ပြောဆိုနေကြပါတယ်။
ထိုင်းဘက်ကျည်တွေကျပြီးနောက်ပိုင်း ထိုင်းစစ်တပ်က နယ်စပ်မှာ စစ်ကားတွေအပါအဝင် တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ကာ စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်လာနေတာရှိပါတယ်။
ထိုင်းသတင်းမီဒီယာ Khaosod ရဲ့ဖော်ပြချက်အရတော့ နယ်ကျော်ကျလာတဲ့ခဲယမ်းတွေကို ကိုင်တွယ်ဖြေရှင်း ဖို့ ထိုင်းစစ်တပ်က အစီအမံတွေချထားတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအစီအမံထဲမှာ ထိုင်းနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာမှုရှိရင် သတိပေးပစ်ခတ်မယ့် အစီအမံလည်း ပါဝင်နေတယ်လို့ ဆိုထားပါတယ်။
———————————
၉။တရုတ်နိုင်ငံသား အားချန် ဆိုသူကို ဖမ်းဆီးဖို့ SSPP/SSA က ဖမ်းဝရမ်းထုတ်
================
m.CDM အောက်တိုဘာ ၂၇ ရက်။
တရုတ်နိုင်ငံသား အားချန် (ခေါ်) Dao Junxiang ကို ဖမ်းဆီးထိန်းသိမ်းဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ရဲ့ ဗဟိုစည်းကမ်းထိန်းသိမ်းရေး ကော်မရှင်က အောက်တိုဘာလ ၂၇ ရက်မှာ ဖမ်းဝရမ်း ထုတ်ပြန်လိုက်ပါတယ်။
အခုလို ဖမ်းဝရမ်းထုတ်ပြန်တာဟာ နိုင်ငံရေးဦးဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်တယ်လို့ ဖော်ပြထားပေမယ့် ဘာအမှုနဲ့ ဖမ်းဆီးချင်တာလဲ ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
ဖမ်းဝရမ်းထဲမှာတော့ အားချန်ဆိုသူရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖော်ပြထားပြီး မူးရင်းနေရပ်က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ပူအာ၊ မင်လျန်ခရိုင်၊ နာယွန်းမြို့ ဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းကို ဖမ်းဆီးနိုင်ဖို့အတွက် SSPP/SSA ရဲ့ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ ပူးပေါင်းဆေ ာင်ရွက်ပေးကြဖို့ တိုက်တွန်းထားပြီး၊ ဒီဖမ်းဝရမ်းကို SSPP/SSA ထိန်းချုပ်နယ်မြေအားလုံးဆီ ဖြန့်ဝေထားတ ယ်လို့ ဖော်ပြထားပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
No comments:
Post a Comment