၂၀၂၂ စက်တင်ဘာလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ချက်သမ္မတဟောင်း Mr.Václav Havel ရဲ့ အုတ်ဂူမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့လူ့အခွင့်ရေးရာဝန်ကြီးတို့ အမှတ်တရ ပန်းခြင်းချခဲ့
📌 ၂။ စစ်နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်ဟာ ပြည်သူ့အားအပေါ်မှာပဲ ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်
📌 ၃။ မြန်မာနိုင်ငံကပြည်သူတွေဟာ သံခြေချင်းခတ်ခံထားရကာညှဉ်းပန်းနှိပ်စက်ခံနေရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ အခြေအနေမှာရှိနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆိုခဲ့
📌 ၄။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနတီနှင့် NUG နိုင်ငံခြားရေးဒုဝန်ကြီးတို့တွေ့ဆုံဆွေးနွေးပွဲကျင်းပ
📌 ၅။ ကရင်နီပြည်နယ် ထီးသော်ကူး ကျေးရွာ အနီး တပ်စွဲထားသော စစ်ကောင်စီတပ်များကို KNDF B-15 မှ Drone ဖြင့်တိုက်ခိုက်
📌 ၆။ မကွေးတိုင်း၊ မြိုင်မြို့နယ် ညောင်ပင်ဇောက်ရွာမှ ဒေသခံရွာသားတစ်ဦးကို အကြမ်းစစ်တပ်က ညှင်းပန်းနှိပ်စက်ပြီးမှ ရက်စက်စွာသတ်ဖြတ်
📌 ၇။ မြိုင်နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ ကျေးရွာမှ ဒေသခံပြည်သူများ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ
📌 ၈။ M4 မောင်းပြန်သေနတ်ပုံစံတူကိုနယ်စီးမခြားဇာမဏီပျောက်ကြားတပ်က အောင်မြင်စွာထုတ်လုပ်နိုင်
📌 ၉။ ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “UN Prove Your Existence for Justice” စာသားပါဘန်နာ ချိတ်ဆွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ချက်သမ္မတဟောင်း Mr.Václav Havel ရဲ့ အုတ်ဂူမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့လူ့အခွင့်ရေးရာဝန်ကြီးတို့ အမှတ်တရ ပန်းခြင်းချခဲ့
ချက်နိုင်ငံကို အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ရောက်ရှိနေတာဖြစ်ပြီး ချက်သမ္မတဟောင်း Mr.Václav Havel ရဲ့ အုတ်ဂူမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့လူ့အခွင့်ရေးရာဝန်ကြီးတို့ အမှတ်တရ ပန်းခြင်းချခဲ့တယ်လို့သိရပါတယ်
"မြန်မာပြည်အရေးကို အမြဲအားပေးထောက်ခံတဲ့ ချက်နိုင်ငံသမတဟောင်း Mr.Václav Havelရဲ့ အုတ်ဂူမှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၊ ချက်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်တို့နဲ့အတူ အမှတ်တရပန်းခြင်းချခဲ့ပါတယ်"လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုထားပါတယ်။ စက်တင်ဘာ (၂) ရက် သောကြာနေ့ - ပရာဟာစံတော်ချိန် ညနေ (၄) နာရီတွင်နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
========================
📌📌 ၂။ စစ်နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်ဟာ ပြည်သူ့အားအပေါ်မှာပဲ ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်
နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်ဟာ ပြည်သူ့အား ပေးမှုအပေါ်မှာပဲ ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၄ ရက် လူမှုကွန်ရက်မှာ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကရေးသားပြောကြားခဲ့ပါတယ်။
"ပြည်သူကို ကျနော်ယုံတယ်။ နွေဦးတော်လှန်ရေးရဲ့ ဗဟိုချက်ဟာ ပြည်သူ့အားပေါ်မှာပဲ ရှိနေတယ်။လက်ရှိ ဆောင်ရွက်နေတဲ့ ဘဏ္ဍာရန်ပုံငွေ ရှာဖွေရေးကိစ္စရပ်တွေအပြင် ဆက်လက်အကောင်အထည်ဖော်သွားမယ့် ကိစ္စရပ်တွေ အားလုံးကို အဲဒီအချက်အပေါ်မှာပဲ တည်မှီယုံကြည် ဆောင်ရွက်နေတာမို့ ပြည်သူအားကိုးနဲ့ ကျနော် ရဲရဲဝံ့ဝံ့ အာမခံချက် ပေးခဲ့ပါတယ်။လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေ ရကို ရစေရမယ်ပေါ့။လက်တွေ့မှာလည်းနွေဦးရိပ်မွန်၊ နွေဦးမော်ကွန်းသစ် အိမ်ယာရောင်းချမှုက အချိန်တိုအတွင်းရည်မှန်းချက်ပြည့်မီရုံမက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တာကို ကြည့်ပြီး ပိုလို့တောင် ယုံကြည်ကိုးစား အားအင်ဖြစ်ရပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကရောင်းချပေးတဲ့"နွေဦးမော်ကွန်းသစ်@ Thanthumar ရဲ့ ၆၀ ပေ x ၈၀ ပေ မြေကွက် တချို့ကို ၄၀ ပေ x ၆၀ ပေ အဖြစ် ပြောင်း၍ ရောင်းချ ပေးပြီး မကြာခင်မှာပဲ မြေကွက် ၂ မျိုးလုံး ရောင်းကုန်သွားကာစတင်ရောင်းချပြီး ၂ ရက် မပြည့်ခင် ကုန်သွားခြင်း ဖြစ်ပါတယ်။
နွေဦးမော်ကွန်းသစ် @Thanthumaပေ ၆၀ x ပေ ၈၀ - အကွက် ၁၅၀ နွေဦးမော်ကွန်းသစ် @Thanthuma ပေ ၄၀ x ပေ ၆၀ - အကွက် ၅၀၀ စုစုပေါင်း ၆၅၀ ကွက် အားလုံး ရောင်းချ ခဲ့ရပြီး၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဖြစ်ပါတယ်။ နွေဦးရိပ်မွန်@ Min Dhamma နှင့်ပေါင်းပါက ဒေါ်လာ ၁၂ သန်းကျော်ဖိုး ရောင်းချပြီး ဖြစ်ပါတယ်။ ယခုအခါ နွေဦးရိပ်မွန် မြေကွက် တချို့သာ ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။
"ပြည်သူရဲ့ အံ့မခန်းအားထုတ်မှုက ချီးကျူးဂုဏ်ပြုစရာ စကားလုံး ရှာမရတဲ့အထိပါပဲ။မလွယ်ကူမှုပေါင်းများစွာ၊ စိန်ခေါ်မှုပေါင်းမျိုးစုံ၊ စွန့်စားပေးဆပ်ရမှုပေါင်း မရေမတွက်နိုင် ကြားထဲကနေ ကဏ္ဍစုံလင်၊ ကမ္ဘာတခွင် ကျရာနိုင်ရာ မညီးမငြူ အားကုန်ထုတ် ရုန်းနေမှတော့ ဒီတော်လှန်ရေးဟာ အောင်ပွဲနဲ့ အဆုံးသတ်ဖို့ကလွဲလို့ ဘာရှိရဦးမှာလဲ။အိမ်လွမ်းသူတွေ၊ အမိမြေကိုချစ်မြတ်နိုးသူတွေ၊ အာဏာရှင်ရွံ့မုန်းသူတွေရဲ့ တိမ်းညွှတ်လိုလားရာဟာ ဒီနွေဦးတော်လှန်ရေးက အစပြုလို့ ကမ္ဘာတည်သရွေ့ ထင်ရှားတည်ရှိကျန်ရစ်ခဲ့မှာ သိပ်ကိုသေချာလွန်းခဲ့ပြီ"လို့ဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံကပြည်သူတွေဟာ သံခြေချင်းခတ်ခံထားရကာညှဉ်းပန်းနှိပ်စက်ခံနေရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ အခြေအနေမှာရှိနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆိုခဲ့
မြန်မာနိုင်ငံကပြည်သူတွေဟာ သံခြေချင်းခတ်ခံထားရကာညှဉ်းပန်းနှိပ်စက်ခံနေရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ အခြေအနေမှာရှိနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက ချက်နိုင်ငံမှာကျင်းပတဲ့ ဖိုရမ် 2000 မှာပြောကြားခဲ့ပါတယ်။
"စစ်အုပ်စုက ဦးဆောင်ပြီး လုပ်နိုင်ချေရှိတဲ့ ရွေးကောက်ပွဲကိစ္စကို ထည့်သွင်းဆွေးနွေးနေတာက အင်မတန်အန္တရာယ်ကြီးရုံသာမက ဒီမိုကရေစီအရေးအတွက် အသက်တွေ၊ လွတ်လပ်မှုတွေ ပေးပြီး တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို အဆုံးစွန်ဆုံး စော်ကားရာလည်း ရောက်ပါတယ်။ အခုကျွန်တော် စကားပြောနေတဲ့အချိန်မှာတင်ကို ဒီပြည်သူတွေဟာပဲ သံခြေချင်းခတ်ခံထားရ၊ ညှဉ်းပန်းနှိပ်စက်ခံနေရ၊ သေဒဏ်ချမှတ်ခံထားရတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တ်ို့နဲ့ စည်းလုံးညီညွတ်မှုကိုပြပြီး ရပ်တည်ပေးပါ။ မဟာမိတ်ပြုမှုတွေ၊ ချိတ်ဆက်မှုတွေ ပြုလုပ်ပေးပါ။ တစ်နေရာရာမှာ ဒီမိုကရေစီကို ခြိမ်းခြောက်ခံရတာဟာ နေရာတကာမှာ ခြိမ်းခြောက်ခံရတာပါပဲ"လို့ ဆိုပါတယ်။ Forum 2000 ဟာ ယူကရိန်းအရေးကို အဓိကထားဆွေးနွေးခဲသော်လည်း မြန်မာအရေးကိုလည်းပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကတင်ပြဆွေးနွေးနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနတီနှင့် NUG နိုင်ငံခြားရေးဒုဝန်ကြီးတို့တွေ့ဆုံဆွေးနွေးပွဲကျင်းပ
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာကွန်မြူနတီနှင့် NUG နိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦးတို့တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီမှ ၃ နာရီ မြန်မာကွန်မြူနီတီစင်တာမှာ ကျင်းပခဲ့တာလို့ CRPH Support Team SF Bay Area ကအသိပေးဖော်ပြပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက နွေဦးတော်လှန်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာများအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဆောင်ရွက်ချက်များကိုပါ ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသ Bay Area ပတ်ဝန်းကျင်က မိတ်ဆွေများလည်းဆွေးနွေးပွဲကိုတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကရင်နီပြည်နယ် ထီးသော်ကူး ကျေးရွာ အနီး တပ်စွဲထားသော စစ်ကောင်စီတပ်များကို KNDF B-15 မှ Drone ဖြင့်တိုက်ခိုက်
ကရင်နီပြည်နယ် ထီးသော်ကူး ကျေးရွာ အနီး တပ်စွဲထားသော စစ်ကောင်စီတပ်များကို KNDF B-15 မှ Drone ဖြင့်တိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ၄ ရက်နေ့မှာ စစ်ရေးသတင်းကို KNDF B15 ကအသိပေးဆိုပါတယ်။
စက်တင်ဘာ ၃ ရက် မနက်၂း၀၀ အချိန်တွင် ဒီမော့ဆိုဘက်မှ ဖရူဆို ဘက်သို့ စစ်ကောင်စီ၏ ရိက္ခာတင်လာသော ကားယာဥ်တန်း ၅ စီးအား KNDF B-15 မှ ကဒါးလားကျေးရွာ အနီး ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီ ကားတစ်စ်ီးပျက်ဆီးသွားခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက် ဒဏ်ရာ ရှိနိုင်ပါတယ်။ညနေ ၄း၃၀ အချိန်တွင် ထီးသော်ကူး ကျေးရွာ အနီး တပ်စွဲထားသော စစ်ကောင်စီတပ်များကို KNDF B-15 မှ Drone ဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ ဆိုပါတယ်။ ဒရုန်းတိုက်ခိုက်၍စစ်ကောင်စီဘက်မှ ၂ ဦး ထက်မနည်း ထိခိုက်နိုင်ပါတယ်။ ထိုတိုက်ပွဲ အတွင်း KNDF ဘက်မှ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ မကွေးတိုင်း၊ မြိုင်မြို့နယ် ညောင်ပင်ဇောက်ရွာမှ ဒေသခံရွာသားတစ်ဦးကို အကြမ်းစစ်တပ်က ညှင်းပန်းနှိပ်စက်ပြီးမှ ရက်စက်စွာသတ်ဖြတ်
မကွေးတိုင်း၊ မြိုင်မြို့နယ် ညောင်ပင်ဇောက်ရွာမှ ဒေသခံရွာသားတစ်ဦးကို အကြမ်းစစ်တပ်က ညှင်းပန်းနှိပ်စက်ပြီးမှ ရက်စက်စွာသတ်ဖြတ်ခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ အကြမ်းဖက် စစ်တပ်ကြောင့်သေဆုံးသူများအချက်အလက်ကို AAPP ကဖော်ပြခဲ့ပါတယ်။
ဩဂုတ်လ ၂၉ ရက်နေ့တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ပင်ဇောက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ ဝင်ရောက် စီးနင်းခဲ့ပြီး ဒေသခံရွာသား ဦးခိုင်ဝင်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးနောက် သတ်ဖြတ်ခဲ့ပါတယ်။ ဦးခိုင်ဝင်း၏ ရုပ်အလောင်း၌ မျက်လုံးတစ်ဖက်ကို ဖောက်ထုတ်ထားခြင်း၊ ပေါင်၊ ခြေသလုံးတို့တွင် ထိုးသွင်းဒဏ်ရာများအပါအဝင် ခန္ဓာကိုယ် အနှံ့၌ နှိပ်စက်ခြင်းခံထားရသည့် ဒဏ်ရာများကို တွေ့ရှိရကြောင်း သတင်းရရှိပါတယ်။ အကြမ်းဖက် စစ်တပ်ကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၂၆၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၇။ မြိုင်နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ ကျေးရွာမှ ဒေသခံပြည်သူများ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ
မြိုင်နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်၍ ကျေးရွာမှ ဒေသခံပြည်သူများ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စက်တင်ဘာ ၄ ရက်နေ့မှာဒေသခံသတင်းအရင်းအမြစ်များထံကသတင်းရရှိပါတယ်။ မြိုင်မြို့နယ်မှာ စကစတပ်များဟာ စစ်ကြောင်းထိုးမှုနေ့စဥ်ရှိနေတယ်လို့လည်းဆိုပါတယ်။
"မကွေးတိုင်း၊မြိုင်နယ်တွင် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးခြင်းကြောင့် ပြည်သူများ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရပါတယ်။ စကစတပ်များက ပြည်သူများ၏ နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများခိုးယူခြင်း၊နေအိမ်များကို မီးရှို့ခြင်း၊ နွား၊ဆိတ်၊ကြက်၊ဝက်များကို သတ်ဖြတ်စားသောက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်ပါတယ်"လို့မြိုင် MVRF ကဖော်ပြပါတယ်။
========================
📌📌 ၈။ M4 မောင်းပြန်သေနတ်ပုံစံတူကိုနယ်စီးမခြားဇာမဏီပျောက်ကြားတပ်က အောင်မြင်စွာထုတ်လုပ်နိုင်
M4 မောင်းပြန်သေနတ်ပုံစံတူကိုနယ်စီးမခြားဇာမဏီပျောက်ကြားတပ်က အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နယ်စီးမခြားဇာမဏီပျောက်ကြားတပ်ကအသိပေးဖော်ပြပါတယ်။
"ကျနော်တို့ နယ်စီးမခြားဇာမဏီပျောက်ကြားအဖွဲ့အနေနဲ့ပထမဦးဆုံးမောင်းပြန်သေနတ် (M4) ဒီဇိုင်း ပါကြီးကျည် or AK ကျည်ကိုအသုံးပြုပြီးအောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ခဲ့ပါပြီ။ မောင်းပြန်တလက် အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်ဖို့ ပြည်သူတွေထောက်ပို့အား၊ ဆုတောင်းမေတ္တာတွေနဲ့အတူ ရဲဘော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် အောင်မြင်ခဲ့ရတာပါ"လို့ဆိုပါတယ်။ အဆိုပါသေနတ်အား ပစ္စည်းဖိုး ကျည်ဖိုးအပါအဝင် ငွေကျပ်ဆယ်သိန်းကုန်ကျစရိတ်ရှိတယ်လို့သတင်းရရှိပါတယ်။
"လက်လုပ်ဖြစ်ပေမယ့်တကယ့် M4 စစ်အတိုင်း ပြုလုပ်ခဲ့တာပါ။ပစ်တဲ့လူရော ဘေးမှာနေတဲ့လူတွေရော လုံးဝ Safe ဖြစ်တဲ့အနေထားကို ထုတ်လုပ်နိုင်ခဲ့ပါပြီ။ကျန်တဲ့မဟာမိတ် ညီနောင်တွေကိုလည်းအတတ်နိုင်ဆုံးကူညီပေးဖို့လည်းကြိုးစားနေပါတယ်"လို့နယ်စီးမခြားဇာမဏီပျောက်ကြားတပ်ဖွဲ့ကဆိုပါတယ်။
========================
📌📌 ၉။ ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “UN Prove Your Existence for Justice” စာသားပါဘန်နာ ချိတ်ဆွဲ
ရန်ကုန်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့ “UN Prove Your Existence for Justice” စာသားပါဘန်နာ ချိတ်ဆွဲခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၄ ရက်နေ့မနက်မှာ ချိတ်ဆွဲခဲ့တာလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုကအသိပေးဆိုပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂစင့်မြင့်ထက်တွင် မြန်မာပြည်သူများကို ကိုယ်စားပြုသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးနှင့် အကြမ်းဖက်စစ်ကောင်စီကို ပြတ်ပြတ်သားသားငြင်းပယ်ရေးအတွက် ရန်ကုန်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့တွင် “UN Prove Your Exsitence for Justice“ စာသားကို ယနေ့မနက်တွင် ချိတ်ဆွဲ ခဲ့ပါတယ်လို့ဆိုပါတယ်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်မည်ဟုဆိုသော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများ၏ သဘောထားဆန္ဒကိုလေးစားရန်နှင့် မြန်မာပြည်သူများနှင့် တသားတည်းရပ်တည်ကြရန် မိမိတို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု မှ အလေးအနက်တိုက်တွန်းတယ်လို့လည်းဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment