၂၀၂၂ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမှောင်ဆုံးနေ့ရက်တွေထဲမှာ မြန်မာနိုင်ငံသားတွေရှိနေဆဲပဲလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နိုင်ငံတကာအသိုင်းအဝန်းကို သတင်းစကားပါး
📌 ၂။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် R2P တောင်း
📌 ၃။ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များနဲ့ လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်သားတစ်သောင်းကျော်ဟာ ကျဆုံပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး
📌 ၄။ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ယခုလက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၉၃ ဦးရှိပြီး တရားဥပဒေအရ အကာအကွယ်ရယူခွင့် အပြည့်အဝမရရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်
📌 ၅။ NUG မှ ဖွင့်ပေးသော စာသင်ကျောင်းများနှင့် CDM ဆရာ/ ဆရာမ ဦးဆောင် ဖွင့်သော စာသင်ကျောင်းများကို ကာကွယ်ရေးရဲဘော်များ ကျောင်းသုံးစာရေးကိရိယာများလှူဒါန်း
📌 ၆။ ၁၄ အင်းလျား EOD ရှယ်ယာတွေအားလုံး ရောင်းကုန် သွား
📌 ၇။ ရန်ကုန်မြို့ရှိ YBS ယာဥ်လိုင်းအချို့ ယာဥ်စီးခ ကျပ် ၄၀၀ အထိတိုးမြှင့်ကောက်ခံ
📌 ၈။ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးခံရသော ကျေးရွာပေါင်း ၁၆ ရွာထိရှိလာပြီး ကူညီထောက်ပံ့မှုများလိုအပ်နေ
📌 ၉။ ရေဦးနယ်မှ ဒီပဲယင်းနယ်သို့လာသော စကစတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာ တစ်စီးပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမှောင်ဆုံးနေ့ရက်တွေထဲမှာ မြန်မာနိုင်ငံသားတွေရှိနေဆဲပဲလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နိုင်ငံတကာအသိုင်းအဝန်းကို သတင်းစကားပါး
အမှောင်ဆုံးနေ့ရက်တွေထဲမှာ မြန်မာနိုင်ငံသားတွေရှိနေဆဲပဲလို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နိုင်ငံတကာအသိုင်းအဝန်းကိုသတင်းစကားပါးလိုက်ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှ နိုင်ငံတကာအသိုင်းအဝန်းသို့ မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ပန်ကြားမှုမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဩဂုတ်လ ၁ ရက်နေ့ဟာ ပြည်သူ့တော်လှန်ရေး (၁၈) လမြောက်နေ့ဖြစ်ပါတယ်။ သာယာလှပတဲ့ နိုင်ငံတော် ကြီး ကို ဖျက်ဆီးပစ်ဖို့ကြိုးစားနေတဲ့ တရားမ၀င်စစ်အာဏာရှင်တွေကို ကျွန်မတို့ဟာ ဆယ့်ရှစ်လကြာ အတူတကွ ခုခံတော်လှန်မှု၊ စည်းလုံးညီညွတ်မှုတို့နဲ့ဆန့်ကျင်ခဲ့ကြပါတယ်။
အမှောင်ဆုံးနေ့ရက်တွေထဲမှာ ကျွန်မတို့ဟာရှိနေဆဲပဲဖြစ်ပါတယ်။ စစ်ပွဲ၊ ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှု၊ စီးပွားရေး ပျက်သုဉ်းမှု... ဒါတွေဟာမင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်တွေရဲ့ ပြယုဂ်တွေပဲဖြစ်ပါတယ်။ ခုလည်း ရက်စက်ကြမ်းကြုတ်မှုတွေအဟုန်ပြင်းပြင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကွပ်မျက်ခဲ့ကြခြင်းအတွက် ကျွန်မတို့ အလွန်စိတ်မကောင်းဖြစ်ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ ပြည်သူလူထုတစ်သောင်းကျော်ဖမ်းဆီးချုပ်နှောင်ခံထားရပြီး နှစ်ထောင်ကျော်မှာ သတ်ဖြတ်ခံထားရပါတယ်။
========================
📌📌 ၂။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် R2P တောင်း
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် R2P တောင်းဆိုလိုက်ပါတယ်။ ဇူလိုင် ၃၀ ရက်နေ့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှ နိုင်ငံတကာအသိုင်းအဝန်းသို့ မြန်မာ့အရေးနှင့်စပ်လျဉ်း၍ ပန်ကြားမှုမှာထည့်သွင်းပြောကြားခဲ့ပါတယ်။
"စစ်အာဏာရှင်တွေရဲ့ နိုင်ငံတကာကိုယ်စားပြုမှုအားလုံးကို ဆိုင်းငံ့ထားပြီး မည်သည့် နိုင်ငံတကာ ပလက် ဖောင်း များတွင်မဆို စစ်အစိုးရ၏ ကိုယ်စားလှယ်ကို မ၀င်ရောက်နိုင် စေဖို့တားဆီးပေးကြပါ။ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ဟာ စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ပွဲ၀င် နေကြတဲ့ လူမျိုးစု၊ ဒီမိုကရေစီ အင်အားစုတွေဆီကို တပ်ဖွဲ့ဝင်များနှင့် လက်နက်များပေးပို့ခြင်းဖြင့် အကာအကွယ် ပေးရန်တာဝန်ရှိမှု (R2P)ကို လျင်မြန်စွာ ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကုလသမဂ္ဂ အဖွဲ့ဝင် ၁၅ နိုင်ငံစလုံးဟာ စစ်ကောင်စီရဲ့ သေဒဏ်ကွပ်မျက်စီရင်မှုကို ရှုတ်ချလိုက်ပြီး နိုင်ငံရေးအကျဥ်းသားများလွှတ်ပေးဖို့တောင်းဆိုထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၃။ တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များနဲ့ လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်သားတစ်သောင်းကျော်ဟာ ကျဆုံပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေး
တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်များနဲ့ လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်သားတသောင်းကျော်ဟာ ကျဆုံပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဇူလိုင် ၃၀ ရက်မှာ ကျင်းပတဲ့ ကျားဖြူတပ်ခွဲ၁ရဲ့တနှစ်ပြည့်အခမ်းအနားသို့ပေးပို့တဲ့သဝဏ်လွှာမှာ အသိပေးပြောကြားလိုက်ပါတယ်။။
"ရဲဘော်တို့ ငါတို့ဆင်နွှဲနေကြတဲ့ ပြည်သူ့ခုခံ တော်လှန်စစ်ဟာ ပြည်သူ့တော်လှန်ရေးစစ်စစ်ဖြစ်တယ်။ ပြည်သူ့ထောက်ခံ ယုံကြည်မှုရရှိရေး အင်မတန်အရေးပါတယ်ဆိုတာကိုသတိပြုရမယ်။ ဒေသတိုင်းမှာ တပ်ရင်း တပ်ဖွဲ့များကို စုစည်းပြီး တိုင်းရင်းသား တော်လှန်ရေးမဟာမိတ်များနဲ့ လက်တွဲညီညီ ညီရင်းအကို မောင်ရင်းနှမပမာ ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်သား တစ်သောင်းကျော်ဟာ ကျဆုံးခဲ့ပြီးဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီ တပ်သားများ အကျအရှုံးများသော်လည်း တော်လှန်ရေးဟာ ရပ်နေလို့မရဘဲ ဆက်သွားနေရမယ်လို့လည်း ဝန်ကြီးကထပ်လောင်းပြောကြားထားပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ကြေညာခဲ့ပါတယ်။
========================
📌📌 ၄။ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ယခုလက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၉၃ ဦးရှိပြီး တရားဥပဒေအရ အကာအကွယ်ရယူခွင့် အပြည့်အဝမရရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထုတ်ပြန်
ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ယခုလက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၉၃ ဦးရှိပြီး တရားဥပဒေအရ အကာအကွယ်ရယူခွင့် အပြည့်အဝမရရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်၂၉ ရက်ဖော်ပြချက်အရအကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ရှိပြီး၊ ပြန်လည်လွတ်မြောက် လာသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇ ဦးရှိသဖြင့် လက်ရှိဖမ်းဆီးထိန်းသိမ်းခံနေရသူ ၂၇ ဦးရှိပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖမ်းဆီးထိန်းသိမ်း ခံရသူ ၇၉ ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူ ၁၁ ဦး ရှိပါကြောင်း၊ အခြား ၁ ဦးမှာ အကျဉ်းထောင်ထဲတွင် ဆေးကုသ ခွင့်မပြုသဖြင့် သေဆုံးပြီး ကျန် ၁ ဉီးမှာလည်း စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် လမ်းဘေးတစ်နေရာတွင် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပြီး သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။
ဒါ့အပြင်ဖမ်းဆီးခံရပြီး သေဆုံးသူ ၂ ဦး ရှိသွားပြီဖြစ်သဖြင့် လက်ရှိဖမ်းဆီး ထိန်းသိမ်းခံနေရသူ ၆၆ ဦးရှိသွားပြီဖြစ်ပါတယ်။ ထို့ကြောင့် ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ယခုလက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ၉၃ ဦး ရှိနေပါတယ်။
စစ်ကောင်စီက မတရားအကြမ်းဖက်ပြီး အမှုဆင်ဖမ်းဆီးခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ သတင်း အဆက်အသွယ်မရရှိဘဲ ထိန်းသိမ်းခံထားရခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံ လွှတ်တော်ကိုယ်စားလှယ် အများစုအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ဆိုသည်ကိုပင် မိသားစုဝင်များ ကိုယ်တိုင် မသိရှိရခြင်းနှင့် တရားဥပဒေအရ အကာအကွယ်ရယူခွင့် အပြည့်အဝမရရှိခြင်း စသည့် အခြေခံလူ့ အခွင့်အရေးများ များစွာဆုံးရှုံးနေရခြင်းနှင့်စပ်လျဉ်း၍ CRPH အနေဖြင့် သတင်းအချက်အလက် များကို စနစ်တကျ ကောက်ယူပြီး နိုင်ငံတကာလွှတ်တော် အဖွဲ့အစည်းများ နှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများထံသို့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့လည်းဆိုပါတယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းပါ လူတစ်ဉီး တစ်ယောက်ချင်းစီ၏ အခွင့်အရေးများကို အကြမ်းဖက်စစ်ကောင်စီမှ ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိတယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
========================
📌📌 ၅။ NUG မှ ဖွင့်ပေးသော စာသင်ကျောင်းများနှင့် CDM ဆရာ/ ဆရာမ ဦးဆောင် ဖွင့်သော စာသင်ကျောင်းများကို ကာကွယ်ရေးရဲဘော်များ ကျောင်းသုံးစာရေးကိရိယာများလှူဒါန်း
NUG မှ ဖွင့်ပေးသော စာသင်ကျောင်းများနှင့် CDM ဆရာ/ ဆရာမ ဦးဆောင် ဖွင့်သော စာသင်ကျောင်းများကို ကာကွယ်ရေးရဲဘော်များ ကျောင်းသုံးစာရေးကိရိယာများလှူဒါန်းခဲ့တယ်လို့ ဇူလိုင် ၃၀ ရက်နေ့မှာ တောကြီးမြွေပွေးကာကွယ်ရေးတပ်ဖွဲ့ကဆိုပါတယ်။
"NUG မှ ဖွင့်ပေးသော စာသင်ကျောင်းများနှင့် ပြည်သူများနှင့် CDM ဆရာ/ ဆရာမ ဦးဆောင် ဖွင့်သော စာသင်ကျောင်းများကို ကျနော်တို့တောကြီးမြွေပွေးအဖွဲ့မှမတည်ပြီး ခဲတံ စာအုပ် အစရှိသည့် ကျောင်းများ၏လိုအပ်ချက်များကိုလှူဒါန်းခဲ့ပါတယ်"လို့ဆိုပါတယ်။ ထပ်မံ၍လှူဒါန်းမှုပြုလုပ်မည်ဖြစ်ပါ၍ ပြည်သူတွေအနေနဲ့တောကြီးမြွေပွေးအဖွဲ့နှင့် ပူးပေါင်းပါဝင်လှူဒါန်းပေးဖို့ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၆။ ၁၄ အင်းလျား EOD ရှယ်ယာတွေအားလုံး ရောင်းကုန် သွား
၁၄ အင်းလျား EOD ရှယ်ယာတွေအားလုံး ရောင်းကုန် သွားတယ်လို့ End of Dictator Ship က ဇူလိုင် ၃၀ ရက်နေ့မှာ ကြေညာပါတယ်။
"EOD ရဲ့ ၁၄ အင်းလျား ပရောဂျက်မှာ ကျန်ရှိတဲ့ ရှယ်ယာ ၁၂,၂၀၀ စု (ဒေါ်လာ ၁,၂၂၀,၀၀၀ ဖိုး) ကို Final Call အဖြစ် ၁၀ ရက် ရောင်းချနေရာမှာ ဇူလိုင် ၃၀ ရက်မှာ အားလုံးရောင်းကုန်သွားခဲ့ပါတယ်။
"ကမ္ဘာကပါ အံ့အားသင့်ရလောက်အောင် အောက်တန်းကျ သိမ်ဖျင်းယုတ်မာတဲ့ စစ်အာဏာရှင်နဲ့ အဖွဲ့ကို ရွံရှာစက်ဆုပ် မုန်းတီးကြပါသော မြန်မာပြည်သူအပေါင်းရဲ့ သောင်းသောင်းဖျဖျ အားပေးဝယ်ယူမှုကြောင့် တော်လှန်ရေးရန်ပုံငွေအတွက် အထောက်အပံ့ အကြီးကြီး ဖြစ်နေတဲ့ ၁၄ အင်းလျား EOD ရှယ်ယာတွေအားလုံး ရောင်းကုန် သွားပါပြီခင်ဗျာ။ EOD ရှယ်ယာ မရလိုက်သူများ အနေနဲ့ အဲ့ဒီအတွက် ရည်စူးထားတဲ့ငွေတွေကို တော်လှန်ရေး အောင်မြင်ရေး နောက်ထပ် အထောက်အပံ့အကြီးအကျယ်ပေးနေတဲ့ ငွေတိုက်စာချုပ် (ဘွန်း) တွေဝယ်ယူရာမှာသုံးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်"လို့ဆိုပါတယ်။ မကြာမီမှာလည်း နောက်ထပ် EOD ပရောဂျက် အသစ်တွေ ထပ်လာဦးမယ်လို့လည်းဆိုပါတယ်။
========================
📌📌 ၇။ ရန်ကုန်မြို့ရှိ YBS ယာဥ်လိုင်းအချို့ ယာဥ်စီးခ ကျပ် ၄၀၀ အထိတိုးမြှင့်ကောက်ခံ
ရန်ကုန်မြို့ရှိ YBS ယာဥ်လိုင်းအချို့ ယာဥ်စီးခ ကျပ် ၄၀၀ အထိတိုးမြှင့်ကောက်ခံလိုက်ပါတယ်။ ယခင်ယာဉ်စီးခ ၂၀၀ ကျပ်မှ ယခု၄၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံလိုက်ခြင်းဖြစ်ပါတယ်။
တိုးမြှင့်ကောက်ခံလိုက်တဲ့ ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းများမှာ YBS 2၊ YBS 3၊ YBS 4 ၊ YBS 7၊ YBS 8 ၊ YBS 10၊YBS 11 ၊ YBS 24၊ YBS 26၊ YBS 28 ၊ YBS 29၊ YBS 36 ၊ YBS 40၊ YBS 59၊ YBS 65၊ YBS 84၊ YBS 110၊ YBS 111 ၊ YBS 112၊ YBS 114၊ YBS 115၊ YBS 116 ယာဉ်လိုင်းတို့ဖြစ်ပါတယ်။ ယာဥ်စီးခ တိုးမြှင့်ကောက်လိုက်တာကြောင့် ပုံမှန်ခရီးသွားတွေအနေနဲ့ ထိခိုက်မှုရှိတယ်လို့စုံစမ်းသိရှိရပါတယ်။
========================
📌📌 ၈။ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးခံရသော ကျေးရွာပေါင်း ၁၆ ရွာထိရှိလာပြီး ကူညီထောက်ပံ့မှုများလိုအပ်နေ
ဂန့်ဂေါမြို့နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးခံရသော ကျေးရွာပေါင်း ၁၆ ရွာထိရှိလာပြီး ကူညီထောက်ပံ့မှုများလိုအပ်နေတယ်လို့ ဇူလိုင် ၃၀ ရက်နေ့မှာ နှမ်းခါးလူငယ်အဖွဲ့ကဆိုပါတယ်။
"ဂန့်ဂေါမြို့နယ် မိုးစို့ရွာ မီးဘေးသင့်စစ်ဘေးရှောင်ပြည်သူများအတွက် ဂန့်ဂေါမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ ထောက်ပံ့ကူညီလှူဒါန်းထားသောအလှူငွေ (မြန်မာငွေကျပ် ၁၀၃၀၀၀၀) ဖြင့် ဆန်တင်းရေ (၅၁တင်း) ကိုပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၏ကိုယ်စား နှမ်းခါးရွာလူငယ်အဖွဲ့မှ ဝယ်ယူထောက်ပံ့ကူညီလှူဒါန်းပေးခဲ့ပါတယ်"လို့ ဆိုပါတယ်။ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်များမီးရှို့ဖျက်ဆီးခံရသော ကျေးရွာပေါင်း ၁၆ ရွာ ရှိပြီဖြစ်ပါ၍ ကူညီထောက်ပံ့မှူများမရရှိသေးသော ကျေးရွာများကျန်ရှိနေသေးတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ ရေဦးနယ်မှ ဒီပဲယင်းနယ်သို့လာသော စကစတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာ တစ်စီးပျက်စီး
ရေဦးနယ်မှ ဒီပဲယင်းနယ်သို့လာသော စကစတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ရာ တစ်စီးပျက်စီးခဲ့ပါတယ်။ ဇူလိုင် ၃၀ ရက် ရေဦးနယ်မှ ဒီပဲယင်းနယ်သို့လာသော စကစတပ်ဖွဲ့ဝင်များလိုက်ပါလာတဲ့ ကားနှစ်စီးကို တိုက်ခိုက်ခဲ့တာလို့ Freedom Revolution Force (FRF) ကဆိုပါတယ်။
"ဇူလိုင် ၃၀ ရက် မနက် 10:00 နာရီခန့်တွင် ရေဦးခွေးခြံမှ ဒီပဲယင်းခွေးခြံသို့ ခွေးအင်အားဖြည့်၍ပြန်လာသော ကားနှစ်စီးအား မိမိတို့အဖွဲ့မှ ကြိုတင်စောင့်ဆိုင်း၍ မိုင်းခွဲခဲ့ရာ ကားတစ်စီးထိခိုက်ကာ အခြားကားဖြင့်ဆွဲယူသွားရကြောင်းသိရှိရပါတယ်"လို့ ဆိုပါတယ်။ စကစတပ်များလတ်တလောထိခိုက်ကျဆုံးမှု မသိရသေးဘူးလို့ Freedom Revolution Force (FRF)ကဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment