၈ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )


signal-2026-10-06-22-09-47-448_003.jpg
၈ -  ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ဖားကန့် စုပေါင်းရုံး ဒရုန်းတိုက်ခိုက်ခံရမှုတွင် KNDPC တာဝန်ရှိသူနှင့် ဈေးသည် သေဆုံး၊ ပန်းတောင်း ကပစ-၁၆ အနီးကျေးရွာများ ပိတ်ဆို့ခံရ၍ ဒေသခံများ အစားအစာနှင့် ဆေးဝါးပြတ်လပ်

၂။အကြမ်းဖက်စစ်အုပ်စုကြောင့် ၃ လအတွင်းမှာ အရပ်သားပြည်သူ ၂၈ဝ ကျော် သေဆုံး

၃။ပြည်သူလူထုအပေါ် ရန်စောင်နေတဲ့ စစ်အုပ်စုဟာ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်မဖြစ်နိုင်ဘူး ဆိုတာ ကောင်းစွာသတိပြုဖို့လိုတယ်လို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး သတိပေး

၄။မလေးရှားကုမ္ပဏီများ မြန်မာစစ်တပ်ထံ လေယာဉ်ပစ္စည်းထောက်ပံ့ရန် ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar ဖော်ထုတ်  စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။ဖားကန့် စုပေါင်းရုံး ဒရုန်းတိုက်ခိုက်ခံရမှုတွင် KNDPC တာဝန်ရှိသူနှင့် ဈေးသည် သေဆုံး၊ ပန်းတောင်း ကပစ-၁၆ အနီးကျေးရွာများ ပိတ်ဆို့ခံရ၍ ဒေသခံများ အစားအစာနှင့် ဆေးဝါးပြတ်လပ်
==================
m.CDM အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် စုပေါင်းရုံးတွင် အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းက မြို့နယ်အာဏာပိုင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အစည်းအဝေးပြုလုပ်နေစဉ် ဒရုန်းဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းများအရ သိရသည်။

ပထမဒရုန်းဗုံးမှာ စုပေါင်းရုံးခန်းမအပြင်ဘက်သို့ ကျရောက်ခဲ့ပြီး KNDPC ကုမ္ပဏီမှ တာဝန်ရှိသူ၊ လုံးခင်းဂေါက်ကွင်းဥက္ကဋ္ဌ ဦးဒရွန်းဇော်အောင် သေဆုံးခဲ့ကြောင်း သိရသည်။

ဒုတိယဒရုန်းဗုံးမှာ စုပေါင်းရုံးအနီးရှိ ဂုံးအောက်သို့ ကျရောက်ခဲ့ပြီး ထိုနေရာတွင် ဈေးရောင်းနေသည့် ဈေးသည်တစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

တစ်ဖက်မှာလည်း ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ကပစ-၁၆ အနီးရှိ မသုန်ရွာ၊ ကျားခြေရာရွာနှင့် ကျောက်ဇကွဲရွာတို့မှ ဒေသခံများကို ရွာပြင်ထွက်ခွင့် ကန့်သတ်ထားသည့်အပြင် အဝင်အထွက်လမ်းကြောင်းများကိုလည်း တင်းကျပ်စွာ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

လက်လုပ်လက်စားအလုပ်လုပ်ကိုင်သူများ အလုပ်သွားရောက်လုပ်ကိုင်ရန် မဖြစ်နိုင်တော့သလို အစားအစာနှင့် အခြေခံကုန်ပစ္စည်းများ ဝယ်ယူရရှိရန်လည်း ခက်ခဲနေကြောင်း သိရသည်။

ထို့အပြင် စက်ရုံအနီးရှိ မသုန်ရွာပတ်ဝန်းကျင်မှ တောတောင်များကို စက်တင်ဘာ ၂၀ ရက်တွင် ဒရုန်းများအသုံးပြု၍ ဓာတ်ဆီပုလင်းများနှင့် ဗုံးများချကာ မီးရှို့ရှင်းလင်းခဲ့ခြင်းသည် တောတောင်အတွင်းမှ တပ်ဖွဲ့များ ချဉ်းကပ်လာပါက အဝေးမှ မြင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သိရသည်။
——————————
၂။ရခိုင်၊ ကရင်နီနှင့် ကချင်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
===================
m.CDM အောက်တိုဘာ ၇

ကရင်နီနှင့် ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှ နန်းမယ်ခုံမြို့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းတွင် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားသဖြင့် လေကြောင်းပစ်ကူယူကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များအရ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်ခန့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မိုးဗြဲမြို့အနောက်ဘက် လွယ်ဝိုင်း၊ လွယ်ယင်းမင်္ဂလာကျေးရွာများမှတစ်ဆင့် နန်းမယ်ခုံဘက်သို့ စစ်ကောင်စီတပ်က ခြေကုပ်ယူ၍ မိုးဗြဲ-နန်းမယ်ခုံ လမ်းမကြီးကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း အာရက္ခတပ်တော် (AA) က စစ်တွေ၊ ကျောက်ဖြူဒေသများတွင် ယခင်က တန်ပြန်တိုက်စစ်ပုံစံဖြင့် လုပ်ဆောင်နေရာမှ ထိုးစစ်အဆင့်သို့ ပြောင်းလဲလာကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင် အောက်တိုဘာ ၄ ရက်က တောင်မော်ဦးရေတပ်စခန်းဘက်သို့ AA က ထိုးစစ်ဆင်ခဲ့ပြီး အဝတောင်ကာကင်းစခန်းအပါအဝင် ရေတပ်စခန်းသို့ ဝင်ရောက်သည့် လမ်းတစ်လျှောက်ရှိ ကာကင်းစခန်းအချို့ကို သိမ်းပိုက်ထားကြောင်း၊ တောင်မော်ဦးဘက်သို့ စစ်ကူပို့လာသည့် စစ်ကောင်စီတပ်များနှင့် AA ကြား တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

စစ်တွေမြို့နယ်တွင်လည်း ရေချမ်းပြင်၊ ကြွီတဲ၊ ပါဒလိတ်၊ နာရီကန်၊ တောကန်၊ ဝါဘိုကျွန်း၊ ကွမ်းတောင်နှင့် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ နှစ်ရက်ခန့်ရှိပြီး စစ်ကောင်စီတပ်က အင်အားဖြည့်တင်းရန် စစ်ကူများ ပို့ဆောင်နေကြောင်းလည်း သိရသည်။

AA သည် စစ်တွေမြို့အနီး အမြင့်ကျွန်းတံတားနှင့် ဝါဘိုကျေးရွာကြားရှိ စစ်ကောင်စီတပ်စခန်းများအပြင် ပါဒလိတ်နှင့် မတောက်တဲ့လမ်းခွဲအနီး အမှတ် ၃၄၃ စစ်လက်နက်ပစ္စည်းတပ်ခွဲနှင့် ရေချမ်းပြင်အနီး အမှတ် ၁၇ တပ်မတော်ဆေးရုံဘက်ကိုပါ တိုက်ခိုက်နေကြောင်း သိရသည်။

အလားတူ ဗန်းမော်မြို့တွင်လည်း အောက်တိုဘာ ၇ ရက်က ဗန်းမော်တက္ကသိုလ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့မှ မဘိမ်းဘက်သို့ သွားသည့် လမ်းကြောင်းရှိ ၇ မိုင်ကျေးရွာအနီးတွင်လည်း စစ်တပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသနှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင်လည်း နှစ်ဖက်စစ်ရေးတင်းမာနေပြီး ခေါင်လန်ဖူးဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ရိက္ခာနှင့် ခဲယမ်းများ ဖြည့်တင်းနေကြောင်း သိရသည်။
—————————
၃။ပကဖ ရဲဘော်နှစ်ဦး ပစ်သတ်ခံရပြီး ငွေနှင့် လက်နက်များ ပျောက်ဆုံး၊ သံသယရှိသူသုံးဦးကို ခရိုင်ပကဖထံ လွှဲပြောင်း
===================
m.CDM အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဘုတလင်မြို့နယ်၊ နတ်ရွာကျေးရွာ ပကဖအဖွဲ့ဝင် ရဲဘော်နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းတို့ထံမှ ငွေကျပ်သိန်း ၂၀၀ ကျော်နှင့် လက်နက်များ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

အသက် ၂၀ ကျော်အရွယ် ရဲဘော် မင်းသီဟနှင့် အောင်မင်းထွေးတို့သည် အောက်တိုဘာ ၄ ရက် ညနေပိုင်းတွင် ဒီပဲယင်းမြို့နယ်၊ တိုက်ရွာနှင့် အုတ်ရှစ်ကြီးရွာကြား၌ ပစ်ခတ်ခံရပြီး ဦးခေါင်းပွင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့သည် ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာဘက်သို့ အကြွေးရရန်ရှိသည့် ငွေကျပ်သိန်း ၂၂၀ ခန့် သွားရောက်တောင်းခံပြီး ပြန်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရင်းမြစ်များ၏ ပြောဆိုချက်မှာ အနည်းငယ်ကွဲလွဲနေပြီး အချို့က ၎င်းငွေသည် လက်နက်ဖိုးအကြွေးဖြစ်သည်ဟု ဆိုသော်လည်း အခြားသတင်းရင်းမြစ်တစ်ခုက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးအတွက် K Pay မှ ထုတ်ယူလာသည့် ငွေများလည်း ပါဝင်သည်ဟု ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် ကျည်ခွံများတွေ့ရှိခဲ့ပြီး သေဆုံးသူနှစ်ဦးမှာ ဦးခေါင်းပိုင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ၎င်းတို့ကိုင်ဆောင်လာသည့် သေနတ်နှစ်လက်နှင့် ငွေကျပ်သိန်း ၂၂၀ ခန့်လည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်တွင် သံသယရှိသူ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာ ပကဖအဖွဲ့ဝင် သုံးဦးကို ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာ ၆ ရက်တွင် မုံရွာခရိုင်ပကဖထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

သံသယရှိသူသုံးဦးမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ ဖုန်းသုံးလုံး၊ ၇.၆၂ မီလီမီတာ ကျည်ခွံ ၁၂ ခွံ၊ ၅.၅၆ မီလီမီတာ ကျည်ခွံနှစ်ခွံနှင့် MA-1 (41007) သေနတ်တစ်လက်တို့ကိုပါ လွှဲပြောင်းခဲ့သည်ဟု သိရသည်။

ဒေသသတင်းရင်းမြစ်များက ဖမ်းဆီးခံထားရသူများမှာ ဦးကျော်၊ ကိုပိုင်နှင့် ကိုပိုင်၏ဇနီး မစန္ဒီတို့ဖြစ်ကြောင်း၊ အမှုကို ဖြစ်စဉ်ဖြစ်ပွားသည့် နယ်မြေများနှင့် သက်ဆိုင်သည့် မုံရွာခရိုင်ပကဖဘက်က စစ်ဆေးနေကြောင်း ဖော်ပြထားသည်။

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းများကို သက်ဆိုင်ရာ ပကဖအဖွဲ့များက ပြန်လည်သယ်ဆောင်သွားပြီး နောက်တစ်ရက်တွင် သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
—————————————
၄။လဟယ်တွင် ပကဖစခန်းဖွင့်၊ ကန့်ဘလူတွင် လေကြောင်းတိုက်ခိုက်ခံရသူများကို ငွေကြေးထောက်ပံ့
===================
m.CDM အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက ဒေသအလိုက် စုဖွဲ့မှုများ ဆောင်ရွက်နေသည့်အပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးခဲ့သည့် ပြည်သူများကိုလည်း ကူညီထောက်ပံ့မှုများ ပြုလုပ်နေကြောင်း ပကဖအသံ ထုတ်ပြန်ချက်များအရ သိရသည်။

နာဂဒေသ လဟယ်မြို့နယ်တွင် အောက်တိုဘာ ၄ ရက်က “ယောရှု” ဟု အမည်ပေးထားသည့် လဟယ်မြို့နယ် ပကဖစခန်းဖွင့်ပွဲသို့ စစ်ကိုင်းတိုင်း နာဂဒေသ ပကဖတာဝန်ရှိသူများနှင့် ဒေသရေးရာအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ဒေသတွင်း ပကဖအဖွဲ့များ စုဖွဲ့မှုများ ပြုလုပ်နိုင်ရေးနှင့် လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အဆိုပါ စခန်းဖွင့်ပွဲသို့ ဒေသခံပြည်သူများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်၌လည်း ကန့်ဘလူမြို့နယ် ပကဖ၏ အရေးပေါ်ကူညီကယ်ဆယ်ရေးတာဝန်ခံနှင့် သတင်းနှင့်ဆက်သွယ်ရေးတာဝန်ခံတို့သည် အောက်တိုဘာ ၆ ရက်တွင် မြေပြင်သို့ သွားရောက်ကာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဒဏ် ခံခဲ့ရသည့် ပြည်သူများကို ငွေကြေးထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူများ၏ မိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများကို တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြသည်ဟု ဖော်ပြထားသည်။

ကန့်ဘလူမြို့နယ် ပကဖက ၎င်းတို့အနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များထဲမှ တိုက်ခိုက်ရေးတာဝန်များကိုသာ ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုပါ တပြိုင်နက်တည်း ထမ်းဆောင်နေကြောင်း ဆိုထားပါသည်။
———————————
၅။⁨⁨အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် KNU နယ်မြေက စာသင်ကျောင်း ၆၀ နီးပါးပျက်စီးပြီး ကျောင်းသား ၄၀ ကျော်သေဆုံး
=====================
m.CDM၊ အောက်တိုဘာ ၇

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၅၉ ခု ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းသူကျောင်းသား ၄၀ ကျော်သေဆုံးခဲ့ တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၆ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။
၂၀၂၁ ကနေ ၂၀၂၆ အတွင်း စစ်တပ်တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ ကျောင်းသားကျောင်းသူ သေဆုံးထိခိုက်ရမှု အခြေအနေကိုဖော်ပြရာမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသား ကျောင်းသူ ၄၁ ဦး သေဆုံးပြီး ၉၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
“မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဂျီနီဗာကွန်ဗန်းရှင်းတို့ကို ချိုးဖောက်ရုံသာမက ကရင် လူမျိုးတွေရဲ့ ပညာရေးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်” လို့ KNU က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာထဲမှာပဲ KNU နယ်မြေက စာသင်ကျောင်းတွေကို အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာတွေရှိခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက်က KNU တပ်မဟာ (၁) နယ်မြေ ဘီးလင်းမြို့နယ် ကြသောင်းဆိပ်ရွာကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းနဲ့ ဝန်ထမ်းအိမ်ယာတွေအပြင် ပြည်သူလူထုနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရာ ညအချိန် မှာ ဖျက်အားပြင်း ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းအဆောက်အဦးတွေနဲ့ ပြည်သူပိုင်အိမ် ၃၆လုံး ပျက်စီးခဲ့ရ တယ်လို့ KNU ဘက်က အသိပေးထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ အောက်တိုဘာအတွင်းမှာလည်း KNU နယ်မြေက အရပ်သား ပြည်သူနေထိုင်ရာနေရာတွေကို လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုတွေ ဆက်လုပ်နေပြီး အောက်တိုဘာ ၁ ရက်က KNU တပ်မဟာ (၃) ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကျောက်ကြီးပေါက်ရွာကို ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အသက် ၁၇ နှစ်အရွယ် လူငယ်တဦး သေဆုံးကာ ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတဝန်းက အပြစ်မဲ့ အရပ်သား ပြည်သူတွေကို တိုက်ခိုက်မှုတွေ ကို လေယာဉ် ၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေသလို ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တာအပါအဝင် စစ်ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတယ်လို့လည်း KNU ဘက်က ထုတ်ဖော် ပြောဆိုထားပါတယ်။
————————————⁩
၆။⁨ပြည်သူလူထုအပေါ် ရန်စောင်နေတဲ့ စစ်အုပ်စုဟာ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်မဖြစ်နိုင်ဘူး ဆိုတာ ကောင်းစွာသတိပြုဖို့လိုတယ်လို့ နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး သတိပေး
=====================
m.CDM၊ အောက်တိုဘာ ၇

ပြည်သူလူထုအပေါ် ရန်စောင်နေတဲ့ စစ်အုပ်စုဟာ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်မဖြစ်နိုင်ဘူး ဆိုတာ ကောင်းစွာသတိပြုဖို့လိုတယ်လို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီရဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုခေါင်းစဉ်နဲ့ကျင်းပတဲ့ အထွေထွေမိန့်ခွန်းပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာပါ။
မတရား စစ်အာဏာသိမ်းမှု ၅ နှစ်ကျော် ကြာမြင့်လာဖြစ်တဲ့ မြန်မာနိုင်ငံဟာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး ပြည်သူလူထုဟာလည်း စစ်အုပ်စုကြောင့် အခြေခံ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေး တွေ ဆုံးရှုံးနေရတယ်လို့ သံအမတ်ကြီးက သူ့ ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာပြည်သူတွေဟာ စစ်အုပ်စုဘက်က စနစ်တကျကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အဆင်အခြင်ကင်းမဲ့တဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ အပါအဝင် အရပ်ဘက်အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခံရနေရာတာနဲ့ ရင်ဆိုင်တွေ့ကြုံ နေရတယ်လို့လည်း အသိပေး ပြေကြားခဲ့ပါတယ်။
ဒါ့အပြင် အဓမ္မတပ်သားစုဆောင်းမှုနဲ့အတူ နိုင်ငံအနှံ့ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် လူငယ်တွေရဲ့ အနာဂတ်တွေ ဖျက်ဆီးခံထားရတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေအကြားမှာ မြန်မာပြည်သူတွေဟာ မရေရာမှုတွေနဲ့ ခက်ခက်ခဲခဲရှင်သန်ရုန်းကန်နေရတာဟာ ခါးသီးတဲ့ အမှန်တရားပဲလို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။
စစ်အုပ်စုဘက်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ တွေကို အလုံးစုံချိုးဖောက်ပြီး ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ မြန်မာနိုင်ငံမှာ လူမှုရေး ဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ တိုင်းရင်းသားမိတ်ဖက်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့လက်တွဲပြီး ပူးပေါင်း ဆောင်ရွက်နေတယ်လို့ အသိပေးခဲ့ပါတယ်။
ဒီကွာခြားချက်ကိုကြည့်မယ်ဆိုရင် ပြည်သူလူထုအပေါ် အကြမ်းဖက် ရန်စောင်နေတဲ့ စစ်အုပ်စုဟာ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မိတ်ဖက်မဖြစ်နိုင်ဘူးဆိုတာ သတိပြုကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုထားပါတယ်။
ဒါကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ စစ်အုပ်စုကို လက်မခံဖို့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့ တရားခံတွေကို တာဝန်ခံစေဖို့၊ မြန်မာပြည်သူလိုလားနေတဲ့ တရားမျှတမှု၊ လူသားဂုဏ် သိက္ခာနဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖော်ဆောင်ရာမှာ မားမားမတ်မတ် ရပ်တည်ပေးဖို့ စတဲ့ အချက် ၃ ချက်ကို အရေးတကြီးလုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
———————————
၇။မလေးရှားကုမ္ပဏီများ မြန်မာစစ်တပ်ထံ လေယာဉ်ပစ္စည်းထောက်ပံ့ရန် ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar ဖော်ထုတ်
===================
m.CDM အောက်တိုဘာ ၇

မလေးရှားကုမ္ပဏီများသည် မြန်မာစစ်တပ်နှင့် လေကြောင်းဆိုင်ရာ ပစ္စည်းများ၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ စီးပွားရေးဆက်ဆံမှုများ ပြုလုပ်ခဲ့ခြင်း သို့မဟုတ် ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar က လျှို့ဝှက်ပေါက်ကြားလာသည့် စာရွက်စာတမ်းများနှင့် ကုန်သွယ်ရေးအချက်အလက်များအပေါ် အခြေခံ၍ ထုတ်ပြန်ထားသည်။

အဆိုပါလေ့လာချက်တွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း မလေးရှားကုမ္ပဏီ FJ Global Aeroparts၊ Asia AeroTechnic (AAT) နှင့် Skyways Technics Asia တို့သည် မြန်မာစစ်တပ် သို့မဟုတ် ၎င်းနှင့် ဆက်နွှယ်သည့် ကြားခံကုမ္ပဏီများနှင့် ဆက်ဆံမှုရှိခဲ့ကြောင်း ဖော်ပြထားသည်။

FJ Global သည် မြန်မာစစ်တပ်အသုံးပြုသည့် K-8W တိုက်ခိုက်ရေးလေယာဉ်၊ Orlan-10E ဒရုန်းနှင့် Ka-28၊ Mi-17၊ Mi-2 ရဟတ်ယာဉ်များအတွက် လေယာဉ်အစိတ်အပိုင်းများ ရရှိရေး ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar က ဆိုသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီတွင် အစိုးရကျောထောက်နောက်ခံရှိ PUNB ထံမှ FJ Global က ငွေကြေးထောက်ပံ့မှု ရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာစစ်တပ်အင်ဂျင်နီယာများသည် စစ်တပ်ပိုင် Airbus A319 လေယာဉ် ပြုပြင်ရေးကိစ္စနှင့်ပတ်သက်၍ AAT သို့ သွားရောက်ခဲ့ကြောင်း၊ AAT သည် မလေးရှားအစိုးရနှင့် ဆက်နွှယ်သည့် MARA Corporation ၏ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။

Skyways Technics Asia သည်လည်း မြန်မာလေတပ်နှင့် ဆက်နွှယ်သည့် လေယာဉ်အစိတ်အပိုင်းများကို Light Head Group of Companies၊ K L S Aviation နှင့် United Five စသည့် မြန်မာကုမ္ပဏီများထံ ပို့ဆောင်ခဲ့ဖွယ်ရှိကြောင်း၊ Myanmar National Airlines နှင့် Mingalar Aviation တို့ကလည်း လေယာဉ်အစိတ်အပိုင်းများ ပြုပြင်ရန် Skyways ထံ ပေးပို့ရန် ကြိုးပမ်းခဲ့ကြောင်း သုံးသပ်ထားသည်။

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂ ရက်မှ ၆ ရက်အထိ ကွာလာလမ်ပူတွင် ကျင်းပမည့် ၄၉ ကြိမ်မြောက် ASEAN Intelligence Community Conference သို့ ရဲမှူးချုပ် လှိုင်မင်း ဦးဆောင်သည့် မြန်မာစစ်အုပ်စု ကိုယ်စားလှယ်အဖွဲ့ကို မလေးရှားက ဖိတ်ကြားထားကြောင်းလည်း ဖော်ပြထားသည်။

Justice For Myanmar က မလေးရှားအစိုးရအနေဖြင့် မြန်မာစစ်တပ်ထံ လေယာဉ်ပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများ ထောက်ပံ့နေသည်ဟု စွပ်စွဲခံထားရသည့် ကုမ္ပဏီများကို စုံစမ်းစစ်ဆေးရန်၊ စစ်တပ်နှင့် ဆက်နွှယ်သည့် ပစ္စည်းထောက်ပံ့ရေးလမ်းကြောင်းများ ဖြတ်တောက်ရန်နှင့် စစ်အုပ်စုအား နိုင်ငံရေးတရားဝင်မှု ပေးအပ်နေခြင်းများ ရပ်တန့်ရန် တောင်းဆိုထားသည်။
———————————
⁨၈။ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရရင် ဆေးကုသစရိတ်နဲ့ လမ်းစရိတ်ပေးမယ့် အသင်းအဖွဲ့တခု ဖွဲ့စည်း
===================
m.CDM၊ အောက်တိုဘာ ၇

ရန်ကုန်မြို့တော်မှာ လမ်းဘေးခွေးကိုက်ခံရရင် ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမယ့် အသင်းအဖွဲ့ တခုကို တိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမပတ်မှာ ဖွဲ့စည်းလိုက်တယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်သူ တွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်း လမ်းဘေးခွေးတွေကို ထိန်းချုပ်နိုင်ရေးနဲ့ ပြည်သူ့အကူအညီပေးရေးအသင်း YSMPA ဆိုအသင်းကို စတင်ဖွဲ့စည်းတာဖြစ်ပြီး အသင်းရဲ့ အစည်းအဝေးကို အောက်တိုဘာ ၄ ရက်ကလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လမ်းဘေးခွေးတွေကို အဆိပ်ချရှင်းလင်းတာမျိုးမဖြစ်ရအောင် YSMPA အသင်းဖွဲ့ရတာလို့ လက်ရှိယာယီ ဥက္ကဌတာဝန်ယူထားတဲ့ ဒေါ်ဝေဝေမိုးက အသိပေးပြောဆိုထားပါတယ်။

"လမ်းဘေးတိရိစ္ဆာန်လေးတွေမရှိစေချင်ရင် ဒီအဖွဲ့ကိုပံ့ပိုးကြပါ။ အဆိပ်ချရှင်းလင်းတာမလိုလားရင် ဒီအဖွဲ့ကိုထောက်ခံပူးပေါင်းပေးကြပါ "လို့ ဒေါ်ဝေဝေမိုးက သူ့ရဲ့လူမူကွန်ရက်အကောင့်မှာ ရေးသားဖော်ပြ ထားပါတယ်။
အဲဒီ YSMPA အသင်းက လမ်းဘေးခွေးတွေ သားပေါက်မျိုးပွားတာကို လူသားဆန်တဲ့နည်းသုံးပြီး ထိန်းချုပ် တာ၊ လမ်းဘေးခွေးကိုက်ခံရတဲ့ နစ်နာသူ ပြည်သူတွေကို ဆေးကုသဖို့နဲ့သွားလာစရိတ်ကူညီထောက်ပံ့တာ၊ အများပြည်သူကို အန္တရာယ်ပြုနိုင်တဲ့ ဆိုးသွမ်းခွေးတွေကို ခွေးဂေဟာတွေဆီ ရွှေ့ပြောင်းပို့ပေးတာ၊ အဆိပ်ချ ရှင်းလင်းတာကိုကာကွယ်ပြီး ခွေးရူးရောဂါကင်းစင်တဲ့ လူအဖွဲ့အစည်း ဖန်တီးဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
လမ်းဘေးခွေးကိုက်ခံရသူကို ဘယ်လိုကူညီထောက်ပံ့မယ်ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာ မရှိသေးဘဲ အမာခံရန်ပုံငွေထည့်ဝင်မယ့်သူတွေ ဘဏ်အကောင့်ဖွင့်ပြီးမှ စီမံမှာလို့ သိရပါတယ်။
ရန်ကုန်မြို့မှာ လမ်းဘေးခွေးအန္တရာယ်ဟာ ကြီးမားတဲ့စိန်ခေါ်မူပြဿနာတခုဖြစ်နေပြီး တိရိစ္ဆာန်ချစ်သူတွေ ဘက်က အကာအကွယ်ပေးတာထက် အခုလိုအသင်းအဖွဲ့နဲ့တထောင့်တနေရာက ကူညီဖြေရှင်းတဲ့လုပ်ရပ် ကို ထောက်ခံကြိုဆိုသူတွေလည်း ရှိနေပါတယ်။
——————————————
⁨၉။အကြမ်းဖက်စစ်အုပ်စုကြောင့် ၃ လအတွင်းမှာ အရပ်သားပြည်သူ ၂၈ဝ ကျော် သေဆုံး
=====================
m.CDM၊ အောက်တိုဘာ ၇

အကြမ်းဖက်စစ်အုပ်စုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၈ဝ ကျော် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
AAPP က ဇူလိုင်လ ၁ ရက်ကနေ စက်တင်ဘာ ၃၀ ရက်အထိ ၃ လအတွင်း နိုင်ငံတဝန်းမှာ အကြမ်းဖက် စစ်အုပ်စုကြောင့် အမျိုးသမီး ၁၁၂ ဦးနဲ့ အမျိုးသား ၁၇၂ ဦး စုစုပေါင်း ၂၈၄ ဦး သေဆုံးခဲ့ရတာကို အမည်နဲ့ တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၄ ဦးအထိ ပါဝင်နေတာတွေ့ရပြီး အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူအရေအတွက်ဟာ ၂၀၃ ဦးအထိရှိတယ် လို့ အသိပေးထားပါတယ်။
အဲဒီ ၃ လတာကာလအတွင်းမှာပဲ အကြမ်းဖက်စစ်အုပ်စုကြောင့်သေဆုံးခဲ့ရပြီး အတည်ပြုဖို့ လိုအပ်နေတဲ့ အရပ်သား ၂၀၄ ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းထားသလို အတည်ပြုနိုင်ဖို့ ဆက်လုပ်နေ တယ်လို့ AAPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတရားအာဏာလုယူမှုစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် အောက်တိုဘာ ၆ ရက်အထိ ဆိုရင် အကြမ်းဖက်စစ်တပ်နဲ့ သူတို့လက်ပါးစေတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူအရေအတွက် ဟာ ၈၄၉၄ ဦးအထိ ရှိနေပြီလို့ AAPP ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။


ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်ခါးရှဲလ်တို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။


--
Send email to - editors@moemaka.net to contact and contribute with us!

MoeMaKa on the Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654

Share:

No comments:

Post a Comment