၅ - ၁၁ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ပေါက်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ထောင်နဲ့ ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးနေရ
၂။တောင်တွင်းကြီးမှာ ကင်းလှည့် ပေါ်တာဆွဲနေတဲ့ ရဲ ၆ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊မင်းဘူးမှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကျောက်မီးသွေးတွင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း၊ ရေး-ထားဝယ်လမ်းမှာ စစ်ကော်မရှင် တပ်ကြပ်ကြီး ၁ ဦးကို ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိ
၃။မိုးမိတ်မြို့အနီး လေးမိုင်အထိ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖော်ဆောင်လာ၊ ငပြီကျွန်းကို စစ်အုပ်စုက စစ်ကူထပ်ပို့ပြီး ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေ၊
၄။မြန်မာဘက်က ပစ်လိုက်တဲ့ RPG ဗုံးသီး ထိုင်းနိုင်ငံထဲထပ်ကျ၊ ထိုင်းစစ်တပ်က မီးကျည်နဲ့ ပြန်လည်ပစ်ခတ် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။ပေါက်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ထောင်နဲ့ ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးနေရ
=====================
m.CDM၊ နိုဝင်ဘာ ၄
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ရပြီး မြေပြင်စစ်ကြောင်းတွေကြောင့်လည်း ထောင်နဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၃ ရက် နေ့လည် ၂ နာရီခွဲခန့်မှာ ပုဂံ-ညောင်ဦးလေဆိပ်ကတက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဂျိုင်ရိုကော့ပတာ ၃ စီးက ပေါက်မြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကျောက်ခွက်၊ အိုင့်ကျယ်နဲ့ လယ်လန်း စတဲ့ရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကျောက်ခွက်ရွာက ဆယ်ကျော်သက်အရွယ်တွေအပါအဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို လယ်လန်းရွာက အသက် ၉၀ အရွယ် မျက်မမြင် အဖွားအိုတဦးသေဆုံးခဲ့ပြီး ကိုရင်ကြီးတပါးအပါအဝင် အမျိုးသားတဦးနဲ့ အမျိုးသမီး ၅ ဦး ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် လူနေအိမ်တွေနဲ့ ဒေသနေပြည်သူတွေ မွေးမြူထားတဲ့တိရစ္ဆာန်တွေလည်း ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်က အသိပေးထားပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ တရက်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ဟာ ပေါက်မြို့နယ်အတွင်းကို ဂျက်ဖိုက်တာ၊ Mi-35၊ ဂျိုင်ရိုကော့ပတာတွေအပြင် ကပစ ၂၄ လက်နက်စက်ရုံကနေ လက်နက်ကြီးတွေနဲ့ပါ ၉ ကြိမ် ဗုံးကြဲပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပေါက်မြို့နယ်တောင်ပိုင်းက ဝန်ခြုံး၊ ကျောက်ခွက်၊ အိုင့်ကျယ်၊ သီးချောက်၊ သရဖီနဲ့ လယ်လန်းရွာတို့က လူဦးရေ စုစုပေါင်း ၃,၃၄၁ ဟာရွာတွေထဲမှာ မနေရဲတော့ဘဲ အနီးအနားက တောတောင်တွေထဲမှာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေကလည်း ပေါက်မြို့နယ်တောင်ပိုင်းကို အောက်တိုဘာ၂၈ ရက်ကစပြီး ဆိပ်ဖြူ ကပစ ၂၂ ကနေ ကား ၂၉ စီးနဲ့အတူ အင်အားအများအပြားနဲ့ ဝင်ရောက်လာခဲ့ပြီး သပြေရေ၊ ချက်ကန်၊ မှန်ထောင်ကွင်း၊ တယ်ပင်ကန်နဲ့ ပေခုနှစ်ပင် စတဲ့ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တာရှိတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
အဲဒီစစ်ကြောင်းကြောင့်လည်း စစ်ဘေးရှောင်စခန်းအပါအဝင် ကျေးရွာ ၆ ရွာကလူပေါင်း ၅ ထောင်ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရသလို အောက်တိုဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီခွဲမှာ ယာကြီးပြင်ရွာက ပျူစောထီးတွေနဲ့အတူ တယ်ပင်ကန်ရွာထဲက အိမ်အလုံး ၂၀ နီးပါး၊ နွားဇောင်းတဲ ၂၂ လုံးကျော်နဲ့ အခြားအဆောက်အအုံ ၁၂ လုံးနီးပါးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ထုတ်ပြန်ထားပါတယ်။
ထို့အတူ ပေါက်မြို့နယ်မြောက်ပိုင်း ရေနံမှော်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့်လည်း ကျေးရွာ ၄ ရွာ လူ ၃၁၀၀ နီးပါး ၃ လကျော်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ သိရ ပါတယ်။
စစ်ဘေးရှောင်နေရတဲ့ရက် ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့အမိုးအကာတွေအပါအဝင် ကူညီထောက်ပံ့မှုတွေ လိုအပ်နေတဲ့အတွက် သက်ဆိုင်ရာနယ်မြေခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့ပေးကြဖို့ ပေါက်မြို့နယ် လူသားစာနာဌာနက မေတ္တာရပ်ခံထားပါတယ်။
————————————
၂။တောင်တွင်းကြီးမှာ ကင်းလှည့် ပေါ်တာဆွဲနေတဲ့ ရဲ ၆ ဦး ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊မင်းဘူးမှာ စစ်အုပ်စုတပ်စွဲထားတဲ့ ကျောက်မီးသွေးတွင်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်း၊ ရေး-ထားဝယ်လမ်းမှာ စစ်ကော်မရှင် တပ်ကြပ်ကြီး ၁ ဦးကို ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိ
=================
m.CDM နိုဝင်ဘာ ၄ ရက်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ ကင်းလှည့်ပြီး ပေါ်တာဆွဲနေတဲ့ စစ်ကော်မရှင်လက်အောက်ခံ ရဲ ၆ ဦးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ နေပြည်တော် အမှတ် ၉၀၂ တပ်ရင်း တပ်ခွဲ ၃ က ထုတ်ပြန်ထား ပါတယ်။
အောက်တိုဘာလ ၂၈ ရက်၊ ညနေ ၅ နာရီခန့်က ဆတ်သွား-လယ်ဝေး လမ်းပိုင်းတနေရာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ တာဖြစ်ပြီး၊ နောက်ထပ် ရဲ ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကာ MA-13 သေနတ် ၁ လက်၊ ကျည် ၉ တောင့်နဲ့ ဆိုင်ကယ် ၂ စီးကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုကို ရိုးမဖိုက်တာစစ်ကြောင်း အမှတ် (၁) စစ်ဒေသလက်အောက်ရှိ အောင်လံ ပကဖ၊ သရက်ခရိုင် အမှတ် (၁) တပ်ရင်းနှင့် နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာ (၁၇) လက်အောက်ရှိ နေပြည်တော် တပ်ရင်း (၉၀၂)၊ နေပြည်တော် တပ်ရင်း (၈၀၄)၊ မကွေး-တောင်တွင်းကြီး အထူးးပြောက်ကျားတပ်ဖွဲ့နဲ့ တောင်တွင်းကြီးမြို့နယ် ပြ ည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီ) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ မကွေးတိုင်း၊ မင်းဘူး-စကုမြို့နယ်မှာလည်း သုံးပွင့်ဗိုလ် ဗိုလ်ပြည့်နဲ့ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲ -ထားတဲ့ ၂၇ မိုင် ကျောက်မီးသွေးလုပ်ငန်းခွင်ကို မင်းဘူး-စကုမြို့နယ် ပ.က.ဖ အဖွဲ့က ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ စီးနင်းချိန်မှာ ဗိုလ်ပြည့်နဲ့ တပည့်တွေရှိမနေဘဲ ပျူစောထီးသင်တန်းဆင်း ဒု-မန်နေဂျာ ကိုချစ်ကောင်း ဆိုသူ ကို ပစ္စတို ၃ လက်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၂၀၀ ဝန်းကျင်၊ ငွေကျပ် ၈၉ သိန်းကျော်၊ ဖုန်း ၅ လုံးနဲ့ ရွှေဆွဲကြိုး ၁ ကုံး တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကျောက်မီးသွေးတွင်းမှာ ဗိုလ်ပြည့်နဲ့ တပည့်တွေ အထိုင်ချပြီး အနီးပတ်ဝန်းကျင်က ပြည်သူတွေကို ဖမ်း -ဆီး နှိပ်စက်နေတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ အခုလို ဝင်ရောက်စီးနင်းခဲ့တာလို့ ထုတ်ပြန် ထားပါတယ်။
ထို့အပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-ထားဝယ် လမ်းပိုင်းမှာလည်း အကြမ်းဖက် စစ်တပ်က တပ်ကြပ်ကြီး ၁ ဦးကို လက်ပစ်ဗုံး ၁ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး၊ ဖမ်းဆီးခံရသူဟာ ရေးမြို့နယ် အခြေစိုက် စကခ (၁၉) လက်အောက်ခံ အမတ (၃၁၆) တပ်ရင်းက တပ်ကြပ်ကြီး အဆင့်ရှိသူ ဖြစ်တယ်လို့ သိရှိရပါတယ်။
----------------------------
၃။မိုးမိတ်မြို့အနီး လေးမိုင်အထိ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖော်ဆောင်လာ၊ ငပြီကျွန်းကို စစ်အုပ်စုက စစ်ကူထပ်ပို့ပြီး ပြန်လည်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေ၊
==================
m.CDM နိုဝင်ဘာ ၄ ရက်။
ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နဲ့ ခုနှစ်မိုင်ခန့်အကွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းပစ်ကူယူကာ မြို့နဲ့ လေးမိုင်ခန့် အကွာထိ ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဆုတ်ခွာသွားတဲ့ စစ်ကော်မရှင် တပ်တွေဟာ ကျေးရွာတွေမှာ အထိုင်ချ တပ်စွဲကာ ပြည်သူတွေကို ပေါ်တာဆွဲပြီး ပစ်ကျင်း တူးခိုင်းတာ၊ ဘန်ကာဆောက်ခိုင်းတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၂ ရက်နေ့မှာပဲ စစ်ကော်မရှင်တပ်တွေ တပ်စွဲထားတဲ့ မိုးမိတ်အရှေ့ဘက် မန်ဖွယ်ကျေးရွာကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တွင်းငယ်-မိုးမိတ် လမ်းပိုင်းရှိ ဝဲပေါင်း၊ ဆင်တဲကုန်း၊ သစ်ဆိမ့်ကုန်း နဲ့ နဘူးကင်းချောင်း စတဲ့ ကျေးရွာ တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေကို လက်ရ ဖမ်းဆီးရမိတာနဲ့ လက်နက်၊ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ တာတွေ ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ ဝီရဌာနီ (ပေါက်တော)မြို့နယ်က ငပြီကျွန်း မှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က စတင်ပြီး စစ်ကော်မရှင်တပ်က ပြန်လည်ထိုးစစ်ဆင် လာတဲ့အတွက် ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ် လို့ သိရပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့မှာ စစ်တွေမြို့နယ်က ရွှေမင်းဂံ ရေတပ်စခန်းနဲ့ အမှတ် (၃) ဗျူဟာ ရေတပ်ဌာနချုပ် ကနေ တဆင့် စစ်သင်္ဘောတွေ၊ စက်လှေတွေနဲ့ စစ်ကူ ပို့ခဲ့သလို ခမရ (၄၄) က စစ်ကြောင်း ၂ ကြောင်းဟာ ကျွန်းပေါ်ကို ကမ်းတက်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ရေကြောင်းကနေ ဆက်တိုက်ထိုးစစ်ဆင်နေသလို အာရက္ခတပ်တော် (AA) ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်နေပြီး လက်ရှိအချိန်အထိ ငပြီကျွန်းကို AA ကပဲ ဆက်လက်စိုးမိုး ထိန်းချုပ်ထားဆဲ ဖြစ်တယ်လို့ သိရှိရပါတယ်။
—————————————
၄။တောင်သာမြို့က ပြည်သူ့စစ်ခေါင်းဆောင်ကို တောင်သာ PDF ပစ်ခတ်ရှင်းလင်း
=====================
m.CDM၊ နိုဝင်ဘာ ၄
မန္တလေးတိုင်း တောင်သာမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ပြည့်ဖြိုးမောင် ဆိုသူကို နာရီစဥ်အနီးမှာပဲ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ တောင်သာ PDF က ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တောင်သာ PDF အနေနဲ့ ပြောက်ကျားစစ်ဆင်ရေးအဖြစ်နဲ့ တောင်သာမြို့ နာရီစဥ်အနီးက ဘီယာဆိုင်မှာ ဘီယာထိုင်သောက်နေတဲ့ ပြည်သူစစ်ခေါင်းဆောင် ပြည့်ဖြိုးမောင် ခေါ် ငပြည့်ကို နိုဝင်ဘာ ၃ ရက် နေ့ ညနေပိုင်းမှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို တောင်သာ PDF ရဲဘော်တွေက ရဲစခန်းအနီး ပေ ၁၇၀ အကွာကနေ လုပ်ဆောက်ခဲ့တာပါ။
တောင်သာမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်တာဝန်ယူထားတဲ့ ပြည့်ဖြိုးမောင်ဟာ ၂၀၂၁ အာဏာသိမ်း စကတည်းက နိုင်ငံရေးလှုပ်ရှားမှုနဲ့ဖမ်းဆီးခံရတဲ့ တောင်သာမြို့နယ်က ဒေသနေပြည်သူတွေကို စစ်ကြော ရေးမှာ အရက်စက်ဆုံး စစ်ဆေးခဲ့သူလို့ သိရပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ထားပြီး၊ နိုင်ငံရေးအကျဉ်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာတွေ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်စစ်ဆေးတာတွေကို စကစရဲ့ စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူး ဝဏ္ဏဌေးနဲ့အတူ မြို့ခံပြည်သူတွေကို နှိပ်စက်သတ်ဖြတ်မှုတွေမှာ အမြင့်ဆုံး ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် ပြည့်ဖြိုးမောင်ဟာ နယ်မြေအတွင်း စစ်ကြောင်းထိုးရာမှာလည်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ဖမ်းဆီးခံရတဲ့ PDF ရဲဘော်တွေအပေါ်မှာလည်း နှိပ်စက်နည်းပေါင်းစုံသုံးခဲ့ တာကြောင့် တောင်သာနယ်တဝိုက် နာမည်ဆိုးနဲ့ ကျော်ကြားသူလို့ သိရပါတယ်။
———————————
၅။မြန်မာဘက်က ပစ်လိုက်တဲ့ RPG ဗုံးသီး ထိုင်းနိုင်ငံထဲထပ်ကျ၊ ထိုင်းစစ်တပ်က မီးကျည်နဲ့ ပြန်လည်ပစ်ခတ်
===================
m.CDM၊ နိုဝင်ဘာ ၄
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မင်းလက်ပံရွာအနီးမှာြဖစ်နေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကြားက ပစ်လိုက်တဲ့ RPG ဗုံးသီးတလုံး ထိုင်းနိုင်ငံထဲကို ထပ်ကျတဲ့အတွက် ထိုင်းစစ်တပ်က မြန်မာနိုင်ငံဘက်ခြမ်းကို သတိပေးမီးကျည် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ နယ်စပ်သတင်း ရင်းမြစ်တွေက ပြောပါတယ်။
နိုဝင်ဘာ ၃ ရက်ညပိုင်းက မြန်မာဘက်ကပစ်လိုက်တဲ့ RPG ဗုံးသီး ထိုင်းနိုင်ငံ တာ့က်ခရိုင် မဲဆောက် မြို့နယ် အမှတ် ၉၊ မဟာဝမ်ကျေးရွာကအိမ်ပေါ်ကို ကျရောက်ခဲ့တဲ့အတွက် ထိုင်းစစ်တပ်က မီးကျည်နဲ့ သတိ ပေးခဲ့တယ်လို့ ထိုင်းသတင်းတွေကလည်း ဖော်ပြပါတယ်။
ဒီဖြစ်စဉ်မှာ ဒေသနေပြည်သူတွေထိခိုက်မှုမရှိပေမယ့် RPG ထိမှန်တဲ့ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီး ခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့တာပါ။
ထိုင်း-မြန်မာနယ်စပ်အနီးမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်းကို ထိုင်းစစ်ဦးချုပ်က ခေါ်ယူသတိပေးပြီးနောက်တရက်မှာပဲ မြန်မာဘက်က ပစ်လိုက်တဲ့ RPG ဗုံးသီးတလုံး ထိုင်းနိုင်ငံထဲကို ထပ်ပြီးကျရောက်ခဲ့တာြဖစ်ပါတယ်။
လက်ရှိမှာ ထိုင်းစစ်တပ်ဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာဖြစ်နေတဲ့တိုက်ပွဲတွေကို အနီးကပ်စောင့်ကြည့်နေ ပါတယ်။
————————
၆။ကရင်နီနဲ့ ရခိုင်မှာ စစ်အုပ်စုရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကလေးသူငယ်တွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို ကမ္ဘာကျော် အဆိုတော် Zayn Malik က လူမှုကွန်ရက်မှာ မျှဝေခဲ့
===================
m.CDM နိုဝင်ဘာ ၄ ရက်။
ကရင်နီပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မွေးကင်းစကလေး အပါအဝင် ကလေးသူငယ်တွေ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို ကမ္ဘာကျော်အဆိုတော် Zayn Malik က သူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့တယ်လို့ သိရပါတယ်။
One Direction အဖွဲ့ဝင်ဟောင်း ဖြစ်သူဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးရတဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ထုတ်ပြန်ချက်ကို Instagram Story ကနေ ထပ်ဆင့်မျှဝေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်က စစ်ဘေးရှောင် စာသင်ကျောင်း တစ်ခုကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ ရခိုင်ပြည်နယ် အတွင်းက ယာယီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆေးခန်းတစ်ခုကိုလည်း စစ် အုပ်စုက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးငယ် ၁ ဦးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ မြန်မာနိုင်ငံ ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေ ဆိုးရွားစွာ ဒုက္ခကြုံတွေ့နေရတာကို ပြသနေပြီး၊ ကလေးတွေအတွက် လုံခြုံမှုရှိရမယ့် စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်းတွေ ပါ ပစ်မှတ်ထားခံနေရတယ်လို့ ဆိုပါတယ်။
UNICEF အနေနဲ့ ထိခိုက်ခံစားခဲ့ရတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေး နိုင်ဖို့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို လိုက်နာပြီး ကလေးသူငယ်တွေကို အကာအကွယ်ပေးကြဖို့ ကိုလည်း UNICEF က ထပ်မံ တောင်းဆိုထားပါတယ်။
-------------------------
၇။အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲအတွက် စာမူများ ဖိတ်ခေါ်
===================
m.CDM နိုဝင်ဘာ ၄ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီး ဌာနနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် အပြည်- ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကျင်းပသွားမှာဖြစ်ပြီး ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး စာမူတွေကို ဖိတ်ခေါ်ထားပါတယ်။
ဒီပြိုင်ပွဲကို စစ်အစိုးရလက်အောက်မှာ ရှင်သန်နေရတဲ့ မသန်စွမ်း အမျိုးသမီး၊ လူငယ်တွေနဲ့ စစ်ဘေးသင့် မသန်စွ မ်းသူတွေရဲ့ ဘဝကို အနုပညာနဲ့ ဖော်ထုတ်ဖို့၊ နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို လွတ်လပ်စွာ ရေးဖွဲ့နိုင်ဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အစိုးရလက်အောက်မှာ နေ့စဉ် ခက်ခဲကျပ်တည်းစွာ ရှင်သန်နေရတဲ့ မသန်စွမ်း အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ စစ်ဘေးသင့် ဒေသက မသန်စွမ်းသူတွေရဲ့ ဘဝကို စာပေအနုပညာဖြင့် လွတ်လပ် တရားမျှတစွာ ဖော်ထုတ်နိုင်ဖို့၊ အချင်းချင်း မေတ္တာဖလှယ်ကာ ပိုမို သွေးစည်းညီညွတ်ကြောင်း ပြသဖို့ ရည်ရွယ်ကျင်းပတာလို့ ဆိုပါတယ်။
ပြိုင်ပွဲဝင်သူတွေရဲ့ လုံခြုံရေးအတွက် ကိုယ်ရေးအချက်အလက်တွေကို တာဝန်ယသိမ်းဆည်းပေးမှာဖြစ်ပြီး၊ ဆုရ ရှိသူကိုလည်း ကလောင်အမည်နဲ့ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
စာမူတွေကို နိုဝင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပြီး၊ ညီညွတ်မှု၊ ချိတ်ဆက်တင်ပြနိုင်မှုနဲ့ အနုပညာဖန်တီးနိုင်မှုအပေါ်မူတည်ကာ ဆုရွေးချယ်စိစစ်ရေးအဖွဲ့က ဆုံးဖြတ် သွားမယ်လို့ ဆိုပါတယ်။
ဆုရွေးချယ်ရေး အဖွဲ့မှာ အောင်ဝေး၊ မသီတာ(စမ်းချောင်း)၊ စောဝေ အပါအဝင် နာမည်ကြီး စာရေးဆရာ၊ ကဗျာ ဆရာတွေ ပါဝင်မှာ ဖြစ်ပြီး၊ ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိယဆု ကျပ် ၅ သိန်း၊ တတိယဆု ကျပ် ၃ သိန်းနဲ့ အထူး ဆုတွေအဖြစ် ကျပ် ၁ သိန်းစီ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။
ပြိုင်ပွဲကို မသန်စွမ်းသူတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ ကိုယ်တိုင် ဖန်တီးရေးသား ထားတဲ့ စာမူသစ်တွေ ဖြစ်ရမှာဖြစ်ကာ AI အသုံးပြုထားခြင်း ရှိမရှိကိုလည်း စစ်ဆေးသွားမယ်လို့ သတိပေးထား ပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
No comments:
Post a Comment