၂၆ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၂၆ -  ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။⁨သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာသံတမန်တွေကို ပြည်သူဘက်က ရပ်တည်ဖို့ တိုက်တွန်း၊CRPH က APHR ဖိုရမ်မှာ မြန်မာ့အရေး တင်ပြ

၂။မြန်မာ့အထည်ချုပ်နဲ့ ပို့ကုန်တွေအပေါ် EU အခွန်ကင်းလွတ်ခွင့်ရုပ်သိမ်းဖို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်တွေ တောင်းဆို၊The Manhattan FISH MARKET မြန်မာနိုင်ငံက ဆိုင်ခွဲအားလုံး အပြီးတိုင် ပိတ်သိမ်းမည်၊

၃။အရာတော် နောင်ကြီးအိုင်ရွာလယ်ဈေးတန်းကို စစ်ကော်မရှင်ဗုံးကြဲ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံး၊မော်လူးမှာ ဗုံးစထိမှန်ထားတဲ့ ဆရာတော် ပျံလွန်တော်မူ၊ ရွာငံမှာ သားအဖ ၂ ဦး ပစ်သတ်ခံရ

၄။ ကျိုက်ထို၊ ကောလင်း-ကန့်ဘလူနဲ့ ဟိုပင်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်အထိနာပြီး စစ်သားအလောင်းတွေကို ဒီအတိုင်း စွန့်ပစ်ထားခဲ့၊တံတားဦး လေတပ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာသံတမန်တွေကို ပြည်သူဘက်က ရပ်တည်ဖို့ တိုက်တွန်း၊CRPH က APHR ဖိုရမ်မှာ မြန်မာ့အရေး တင်ပြ
================
နိုဝင်ဘာ ၂၅၊ m.CDM

နိုင်ငံတကာတရားရုံး (ICJ) ရဲ့ မြန်မာနိုင်ငံအပေါ် စီရင်ချက်ချမှတ်ပြီးနောက် မြန်မာသံရုံးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်တွေအနေနဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးနေခြင်း ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပြီး ပြည်သူဘက်က ရပ်တည်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက PVTV ရဲ့ “ICJ စီရင်ချက်ရှေ့ ဘာတွေဆက်ဖြစ်မလဲ” ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးအနေနဲ့ အရင်က အတူတကွ လုပ်ကိုင်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လက်ရှိ သံရုံးတွေမှာ တာဝန်ထမ်းဆောင်နေသူတွေကို အထူးပြောကြားလိုကြောင်းလည်း ၎င်းက ဆိုပါတယ်။

ပြည်သူတွေနဲ့ လူသားအားလုံးအပေါ် ခွဲခြားမှုမရှိဘဲ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ကာကွယ်ပေးနေခြင်း၊ အားပေးနေခြင်း ရှိ၊ မရှိ ပြန်လည်စဉ်းစားသင့်ပြီဖြစ်ကြောင်း ဦးကျော်မိုးထွန်းက ပြောပါတယ်။

“သံတမန်တွေအနေနဲ့ ဓမ္မဘက်ကရပ်ပါ၊ ပြည်သူဘက်ကရပ်ပါ” လို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

အလားတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၂၂ ရက်က ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ရဲ့ ၈ ကြိမ်မြောက် နှစ်ပတ်လည်အဖွဲ့ဝင်ဖိုရမ် ဒုတိယနေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ပြီး မြန်မာ့နိုင်ငံရေးနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

CRPH ကိုယ်စားလှယ်အဖွဲ့က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းဆောင်ရွက်မှု၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး ကြိုးပမ်းမှုနဲ့ ပြည်နယ်၊ ဖက်ဒရယ်ယူနစ်အဆင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍတွေကို တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ ဖွဲ့စည်းမှု၊ နိုင်ငံရေးရည်မှန်းချက်နဲ့ မူဝါဒတွေကို ရှင်းလင်းခဲ့ပြီး SCEF နဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး၊ မြန်မာပြည်သူတွေဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထိရောက်စွာရောက်ရှိရေးနဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးမှာ ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက်ရေးတို့ကိုလည်း တင်ပြခဲ့ပါတယ်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားမတရားဖမ်းဆီးခံထားရသူတွေကို ချက်ချင်းပြန်လည်လွှတ်ပေးဖို့ APHR အနေနဲ့ ဆက်လက်တိုက်တွန်းပေးရန် CRPH က တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က CRPH ကို မြန်မာနိုင်ငံအတွက် အဓိကဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုထားတဲ့ အခြေအနေကိုလည်း မျှဝေခဲ့ပြီး အာဆီယံပါလီမန်များညီလာခံ (AIPA) နဲ့ ဒေသတွင်းလွှတ်တော်တွေအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်နိုင်ရေး APHR ရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။

တစ်ဖက်မှာလည်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ အကာအကွယ်ပေးရေး၊ နေရပ်စွန့်ခွာနေရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ အခြေအနေ၊ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးအခွင့်အရေးတို့နဲ့ ပတ်သက်တဲ့ ရေးရာကော်မတီ ၄ ခုရဲ့ စုံစမ်းမေးမြန်းမှုအစီရင်ခံစာတွေကို အနှစ်ချုပ်တင်ပြခဲ့ပါတယ်။

အဲဒီအစီရင်ခံစာတွေက ရရှိလာတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အာဆီယံလွှတ်တော်အမတ်တွေအနေနဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးကြဖို့လည်း CRPH ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းခဲ့ပါတယ်။
———————————
၂။မြန်မာ့အထည်ချုပ်နဲ့ ပို့ကုန်တွေအပေါ် EU အခွန်ကင်းလွတ်ခွင့်ရုပ်သိမ်းဖို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်တွေ တောင်းဆို၊The Manhattan FISH MARKET မြန်မာနိုင်ငံက ဆိုင်ခွဲအားလုံး အပြီးတိုင် ပိတ်သိမ်းမည်၊
=================
m.CDM နိုဝင်ဘာ ၂၅ ရက်။

ICJ စီရင်ချက် ဆုံးဖြတ်ပြီးနောက် မြန်မာနိုင်ငံက အထည်ချုပ်နဲ့ ကုန်ပစ္စည်းတင်ပို့မှုအပေါ် ဥရောပသမဂ္ဂ EU က ပေးထားတဲ့ အခွန်ကင်းလွတ်ခွင့်ကို ရုပ်သိမ်းဖို့ industriALL Europe နဲ့ IndustriALL Global Union (ဥရောပနဲ့ ကမ္ဘာလုံးဆိုင်ရာ) အလုပ်သမားအဖွဲ့ချုပ် ၂ ခုက ပူးတွဲတောင်းဆိုလိုက်ပါတယ်။

EU ထိပ်တန်းခေါင်းဆောင်တွေထံကို ပေးပို့ခဲ့တဲ့ စာထဲမှာ မြန်မာနိုင်ငံအတွက် ပေးအပ်ထားတဲ့ Everything But Arms (EBA)အခွန်ကင်းလွတ်ခွင့် ကုန်သွယ်ရေးအကျိုးခံစားခွင့်ကို ရုပ်သိမ်းဖို့၊ MADE in Myanmar အစီအစဉ် ကိုအဆုံးသတ်ဖို့နဲ့ တောင်အာဖရိက အသားအရောင်ခွဲခြားမှုစနစ် ကာလကလို ပြည့်စုံကျယ်ပြန့်တဲ့ ပိတ်ဆို့အရေး ယူမှုတွေ ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ EU ကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေလဲလှယ်မှု၊ သွင်းကုန်ပို့ကုန်ခွန်၊ ဆိပ်ကမ်းကြေးနဲ့ ဝန်ထမ်းဝင်ငွေခွန် တွေကတဆင့် စစ်ကော်မရှင်ထံ ယူရိုငွေကြေးတွေ တိုက်ရိုက် စီးဝင်နေပြီး၊ အဆိုပါ ငွေတွေကို လက်နက်ခဲယမ်းနဲ့ လောင်စာဆီ ဝယ်ယူရာမှာ အသုံးပြုနေတာကြောင့် အခုလို ငွေကြေးစီးဝင်မှု လမ်းကြောင်းကို ဖြတ်တောက်ရမှာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ်၊ ဇွန်လကတည်းက အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILO) ကနေ ပုဒ်မ (၃၃) အရ စစ်အုပ်စုထံ ငွေကြေးစီးဝင်မှု ကန့်သတ်ဖို့ ပြဌာန်းထားပြီး ဖြစ်တာကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က ထွက် ပေါ်ခဲ့တဲ့ ICJ စီရင်ချက်ကို ကြိုဆိုထားတဲ့ EU အနေနဲ့ မူဝါဒ မပြောင်းလဲဘူးဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုကို ဆု ချီးမြှင့်သလို ဖြစ်နေမယ်လို့ အလုပ်သမားအဖွဲ့ချုပ် ခေါင်းဆောင်တွေက သတိပေးပြောဆိုထားပါတယ်။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ ၁၂ နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့တဲ့ မလေးရှားနိုင်ငံပိုင် နာမည်ကျော် ပင်လယ်စာ စားသောက်ဆိုင်လုပ်ငန်း “The Manhattan FISH MARKET Myanmar” ကလည်း မြန်မာနိုင်ငံက ဆိုင်ခွဲအားလုံးကို အပြီးတိုင်ပိတ်သိမ်းတော့မယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

၂၀၁၄ ဧပြီလက ရန်ကုန်မြို့ MMG Tower မှာ ပထမဆုံး စတင်ဖွင့်လှစ်ခဲ့ပြီး၊ ရန်ကုန်မှာ ၂ ဆိုင်နဲ့ မန္တလေးမြို့မှာ ၁ ဆိုင် စုစုပေါင်း ၃ ဆိုင် ဖွင့်လှစ်လုပ်ကိုင်ခဲ့တဲ့ အဲဒီစားသောက်ဆိုင်လုပ်ငန်းဟာ မနက်ဖြန်(နိုဝင်ဘာ ၂၆ ရက်နေ့) ကစပြီး မြန်မာဈေးကွက်ကနေ အပြီးတိုင် ထွက်ခွာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
-----------------------------
၃။အရာတော် နောင်ကြီးအိုင်ရွာလယ်ဈေးတန်းကို စစ်ကော်မရှင်ဗုံးကြဲ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး သေဆုံး၊မော်လူးမှာ ဗုံးစထိမှန်ထားတဲ့ ဆရာတော် ပျံလွန်တော်မူ၊ ရွာငံမှာ သားအဖ ၂ ဦး ပစ်သတ်ခံရ
====================
m.CDM နိုဝင်ဘာ ၂၅ ရက်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာက ရွာလယ်ဈေးတန်းကို စစ်ကော်မရှင်တပ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ အရာတော်မြို့နယ် ပကဖ တာဝန်ရှိ သူထံက သိရပါတယ်။

နိုဝင်ဘာလ ၂၄ ရက်၊ တန်ဆောင်မုန်း လပြည့်နေ့၊ မနက် ၇ နာရီခန့် လူစည်ကားနေချိန်မှာ မုံရွာ နမခ ကနေ တက် လာတဲ့ စက်တပ်လေထီး ၁ စီးဖြင့် ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ နောင်ကြီးအိုင်ရွာခံ ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ချောင်းဂွရွာခံ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး၊ ၇ ဦးထပ်မနည်း ဒဏ်ရာရခဲ့ကာ ဈေးဆိုင် ၅ ဆိုင် ထပ်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲခံရပြီးနောက် ရွာသားအချို့ ကြောက်လန့်တိမ်းရှောင်တာတွေ ရှိခဲ့ပေမယ့် ရွာခံအများစုကတော့ ကျေးရွာထဲ မှာပဲ ဆက်လက်နေထိုင်ပြီး အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ မော်လူးမြို့နဲ့ ၁ မိုင်ခန့်အကွာရှိ မူလတောရကျောင်း ကျောင်းထိုင်ဆရာတော် ဓမ္မစရိယ ဦးခေမာစာရ ဟာ လေယာဉ်ဗုံးစထိမှန်ဒဏ်ရာနဲ့ မန္တလေးဆေးရုံမှာ ဆေးကုသမှုခံယူရင်း ဒီကနေ့ (နိုဝင်ဘာလ ၂၅ ရက်) မွန်းလွဲ ၂ နာရီမှာ ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သက်တော် ၄၂ နှစ်၊ ဝါတော် ၂၂ ဝါ ရှိပြီဖြစ်တဲ့ ဆရာတော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက် ညပိုင်း၊ စစ်ကော်မရှင် တပ်က Y-12 လေယာဉ်နဲ့ မော်လူးမြို့ အနီးကို ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့စဉ်မှာ ဦးခေါင်းကို ဗုံးစထိမှန်ခဲ့တာ ဖြ စ်ပါတယ်။

လက်ရှိ မော်လူးမြို့မှာ နယ်မြေ မတည်ငြိမ်သေးတာကြောင့် ဆရာတော်ရဲ့ ရုပ်ကလာပ်တော်ကို ပြန်မသယ်တော့- ဘဲ မိုးညှင်းမြို့က တောရကျောင်းမှာပဲ သင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ပြေသာရွာမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်၊ ည ၁၀ နာရီ ဝန်းကျင်မှာ ဆိုင်ကယ် ၃ စီးနဲ့ လူ ၆ ဦး ရောက်ရှိလာပြီး နေအိမ် ၁ အိမ် အတွင်းက သားအဖ ၂ ဦး ကို ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် အသက် ၅၇ နှစ်အရွယ် ဦးဖိုးဇော်နဲ့ သားဖြစ်သူ ၂၁ နှစ်အရွယ် မောင်ထွန်းထွန်းမင်း (ခ) ဖိုးသား တို့ ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပြီး၊ အဆိုပါ ပစ်ခတ်မှုအပေါ် ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ DPLA အဖွဲ့ က သူတို့နဲ့ သက်ဆိုင်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။

ရွာငံမြို့နယ်တောင်ပိုင်း လမ်းတစ်လျှောက်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ လှုပ်ရှားနေပြီး ရှောင်တခင် စစ်ဆေးမှုတွေအပြင် အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
---------------------
၄။⁨ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၂ ဦးသေဆုံးပြီး တဦး ဒဏ်ရာရ
==================
m.CDM၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ယိုးတရုတ်နဲ့ အောင်ဖြူပြင်ရွာကို အာဏာသိမ်းစစ်အုပ်စုက တိုက်လေယာဉ် တွေသုံးပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၂ ဦး သေဆုံးပြီး တဦး ဒဏ်ရာရသွာတယ်လို့ အာရက္ခတပ်တော် AA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီ ၁၅ မိနစ်မှာ ယိုးတရုတ်ရွာကို တိုက်လေယာဉ်တစင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လယ်ထဲမှာ စပါးရိတ်သိမ်းပြီး တလင်းနယ်နေတဲ့ အသက် ၂၇ နှစ် အရွယ်အမျိုးသား ဗုံးစထိမှန် သေဆုံးသွားတဲ့အပြင် တလင်းနယ်ရာမှာ အသုံးပြုတဲ့ နွား ၃ ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အတူ နိုဝင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲလောက်ကလည်း အောင်ဖြူပြင်ရွာကို စစ်အုပ်စုက တိုက်လေယာဉ်တစင်းနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ အသက် ၆၄ နှစ်အရွယ် အမျိုးသားတဦး သေဆုံးခဲ့ရပြီး အသက် ၂၂ နှစ်အရွယ်အမျိုးသား ဒဏ်ရာရရှိ ကာ ပြည်သူပိုင် အိမ် ၃ လုံးနဲ့ ဆိုင်ကယ် ၂ စီး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ရခိုင်ဒေသကို ထိုးစစ်ဆင်နေပေမယ့် AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့အတွက် အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာထားပါတယ်။
——————————
၅။ကျိုက်ထို၊ ကောလင်း-ကန့်ဘလူနဲ့ ဟိုပင်တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်အထိနာပြီး စစ်သားအလောင်းတွေကို ဒီအတိုင်း စွန့်ပစ်ထားခဲ့၊တံတားဦး လေတပ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး၊
===================
m.CDM နိုဝင်ဘာ ၂၅ ရက်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ၃ ပတ်နီးပါးကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ပြန်ဆုတ်သွားချိန် စွန့်ပစ်ထားခဲ့တဲ့ စစ်သားအလောင်း ၇ လောင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အင်အား ၁,၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင် စစ်ကြောင်းနဲ့ တိုက်ပွဲ အကြိမ် ၄၀ ထပ်မနည်း ဖြစ်ပွားခဲ့ပြီး၊ စစ်ကော် မရှင်တပ်ဘက်က ၄၀ ကျော် သေဆုံးခဲ့ကာ စစ်ကြောင်းပြန်ဆုတ်ချိန်မှာ နတ်စင်နဲ့ ကျောက်ဖျာရွာတွေက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ကန့်ဘလူ မြို့နယ်အစပ် တိုက်ပွဲတွေမှာလည်း စစ်ကော်မရှင် တပ်ဘက်က အထိနာခဲ့ပြီး သုံ့ပန်းအများအပြား ဖမ်းဆီးခံခဲ့ရသလို သေဆုံးသွားခဲ့တဲ့ စစ်သားအလောင်းတွေကိုလည်း ရွာထဲမှာ ဖြစ်သလို မြှုပ်နှံထားခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာလ ၂၂ ရက်နေ့၊ မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်ဟာ Y-12 လေယာဉ်တွေနဲ့ ကန့်ဘလူမြို့နယ် အတွင်းရှိ ဘောရွာ၊ အေးသာယာရွာနဲ့ ဆယ့်တစ်ပေါက်ရွာတွေကို ၁၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ထို့အပြင် ကချင်ပြည်နယ်၊ ဟိုပင်မြို့အနီး၊ နန့်ရင်းချောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ရဲ့ ခလရ - ၄၀ တပ်ရင်းနဲ့ SNA ပူးပေါင်းတပ်ဖွဲ့တွေကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း ဟိုပင်နယ်ထိန်း၊ ဒု-ရဲအုပ် ထက်လွမ်းဦး သေဆုံးသွားပြီး၊ ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ကာ တပ်ပြန်ဆုတ်သွားရသလို တိုက်ပွဲဖြစ်ပွားချိန်မှာ ပြေးလွှားရင်း အသက် ၂၀ အရွယ် ဒေသခံ တစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ တံတားဦးမြို့၊ အမှတ် (၃) ရပ်ကွက်၊ တံတားဦး-မြို့သာ လမ်းပေါ်က ရွှေအိမ်စည် စားသောက်ဆိုင် ရှေ့မှာ နိုဝင်ဘာလ ၂၄ ရက်၊ တန်ဆောင်တိုင်ည ၇ နာရီခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ပံသကူကောက်သူတွေ တွေ့ရှိအကြောင်းကြားခဲ့တဲ့ ဝါယာကြိုးပါအနက်ရောင်ကျောပိုးအိတ်ကို အသက်မဲ့အောင် လုပ်ရင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ နယ်ထိန်းရဲနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး ထပ်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း မြို့ခံတွေထံက သိရှိရပါတယ်။
-----------------------
၆။စဉ့်ကူးမှာ စတားလင့်ခ့် ပြဿနာဖြစ်ခဲ့တဲ့ MDY-PDF တပ်မှူးဟောင်း မြတ်ကြီး စစ်ကော်မရှင်ထံ ဘက်ပြောင်း၊KNLA တပ်မဟာ (၁) က အဖွဲ့ဝင် ၅ ဦး လက်နက်နဲ့တကွ စစ်ကော်မရှင်ထံ အညံခံ၊
==================
m.CDM နိုဝင်ဘာ ၂၅ ရက်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်မှာ စတားလင့်ခ်စက် သိမ်းဆည်းမှုပြဿနာနဲ့ လူသိများခဲ့တဲ့ MDY-PDF တပ်ရင်းမှူး (ဟောင်း) နဲ့ ပြည်သူ့ဆက်ဆံရေး စခန်းမှူး၊ မြတ်မင်း (ခေါ်) မြတ်ကြီး ဟာ စစ်ကော်မရှင်ထံ အညံခံ ဘက်ပြောင်း သွားတယ်လို့ သိရပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာလက စဉ့်ကူးမြို့နယ်၊ မင်းရွာက နေအိမ်တစ်အိမ်မှာ စတားလင့်စက် အသုံး ပြုမှုနဲ့ ပတ်သက်ပြီး၊ အရပ်သားတွေနဲ့ အချင်းများခဲ့တဲ့ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်ပျံ့နှံခဲ့ရာမှ ဝေဖန်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

စဉ့်ကူးမြို့ကနေ MDY-PDF တပ်ဖွဲ့တွေ ပြန်ဆုတ်ခွာသွားပြီး သိပ်မကြာခင်မှာ မြတ်ကြီး အပါအဝင် တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူး နဲ့ တပ်ခွဲမှူး အဆင့်ရှိသူ စုစုပေါင်း ၉ ဦး စစ်ကော်မရှင်ထံ လက်နက်ချ အညံ့ခံသွားတဲ့သတင်း ထွက် ပေါ်ခဲ့ပါတယ်။

MDY-PDF တပ်ဖွဲ့ကလည်း ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့မှာ လက်နက်နဲ့တကွ အညံ့ခံသွားသူ ၁၀ ဦးကို အမည်ပျက် စာရင်း ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

မြတ်ကြီးဟာ ဘက်ပြောင်းသွားပြီးနောက် စစ်ကော်မရှင်တပ်ထဲမှာ ၃ လခန့် နေထိုင်ခဲ့ရပြီး ယခုအခါ မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်၊ မြောက်ပြင်ရပ်က နေအိမ်မှာ ပြန်လည်နေထိုင်နေတယ်လို့ သိရပါတယ်။

အလားတူ မွန်-ကရင် ပြည်နယ်အစပ်၊ KNU/KNLA တပ်မဟာ (၁) နယ်မြေ၊ တပ်ရင်း (၁) တပ်ခွဲ (၁) လက်အော က်ရှိ တော်လှန်ရေး တပ်ဖွဲ့တစ်ခုမှ တပ်ခွဲမှူး အဆင့်ရှိသူ ရဲမင်းပိုင် (ခ) ရဲလင်းပိုင် (ခ) ပူးလီ အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးဟာ စစ်ကော်မရှင်ထံ ဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုရဲ့ နိုဝင်ဘာလ ၂၅ ရက် ထုတ်ပြန်ချက်အရ ရဲမင်းပိုင်နဲ့ အဖွဲ့ဝင် ၅ ဦးဟာ သေနတ် ၅ လက်၊ ကျည်ဘောက် ၁၄ ဘောက်၊ ကျည် ၃၀၀ နီးပါးနဲ့ စစ်သုံးပစ္စည်းတွေကို ယူဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KNLA ဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာ တာမျိုး မရှိသေးပါဘူး။
---------------------
 ⁨၇။မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချတာကို ပစ်မှတ်ထားတဲ့ ဥပဒေတရပ် ပြဌာန်းသွားမယ့် ဗြိတိန်အစိုးရရဲ့ ကတိကဝတ်ကို Justice for Myanmar ကြိုဆို
===================
m.CDM၊ နိုဝင်ဘာ ၂၅

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်ချမှတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို တင်ပို့ရောင်းချတာကို ပစ်မှတ်ထားတဲ့ ဥပဒေတရပ် ပြဌာန်းသွားမယ့် ဗြိတိန်အစိုးရရဲ့ ကတိကဝတ်ကို Justice for Myanmar က ကြိုဆိုလိုက်ပါတယ်။
“မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က စီရင်ချက် ချမှတ်ခဲ့ အပြီးမှာပဲ ဗြိတိန်ရဲ့ အလျင်အမြန် အရေးယူဆောင်ရွက်မှုကို ကြိုဆိုပါတယ်” လို့ Justice For Myanmar က ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။
အဲဒီလေယာဉ်ဆီတွေက ပြည်သူတွေအပေါ်  အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ လေကြောင်း စစ်ဆင်ရေးတွေအတွက် အသက်သွေးကြောတွေလို အထောက်အပံ့ပေးနေတာလို့ Justice For Myanmar က ထောက်ပြထားပါတယ်။
ICJ က စီရင်ချက်အပြီး ဗြိတိန်အစိုးရက မြန်မာစစ်အုပ်စုရဲ့ စစ်သံမှူးကို တိုင်းပြည်ကနေနှင်ထုတ်တာ၊ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ရာမှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်အုပ်စုက ထိပ်တန်း အရာရှိတွေဖြစ်တဲ့ မျိုးထွဋ်လှိုင်၊ မျိုးမင်းထွန်း၊ မြတ်သက်ဦး၊ ကျော်စိုးနဲ့ ကျော်စွာဦးတို့ကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ ချမှတ်လိုက်တဲ့ အရေးယူမှုတွေကိုလည်း Justice For Myanmar က ကြိုဆိုထားပါတယ်။
မြန်မာနိုင်ငံကို လေယာဉ်ဆီ တင်ပို့ရောင်းချတာ၊ ထောက်ပံ့ပေးတာနဲ့ပို့ဆောင်တာတွေကို အလုံးစုံ ပိတ်ပင် တားမြစ်ဖို့နဲ့လေယာဉ်ဆီ သယ်ယူပို့ဆောင်မှုအတွက် အာမခံဝန်ဆောင်မှု ပေးအပ်တာတွေကိုပါ ပိတ်ပင်ရေး အလျင်အမြန် ချမှတ်အကောင်အထည်ဖော်ဖို့လည်း Justice For Myanmar က ဗြိတိန်အစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။
—————————————
၈။ဂျနီဗာမှာရှိတဲ့ UNHCR က အဆင့်မြင့်အရာရှိတွေ မလေးရှားအခြေစိုက် ACR ရုံး ကိုလာရောက်ပြီး ဒုက္ခသည်အရေးဆွေးနွေး
====================
m.CDM၊ နိုဝင်ဘာ ၂၅

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာအ‌ခြေစိုက်တဲ့ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အဆင့်မြင့်အရာရှိတွေ မလေးရှားနိုင်ငံအခြေစိုက် ACR ရုံး ကိုလာရောက်ပြီး ဒုက္ခသည်တွေအရေးဆွေးနွေးခဲ့ တယ်လို့ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များအရေးဆောင်ရွက်နေတဲ့ Alliance of Chin Refugees -ACR အဖွဲ့က ထုတ်ပြန်လာပါတယ်။
UNHCR က Deputy High Commissioner Mrs. Tressa Rae Finerty၊ UNHCR Malaysia Representative Mrs. Louise Aubin၊ CBP ဌာနက အရာရှိ Dr. Susheela နဲ့ UNHCR Thailand ရုံးက အရာရှိ Mrs. Karen တို့ဟာ မနေ့ နိုဝင်ဘာ ၂၄ နေ့က ACR ရုံးကို လာရောက်လည်ပတ်ပြီး ဒုက္ခသည်အဖွဲ့အစည်းတွေက ခေါင်းဆောင်အချို့နဲ့ တွေ့ဆုံကာ လက်ရှိ ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ စိန်ခေါ်မှုတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ စိုးရိမ်ပူပန်မှုတေါရှိနေတဲ့ကြားက အခုလို UNHCR က အဆင့်မြင့်အရာရှိတွေကိုယ်တိုင် အောက်ခြေအထိ လာရောက်တွေ့ဆုံပြီး ဒုက္ခသည်တွေရဲ့အသံနဲ့ အခြေအနေတွေကို နားထောင်ပေးတာဟာ ဒုက္ခသည်အသိုင်းအဝိုင်းအတွက် အားတက်စရာနဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တယ်လို့ ACR ရုံးအဖွဲ့က အသိပေးပါတယ်။
အချိန်မအားလပ်တဲ့ကြားက ကိုယ်တိုင်လာရောက်လည်ပတ်ပြီး တွေ့ဆုံပေးခဲ့ကြတဲ့ UNHCR အရာရှိတွေနဲ့ အခုလို အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံမှုဖြစ်မြောက်လာစေဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ မလေးရှားနိုင်ငံ UNHCR အဖွဲ့ကို ACR ရုံးအဖွဲ့က ကျေးဇူးတင်စကားဆိုထားပါတယ်။
Alliance of Chin Refugees - ACR ဟာ မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်တွေ ဘေးကင်းလုံခြုံရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးတာ၊ လိုအပ်တဲ့ အထောက်အပံ့တွေပေးအပ်တာ၊ အခွင့် အရေးဆိုင်ရာ လှုံ့ဆော်စည်းရုံးတာ၊ ပညာရေးနှင့် စွမ်းရည်မြှင့်တင်ရေးအပြင် လူမှုအသိုက်အဝန်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်၊လူလေးနှင့်ခါးရှဲလ်တို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
Uploaded Image
Share:

No comments:

Post a Comment