၂၈ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

၂၈ -  ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )

မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့

၁။⁨⁨ဆင်ပေါင်ဝဲ၊ အင်ရုံရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တို့ကို စစ်ကော်မရှင်ဗုံးကြဲ၊ ကျောင်းသား/သူ ၃၀ ကျော် အပါအဝင် ၄၅ ဦး ထပ်မနည်း သေဆုံး၊

၂။အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ၃ လ အတွင်း ပြည်သူပိုင်အိမ် တသောင်းကျော် ပျက်စီးဆုံးရှုံး

၃။စစ်တောင်းမြစ် အရှေ့ခြမ်းက တိုက်ပွဲတွေမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး၊ စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ

၄။အဓမ္မစစ်သားစုဆောင်းခြင်းအပါအဝင် ပုံစံမျိုးစုံနဲ့ အဓမ္မခိုင်းစေမှုတားဆီးကာကွယ်ရေး အသိအမြင် မြှင့်တင်ရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်နေ စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

အခုပထမဆုံးအနေနဲ့
⁨၁။ဆင်ပေါင်ဝဲ၊ အင်ရုံရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တို့ကို စစ်ကော်မရှင်ဗုံးကြဲ၊ ကျောင်းသား/သူ ၃၀ ကျော် အပါအဝင် ၄၅ ဦး ထပ်မနည်း သေဆုံး၊
===================
m.CDM နိုဝင်ဘာ ၂၇ ရက်။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရ လမ်းပိုင်းနဲ့ ၄ မိုင်ခန့်အကွာ၊ အိမ်ခြေ ၁၆၀ ခန့်ရှိ၊ အင်ရုံကျေးရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ကြားကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့ (မနေ့က) ညနေ ၃ နာရီခန့်၊ စာသင်ကျောင်းအတွင်း ကျောင်းသား/သူတွေ အကလေ့ကျင့် နေချိန်မှာ ဂျက်ဖိုက်တာနဲ့ (ပေါင် ၅၀၀) ဗုံး ၃ လုံး ကြဲချခဲ့တာ ဖြစ်ပြီး၊ စက်လက်သေနတ်တွေ၊ ရော့ကတ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုအတွင်း ဆရာ/မ ၇ ဦး၊ ကျောင်းသား/သူ ၃၀ ကျော်၊ ကိုရင် ၁ ပါးနဲ့ အရပ်သား ပြည်သူတွေအပြင် သရက်ခရိုင် အမှတ် (၅) တပ်ရင်းက ရဲဘော် ၇ ဦးနဲ့ ရဲမေ ၁ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၈ ဦး၊ စုစုပေါင်း လူဦးရေ ၄၅ ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာ ရသူတွေလည်း အများအပြား ရှိခဲ့ပြီး၊ လက်ရှိမှာ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဆေးကု သခွင့် မရသေးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ထပ်မံမြင့်တက်လာနိုင်ဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှု အပြီးမှာလည်း က.ပ.စ (၈) ကနေ အင်ရုံကျေးရွာနဲ့ အနီးဝန်းကျင် ကျေးရွာဘက်တွေကို ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ၊ ရော့ကတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို၊ ဆေးကုသဖို့ တခြားရွာတွေကို သွားရောက်သူတွေကိုပါ အသေခံဒရုန်းတွေနဲ့ လိုက်လံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားတာအပြင် ဖြတ်သန်းသွားလာခွင့်တွေပါ ကန့်သတ်ပိတ်ပင်ထားတာကြောင့် လက်ရှိ- အချိန်အထိ အခင်းဖြစ်ပွားရာ ရွာထဲကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ဝင်ရောက်လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူး လို့လည်း သိရှိရပါတယ်။
---------------------
၂။ကော်လင်းမှာ စစ်ကော်မရှင် စစ်ကြောင်းက ပြည်သူ ၁၇ ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့၊ပုလောမှာ စစ်ကော်မရှင် စစ်ကြောင်းက လူ ၁၀ ဦးထပ်မနည်းကို ပစ်ခတ်သတ်ဖြတ်ခဲ့၊
====================
m.CDM နိုဝင်ဘာ ၂၇ ရက်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ ရက်အတန်ကြာဝင်ရောက်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ တပ်မ (၃၃) လက်အောက်ခံ စစ်ကြောင်းဟာ စစ်ဘေးရှောင်နဲ့ အရပ်သားပြည်သူ ၁၇ ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး စွန့်ပစ်သွားတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းမှာ အင်းတော်မြို့နယ်၊ ကျောင်းကုန်းရွာနဲ့ မဲဇာဒေသဘက်ကနေ ကောလင်း မြို့နယ် အရှေ့ဘက်ခြမ်းကို ဝင်ရောက်လာခဲ့တဲ့ ၎င်းစစ်ကြောင်းဟာ ၁၉ ရက်တာအတွင်း ဒေသခံ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေကို ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

၎င်းစစ်ကြောင်း ပြန်ထွက်သွားချိန်မှာ လက်ပြန်ကြိုးတုပ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသား ၁၄ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ရဲ့ ရုပ်အလောင်းတွေကို နေရာအနှံ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

၎င်းစစ်ကြောင်းဟာ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ရွှေဘို-မြစ်ကြီးနား ဗျူဟာကားလမ်းနဲ့ မီးရထား လမ်းပိုင်းတွေကနေ တစ်ဆင့် ကန့်ဘလူနဲ့ ခင်ဦး မြို့နယ်ဘက်ကို ဆက်လက် ဝင်ရောက်သွားတာကြောင့် စစ်ရေး တင်းမာနေတယ်လို့ သိရပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာထဲကို နိုဝင်ဘာလ ၂၅ ရက်နေ့က ဝင်ရောက်လာခဲ့တဲ့ ပုလောအခြေစိုက် ခလရ ၂၈၅ စစ်ကြောင်းဟာ လမ်းသွားလမ်းလာ ပြည်သူတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၂၂ ရက်ကတည်းက မင်းထိန်၊ ခမောင်းတောနဲ့ ကဒဲ စတဲ့ ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ အဲ့ဒီ တပ်ဖွဲ့ဟာ မင်းထိန်ရွာကို လေကြောင်းကနေ ဗုံးကြဲချခဲ့သလို ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာနေတဲ့ ပြည်သူတွေ ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း သေဆုံးသူနဲ့ဖမ်းဆီးခံရသူ အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးပေ မယ့် တော်လှန်ရေး ရဲဘော်အချို့နဲ့ အရပ်သားပြည်သူ ၁၀ ဦးထပ်မနည်း သေဆုံးနိုင်ပြီး၊ လက်ရှိအချိန်ထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုလောမြို့နယ်ထဲ ရောက်ရှိနေတဲ့ နောက်ထပ် စစ်ကော်မရှင်စစ်ကြောင်း တစ်ခုကလည်း နိုဝင်ဘာလ ၂၅ ရက်၊ ညပိုင်းမှာ မိန်းမမြို့ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သလို ဒီနေ့ နိုဝင်ဘာ ၂၇ ရက်မှာလည်း ပုလောမြို့နယ်အတွင်း ကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။
-----------------------
၃။⁨⁨အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ၃ လ အတွင်း ပြည်သူပိုင်အိမ် တသောင်းကျော် ပျက်စီးဆုံးရှုံး
====================
m.CDM၊ နိုဝင်ဘာ ၂၇

အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ၃ လ အတွင်း ပြည်သူပိုင်အိမ် တသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ Data for Myanmar က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
 အာဏာသိမ်းစစ်တပ်ကကျင်းပတဲ့ ရွေးကောက်ပွဲအလွန်ကာလ ၂၀၂၆ ခုနှစ် မတ်လကနေ မေလအတွင်း တိုင်းနဲ့ ပြည်နယ် ၉ ခုက ကျေးရွာနဲ့ ရပ်ကွက်ပေါင်း ၁၀၂ ခုက အရပ်သားပြည်သူပိုင်အိမ်ပေါင်း ၁၀,၆၇၁ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် မန္တလေးတိုင်းထဲက မြင်းခြံနဲ့တောင်သာ၊ မကွေးတိုင်းထဲက ပခုက္ကူနဲ့ စလင်း၊ စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ပုလဲ စတဲ့ မြို့နယ်တွေမှာ နေအိမ် ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အသိပေးပါတယ်။
Data for Myanmar က ကောက်ယူထားတဲ့အချက်အလက်တွေအရ စစ်အုပ်စုနဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်း တွေဟာ စစ်ရေးပဋိပက္ခြဖြစ်ပွားရာဒေသတွေက မြို့ရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်း တွေ သယ်ယူတာ၊ အခြေချတပ်စွဲပြီး နေအိမ်တွေကို မီးရှို့တာတွေ လုပ်ခဲ့ တယ်လို့ သိရပါတယ်။
မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်းမှာဆိုရင် စစ်အုပ်စုလက်ချက်ကြောင့် အရပ်သားပြည်သူပိုင် အိမ် တသိန်း ၃ သောင်း ၂ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒီထဲမှာ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၈ သောင်းကျော်နဲ့ အများဆုံးဖြစ်နေပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရင် ၅၉ ရာခိုင်နှုန်းကျော်ရှိနေတယ်လို့ Data for Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အသေးစိတ်အချက်အလက်တွေကို Data for Myanmar ရဲ့ https://wMJfJG.short.gy/d4m-report-37-mya မှာ ကြည့်ရှုနိုင်ပါတယ်။⁩
————————————
၄။စစ်တောင်းမြစ် အရှေ့ခြမ်းက တိုက်ပွဲတွေမှာ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံး၊ စစ်သုံ့ပန်း ၃ ဦး ဖမ်းဆီးရမိ
==================
m.CDM နိုဝင်ဘာ ၂၇ ရက်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ကို ခြေကုတ်ယူပြီး စစ်တောင်းမြစ်ဝှမ်းအရှေ့ခြမ်းကို စစ်ကြောင်းထိုး လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၃ ရက်ကနေ ၂၀ ရက်နေ့အထိ တပ်အင်အား ၁,၂၀၀ ကျော်နဲ့ တပ်ဖြန့်လှုပ်ရှားလာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတွေကို ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း ၃ ဦးနဲ့ လက်နက် ၁၀ လက်ကျော်ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ နည်းဗျူဟာ ၃၇ နဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က ဇီးပြောင်း ကျေးရွာဝန်းကျင် ရောက်ရှိလာတဲ့ စစ်ကြောင်းကို နည်းဗျူဟာ ၃၇ နဲ့ ကညှင်အိုင် ကျေးနယ်တို့ ပူးပေါင်းပြီး ပြောက်ကျား တိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ၃ ဦးနဲ့ လက်နက်၊ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့အထိ တိုက်ပွဲပေါင်း ၄၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ စစ်ကော်မရှင်ဘက်က လေကြောင်း ဗုံးကြဲမှု တွေကို လုပ်ဆောင်ခဲ့ပေမယ့်၊ စစ်ကြောင်း ပြန်ဆုတ်သွားချိန် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ စွန့်ပစ်ထား တဲ့ စစ်သားအလောင်း ၇ လောင်းနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ၎င်းစစ်ကြောင်းဟာ ရွှေကျင်မြို့နယ်ထဲ ရောက်ရှိနေပြီး၊ ခလရ ၂၇၀ ကနေ ထွက်ခွာသွားတဲ့ ယာဉ်တွေ ပေါ်မှာ စစ်ကြောင်းထိုးရာလမ်းတစ်လျှောက် ယူဆောင်သွားတဲ့ ပြည်သူပိုင်ပစ္စည်းတွေကို သယ်ဆောင်သွားတယ် လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ၎င်းစစ်ကြောင်းဟာ နတ်စင်နဲ့ ကျောက်ဖျာ ကျေးရွာတွေက နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ကညှင်အိုင်၊ ခမောက်ခွေ၊ ကော်ကပ်၊ မိုးဘောနဲ့ ဇီးပြောင်း အပါအဝင် ကျေးရွာ ၁၅ ရွာထပ်မနည်းက ဒေသခံ ၁၅ ,၀၀၀ ခန့်ဟာလည်း အခုအချိန်ထိ နေရပ်မပြန်ရဲသေးဘဲ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်အုပ်စုဘက်ကတော့ ကျိုက်ထို စစ်ဆင်ရေးအတွင်း NUG ရဲ့ အထူးတိုင်းစစ်ဌာနချုပ် အပါအဝင် တော်လှန်ရေးတပ်စခန်း ၂၈ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး၊ PDF တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့တယ်လို့ ဝါဒဖြန့် ဖော်ပြထား ပါတယ်။
----------------------
၅။⁨မြင်းခြံ အေးမြသီတာရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေပြီး သေနတ်တလက် သိမ်းပိုက်ရရှိ
=================
m.CDM၊ နိုဝင်ဘာ ၂၇

မန္တလေးတိုင်း မြင်းခြံမြို့နယ် အေးမြသီတာရွာမှာ အထိုင်ချနေတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၆ ဦးသေပြီး သေနတ်တလက် သိမ်းပိုက်ရရှိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက နိုဝင်ဘာ ၂၇ မှာ ထုတ်ပြန်ပါတယ်။
အေးမြသီတာရွာမှာ အင်အား ၁၇ ယောက်နဲ့ အထိုင်ချနေတဲ့ စစ်စခန်းကို နိုဝင်ဘာ ၂၅ ရက် ည ၁၀ နာရီ ၄၈ မိနစ်မှာ တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၆ ဦးသေးဆုံးသွားပြီး ရန်သူ့အလောင်း ၄ လောင်းနဲ့ သေနတ်တလတ်သိမ်းဆည်း နိုင်ခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက အသိပေးပါတယ်။
ဒီစစ်ဆင်ရေးကို မြင်းခြံခရိုင်ထဲမှာရှိတဲ့ ထနောင်းမြေစစ်ကြောင်း၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း၊ TFM ပျောက်ကျားတပ်ဖွဲ့၊ MPDF နဲ့ MGN အညာသားပျောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်မှု မရှိခဲ့ပါဘူး။
ထနောင်းမြေစစ်ကြောင်းဟာ အခုလ ၂၁ ရက်နေ့တုန်းကလည်း ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့အတူ နွားထိုးကြီး မြို့နယ်အတွင်း ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို ကင်းပုန်းဝပ်ပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာလည်း စစ်သား ၂ ဦး သေပြီး တဦးအရှင်ဖမ်းမိကာ သေနတ် ၂ လက် သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။
ဒေသနေပြည်သူတွေကို လက်နက်ကိုင် အနိုင်ကျင့် ဗိုလ်ကျနေပြီး ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်သား တွေနဲ့ အပေါင်းပါတွေကို ဆက်ပြီး တိုက်ခိုက်သွားမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုနဲ့ဝေးရာမှာ နေထိုင် ကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေက အသိပေးနှိုးဆော်ထားပါတယ်။
—————————
၆။⁨အဓမ္မစစ်သားစုဆောင်းခြင်းအပါအဝင် ပုံစံမျိုးစုံနဲ့ အဓမ္မခိုင်းစေမှုတားဆီးကာကွယ်ရေး အသိအမြင် မြှင့်တင်ရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်နေ
===================
m.CDM၊ နိုဝင်ဘာ ၂၇

 အမျိုးသားညီညွတ်ရေးအစိုးရ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန အလုပ်သမားရေးရာဦးစီးဌာနအနေနဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင် လုပ်ငန်းကဏ္ဍ အသီးသီးမှာ ဖြစ်ပေါ်စေနိုင်တဲ့ အဓမ္မအလုပ်ခိုင်းစေမှုများကို တားဆီးကာကွယ်ရေး၊ လျှော့ချရေးအတွက် အသိအမြင် မြှင့်တင်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ ကြားကာလဖက်ဒရယ်ယူနစ်အစိုးရတွေ၊ ဒေသန္တရအုပ်ချုပ် ရေးအဖွဲ့တွေနဲ့အတူ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒီနေ့ နိုဝင်ဘာ ၂၇ မှာ အသိပေးထုတ်ပြန်လာပါတယ်။
ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊နယ်မြေနဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လုပ်ငန်းကဏ္ဍနဲ့ ဌာနအလိုက် ရေးရာ တာဝန်ခံများ၊ လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနဲ့ လျော့နည်းပပျောက် ရေးဆိုင်ရာ မူဝါဒ၊ အကောင်အထည်ဖော်ဆောင်ရွက်ရမယ့် အစီအမံတွေအကြောင်း ဆွေးနွေးဟောပြောတာတွေ အဆက်မပြတ် ပြုလုပ်နေတဲ့အပြင် အသိအမြင်မြှင့်တင်ရေးဆိုင်ရာ လက်ကမ်းစာစောင်တွေဖြန့်ဝေတာ၊ အများပြည်သူ မြင်သာတဲ့နေရာတွေမှာ ပိုစတာတွေကပ်တာ၊ Billboard တွေ စိုက်ထူတာတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
အခုနှစ် နိုဝင်ဘာထဲမှာဆိုရင် မကွေးဖက်ဒရယ်ယူနစ်အတွင်းမှာရှိတဲ့ မင်းဘူးခရိုင် စလင်းမြို့နယ်နဲ့ စစ်ကိုင်းဖက်ဒရယ် ယူနစ် ကသာခရိုင်မှာရှိတဲ့ မြို့နယ်တွေမှာ အဓမ္မခိုင်းစေမှု Forced Labour ဆိုင်ရာ အသိအမြင်မြှင့်တင်ရေး လက်ကမ်း စာစောင်တွေဖြန့်ဝေတာ၊ ပိုစတာ Billboard တွေ စိုက်ထူတာတွေကို ယူနစ်အစိုးရ တာဝန်ရှိသူတွေ ရေးရာတာဝန်ခံတွေ က ပြည်သူလူထုသိရှိစေဖို့ လုပ်ဆောင်ခဲ့ကြတယ်လို့ ဝန်ကြီးဌာနက အသိပေးပါတယ်။
လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၊ အလုပ်သမားရေးရာဦးစီးဌာနအနေနဲ့ ပြည်တွင်းတည်ဆဲ ဥပဒေတွေနဲ့အညီ အခြေခံအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး၊ ILO ရဲ့ အဓမ္မခိုင်းစေခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ (၁၉၃၀ ခုနှစ်) နဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင် (COI) ပါ တိုက်တွန်း ချက်များ (၂၀၂၃ ခုနှစ်)၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီ အဓမ္မစစ်သားစုဆောင်းမှုအပါအဝင် ပုံစံမျိုးစုံနဲ့ အဓမ္မခိုင်းစေမှုများ တားဆီးကာကွယ်ရေးလုပ်ငန်းတွေ အလေးထားဆောင်ရွက်နေတယ်လို့ သိရပါတယ်။
————————————
၇။ဒေါ်အောင်ဆန်းစုကြည် ICJ မှာ ခုခံလျှောက်လဲခဲ့တာ စစ်တပ်ကို ကာကွယ်ဖို့မဟုတ်ဘဲ နုနယ်သေးတဲ့ ဒီမိုကရေစီ ကို ထိန်းသိမ်းဖို့သာဖြစ်ကြောင်း သားဖြစ်သူ ပြော၊
==================
m.CDM နိုဝင်ဘာ ၂၇ ရက်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သွားရောက်ခုခံ လျှောက်လဲခဲ့တာဟာ စစ်တပ်ကို ကာကွယ်ဖို့ လုံးဝမဟုတ်ဘဲ အလွန်နုနယ်ပြီး ထိလွယ်ရှလွယ် ဖြစ်နေတဲ့ မြန်မာ့ ဒီမိုကရေစီစနစ်ကို ထိန်းသိမ်းကာကွယ်ဖို့ ကြိုးစားခဲ့တာသာ ဖြစ်တယ်လို့ သားဖြစ်သူ ကိုထိန်လင်း (ခ) Kim Aris က Euronews ရဲ့ The World Conversation အစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီအချိန်က မြန်မာစစ်တပ်ဟာ ဒီမိုကရေစီကို အချိန်မရွေး ဖြိုဖျက်ပစ်နိုင်တဲ့ အင်အားရှိခဲ့သလို လက်ရှိမှာတော့ တကယ်ပဲ ဖြိုဖျက်လိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၆ ရက်၊ မနေ့က ထုတ်လွှင့်တဲ့ အင်တာဗျူးအတွင်းမှာ သူက ရှင်းလင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ၅ နှစ်ကျော်အကြာမှ မိခင်ဖြစ်သူနဲ့ ဖုန်းပြောခွင့်ရခဲ့လို့ အသက်ရှင်နေသေး တာကိုအတည်ပြုနိုင်ပြီး စိတ်သက်သာရာရခဲ့ပေမယ့် (၈၁) နှစ်အရွယ် မိခင်ရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေရဆဲ ဖြစ်တယ်လို့ ကိုထိန်လင်း က ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

စစ်အုပ်စုဘက်က ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတယ်လို့ ပြောဆိုနေပေမယ့် သူနားလည်သလောက် မိခင်ဖြစ်သူဟာ နေအိမ်မှာ ရှိမနေဘဲ စစ်တပ်ဆရာဝန်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်သူ နဲ့မှ ထိတွေ့ခွင့် မရနေဘူးလို့ ဆိုပါတယ်။

အခုလို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ပေးတယ် ဆိုတာကလည်း နိုင်ငံတကာအမြင်မှာ သဘောထား ပျော့ပျော င်းလာတဲ့ ပုံရိပ်တစ်ခု တည်ဆောက်ချင်လို့သာ ဖြစ်နိုင်တာကြောင့် စစ်အုပ်စုအပေါ် နိုင်ငံတကာ ဖိအားပေးမှုတွေ ဆက်လက် တင်းကျပ်ထားဖို့ကိုလည်း သူက တိုက်တွန်းသွားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ မိခင်ရဲ့အခန်းကဏ္ဍ ပြီးဆုံးသွားပြီလို့ မယုံကြည်ကြောင်း နောက် ၁၀ နှစ်အတွင်း ပြည်တွင်းစစ် ပြီးဆုံးပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ သားတစ်ဦး အနေနဲ့ကတော့ မိခင်ကို နိုင်ငံရေး ကနေ နည်းနည်းအနားယူပြီး ကျန်းမာရေး ပိုဂရုစိုက်စေချင်ကြောင်း ဖွင့်ဟပြောကြား ခဲ့ပါတယ်။
----------------------------
၈။⁨NUG ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ကျန်းမာရေးသုတေသနညီလာခံ ကျင်းပမယ်
===================
m.CDM၊ နိုဝင်ဘာ ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ကျန်းမာရေးသုတေသနညီလာခံ (Research Conference 2026) နိုဝင်ဘာ ၂၈ ကနေ ၃၀ ရက်နေ့အထိ အွန်လိုင်းကနေ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီညီလာခံကို ကျန်းမာရေးဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေးယူနစ်က ဦးဆောင်ကျင်းပတာဖြစ်ပြီး နေ့စဉ်မနက် ၁၀ နာရီကနေ နေ့လည် ၂ နာရီအထိ Zoom Platform ကတဆင့် ကျင်းပမှာလို့ သိရပါတယ်။
ညီလာခံရဲ့ဆောင်ပုဒ်ကို “ပဋိပက္ခများအောက် မြန်မာနိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှု၊ ကာကွယ်ရေး၊ လက်လှမ်းမီ ရေးနှင့် တန်းတူညီမျှရေးအတွက် အထောက်အထားများ” ("Healthcare Under Crisis: Evidence for Protection, Access, and Equity in Myanmar") လို့ သတ်မှတ်ထားပါတယ်။
ညီလာခံမှာ ပဋိပက္ခကာလအတွင်း မြန်မာနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေ၊ ပြည်သူတွေရဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေလက်လှမ်းမီရရှိရေးနဲ့ တန်းတူညီမျှစွာ ကုသမှုခံယူနိုင်ရေးဆိုင်ရာ သုတေသနအချက်အလက်တွေကို ဆွေးနွေးတင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။
ညီလာခံကို တက်ရောက်လေ့လာလိုသူတွေအနေနဲ့ Research Conference 2026 Website မှာစာရင်းပေးသွင်းပြီး ရက်အလိုက်အစီအစဉ်တွေကို အသေးစိတ်လေ့လာနိုင်တယ်လို့ အသိပေးထားပါတယ်။
ညီလာခံကျင်းပတဲ့ ဒုတိယမြောက်နေ့မှာတော့ သောင်ရင်းသုခမ တေးဂီတအဖွဲ့က ပါဝင်ဖျော်ဖြေတင်ဆက်ဖို့ရှိတယ်လို့ သိရပါတယ်။⁩

ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

25.jpg
Share:

No comments:

Post a Comment