၂၀၂၂ မေလ ၂၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌လက်နက်လိုအပ်ချက် အချိန်နည်းနည်းကြာသလို ဖြစ်သွားသော်လည်းအဆင်ပြေသွားမယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား
📌အကြမ်းဖက် စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တဲ့အဆင့်ကိုရောက်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌၂၀၂၂-၂၃ ပညာသင်နှစ် ကြားကာလ ပညာရေး အလယ်တန်းဆင့် ကျောင်းသား/သူ (၄၀၀၀) ခန့်လက်ခံသွားမယ်လို့ CDM Students Supporting Team-CSST ကြေညာ
📌ဖယ်ခုံမြို့နယ်၊အင်းအလယ်ရှိ လွယ်ပန်းစုံကျေးရွာကို ဖယ်ခုံမြို့အခြေစိုက် စကခ-၇ က ယနေ့မနက်လက်နက်ကြီးနဲ့ပစ်ခတ်
📌ကလေးမြို့ထဲ စကစတပ်လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတစ်ဦးသေဆုံး
📌ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ ကြားကာလပညာရေးအတွက် ပအဖက ကျောင်းပေါင်း ၁၈၀ အထိဖွင့်ထားနိုင်ပြီး စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ သွားမအပ်ကြဖို့ မင်းတပ် ပအဖ တာဝန်ရှိသူက ပြည်သူတွေကို တိုက်တွန်း
📌တော်လှန်ရေးအစုအဖွဲ့တွေအကြား အပြန်အလှန်ဝေဖန်မှုတွေမြင့်တက်နေတာဟာ စိုးရိမ်စရာမဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေတစ်ခုသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌လက်နက်လိုအပ်ချက် အချိန်နည်းနည်းကြာသလို ဖြစ်သွားသော်လည်းအဆင်ပြေသွားမယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတပြောကြား
လက်နက်လိုအပ်ချက် အချိန်နည်းနည်းကြာသလို ဖြစ်သွားသော်လည်းအဆင်ပြေသွားမယ်လို့ ယုံကြည်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။
"ခက်တာက အခုအချိန်အထိ ကျနော်တို့ကို ဘယ်နိုင်ငံကမှ လက်နက်တွေမပေးသေးပါဘူး။ကျနော်တို့က ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရှာကြံတပ်ဆင်နေရတာဖြစ်ပါတယ်။ကျနော်တို့ NUG ကတရားဝင် အခွန်ကောက်နိုင်တာလည်း မဟုတ်တဲ့အခါကြတော့ ပြည်သူလူထုဆီက လှူဒါန်းငွေနဲ့ပဲ အတတ်နိုင်ဆုံးတပ်ဆင်ပြီးတော့ ဦးဆောင်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့အချိန် နည်းနည်းကြာသွားသလို တော့ဖြစ်တယ်။ဒါပေမာ့် လူထုရဲ့ စိတ်ဓာတ်က ဒီဂရီအမြင့်ဆုံး အနေအထားဖြစ်နေတဲ့အတွက် ပစ္စည်းတွေက ရလာမှာပါ။အဆင်ပြေသွားမယ်လို့ယုံကြည်ပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ခွင့်ပြုရန်ပုံငွေရဲ့ ၈၀ ရာခိုင်နှုန်းကို လက်နက်တပ်ဆင်ရေးအတွက် အသုံးပြုလျက်ရှိနေပါတယ်။ လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ညီနောင်တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ ရင်းနဲ့ မြို့နယ်ပကဖပေါင်း ၂၅၀ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ LDF နဲ့လူငယ် မြို့ပြပြောက်ကျားပေါင်း၄၀၁ဖွဲ့ရှိကာ MOD နဲ့ချိတ်ဆက်ဆောင်ရွက်နေစောအဖွဲ့ ၆၀ ရာ ခိုင်နှုန်းရှိပါတယ်။
========================
📌📌အကြမ်းဖက် စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တဲ့အဆင့်ကိုရောက်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
မေလနောက်ဆုံးပတ်အတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအခုလိုပြောကြားခဲ့တာပါ။
"အကြမ်းဖက် စစ်တပ်ဟာ တိုက်ပွဲတွေကြားထဲမှာ ဘာမှ မသက်ဆိုင်တဲ့ပြည်သူတွေကို ဦးတည်ထားပြီးလုပ်ဆောင်တဲ့အဆင့်ကို ရောက်သွားပြီ။ဒါတော်တော်လွန်သွားပြီ။အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်တဲ့အဆင့်ကိုရောက်နေပြီ။တကယ့်ကို ဆိုးရွားလွန်းတယ်။သေဆုံးတဲ့လူကတစ်ယောက်၊နှစ်ယောက်မဟုတ်ဘူး။တကယ့်ကို ရွာလုံးကျွတ် အိမ်တွေဆိုရင်လည်း ထောင်နဲ့ချီမီးရှို့ခံရတဲ့ အထိဆိုးရွားနေတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၂ ခုနှစ် မေ ၁ ရက်ကနေ ၁၅ ရက်အတွင်းမှာနေအိမ် ၅,၇၀၁ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အပြင်အရပ်သား ၄၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
========================
📌📌၂၀၂၂-၂၃ ပညာသင်နှစ် ကြားကာလ ပညာရေး အလယ်တန်းဆင့် ကျောင်းသား/သူ (၄၀၀၀) ခန့်လက်ခံသွားမယ်လို့ CDM Students Supporting Team-CSST ကြေညာ
CDM Students Supporting Team-CSST အနေနဲ့ မေလ ၂၉ ရက်မှ စတင်ကာ၂၀၂၂-၂၃ ပညာသင်နှစ် ကြားကာလ ပညာရေး အလယ်တန်းဆင့်အတွက် ကျောင်းသား/သူများ စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်တယ်လို့သိရှိရပါတယ်။
"လူဦးရေများပြားမည်ဖြစ်၍ ယနေ့ မေလ ( ၂၉ ) ရက်နေ့မှ မေလ ( ၃၁ ) ရက်နေ့ထိ အလယ်တန်းဆင့် Online ကျောင်းသား/သူများ စော၍ စတင်လက်ခံသွားမှာဖြစ်ပါတယ်။ ကျောင်းသားဦးရေ ပထမအသုတ်အနေဖြင့် လေးထောင်ခန့်လက်ခံသွားမည်ဖြစ်၍ သတ်မှတ်ထားသည့် အလယ်တန်းဆင့်ကျောင်းသား/သူများစတင်ကျောင်းအပ်နိုင်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်"လို့ဖော်ပြပါတယ်။
အတန်းတင်ခြင်း ၊ အတန်းတက်ခြင်းကိစ္စများနှင့် စာမေးပွဲစီစစ်ခြင်းများ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးသွားမည်ဖြစ်၍ ကျောင်းအပ်နှံသည့် ကျောင်းသား/သူများ၏ မည်သူတစ်ဦးတစ်ယောက်၏ မည်သည့်လုံခြုံရေးကိုမျှပေါက်ကြားမည်မဟုတ်ပါကြောင်း အထူးအာမခံတာဝန်ယူပါတယ်လို့
CDM Students Supporting Team-CSST ကကြေညာပါတယ်။
========================
📌📌ဖယ်ခုံမြို့နယ်၊အင်းအလယ်ရှိ လွယ်ပန်းစုံကျေးရွာကို ဖယ်ခုံမြို့အခြေစိုက် စကခ-၇ က ယနေ့မနက်လက်နက်ကြီးနဲ့ပစ်ခတ်
ဖယ်ခုံမြို့နယ်၊အင်းအလယ်ရှိ လွယ်ပန်းစုံကျေးရွာကို ဖယ်ခုံမြို့အခြေစိုက် စကခ-၇ က ယနေ့မနက်လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။ မေလ၂၉ ရက် မနက်၁နာရီအချိန်မှာ စတင်ပစ်ခတ်ခဲ့တာခို့ တယ်။
"မေလ၂၉ ရက်နေ့ နံနက် ၀၁ ၀၀ နာရီအချိန် ဖယ်ခုံမြို့နယ်၊အင်းအလယ်ရှိ လွယ်ပန်းစုံကျေးရွာကို ဖယ်ခုံမြို့အခြေစိုက် စကခ-၇ က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ကျေးရွာအနီးဝန်ကျင်ကိုလက်နက် ကြီး ၁၂၀၊ ကျည် ၁၀ လုံးကျရောက်ပေါက်ကွဲခဲ့ပါတယ်"လို့ ဖယ်ခုံ PDF တပ်ရင်း ၂ ကအတည်ပြု ပြောဆိုပါတယ်။
လတ်တလောပြည်သူထိခိုက်မှု့မရှိကြောင်းသိရှိရပြီးမေလ ၁၇ ရက်နေ့ကလည်းတစ်ကြိမ် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရကာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌ကလေးမြို့ထဲ စကစတပ်လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်တွင်မေလ၂၈ရက်ည ၈ နာရီ၀န်းကျင်ခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။
စကစတပ်က လက်နက်ကြီး ၅ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီး ကလေးမြို့တာဟန်းရပ်ကွက် မေတ္တာ(Agape) ဆေးရုံအနောက်ဖက် ကပ်ရပ် နေအိမ်တွင် ကျရောက်ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။
" သေဆုံးသွားတဲ့ အထဲမှာ သားအမိနှစ်ယောက်က မင်းကင်းဘက်က စစ်ရှောင်လာတဲ့သူတွေပါ"လို့ဒေသခံတစ်ဦးကအတည်ပြုပါတယ်။
သေဆုံးသူ ၂ ဦးမှာ အသက် ၄၅ နှင့် အသက် ၂၇ နှစ်အရွယ်ခန့်ရှိသော သားအမိဖြစ်ကြပြီး မင်းကင်းဘက်မှ တာဟန်း ဘက်သို့ စစ်ဘေးတိမ်းရှောင်သူလာများဖြစ်ကြတယ်လို့သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
📌📌ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ ကြားကာလပညာရေးအတွက် ပအဖက ကျောင်းပေါင်း ၁၈၀ အထိဖွင့်ထားနိုင်ပြီး စစ်ကောင်စီဖွင့်တဲ့ကျောင်းတွေမှာ သွားမအပ်ကြဖို့ မင်းတပ် ပအဖ တာဝန်ရှိသူက ပြည်သူတွေကို တိုက်တွန်းပါတယ်။
စစ်ကောင်စီဘက်ကတော့ မေလ ၂၆ ရက်နေ့ကစပြီး သူတို့ရဲ့ကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေပြီး ကလေးတွေကို ကျောင်းလာအပ်ကြဖို့ မင်းတပ်မြို့ပေါ်မှာ လိုက်လံဆော်ဩနေပါတယ်။ ချင်းပြည်နယ်မှာ ၂၀၂၁ စာသင်နှစ်တုန်းက ပြည်နယ်တွင်းကျောင်းပေါင်း ၈၀၀ ကျော်ကို စစ်ကောင်စီက ဖွင့်လှစ်ဖို့စီစဉ်ခဲ့ပေမယ့် စစ်ရေးအခြေအနေတွေကြောင့် အကောင်အထည်မပေါ်ခဲ့ပါဘူး။ ဒီအကြောင်းကိုတော့ မင်းတပ် ပအဖမှ ကိုရောမန်က အခုလိုပြောထားပါတယ်။
ကိုရောမန် (မင်းတပ် ပအဖ)
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီ ၄ ရက်နေ့ကစပြီး ကြားကာလပညာရေးစနစ်ကိုအသက်သွင်းဖို့ကြိုးစားခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း စစ်ကိုင်းတိုင်းမြို့နယ်တော်တော်များများမှာ ကိုယ့်အားကိုယ်ကိုးကျောင်းတွေပေါ်ပေါက်ခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေကို ကျေးရွာတွေက ထောက်ပံ့ကြေးတချို့ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ရွာသားတွေကိုယ်တိုင် အိမ်တွေမီးရှို့ဖျက်ဆီးခံရပြီး ရပ်တည်ဖို့ခက်ခဲလာတာကြောင့် တခြားအလုပ်မလုပ်တတ်တဲ့ ဆရာ၊ ဆရာမတွေဟာ စားဝတ်နေရေးခက်ခဲနေတယ်လို့ ကနီမှ CDM ဆရာမတစ်ဦးကဆိုပါတယ်။
ကနီ၊ CDM ဆရာမတစ်ဦး
စစ်ကိုင်းတိုင်းထဲမှာ ကလေးတွေကျောင်းတက်ချိန်လုံခြုံရေးအတွက် ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ကင်းချပြီး စောင့်ကြည့်ပေးနေရတာပါ။ စစ်ကောင်စီတပ်တွေမဝင်လာခင် ကြိုတင်သတင်ပေးပြီး ဘေးလွတ်ရာပြေးနိုင်ဖို့ ကလေးတွေကိုလည်း လိုအပ်တာတွေသင်ကြားပေးထားတယ်လို့ ဆရာတွေကပြောပါတယ်။ အနောက်မြောက်တိုင်းစစ်ဒေသထဲက ကျောင်းသားမိဘအများစုကလည်း NUG ရဲ့ကြားကာလပညာရေးစနစ်နဲ့ သားသမီးတွေကို ပြေးရင်းလွှားရင်းအခြေအနေမှာ ရနိုင်သလောက်ပညာသင်ကြားပေးဖို့ ကြိုးစားနေကြပါတယ်။ဒီသတင်းကိုတော့ နွေဦးK ကပေးပို့ထားတာဖြစ်ပါတယ်။
========================
📌📌တော်လှန်ရေးအစုအဖွဲ့တွေအကြား အပြန်အလှန်ဝေဖန်မှုတွေမြင့်တက်နေတာဟာ စိုးရိမ်စရာမဟုတ်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့အခြေအနေတစ်ခုသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။
မေလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUCC ၊ NUG ၊ EAOS၊ PDF နဲ့ အရပ်ဖက်အဖွဲ့တွေကြားထဲမှာ အချင်းချင်းအပြန်အလှန်ဝေဖန်တာတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်ခဲ့တာပါ။ စစ်ကောင်စီရဲ့လွှမ်းမိုးနိုင်မှုကျဆင်းလာတာကြောင့် အချင်းချင်းကြားမှာ ဝေဖန်မှုတွေပြုလုပ်လာနိုင်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ- ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။
ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)
လက်ရှိအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြားထဲမှာ ညှိနှိုင်းမရလို့ ဝေဖန်နေကြတာထက် နိုင်ငံတဝှမ်းစစ်ဘေးသင့်နေတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေကို ထိထိရောက်ရောက်အကူအညီပေးဖို့ ဝိုင်းပြီးကြိုးစားတာက ပိုလက်တွေ့ကျတယ်လို့ ချင်းပြည်နယ်ဒေသခံ တော်လှန်ရေးလူငယ်တစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ်တော်လှန်ရေးလူငယ်တစ်ဦး
စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ကိုစိုးဝင်းဆွေကတော့ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေးသမားတွေက ဦးဆောင်နိုင်မှုအခန်းကဏ္ဍအားနည်းတာကြောင့် အခုလို အပြန်အလှန်အပြစ်တင်ဝေဖန်တာတွေဖြစ်လာတာလို့သုံးသပ်ပါတယ်။
ကိုစိုးဝင်းဆွေ (မုံရွာဒေသခံနိုင်ငံရေးသမားတစ်ဦး)
ဒီအခြေအနေတွေဟာ တော်လှန်ရေး သမားအချင်းချင်း လွတ်လပ်စွာပြောဆိုကြတာသာဖြစ်ပြီး တော်လှန်ရေးကိုထိခိုက်နှောင့်နှေးအောင်လုပ်နေကြတာမျိုးတော့မဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment