၂၇ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၂၇ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ညောင်လေးပင်မှာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂ ဦး သေဆုံး၊စစ်ကိုင်းမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့နေပြီး၊ ပြည်သူ ၃ ဦးကို သတ်ဖြတ်၊

၂။(၂၈)ရက်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁၄ ဦးထိ သေဆုံးခဲ့ရ၊

၃။⁨⁨စစ်တပ် လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ် ပုံမှားရိုက် တင်သွင်းနေတယ်လို့ JFM ထုတ်ဖော်

၄။⁨⁨အမျိုးသမီး တရားသူကြီး ၂ ဦးနဲ့ စစ်တပ် အရာရှိတွေ အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသူ ၃၃ ဦး တောင်ဥက္ကလာ KTV မှာ ဖမ်းဆီးခံရ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨⁨⁨ညောင်လေးပင်မှာ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂ ဦး သေဆုံး၊စစ်ကိုင်းမြို့နယ်က ကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့နေပြီး၊ ပြည်သူ ၃ ဦးကို သတ်ဖြတ်၊
====================
m.CDM အောက်တိုဘာ ၂၆ ရက်။

ပဲခူးတိုင်း၊ KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ဆောထိ (ညောင်လေးပင်) မြို့နယ်၊ အင်းကျိုက် ကျေးရွာမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်၊ မနက် ၁၀ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ နေ့လယ် ၁၁ နာရီခွဲ ခန့်မှာလည်း ပိန်းဇလုပ်မြို့ အခြေစိုက် ခ.လ.ရ (၂၆၄) တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုတွေကြောင့် အသက် ၅၃ နှစ်အရွယ် မဇင်မာမြင့်နဲ့ ၃၃ နှစ်အရွယ် ကိုရဲထက်အောင် တို့နှစ်ဦး ဗုံးစ ထိမှန် သေဆုံးခဲ့ပြီး တခြား အမျိုးသမီး ၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အရပ်သားတွေအပေါ် အခုလို နေ့စဉ် အကြမ်းဖက်နေတာဟာ အာဆီယံရဲ့ ဘုံသဘော တူညီချက် (၅) ချက်ကို လုံးဝ ချိုးဖောက်နေတာ ဖြစ်တယ်လို့ KNU က အသိပေး ပြောဆိုထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့ နေပြီး၊ ဒေသခံ ပြည်သူ ၃ ဦးကို သတ်ဖြတ်ကာ အများအပြားကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က ရွာသစ်ကြီးကျေးရွာကနေ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စု ဟာ ၂၃ ရက်နေ့မှာ သုံးလင့်ကျေးရွာကို ဝင်ရောက်မီးရှို့ပြီး၊ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့မှာလည်း ရွှေလှေကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး၊ လေဖြတ်နေတဲ့ အဘွားအို ၁ ဦး နဲ့ နောက်ထပ် အဘွားအို ၁ ဦးကို ပစ်သတ်ပြီး မီးထဲ ပစ်ထည့်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက် မနက်ပိုင်းမှာလည်း သဖန်းတော ကျေးရွာထဲက နေအိမ်တွေကို ဆက်လက်မီးရှို့နေပြီး၊ မောင်းထောင်ရွာနဲ့ အနီးနား ကျေးရွာတွေက ဒေသခံ အများအပြားကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကော်မရှင် စစ်ကြောင်းရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် သဖန်းတော၊ လယ်ပယ်တော၊ မြင်းဆ -ည်၊ ညောင်ပင်ဝန်း၊ မြစ်သာ၊ မောင်းထောင်နဲ့ ရွှေလှေ ကျေးရွာတွေက ပြည်သူ ၅,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ ကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရှိရပါတယ်။
-----------------------
၂။စဉ့်ကိုင်မှာ စစ်မှုထမ်းကြေးကောက်တဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး
======================
m.CDM အောက်တိုဘာ ၂၆ ရက်။

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင် ကျေးရွာမှာ စစ်မှုထမ်းကြေး ကောက်ခံပေးနေတဲ့ အုပ်ချုပ်ရေးမှူး အပါအ ဝင် ၃ ဦး ပစ်ခတ်ခံရပြီး၊ ၂ ဦး သေဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) က သတင်းထုတ်ပြန်ထားပါ တယ်။

အောက်တိုဘာလ ၂၃ ရက်၊ မနက် ၇ နာရီကျော်မှာ ရွာဘုန်းကြီးကျောင်း အနီးက wifi ဆိုင်တစ်ဆိုင်မှာ စစ်မှုထမ်း စာရင်းပြုစုနေတဲ့ အုပ်ချုပ်ရေးမှူး ဆန်းဝင်း၊ နောက်လိုက်ဖြစ်သူ သူရိန်နဲ့ ဇော်လင်းအောင် တို့ ၃ ဦးကို ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဆန်းဝင်း နဲ့ သူရိန် တို့ ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး၊ ဇော်လင်းအောင် ဆိုသူ ဒဏ်ရာပြင်းထန်ခဲ့တာကြောင့် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး တစ်နာရီခန့်အကြာမှာ စစ်ကော်မရှင်တပ်က ကားတစ်စီးနဲ့ ရောက်လာပြီး အလောင်းတွေကို ကောက်ယူသွားသလို အနီးနားက ဒေသခံ အမျိုးသား ၁၀ ဦးဝန်းကျင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက လာမယ့် စစ်မှုထမ်းအပတ်စဉ် (၃၀) အတွက် ပေါ်တာဆွဲ ဖမ်းဆီးတာတွေကို ဆက်တိုက်လုပ်ဆောင် နေပြီး၊ စစ်တပ်အလိုကျ မလုပ်ပေးကြဖို့နဲ့ ဆက်လက်လုပ်ဆောင်နေပါက အုပ်ချုပ်ရေးမှူးတွေကို စစ်ရေးပစ်မှတ် အဖြစ် တိုက်ခိုက်သွားမယ်လို့ သတိပေးထားပါတယ်။
---------------------------
၃။မုံရွာ ရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်၊ရေးမှာ ငွေညှစ်နေတဲ့ စစ်တပ်ဂိတ်ကို RMA ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၃ ဦး သေဆုံး
====================
m.CDM အောက်တိုဘာ ၂၆ ရက်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာက ရွှေဂူနီဘုရားကြီးဝင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။

အောက်တိုဘာလ ၂၅ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ အမှတ် (၃) တပ်ရင်းက ၁၂ မိုင်ပစ် ရော့ကတ် ၁၂ လုံးအပြင် မုံရွာမြို့နယ် ပကဖ ဒရုန်းတပ်စိတ်နဲ့ တိုက်နယ်/ရပ်ကျေး ပကဖ တွေကပါ ဒရုန်းဗုံးသီးတွေ၊ ရှော့တိုက်ဒုံးတွေ၊ ၆၀ မမ တွေနဲ့ ဝိုင်းဝန်းပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုတွင်း အကြမ်းဖက် စစ်အုပ်စုဘက်က ထိခိုက်ဒဏ်ရာ ရတာတွေ ရှိခဲ့သလို စခန်းထဲက ဂျန်မာစက်လ ည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်က အကြမ်းဖက်စစ်ကော်မရှင် ဂိတ်စခန်း တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) သတင်းနဲ့ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၄ နာရီခန့်မှာ အစင်ကျေးရွာအနီး၊ မြို့ဟောင်းရွာမှာရှိတဲ့ အဆိုပါ စစ်တပ်ဂိတ် ကို RMA တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး၊ ၄ ဦး ဒဏ် ရာရခဲ့ကာ RMA ဘက်ကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ဂိတ်စခန်းဟာ ဒေသခံ ပြည်သူတွေကို နည်းလမ်းမျိုးစုံနဲ့ အနိုင်ကျင့်ပြီး ငွေကြေးညှစ်ယူနေတဲ့ ဂိတ်တစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။
-------------------
၄။(၂၈)ရက်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၁၄ ဦးထိ သေဆုံးခဲ့ရ၊
=====================
m.CDM အောက်တိုဘာ ၂၆ ရက်။

စက်တင်ဘာလ ၁၀ ရက်နေ့ ကနေ အောက်တိုဘာလ ၇ ရက်နေ့အတွင်း အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းတို က်ခိုက်မှုတွေ အဆမတန် မြင့်တက်လာပြီး၊ အရပ်သားပြည်သူ ၂၁၄ ဦးထိ သေဆုံးခဲ့ရတယ်လို့ BNI - Myanmar Peace Monitor က ဖော်ပြထားပါတယ်။

အဆိုပါ ၂၈ ရက်တာ အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်အုပ်စု တို့ကြား တိုက်ပွဲပေါင်း ၅၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်တွေထဲမှာ ရခိုင်ပြည်နယ်က ၁၂ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်အုပ်စုဟာ လေကြောင်း တိုက်ခိုက်မှုပေါင်း  ၉၃ ကြိမ်အထိ ပြုလုပ်ခဲ့ပြီး၊ ရခိုင်ပြည်နယ်ကို ၃၅ ကြိမ်နဲ့ အများဆုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အာရက္ခ တပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ဟာ လေကြောင်းကနေ အဆိုးရွားဆုံး တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် စစ်ရေး ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း အပြစ်မဲ့ အရပ်သား ပြည်သူ ၂၁၄ ဦးအထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကော်မရှင် ဘက်က ၁၃၄ ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၀ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ BNI ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်တပ်အာဏာ သိမ်းပြီးချိန်ကနေ ယခု ၂၀၂၆၊ အောက်တိုဘာ လဆန်းပိုင်းအထိ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲပေါင်း ၇,၇၈၀ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုဟာလည်း ၃,၅၃၄ ကြိမ်အထိ ရှိခဲ့တယ်လို့ BNI - Myanmar Peace Monitor က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
————————
၅။⁨စစ်တပ် လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ် ပုံမှားရိုက် တင်သွင်းနေတယ်လို့ JFM ထုတ်ဖော်
====================
m.CDM၊ အောက်တိုဘာ ၂၆

စစ်တပ်နဲ့နီးစပ်တဲ့ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီကို ဒီဇယ်ဆီအဖြစ်ပုံမှားရိုက် တင်သွင်းနေ တယ်လို့ Justice For Myanmar JFM က အောက်တိုဘာ ၂၆ မှာ ထုတ်ဖော်လိုက်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီတင်သွင်းမှုကို ဖုံးကွယ်ရန် စစ်အုပ်စုက ကုန်သွယ်မှုဆိုင်ရာ လိမ်လည်မှုများကို အသုံးပြုခဲ့သည်။
 တန်ဖိုး အားဖြင့် ၂၀၂၄ ဒီဇင်ဘာမှ ၂၀၂၅ နိုဝင်ဘာအထိ အမေရိကန်ဒေါ်လာ ၁၀၉ ဒသမ ၅ သန်း တန်ဖိုးရှိသည့် လောင်စာဆီတင်သွင်းမှု ၆ ကြိမ်တွင် လိမ်လည်မှုများ တွေ့ရှိခဲ့ရသည်။၎င်းတင်သွင်းမှုများတွင် စုစုပေါင်း ဆီစည်ပေါင်း ၈၄၃,၀၀၀ ကျော် ပါဝင်ခဲ့သည်။အဆိုပါ လောင်စာဆီ တင်သွင်းနိုင်ခဲ့သည့် အချိန်ကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ သိသိသာသာ တိုးမြင့်လာခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုသည် အရင်နှစ်ထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။
 ကုလသမဂ္ဂမှတ်တမ်းများအရ သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး အရပ်သား ၉၈၂ ဦး သေဆုံးခဲ့ပြီး ၎င်းအထဲတွင် ကလေး ၂၃၂ ဦး ပါဝင်ခဲ့သည်။
စစ်အုပ်စု၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ FESC နှင့် ကုမ္ပဏီစာချုပ်၊ ငွေတောင်းခံလွှာ ပေါက်ကြားချက်များကို စိစစ်ကာ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။စာရွက်စာတမ်းများတွင် Dynamic Wave နှင့် PP Petroleum ဟူသည့် မြန်မာကုမ္ပဏီနှစ်ခုက တင်သွင်းသူအဖြစ် ပြသထားသည်။
အဆိုပါ တင်သွင်းမှုများ၏ နောက်ကွယ်မှ အမှန်တကယ် ဝယ်ယူသူမှာ National Energy Prime Aviation Services Company Limited (NEPAS) ဖြစ်သည်။
NEPAS သည် စစ်အုပ်စု ထိန်းချုပ်ထားသော မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) နှင့် ၎င်း၏ ပုဂ္ဂလိကမိတ်ဖက် ဖြစ်သည်။
—————————
၆။အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တရားစွဲဆို အပြစ်ပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို GSCB တောင်းဆို
========================
m.CDM၊ အောက်တိုဘာ ၂၆

အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တရားစွဲဆို အပြစ်ပေးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့ နိုင်ငံတကာအသိုက်အဝန်းကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု GSCB က တောင်းဆိုလိုက်ပါတယ်။
မုံရွာ-ချောင်းဦးမြို့နယ်အစပ်မှာ ဒေသနေပြည်သူတွေ သီတင်းကျွတ်ဆီမီးထွန်းပွဲကျင်းပနေချိန် စစ်တပ်က စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုဖြစ်စဉ် တနှစ်ပြည့်တဲ့ ဒီနေ့မှာ GSCB က တောင်းဆို လိုက်တာပါ။
၂၀၂၅ ခုနှစ် သီတင်းကျွတ်လပြည့်ည ၇ နာရီခွဲဝန်းကျင်က မုံရွာနဲ့ချောင်းဦးမြို့နယ်အစပ်မှာ ဒေသနေပြည်သူတွေ  ဆီမီးထွန်းပွဲကျင်းပနေစဉ် အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီနဲ့ ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီကရဲဘော်တွေအပါအဝင် ပြည်သူ ၂၄ ဦးထက် မနည်း သေဆုံးပြီး လူပေါင်း ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းတဲ့နေ့ကစပြီး မတရားဖမ်းဆီးတာ၊ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ ညှဉ်းပမ်းနှိပ်စက် တာ၊ စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေသလို စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီး ကျူးလွန်နေဆဲလို့ GSCB ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်စိုးမိုးထားတဲ့ဒေသတွေမှာ ပွဲတော်တွေ ဟန်ပြကျင်းပပြီး ပုံမှန်အတိုင်းရှိနေသလိုလုပ်နေပေမယ့် အခြားတဖက်မှာ အဓမ္မ စစ်မှုထမ်းခိုင်းတာ ဖမ်းဆီးတာတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေသလို ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ရှောင်လွှဲပြီး နိုင်ငံရေးခဝါချနိုင်ဖို့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ အတုအယောင်အစိုးရကို အသိအမှတ်ပြုလာစေဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့လည်း ထုတ်ပြန်ချက်က ဝေဖန်ထားပါတယ်။
—————————
၇။အမျိုးသမီး တရားသူကြီး ၂ ဦးနဲ့ စစ်တပ် အရာရှိတွေ အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသူ ၃၃ ဦး တောင်ဥက္ကလာ KTV မှာ ဖမ်းဆီးခံရ
======================
m.CDM အောက်တိုဘာ ၂၆ ရက်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် Vibe KTV မှာ မူးယစ်ဆေးဝါး သုံးစွဲနေသူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ တရားသူကြီး (အမျိုးသမီး) ၂ ဦးနဲ့ စစ်တပ်ရာရှိတွေ အပါအဝင် ၃၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်၊ မနက် ၁၂ နာရီခွဲလောက်က တောင်ဥက္ကလာပ မြို့နယ်၊ ၈ ရပ်ကွက်၊ စက်မှု ၆ လမ်းမှာရှိတဲ့ VIBE KTV & Entertainment ကို မူးယစ်အထူးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ စီးနင်းရာမှာ VIP အခန်းဖြစ်တဲ့ Gentlemen အခန်းထဲကနေ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၆ တို့ကို ကတ် -တမင်း ၁၂ ထုပ်၊ Happy Water ၂ ထုပ်၊ DJ စက်တစ်လုံး တို့နဲ့တကွ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အခန်းထဲကနေ ဖမ်းဆီးခံရသူတွေထဲမှာ အုတ်ဖိုမြို့နယ် တွဲဖက်တရားသူကြီး ဒေါ်နွယ်နီမြင့် နဲ့ ဖြူးမြို့နယ် တရားသူကြီး ဒေါ်အိမ့်မှူးခင် တို့နှစ်ဦး ပါဝင်တယ်လို့ သိရပါတယ်။

အလားတူ နေပြည်တော်စစ်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူး ထွန်းလင်းစိုးနဲ့ ဗိုလ်ကြီး ကောင်းသန့်မင်း အပါအဝင် အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၄ ဦးကိုလည်း UFO အခန်းထဲကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့နဲ့အတူ Happy Water ၁၀ ထုပ်၊ WY စာတန်းပါ စိတ်ကြွဆေးပြား အလုံးရေ ၁၁၀ လုံးနဲ့ DJ စက်တစ်လုံး ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် Tom & Jerry အခန်းကနေလည်း အမျိုးသား ၄ ဦးနဲ့အတူ ဆေးခြောက် ၂ ထုပ်၊ Happy Water ၂ ထုပ်၊ ကက်တမင်း ၁ ထုပ်၊ အက်တစီ ဆေးပြား ၁ ပြားနဲ့ DJ စက်တို့ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ယခု စီးနင်းမှုအတွင်း KTV ဆိုင်တာဝန်ခံတွေဖြစ်တဲ့ ကောင်းမြတ်ဖြိုး၊ ကျော်ကျော်မိုး နဲ့ လက်ထောက်မန်နေဂျာ စောသာကြည် အပါအဝင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦးကို ဖမ်းဆီးထားပြီး၊ ရန်ကုန် မူးယစ်တပ်ဖွဲ့ ခွဲ (၃) မှာ ထိန်းသိမ်း စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

အခုလို ဖမ်းဆီးခံခဲ့ရပေမယ့် တရားမစွဲဆိုခင်မှာ စစ်တပ် အရာရှိတွေနဲ့ အမျိုးသမီး တရားသူကြီး ၂ ဦးကို အမှုတွဲ ကနေ ချန်လှပ်ဖယ်ထုတ်ပြီး ဌာနတွင်းစစ်ဆေးမှုပဲပြုလုပ်ဖို့ ကြိုးပမ်းနေတယ်လို့ တရားရေး သတင်းရင်းမြစ်တွေ က ပြောပါတယ်။

စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြို့တွေက KTV တွေနဲ့ ဘား တွေမှာ စစ်တပ် အရာရှိတွေဟာ မူးယစ်ဆေးဝါးတွေကို လွတ်လပ်စွာ သုံးစွဲနေကြပြီး၊ အခုဖမ်းဆီးခံရတာဟာ အချင်းချင်း အကွက်ဆင်လက်ထောက်ချတာ ဖြစ်နိုင်တယ် လို့လည်း မြို့ခံတွေက သုံးသပ်ထားပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


Uploaded Image
Share:

No comments:

Post a Comment