၁၅ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၁၅ -  ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်မှု ပြည်သူ ၁၀ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ

၂။မြန်မာ့အကျပ်အတည်းက ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ ဒေါ်ဇင်မာအောင် ပြော၊

၃။သိမ်းပိုက်ဖို့ကျန်နေသေးတဲ့နယ်မြေတွေ အာရက္ခပြည်သူတွေလက်ထဲ မကြာမီပေးအပ်သွားမယ်လို့ AA အသိပေး

၄။ရန်ကုန်မှာ တရုတ်တရားခံပြေး အပါအဝင် ကျားဖြန့်လုပ်နေသူ ၁၀၆ ဦး ဖမ်းဆီးရမိ၊ တာချီလိတ်မှာ ထိုင်းနိုင်ငံသား ကျားဖြန့် ၈၃ ဦးကို ထပ်မံ ဖမ်းဆီးရမိ၊ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။⁨ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်စခန်းကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်မှု ပြည်သူ ၁၀ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ
=====================
m.CDM၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတခုကို အကြမ်းဖက်စစ်တပ်က ညအချိန် လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်ဘေးရှောင်ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၈ ဦးလောက် ဒဏ်ရာရသွား တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာနဲ့ သရက်ချိုရပ်ရွာကြားမှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို စစ်တပ်က မနေ့ နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီဝန်းကျင်မှာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေ ဆေးကုသမှုခံယူနိုင်ရေး ကူညီဆောင်ရွက်ပေးနေပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တော့ သက်ဆိုင်ရာအဖွဲ့တွေက လာရောက်ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဗျာလစစ်ဘေးရှောင်စခန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီကျော်ကလည်း အာဏာသိမ်း အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတာခံခဲ့ရဖူးပြီး စစ်ဘေးရှောင်ပြည်သူ ၆ဦး သေဆုံးကာ ၁ဝ ကျော်ဒဏ်ရာရခဲ့တဲ့ စစ်ဘေးရှောင်စခန်းတခုဖြစ်ပါတယ်။
ရခိုင်စစ်မျက်နှာမှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ဒေသက အရပ်သားပြည်သူတွေကို ဦးတည်ပြီး လေကြောင်းကနေတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် ဒေသနေပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ရခိုင့်တပ်တော် AA က သတိပေးထုတ်ပြန်ထားပါတယ်။
——————————
၂။ခင်ဦးမှာ ရွှေကျင်နေတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကော်မရှင် ပစ်သတ်၊မြိုင်မှာ စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး သေဆုံး
=================
m.CDM နိုဝင်ဘာ ၁၄ ရက်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က မူးမြစ်ထဲမှာ ရွှေကျင်နေတဲ့ အမျိုးသမီး ၂ ဦးကို အကြမ်းဖက် စစ်ကော်မရှင်တပ် က ပစ်သတ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ရေဦး တံတားပေါ်မှာ ရောက်ရှိတပ်စွဲထားတဲ့ စစ်ကော်မရှင် တပ်သားတွေဟာ မူးမြစ်ထဲရွှေကျင်နေတဲ့ ယာတော်ကျေးရွာက ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၂၉ နှစ်အရွယ် မယမင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ ၃၅ နှစ်အရွယ် မဝါဝါမိုး ဟာ ဆေးရုံကို ပို့ဆောင်နေတုန်းမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် မကွေးတိုင်း၊ မြိုင် မြို့နယ်မှာလည်း အကြမ်းဖက် စစ်အုပ်စုက လေကြောင်းနဲ့ ဒရုန်းတွေ အသုံးပြုပြီး ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဟာ မြိုင်မြို့နယ် အနောက်ပိုင်းရွာတွေကို ဗုံးကြဲချခဲ့တာကြောင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁၃ ရက်၊ ညပိုင်းကလည်း တပ်မ (၁၀၁) က လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းဟာ မြိုင်မြောက်ပိုင်း  က ကျေးရွာတရွာကို ကျရောက်ခဲ့ပြီး၊ အသက် ၇ နှစ်အရွယ် Grade-2 ကျောင်းသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
---------------------------
၃။⁨⁨မော်လူးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စုရဲ့ ဗုံးကြဲမှုကြောင့် ဆရာတော် ၁ ပါး အပါအဝင် ၄ ဦး ဒဏ်ရာရ၊ရခိုင်စစ်မြေပြင်မှာ အထိနာနေတဲ့ စစ်အုပ်စုက တစ်ရက်အတွင်း တံတား ၅ စင်းကို ဗုံးခွဲဖျက်ဆီး၊
==================
m.CDM နိုဝင်ဘာ ၁၄ ရက်။

စစ်ကိုင်းတိုင်း၊ မော်လူးမြို့အနီးမှာ ၁၀ ရက်မြောက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညပိုင်းမှာ စစ်အုပ်စုက လေကြောင်းကနေ Y-12 ယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့ရာ တောရဘုန်းကြီးကျောင်း တစ်ကျောင်းကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ၁ ပါး ခေါင်းထိမှန် စိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တဲ့အပြင် ဆရာတော်ရဲ့ မယ်တော်ကြီးနဲ့ ကိုရင် ၂ ပါးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ်အတွင်း တပ်စခန်းတွေ ပိတ်ဆို့တိုက်ခိုက်ခံနေရပြီး အထိနာနေတဲ့ အကြမ်းဖက် စစ်တပ် ဟာ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရမ်းဗြဲ နဲ့ မအီ လမ်းမကြီးပေါ်က တံတားတွေကို မိုင်းခွဲ၊ ဗုံးကြဲ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သဇင်တန်ပေါက်၊ သံသမငယ်၊ မင်းကြောင်းချောင်းနဲ့ သံသမကြီး တံတားတွေကို မိုင်းခွဲဖျက်ဆီးခဲ့သလို မင်းပြားနဲ့ ပေါက်တော အစပ်က စွန်ရဲတံတားကိုပါ ဗုံးကြဲခဲ့တာကြောင့် တစ်ရက်အတွင်း စုစုပေါင်း တံတား  ၅ စင်း ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ယခုရက်ပိုင်းအတွင်း စစ်အုပ်စုဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဆေးရုံ၊ ပြည်သူ နဲ့ လမ်းတံတားတွေကို ပစ်မှတ်ထား ဖျက်ဆီးနေပြီး၊ အောက်တန်းကျယုတ်မာတဲ့ ဒီလုပ်ရပ်တွေမှာ ပါဝင်သူတိုင်းကို လက်တုံ့ပြန်သွားမယ်လို့ အာရက္ခ တပ်တော် (AA) က ပြတ်ပြတ်သားသား သတိပေးထားပါတယ်။
-----------------------
၄။မြန်မာ့အကျပ်အတည်းက ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ ဒေါ်ဇင်မာအောင် ပြော၊
================
m.CDM နိုဝင်ဘာ ၁၄ ရက်။

စစ်အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာ့အကျပ်အတည်းဟာ နိုင်ငံတွင်းမှာတင်ရပ်မနေဘဲ ဒေသတစ်ခုလုံးကို ကူးစက်လာပြီး ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်နေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က Libération သတင်းစာနဲ့ သီးသန့် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုက တရုတ်နဲ့ ရုရှား အကူအညီနဲ့ နယ်မြေတွေပြန်ရဖို့ ကြိုးစားနေသလို အစုအဖွဲ့ တွေကြား သွေးခွဲနေတာကြောင့် ဒီမိုကရေစီ အမှန်တကယ် ရဖို့ဆိုရင် စစ်တပ်ကို နိုင်ငံရေးအာဏာက ဖယ်ရှားပြီး အရပ်သား အုပ်ချုပ်မှုအောက်မှာ ထားရှိဖို့ လိုအပ်တယ်လို့ သူမက ထောက်ပြပါတယ်။

ထို့အပြင် လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ICJ တရားရုံးက ချမှတ်မယ့် ရိုဟင်ဂျာအရေး စီရင်ချက်ဟာလည်း လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေကို တိုက်ဖျက်ရေးနဲ့ စစ်အာဏာရှင် တော်လှန်ရေးအတွက် အထောက်အကူ ပြုနို င်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

အခုလို အရေးကြီးတဲ့ ကာလမှာ တော်လှန်ရေးအင်အားစုတွေကြား ပိုမိုညီညွတ်စေဖို့ NUG နဲ့ တိုင်းရင်းသားတွေ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းထားတယ် လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒေါ်ဇင်မာအောင် နဲ့ SCEF ရဲ့ မူဝါဒနှင့်နည်းပညာအကြံပေး နော်မေဦး တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ပါရီငြိမ်းချမ်းရေးဖိုရမ် ကို တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီခရီးစဉ် အတွင်းမှာ ပြင်သစ်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ၊ မီဒီယာတွေ၊ ပြင်သစ်ရောက် မြန်မာနိုင်ငံသား တွေနဲ့ တွေ့ဆုံခဲ့သလို မြန်မာပြည်သူတွေနဲ့ အမြဲရပ်တည်ပေးတဲ့ တီမောလက်စ်တေနိုင်ငံ သမ္မတ နဲ့လည်း သီးခြား တွေ့ဆုံ နှုတ်ဆက်ခဲ့တယ်လို့ သိရှိရပါတယ်။
-----------------------
၅။⁨သိမ်းပိုက်ဖို့ကျန်နေသေးတဲ့နယ်မြေတွေ အာရက္ခပြည်သူတွေလက်ထဲ မကြာမီပေးအပ်သွားမယ်လို့ AA အသိပေး
===================
m.CDM၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်အတွင်း သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေ အာရက္ခပြည်သူတွေလက်ထဲ မကြာမီ ပေးအပ်သွားမယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထုတ်ပြန်လိုက်ပါတယ်။
အာရက္ခဒေသမှာ တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့်အထိမ်းအမှတ်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက် မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ကနေ ULA/AA က အခုလို အသိပေးကြေညာလိုက်တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစပြီး အာရက္ခဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာခဲ့ပြီး အာရက္ခဘိုးဘွားပိုင် နယ်မြေတွေကို တမြို့ပြီးတမြို့ သိမ်းပိုက်နိုင်ဖို့ တိုက်ပွဲဝင်ခဲ့တယ်လို့ AA က ဆိုပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ရခိုင်ဒေသအတွင်းမှာရှိတဲ့ မြို့အများအပြားကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်ပေမယ့် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို သိမ်းပိုက်ဖို့ကျန်နေသေးတဲ့အတွက် အဲဒီမြို့တွေကို ဆက်ပြီးသိမ်းပိုက် နိုင်ရေးအစွမ်း ကုန်ကြိုးပမ်းနေတယ်လို့လည်း အသိပေးပါတယ်။
ဒါ့အပြင် ၃ နှစ်တာ တိုက်ပွဲကာလအတွင်း အသက်၊ သွေး၊ ချွေး၊ မျက်ရည်နဲ့ စည်းစိမ်ဥစ္စာတွေအပြင် သားသမီး ရင်သွေးတွေအထိ ပေးဆပ်ခဲ့ရပြီး အခက်အခဲနဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်ကာ ရက္ခိတလမ်းစဉ် အောင်မြင်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ရပ်တည်ပေးခဲ့ကြတဲ့ ကမ္ဘာတဝန်းက အာရက္ခပြည်သူတွေကိုလည်း ULA/AA က ကျေးဇူးတင်စကားဆိုထားပါတယ်။
အာရက္ခတပ်တော်အတွက် သတ္တိရှိပြီး အမိန့်နာခံမှုကောင်းတဲ့ စစ်သည်တော်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိခင်တွေကို လည်း ULA/AA က အလေးအနက် ဂုဏ်ပြုထားတဲ့အပြင် အာရက္ခတပ်တော်ရဲ့ ၁၇ နှစ်တာ ဖြတ်သန်းမှု သမိုင်းတလျှောက် အာရက္ခစစ်သည်၊ စစ်မယ်များရဲ့ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှုတွေဟာ အာရက္ခလူမျိုးတို့ရဲ့ သမိုင်းမှာ အစဉ်အမြဲ မှတ်တမ်းတင်ကျန်ရစ်နေလိမ့်မယ်လို့ ULA/AA က ပြောထားပါတယ်။
အာရက္ခတပ်တော် ULA/AA အနေနဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစတင်ခဲ့တဲ့ ရခိုင်စစ်မျက်နှာ ထိုးစစ်ဆင်မှုတွေကြောင့် မြို့နယ် ၁၇ ခုအနက် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်တို့ကို အပြည့်အဝတိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။
———————————
၆။ဖာပွန်နဲ့ မြိတ်-ထားဝယ်ခရိုင်က ရွာတွေကို စစ်တပ်က တိုက်ခိုက်လို့ ပြည်သူပိုင်အိမ်တွေ ပျက်စီး
==================
m.CDM၊ နိုဝင်ဘာ ၁၄

ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်နဲ့ ဖာပွန်ခရိုင်က အရပ်သား ပြည်သူတွေနေထိုင်ရာ ရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတဲ့အတွက် ပြည်သူပိုင်အိမ်တွေ ပျက်စီးသွားတယ်လို့ KNU/KNLA က ထုတ်ပြန်ပါတယ်။
KNU ဖာပွန်ခရိုင် ဘူးသိုမြို့နယ် မယ်ခူခီးကျေးရွာကို စစ်တပ်က နိုဝင်ဘာ ၁၁ ရက် ညသန်းခေါင်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူပိုင်အိမ် ၂လုံးနဲ့ ဥယျာဉ်ခြံတွေအပြင် စိုက်ပျိုးပင်တွေ ထိခိုက်ပျက်စီးသွားတာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုဌာနချုပ်က အသိပေးပါတယ်။
ထို့အတူ KNU မြိတ်-ထားဝယ်ခရိုင်ထဲက ကစယ်ဒိုလို့ခေါ်တဲ့ သရက်ချောင်းမြို့နယ်ကိုလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ပြည်သူပိုင်အိမ်တွေ ပျက်စီးသွား တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၂ရက် နေ့လည်ပိုင်းမှာ သရက်ချောင်းမြို့နယ် ဝင်း၀အခြေစိုက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးနဲ့ အများ အပြားပစ်ခတ်ခဲ့တာကြောင့် ရငဲရွာက ပြည်သူပိုင်အိမ် ၅ လုံး ပျက်စီးခဲ့ရတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က အသိပေးထားပါတယ်။
စစ်တပ်ဘက်က လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မရှိခဲ့ပေမယ့် ရွာထဲက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ KNU နယ်မြေအများစုကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် အရပ်သား ပြည်သူတွေ မကြာခဏ ထိခိုက်သေဆုံးနေရပါတယ်။
———————————
၇။တော်လှန်ရေး အင်အားစုတွေကြားက မြေပြင်ပွတ်တိုက်မှုတွေကို လက်နက်အင်အား မသုံးဘဲ ဖြေရှင်းနိုင်ဖို့ ညှိနှိုင်းဖြေရှင်းရေး ယန္တရားဖွဲ့စည်း
==================
m.CDM နိုဝင်ဘာ ၁၄ ရက်။

တော်လှန်ရေး အင်အားစုတွေကြား မြေပြင် ပွတ်တိုက်မှုတွေကို လက်နက်အင်အား အသုံးမပြုဘဲ တရားမျှတစွာ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး "မြေပြင်ပွတ်တိုက်မှုများ ညှိနှိုင်းဖြေရှင်းရေး ယန္တရား" ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက် နေ့က ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်မှုလျော့ပါးစေဖို့အပြင် အရပ်သားပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ရည်ရွယ်ပြီး NUCC, NUG, SRA နဲ့ ဒေသန္တရအစိုးရ အဖွဲ့တွေက ကိုယ်စားလှယ် ၂၀ ဦးဖြင့် ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်ဘက်-စစ်ဘက် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး မူဘောင်တွေကို လေးစားလိုက်နာဖို့ တွန်းအားပေး သွားမှာဖြစ်ပြီး၊ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို လက်နက်အားကိုး မဖြေရှင်းဘဲ ဥပဒေစိုးမိုးရေး မူဘောင်အတွင်း ကနေ တရားမျှတစွာ ထိန်းကျောင်းဖြေရှင်းသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အဆိုပါ ယန္တရားမှာ NUCC က ဦးတိုးကျော်လှိုင်၊ ခွန်မြင့်ထွန်း နဲ့ ဒေါ်နှင်းနှင်းမွှေး၊ NUG က ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးမောင်မောင်ဆွေ၊ ဦးရဲထွဋ် နဲ့ ရဲဘော်ဘမှိုင်း တို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရက ဒေါက်တာအောင်နေဝင်း၊ ဦးမိုးကောင်း၊ ဦးမိုးမင်းဝင်း၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရက ဦးချစ်ဝင်းမောင်၊ ဦးလက်ယာ၊ ဦးကျော်ကျော်ထွန်း တို့လည်း ပါဝင် တယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီက ဦးမြင့်အောင်မိုး၊ ဦးအောင်မျိုးလတ်၊ ဒေါက်တာအေ ာင်ကျော်ဦး နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) က ကိုဆောင်းခ၊ ခွန်လားဘွယ် တို့ ပါဝင်တယ် လို့ ဖော်ပြထားပါတယ်။

ဒီယန္တရားရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထု အနေဖြင့်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။
--------------------------------
၈။⁨⁨အဖွဲ့ဝင်နိုင်ငံတချို့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံလာမှုကြောင့် မြန်မာ့အရေး အာဆီယံအဖွဲ့တွင်း အကျပ်ရိုက်နေ
==================
m.CDM နိုဝင်ဘာ ၁၄ ရက်။

နိုဝင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည် းအဝေး မတိုင်ခင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင် ကျင်းပနေပြီလို့ သိရပါတယ်။

သုံးရက်ကြာ ကျင်းပမယ့် အဆိုပါထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေဟာ အမေရိကန်၊ တရုတ် နဲ့ ဂျပန် အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားဖို့ရှိသလို တောင်တရုတ်ပင်လယ်အရေးနဲ့ မြန်မာ့ပြည်တွင်းစစ် ကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးအတွက် အာဆီယံရဲ့ အဓိကမူဘောင်ဖြစ်တဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှု အခြေအနေကို ဒီအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက ပြန်လည်သုံးသပ်သွား မယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

လက်ရှိမှာ မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ကာ သမ္မတရာထူးကို ရယူထားပြီးနောက် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှားနဲ့ ထိုင်း အစရှိတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့က တရားဝင်ထိတွေ့ ဆက်ဆံလာတာကြောင့် အာဆီယံအဖွဲ့တွင်း အကျပ်ရိုက်စရာအခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။

အခုလို ဆက်ဆံရေး ပိုမိုတိုးမြှင့်လာတာတွေအပြင် စစ်ကော်မရှင် ခေါင်းဆောင်တွေကို ပိတ်ပင်ထားတဲ့ အာဆီယံ အစည်းအဝေး တက်ရောက်ခွင့် ကန့်သတ်ချက်တွေကို ဖြေလျော့ပေးဖို့ အာဆီယံအနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေ ရတယ်လို့ ဆိုပါတယ်။

မလေးရှား ဝန်ကြီးချုပ်က မြန်မာကို အာဆီယံထဲ ပြန်ပါလာအောင် လုပ်ဆောင်ပေးမယ်လို့ ပြောဆိုခဲ့သလို၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအစည်းအဝေးတွေမှာ မြန်မာကို နိုင်ငံခြားရေးဝန်ကြီး အဆင့်ထိ ပြန်လည် ပါဝင်ခွင့်ပြုဖို့ တောင်းဆိုထားတယ်လို့ The Japan Times သတင်းစာက ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်၊ အိန္ဒိယနဲ့ ရုရှားတို့ရဲ့ ထောက်ပံမှုရထားတဲ့ စစ်ကော်မရှင်ဟာ အမေရိကန် ထရမ့်အစိုးရအဖွဲ့နဲ့ပါ လျှို့ဝှက် ဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် နိုင်ငံတကာ အသိအမှတ်ပြုမှု ပိုရလာနေတယ်လို့ The Nation သတင်း ဌာနက သုံးသပ်ထားပါတယ်။

အခုလို ချဉ်းကပ်ပုံတွေ ပြောင်းလဲလာနေတာဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အပေါ်  ဖိအားဖြစ်စေပြီး ဒီမူဘောင်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခင်းအကျင်းတွေနဲ့ အလှမ်းကွာသွားပြီလို့ မှတ်ချက်ပေးကြတာတွေလည်း ရှိနေပါတယ်။
----------------------------
⁨၉။မကွေးတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် အောက်တိုဘာလအတွင်း ပြည်သူ ၂ ရာကျော် ထိခိုက်သေဆုံး
=================
m.CDM၊ နိုဝင်ဘာ ၁၄

မကွေးဖက်ဒရယ်ယူနစ်အတွင်း အောက်တိုဘာလတလထဲမှာတင် အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ၉၆ မှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဥပဒေမဲ့တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၂၁ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ လူ့အခွင့်အရေးဌာနက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်က ပြည်သူပိုင်ဆိုင်မှုပစ္စည်းတွေ ဖျက်ဆီးတာ၊ တရားလက်လွတ် သတ်ဖြတ်တာနဲ့ အဓမ္မလုပ်အား ခိုင်းစေတာ စတဲ့ ပြစ်မှု ၅၆ ကြိမ်အထိ ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုထားပါတယ်။
အခုထုတ်ပြန်တဲ့မှတ်တမ်းအရ လူ့အခွင့်အရေးချိုးဖောက်မှု ၉၆ မှု၊ ပစ္စည်းဖျက်ဆီးမှု၊ တရားလက်လွတ် သတ်ဖြတ်မှုနဲ့ အဓမ္မလုပ်အားခိုင်းစေမှု ၅၆ ကြိမ်၊ အရပ်သားပြည်သူ ၂၂၁ ဦး ထိခိုက်သေဆုံးခဲပြီး ဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၀၁ ဦး၊ အမျိုးသမီး ၃၀ ဦးနဲ့ သက်ကြီးရွယ်အို ၁၂ ဦး ပါဝင်တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အလွန်အကျွံသုံးပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ ဒေသနေပြည်သူတွေ ထိတ်လန့်ကြောက်ရွံ့စေဖို့နဲ့ တော်လှန်ရေးအတွက် ထောက်ပံ့သူတွေအပြင် အရပ်သားတွေကိုပါ စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ နိုင်ငံတကာစစ်ဥပဒေတွေကို ချိုးဖောက်တဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်တယ်လို့ မကွေးဖက်ဒရယ်ယူနစ် လူ့အခွင့်အရေးဌာနက ထောက်ပြထားပါတယ်။
——————————
၁၀။ရန်ကုန်မှာ တရုတ်တရားခံပြေး အပါအဝင် ကျားဖြန့်လုပ်နေသူ ၁၀၆ ဦး ဖမ်းဆီးရမိ၊ တာချီလိတ်မှာ ထိုင်းနိုင်ငံသား ကျားဖြန့် ၈၃ ဦးကို ထပ်မံ ဖမ်းဆီးရမိ၊
==================
m.CDM နိုဝင်ဘာ ၁၄ ရက်။

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က ကွန်ဒိုတစ်ခုမှာ တရုတ်အစိုးရက ဆုကြေးငွေထုတ်ထားတဲ့ တရားခံအပါအဝ င် ကျားဖြန့်လုပ်ကိုင်သူ ၁၀၆ ဦးကို နိုဝင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၅၂ ဦး၊ ဗီယက်နမ် ၈ ဦးနဲ့ မြန်မာ ၄၆ ဦးပါဝင်ပြီး တရုတ်အစိုးရ က အလိုရှိနေတဲ့ တရားခံပြေး ဆူးဖုချွမ် (Su Fu Quan) လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ ရန်ကုန်လို နေရာမျိုးမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေခဲ့တာ တွေကြောင့် ပြည်သူတွေကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့က ယုဝရတ် ဟိုတယ်မှာလည်း ထိုင်းအစိုးရဝန်ထမ်း ဟန်ဆေ ာင်ပြီး ကျားဖြန့်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၈၃ ဦးကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။

၎င်းတို့ဟာ ထိုင်းနိုင်ငံ လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) က ဝန်ထမ်းတွေအဖြစ် ဟန်ဆောင်ပြီး ထိုင်းနိုင်ငံသားတွေ ဆီကနေ မီတာဘေလ် အကြောင်းပြကာ App အတုတွေနဲ့ QR Code တွေကတစ်ဆင့် ငွေကြေး လိမ်လည်ခဲ့တာ လို့ ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးမှု ၂ ခုအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မြန်မာနိုင်ငံထဲ ဝင်ရောက်ကာ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ ထိုင်းနိုင်ငံသား ၉၄၇ ဦးအထိ ဖမ်းမိထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။⁩⁩⁩⁩⁩⁩⁩⁩

7.jpg
Share:

No comments:

Post a Comment