၆ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ကောလင်းက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ CDM ဆရာဝန် အပါအဝင် ၈ ဦး သေဆုံး
၂။ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဘေးဒဏ်သင့်ပြည်သူတွေဆီ အကူအညီတွေပိုပြီးရောက်ရှိစေရေး ကုလသမဂ္ဂအဖွဲ့တွေ အနေနဲ့ NUG၊ SCEF နဲ့ ဒီမိုကရေစီအင်အားစုတွေကြား ညှိနှိုင်းဆောင်ရွက်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း
၃။မြင်းခြံမှာ သုံးဘီးမောင်းတဲ့ လင်မယား အပါအဝင် အရပ်သား ၃ ဦးကို ပျူစောထီးတွေ နှိပ်စက်သတ်ဖြတ်
၄။ပဋိပက္ခလျှော့ချရေးနဲ့ နယ်စပ်အရေး ဆွေးနွေးဖို့ ထိုင်း ဒု-ဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်မည်၊နယ်စပ်က စစ်ဆင်ရေးတွေကြောင့် ထိုင်းပြည်သူတွေ မထိခိုက်စေဖို့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဒုတိယအကြိမ် ထပ်မံ သတိပေးစတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။ကောလင်းက ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ် ဗုံးကြဲ၊ CDM ဆရာဝန် အပါအဝင် ၈ ဦး သေဆုံး
================
m.CDM နိုဝင်ဘာ ၅ ရက်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အရပ်သားပြည်သူတွေကို ဆေးကုသပေးနေတဲ့ ဆေးရုံတခုကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ရာ CDM ဆရာဝန်ကြီးတစ်ဦး အပါအဝင် ၈ ဦးထပ်မနည်း သေဆုံး ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ည ၇ နာရီခန့်မှာ ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ပေပင်ချောင် နဲ့ လျှော်ဖြူကုန်း ကျေးရွာကြားက အဆိုပါ ပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးကြဲ တိုက်ခိုက်မှုအတွင်း CDM ဆရာဝန် ဒေါက်တာ ဇာနည်ထွန်း (ခ) ပွကြီး အပါအဝင် ကျန်းမာရေး ဝန်ထမ်းနဲ့ လူနာ ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ၇ ဦးခန့်ဟာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
လေယာဉ်ဝဲကတည်းက ပုန်းခိုခဲ့ကြပေမယ့် ဗုံးခိုကျင်းပေါ်ကို ဗုံးသီး တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အခုလို ထိခိုက်သေဆုံးမှု များပြားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဆေးရုံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆေးရုံအဖြစ် စစ်တပ်ထောက်ခံသူတွေ က စွပ်စွဲထားပြီး၊ ဒလန်သတင်းပေးမှုကြောင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဝါဒဖြ န့် ဖော်ပြနေကြပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက တော်လှန်ရေးနယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကော်မရှင် တပ်ဟာ ကောလင်း၊ ဝန်းသိုနဲ့ မော်လူးမြို့နယ်တွေကို ဆက်တိုက် ဗုံးကြဲနေတာကြောင့် လေကြောင်းအန္တရာယ်ကို သတိပြုကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
--------------------------
၂။ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဘေးဒဏ်သင့်ပြည်သူတွေဆီ အကူအညီတွေပိုပြီးရောက်ရှိစေရေး ကုလသမဂ္ဂအဖွဲ့တွေ အနေနဲ့ NUG၊ SCEF နဲ့ ဒီမိုကရေစီအင်အားစုတွေကြား ညှိနှိုင်းဆောင်ရွက်ဖို့ ဦးကျော်မိုးထွန်း တိုက်တွန်း
===================
m.CDM၊ နိုဝင်ဘာ ၅
ပဋိပက္ခဖြစ်ပွားရာဒေသတွေက ဘေးဒဏ်သင့်ပြည်သူတွေဆီ အကူအညီတွေပိုပြီးရောက်ရှိစေရေး ကုလသမဂ္ဂအဖွဲ့တွေ အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့ ဒီမိုကရေစီအင်အားစုတွေကြား ညှိနှိုင်းဆောင်ရွက်ဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကမ္ဘာတဝန်းက ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးတွေ ကြား အပြန်အလှန်ဆွေးနွေးပွဲအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်းတောင်းဆိုလိုက်တာပါ။
အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်တိုက်လုပ်နေတဲ့အပြင် စီးပွားရေးပြိုလဲမှုတွေကြောင့် အရပ်သားပြည်သူတွေ ဘက်ပေါင်းစုံခံစားနေရတဲ့ဒုက္ခတွေ နေ့စဉ်နဲ့အမျှ ပိုပြီးဆိုးရွားလာနေတယ်လို့လည်း သံအမတ် ကြီးက အသိပေးခဲ့ပါတယ်။
အရပ်သားပြည်သူတွေ လိုအပ်ချက်တွေမြင့်မားလာနေတဲ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုတွေကို ကန့်သတ်တားမြစ်တာနဲ့ အကူအညီများပေးပို့မှုတွေမှာ ရည်ရွယ်ချက်ရှိရှိ ဟန့်တားပိတ်ဆို့တာတွေကြောင့် အခြေအနေတွေ ပိုပြီးဆိုးရွားလာတာလို့လည်း ရှင်းပြခဲ့ပါတယ်။
ဲီလိုအချိန်မှာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂအဖွဲ့တွေဟာ ရောက်ရှိဖို့ခက်ခဲတဲ့ဒေသတွေအပါအဝင် အကူအညီလိုအပ်နေတဲ့ ဒေသတွေကို ခွဲခြားဆက်ဆံတာမရှိဘဲ အကူအညီတွေပေးပို့နိုင်ရေး ခက်ခက်ခဲခဲကြိုးပမ်း ဆောင်ရွက်နေတာတွေအတွက် မြန်မာသံအမတ်ကြီးက ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း မြေပြင်မှာ အကူအညီတွေ ထိထိရောက်ရောက်ပေးအပ်နိုင်ဖို့အတွက် လိုအပ်နေဆဲဖြစ်တာမို့ ဒေသ အားလုံးကို ရောက်ရှိနိုင်ရေး ဆက်ပြီး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ ဌာနေညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂအဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။
——————————
၃။ဖာပွန်ခရိုင်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီး၊စလင်းမှာလည်း ကထိန်ပွဲကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်လို့ ပြည်သူ ၅ ဦး ဒဏ်ရာရ
=================
m.CDM နိုဝင်ဘာ ၅ ရက်။
ကရင်ပြည်နယ်၊ မူတြော် (ဖာပွန်)ခရိုင်၊ လူသောမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ကျမ်းစာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ KNLA ဗဟို စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်၊ မွန်းလွဲ ၃ နာရီ ကနေ ၅ နာရီအတွင်း လူသောမြို့နယ်၊ ပေးကေးဒဲ ကျေးနယ်အုပ်စုက ဒေပူနို၊ ဖေါစေးပူ၊ ကလိုးဘောထာနဲ့ လယ်နာဒဲ ကျေးရွာတွေကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ၅ ကြိမ်တိုင်တိုင် ပေါင် ၅၀၀ ဗုံးတွေ ကြဲချခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် Y-12 လေယာဉ်နဲ့ပါ ဗုံးအလုံးရေ အမြောက်အမြား ထပ်မံ ကြဲချခဲ့တာကြောင့် အခုလို စာသင်ကျောင်းနဲ့ ကျမ်းစာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာလ ၁ ရက်၊ ညနေ ၄ နာရီခွဲ ခန့်ကလည်း ဘူးသိုမြို့နယ်၊ မဲကလော် ကျေးရွာအုပ်စု၊ မဲတရီထာ ရပ်ကွက် (၃) ကို စစ်အုပ်စုက တိုက်လေယာဉ် နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် ပြည်သူ့နေအိမ် ၂ လုံးနဲ့ ဈေးဆိုင် ၁ ဆိုင် ပျက်စီးခဲ့ရပါသေးတယ်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဂွေးပင်ဇင် ရွာမှာလည်း ကထိန်ပွဲ ကျင်းပနေချိန် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၄ ရက်၊ မနက် ၁၀ နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကထိန်ပွဲ ကျင်းပနေတဲ့နေရာကို တည့်တည့် ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ ဒဏ်ရာရသူ ၅ ဦးထဲက အမျိုးသားတစ်ဦးဟာ ပေါင်ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စလင်းမြို့နယ်၊ ရွာတန်းရှည် ကျေးရွာကိုလည်း နိုဝင်ဘာလ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ စစ်ကော်မရှင်တ ပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ အသုံးပြုပြီး ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၆ လုံး ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းက ရွှေမျှောဖောင်တွေကို နိုဝင်ဘာလ ၅ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ခန့်မှာ စစ်ကော်မရှင်တပ်က ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေ ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
----------------------------
၄။မြင်းခြံမှာ သုံးဘီးမောင်းတဲ့ လင်မယား အပါအဝင် အရပ်သား ၃ ဦးကို ပျူစောထီးတွေ နှိပ်စက်သတ်ဖြတ်
================
m.CDM နိုဝင်ဘာ ၅ ရက်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာမှာ သုံးဘီးမောင်းတဲ့ လင်မယား ၂ ဦးနဲ့ နောက်ထပ် အမျိုးသား ၁ ဦး တို့ကို ပျူစောထီးတွေက ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ဦးဌေးတင် (၆၂ နှစ်) နဲ့ ဇနီးဖြစ်သူ ဒေါ်စန်းတင့် (၅၇ နှစ်) တို့ နှစ်ဦးကို ပျူစောထီး ကျော်သူဦး ရဲ့ မိခင်က ပစ္စည်းသယ်ဖို့ရှိတယ်ဆိုပြီး လှည့်စားခေါ်ယူ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ဦးကို စစ်ကော်မရှင်ဂိတ်မှာ တစ်လနီးပါး ဖမ်းဆီးထားပြီး နှိပ်စက်ခဲ့ကာ နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ ရွာကြီးသုသာန် အနောက်ဘက်က အမှိုက်ပုံမှာ စွန့်ပစ်ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
သူတို့လင်မယားရဲ့ ရုပ်အလောင်းတွေမှာ ပါးစပ်နဲ့ လည်ပင်းတွေကို ဓားနဲ့ထိုးမွှန်းထားတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရပြီး၊ သူတို့နဲ့အတူ နွားထိုးကြီး မြို့နယ်ဘက်က ပန်းရောင်းတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုပါ အတူတူတွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။
အဆိုပါ ရုပ်အလောင်းတွေကို လာကောက်ပါက ပစ်သတ်မယ်လို့ ပျူစောထီးကျော်သူဦး က ခြိမ်းခြောက်ထားပြီး သူတို့လင်မယားရဲ့ သုံးဘီးကိုလည်း ယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ဦးဌေးတင်တို့ လင်မယားဟာ စစ်အုပ်စု ဂိတ်တွေအတွက်ပါ ဈေးဝယ်ပေးလေ့ရှိသူတွေ ဖြစ်ပြီး၊ သူတို့မှာ အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသား သားတစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
--------------------------
၅။မြစ်ကြီးနား-နမ္မတီးကြားမှာ စစ်တပ်ယာဉ်တန်းကို KIA နဲ့ ပူးပေါင်းတပ် တိုက်ခိုက်ခဲ့ရာ ကားတစီးပျက်စီး
===================
m.CDM၊ နိုဝင်ဘာ ၅
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဘက်ကိုလာတဲ့ စစ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ မြစ်ကြီးနားနဲ့ နမ္မတီးမြို့နယ်ကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ကားတစီး ပျက်စီးသွား တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
မနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းက မိုးကောင်းမြို့နယ်ကနေ မြစ်ကြီးနားမြို့ဘက်ကိုလာတဲ့ ကားအစီး ၁၃၀ ပါတဲ့ စစ်ယာဉ်တန်းကို မြစ်ကြီးနား-နမ္မတီးကြား မရမ်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက် သေဆုံးမှုအခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။
လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ နမ္မတီး-မြစ်ကြီးနားကားလမ်းတလျှောက် လုံခြုံရေးတင်းကြပ်စွာ ယူထားပြီး စစ်ယာဉ်တန်းပါကားအားလုံး မြစ်ကြီးနားမှာရှိတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ ကို မရောက်သေးဘူးလို့ အသိပေးထားပါတယ်။
ဒါ့အပြင် မပခက စစ်အင်အားအချို့ ကချင်ပြည်နယ် တနိုင်းမြို့ကို ထွက်ခွာသွားတာရှိတယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာ ၄ ရက်မှာပဲ မပခတိုင်းစစ်ဌာနချုပ်ကနေ ကား ၂ စီး စစ်အင်အား ၁၀၀ ခန့်နဲ့ တနိုင်း-လီဒီုလမ်းဘက် ထွက်ခွာသွားတာရှိပြီး လီဒိုလမ်းပိုင်းမှာ စစ်တပ်က ခရီးသွားတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို စစ်တပ်လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်ကလည်း တနိုင်းဒေသမှာ စစ်ဆေးမှု တွေ လုပ်ဆောင်ပြီး ဒေသနေပြည်သူတွေကိုဖမ်းဆီးတာ၊ ငွေကြေးတွေသိမ်းယူတာတွေ လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။
ဒါ့အပြင် KIA နဲ့ စစ်တပ်ဟာ ရှမ်းမြောက်ဒေသ မိုးမိတ်မြို့နယ်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး KIA တပ်မဟာ ၄ တပ်ရင်း ၃၆ နယ်မြေဖြစ်တဲ့ မိုးမိတ်မြို့နယ် ၇ မိုင်နဲ့ ၈မိုင်မှာ နိုဝင်ဘာ ၄ ရက်က တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှု ဆက်လုပ်နေလို့ တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီး စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာအပြင် လက်နက်ကြီး၊ ဒရုန်း၊ တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်နေတယ်လို့ သိရ ပါတယ်။
အဲဒီဒေသမှာ စစ်တပ်လက်အောက်ခံ ခမရ ၁၁၄၊ ၁၁၅ နဲ့ ၅၀၆ တပ်ရင်းတို့ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေ တာဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေတယ်လို့ သိရပါတယ်။
———————————
၆။အင်းတော်မြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲမှု စစ်ကားအချို့ မီးလောင်ပျက်စီး
===============
m.CDM၊ နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ မန္တလေးကနေ မြစ်ကြီးနားဘက် ဦးတည်လာတဲ့ စစ်တပ်ယာဉ်တန်းကို တော်လှန် ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကားအချို့ မီးလောင်ပျက်စီးသွားတယ်လို့ Indaw Revolution - IR က ထုတ်ပြန်ထားပါတယ်။
မော်လူးမြို့နဲ့ အင်းတော်မြို့ကြားက စီပိန်းရွာအနီးမှာ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက မနေ့ နိုဝင်ဘာ ၄ ရက် မနက် ၁၀ နာရီနဲ့ နေ့လည်ပိုင်းတို့မှာ ဒရုန်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကားအချို့ မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၃ ရက်မနက်ပိုင်းမှာ အင်းတော်မြို့နယ်နဲ့ ကောလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဒိုးပင်တောင်ရိုး ရှုခင်းသာ နေရာမှာ စစ်သားတွေက စစ်ဘေးရှောင်ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့လည်း Indaw Revolution - IR က အသိပေးထားပါတယ်။
ကျောင်းကုန်းရွာကနေ ဒိုးပင်တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေဟာ ကျောင်းကုန်းရွာဘက်ကနေ စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့သိရပါတယ်။
စစ်သားတွေဟာ အသက် ၄၀ အရွယ် အမျိုးသမီးကို ဓားဖြင့်ထိုးသတ်ဖြတ်ခဲ့ပြီး ထီးချိုင့်မြို့နယ်ဘက်က စစ်ဘေး ရှောင်လာတဲ့ အသက် ၃၀ အရွယ်အမျိုးသားနဲ့ အမည်၊ အသက် မသိရသေးတဲ့အမျိုးသားတဦးကိုနဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ Indaw Revolution - IR ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူအမျိုးသားရဲ့ ခင်ပွန်းကတော့ လက်မောင်းမှာ ကျည်ထိမှန်တဲ့ဒဏ်ရာရသွားပေမယ့် ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ သိရပါတယ်။
အရပ်သားပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ ကောလင်းမြို့နယ် ကျွန်းတောရွာဘက် ရောက်နေတဲ့အတွက် စစ်တပ်စစ်ကြောင်းတွေရဲ့အန္တရာယ်ကို သတိပြုကြဖို့နဲ့ စစ်ကြောင်းနဲ့ဝေးရာမှာ ဂရုတစိုက် နေထိုင်ကြဖို့ Indaw Revolution - IR က တိုက်တွန်းထားပါတယ်။
—————————
၇။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တွေ့ဆုံပြီး စစ်ရေး၊နိုင်ငံရေးဆွေးနွေး
================
m.CDM၊ နိုဝင်ဘာ ၅
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ဟာ စစ်ရေး၊နိုင်ငံရေးလုပ်ငန်းတွေ ဟန်ချက် ညီညီ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC မှ ထုတ်ပြန် ထားပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ရဲ့ ဆွေးနွေးပွဲကို အောက်တိုဘာ ၂၉ ရက်က လွတ်မြောက်နယ်မြေတနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အဲဒီတွေ့ဆုံပွဲကို MSFC ကောင်စီဝင်တွေနဲ့ ကော်မတီ ၃ ရပ်က တာဝန်ရှိသူတွေ၊ MSRF တပ်မှူးနဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြပြီး MSFC သဘာပတိ - ၁ နိုင်ကောင်းရွက်နဲ့ အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နိုင်မွန်စိုင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ MSFC ရဲ့ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြခဲ့ကြသလို MSRF ရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ လိုအပ်ချက်တွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေးနဲ့ စစ်ဒေသအလိုက် စစ်ဆင်ရေးတွေ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ နည်းဗျူဟာနဲ့ လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးချမှတ်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
အဲဒီတွေ့ဆုံပွဲကို MSFC တာဝန်ရှိသူတွေနဲ့အတူ MSRF တပ်ရင်းမှူး နိုင်ဒရာဂွန်နဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြပြီး နှစ်ဖက်သိရှိလိုတဲ့ အကြောင်းအရာတွေနဲ့ လုပ်ငန်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေ အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
——————————
၈။ယောကာကွယ်ရေးတပ် (YDF) နဲ့ ယောတပ်တော် (YA) တို့ တပ်ပေါင်းစည်းရေး သဘောတူညီချက် ရရှိ
=================
m.CDM နိုဝင်ဘာ ၅ ရက်။
ယောဒေသတွင်းက စစ်ရေးနဲ့ နိုင်ငံရေး အင်အားတွေကို ပိုမိုစုစည်းနိုင်ဖို့ ယော ကာကွယ်ရေးတပ် (YDF) နဲ့ ယော တပ်တော် (YA) တို့ကြား သဘောတူညီချက် ၇ ချက် ရရှိခဲ့တယ်လို့ တပ်ပေါင်းစည်းရေးကော်မတီက နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ယောဒေသတစ်နေရာမှာ နှစ်ဖက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပြီး ယောဒေသ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့ ယောအမျိုးသားတပ် တစ်ခုတည်း တည် ဆောက်ရေးတို့အပေါ် သဘောတူညီမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒီသဘောတူညီချက် (၇) ချက်ထဲမှာ တပ်ပေါင်းစည်းရေး ကော်မတီ ဖွဲ့စည်းတာ၊ တခြား တော်လှန်ရေးအင်အားစု တွေကို ပူးပေါင်းဖို့ဖိတ်ခေါ်တာနဲ့ အပြီးသတ်ပေါင်းစည်းမယ့် အချိန်ကာလသတ်မှတ်တာတွေ ပါဝင်တယ်လို့ ဆိုပါ တယ်။
ဒေသတွင်း အင်အားကြီး တော်လှန်ရေးတပ် နှစ်ခုဖြစ်တဲ့ YDF နဲ့ YA တို့ဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်ခုတည်းသော ယောအမျိုးသားတပ် အနေဖြင့် မဟာမိတ်တွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။
-------------------------
၉။ရန်ကုန် စမ်းချောင်းမှာ လူငယ်တဦးကို စစ်အုပ်စုက ကားနှစ်စီးနဲ့ပေါ်တာဆွဲ
===============
m.CDM၊ နိုဝင်ဘာ ၅
ရန်ကုန်မြို့တော် စမ်းချောင်းမြို့နယ် ဂွဈေးအနီးမှာ နိုဝင်ဘာ ၄ ရက် ညဦးပိုင်းက လူငယ်တဦးကို စစ်အုပ်စုက ကားနှစ်စီးက ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်နေတဲ့ရုပ်သံဖိုင်တခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာဲ့ပါတယ်။
ဂွဈေးအနီးက သရက်တောလမ်းမှာ နိုဝင်ဘာလ ၄ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ ပေါ်တာဆွဲခဲ့တဲ့ဖြစ်ရပ် လူမှုကွန်ရက်ပေါ်မှာပျံ့နှံလာခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရန်ကုန်မှာ ပေါ်တာဆွဲခံရတဲ့သတင်းနဲ့ ထူးခြားဖြစ်စဥ်တွေကိုဖော်ပြပေးနေတဲ့ Scoutnews က အသက် ၁၅ နှစ်အရွယ် လူငယ်တဦးကို အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့ စရဖအဖွဲ့ရဲ့ Honda Insight မော်တော်ယာဉ်ကို လမ်းသူလမ်းသားတွေက ခဲနဲ့ပေါက်ပြီး ဝိုင်းဝန်းတားဆီးခဲ့ကြပေမယ့် လွတ်မြောက်သွားတယ်လို့ ဒေသနေပြည်သူတွေရဲ့ အဆိုကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဖမ်းဆီးသူတွေဟာ ကလေးငယ်ကို သေနတ်နဲ့ထောက်ထားရုံသာမက သူတို့ဟာ စရဖတွေဖြစ်တဲ့အကြောင်း အော်ဟစ်ဟစ်ကြွေးပြီး ဖမ်းဆီးသွားကြတာလို့ သိရပါတယ်။
၁၅ နှစ်အရွယ်လူငယ်ကိုဖမ်းဆီးသွားတဲ့ကား လွတ်မြောက်သွားပြီး မကြာခင်မှာပဲ ပါဂျဲရိုးကားအပါအဝင် မီးတန်းတပ်ထားတဲ့ ရဲယာဉ်တစီးနဲ့ စစ်ကားစီးတို့ အခင်းဖြစ်နေရာကို ရောက်ရှိလာပြီး ခဲနဲ့ပေါက်သူတေါကို စုံစမ်းမှုတွေလုပ်နေတယ်လို့ သိရပါတယ်။
အဲဒီရုပ်သံဖိုင် လူမှုကွန်ရက်အပေါ်ပျံ့နှံ့သွားတဲ့အတွက် စစ်အုပ်စုဘက်က အညှိုးထားပြီး စစ်ဆေးတာတွေ လုပ်နိုင်တဲ့အတွက် အခင်းဖြစ်နေရာပတ်ဝန်းကျင်ကသူတွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက နှိုးဆော်ထားပါတယ်။
စစ်အုပ်စုဟာ ရန်ကုန်အပါအဝင် မြို့ကြီးတွေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာ လူငယ်တွေကိုပစ်မှတ် ထားပြီး ပေါ်တာစွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတာပဲဖြစ်ပါတယ်။
————————————
၁၀။ပဋိပက္ခလျှော့ချရေးနဲ့ နယ်စပ်အရေး ဆွေးနွေးဖို့ ထိုင်း ဒု-ဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်မည်၊နယ်စပ်က စစ်ဆင်ရေးတွေကြောင့် ထိုင်းပြည်သူတွေ မထိခိုက်စေဖို့ ထိုင်းကာကွယ်ရေးဦးစီးချုပ် ဒုတိယအကြိမ် ထပ်မံ သတိပေး
===================
m.CDM နိုဝင်ဘာ ၅ ရက်။
ပဋိပက္ခလျှော့ချရေးနဲ့ နယ်စပ်ကို စစ်မီးမကူးစက်ရေး ဆွေးနွေးနိုင်ဖို့ ထိုင်း ဒု-ဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဟာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် နိုဝင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ် လို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်း ရွေးတုသမ္မတ မင်းအောင်လှိုင်နဲ့ တွေ့ဆုံနိုင်ဖို့ ညှိနှိုင်းနေပြီး၊ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပ နေတဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) ဖိုရမ် တက်ရောက်နေရင်း စစ်ကော်မရှင်ခန့် နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေ နဲ့ ဖုန်းကနေတစ်ဆင့် ကြိုတင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ ဆွေးနွေးရာမှာ လေကြောင်းတိုက်ခိုက်မှုတွေကို နယ်စပ်နဲ့ ဝေးဝေးမှာလုပ်ဖို့၊ အကြမ်းဖက်မှု လျှော့ချရေးနဲ့ အာဆီယံ တောင်းဆိုချက်ကို အပြုသဘောတုံ့ပြန်မှသာ အာဆီယံ အစည်းအဝေးတွေမှာ ပြန်ပါခွင့်ရမှာ ဖြစ်တယ် လို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
စစ်အုပ်စုဝန်ကြီး သန်းဆွေ ကလည်း ထိုင်းနိုင်ငံရဲ့ စိုးရိမ်ချက်တွေကို လက်ခံခဲ့ပြီး စစ်ကော်မရှင် ခေါင်းဆောင်ပိုင်း တွေကို တင်ပြပေးဖို့နဲ့ ထိုင်းနိုင်ငံကို ထိခိုက်စေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ထပ်မဖြစ်ဖို့ ကတိပေးခဲ့ကြောင်း ထိုင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
အလားတူ ထိုင်း ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး ယူကရစ် ဘွန်တနွန်ဒါ ကလည်း နိုဝင်ဘာလ ၅ ရက်နေ့မှာ မြန်မာစစ်သံမှူး၊ ဗိုလ်မှူးချုပ် ဝင်းသူလင်း နဲ့ တွေ့ဆုံခဲ့ပြီး နယ်စပ်စစ်ဆင်ရေးတွေကြောင့် ထိုင်းပြည်သူတွေ မထိခို က်စေဖို့ ထပ်မံ သတိပေးခဲ့တယ်လို့ သိရပါတယ်။
တိုင်းရင်းသားတပ်တွေ သိမ်းထားတဲ့ နယ်စပ်စခန်းတွေကို ပြန်ရဖို့ ထိုးစစ်ဆင်ရာမှာ ထိုင်းပိုင်နက်နဲ့ ထိုင်းပြည်သူ တွေရဲ့ အသက်အိုးအိမ်လုံခြုံရေးကို မထိခိုက်စေဖို့ ထိုင်းအမျိုးသားကာကွယ်ရေးကောလိပ် (NDC)မှာ တွေ့ဆုံစဉ် အခုလို ဒုတိယအကြိမ် ထပ်မံ သတိပေးခဲ့တာလို့ ဆိုပါတယ်။
မြန်မာစစ်တပ်အနေနဲ့ မိမိပိုင်နက်အတွင်းမှာ မည်သည့်စစ်ရေးလှုပ်ရှားမှုကိုမဆို လုပ်ဆောင်နိုင်ပေမယ့် ထိုင်းနိုင်ငံ ပိုင်နက်အတွင်းက ပြည်သူတွေကို ထိခိုက်စေခြင်းမပြုဖို့နဲ့ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ အထူး အလေးထား ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီဆွေးနွေးမှုအတွင်း မြန်မာစစ်သံမှူး ဘက်က အပြုသဘောနဲ့ တုံ့ပြန်ခဲ့ပေမဲ့ တကယ်လိုက်နာခြင်း ရှိ၊မရှိ ကိုတော့ မြေပြင်စစ်ရေးလှုပ်ရှားမှုတွေကနေပဲ အကဲဖြတ်ရမှာဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယူကရစ် က ထိုင်းမီဒီယာတွေကို ပြောပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ ရက်နေ့ကလည်း မြဝတီဘက်ကတိုက်ပွဲတွေကြောင့် လက်နက်ကြီးကျည်တွေ ထိုင်းနိုင်ငံထဲ ကျရောက်ခဲ့တာကြောင့် မြန်မာစစ်သံမှူးကို ပထမအကြိမ် ဆင့်ခေါ် သတိပေးခဲ့ရ ပါသေးတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
No comments:
Post a Comment