၂၀၂၂ စက်တင်ဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး
📌 ၂။ တိုင်းပြည်ရဲ့အခြေအနေက ကပ်ပေါင်းစုံကို တစ်ပြိုင်တည်းရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
📌 ၃။ နွေဦးတော်လှန်ရေးမှာ ကြားနေဆိုပြီးတော့ နှုတ်ဆိတ်နေခြင်းဟာ အကြမ်းဖက် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အားပေးနေရာကျတယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ကြားကာလပညာရေးအစီအစဉ်၊ကနီမြို့နယ်၊တော်လှန်ဆရာ၊ဆရာမများ (၈၀၀) နီးပါးကိုဆရာ့အတတ်ပညာမွမ်းမံသင်တန်းနှင့်သင်ရိုးသစ်သင်တန်းများပေးနိုင်ခဲ့
📌 ၅။ နွေဦးရိပ်မွန် မြေကွက် ၄၀ (ဒေါ်လာ ၂ သန်းခွဲကျော်) ရောင်းချထားပြီး ဖြစ်တယ်လို့ဆို
📌 ၆။ ဂန့်ဂေါမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလပညာရေး အစီအစဉ်ဖြင့် စာမေးပွဲများ ကျင်းပ
📌 ၇။ ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ပြီးမြောက်၍ သင်တန်းဆင်းပွဲကျင်းပ
📌 ၈။ ကနီမြို့နယ်ကျောက်လုံးကြီး (KLG PDF) တပ်ရင်း သုံးရင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တရားဝင်တပ်ရင်းနံပတ်များချပေး
📌 ၉။ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲတင်နိုင်ရေး စတင်ဆောင်ရွက်နေပြီလို့အသိပေး
📌 ၁၀။ စစ်ကောင်စီဘက်က ကင်းထောက်လာတဲ့ ဒရုန်းကို Golden Eagles ရဲဘော်များမှ ပစ်ချဖျက်ဆီး
📌 ၁၁။ မြိုင်မြို့နယ် ကန်နီပျူစောထီးကျေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ရက်တာတိုက်ပွဲဖြစ်ပွားရာစကစတပ်ဘက်က ငါးဦးသေဆုံးကာ ကာကွယ်ရေးတပ်ဘက်က တစ်ဦးကျဆုံး
📌 ၁၂။ မြင်းမူမြို့နယ် ရဲစခန်းဝန်းအတွင်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ရာ ရဲတစ်ဦးပွဲချင်းပြီးသေဆုံး၍ သုံးဦးအတွင်းလူနာအဖြစ်ကုသနေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ချက်နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ စက်တင်ဘာ (၂) ရက် သောကြာနေ့ - ပရာဟာစံတော်ချိန် ညနေ (၄) နာရီတွင် ချက် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ (၂) ရက် သောကြာနေ့ - ပရာဟာစံတော်ချိန် ညနေ (၄) နာရီတွင် ချက် နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ ဆုံ၍ မြန်မာ့အရေး ဆွေးနွေးခဲ့ကြပါတယ်လို့ ဖော်ပြအသိပေးပါတယ်။ ချက်နိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး ထောက်ခံအားပေးနေတဲ့နိုင်ငံတစ်ခုဖြစ်သလို NUG အစိုးရ ကိုယ်စားလှယ်ရုံးစိုက်ရာ နိုင်ငံတစ်ခုအဖြစ်လည်းပါဝင်ပါတယ်။
========================
📌📌 ၂။ တိုင်းပြည်ရဲ့အခြေအနေက ကပ်ပေါင်းစုံကို တစ်ပြိုင်တည်းရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို
တိုင်းပြည်ရဲ့အခြေအနေက ကပ်ပေါင်းစုံကို တစ်ပြိုင်တည်းရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်ကပြောပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ရဲ့ ပထမဆုံး အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲမှာဝန်ကြီးကမိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ရဲဘော်တို့ တိုင်းပြည်ရဲ့အခြေအနေဟာ ကပ်ပေါင်းစုံကိုတပြိုင်တည်းရင်ဆိုင်နေရတဲ့အချိန်ဖြစ်တယ်။ဒီထဲမှာ မင်းဆိုးမင်းညစ်နဲ့ စစ်အာဏာရူးနေတဲ့ ဒဏ်ကိုခံနေရသလို တစ်ဖက်ကလည်းရောဂါရဲ့ ကပ်ဆိုးကို ခံနေရတဲ့အချိန်လည်းဖြစ်တယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ SPECIAL OPERATION FORCE (အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F) ၏ ပထမဆုံးအထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့၌ KNU တပ်မဟာ ၆ နယ်မြေအတွင်း ကျင်းပခဲ့ပါတယ်။
သင်တန်းဆင်းပွဲသို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်မှ သဝဏ်လွှာပေးပို့ခဲ့ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့်အတူ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်များဖြစ်သော ဒုစစ်ဦးစီးမှူး၊ စစ်ဆင်ရေးဌာနတာဝန်ခံ၊ စိတ်ဓာတ်စစ်ဆင်ရေးဌာနတာဝန်ခံနှင့် စစ်ဦးစီးအဖွဲ့ဝင်များ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ သင်တန်းဆင်းပွဲတွင် တိုက်ခိုက်ရေးနှင့်ချေမှူန်းရေးသမား(Killer) တပ်စု လေးစု၊ အထူးလက်ဖြောင့် (sniper) တပ်စု တစ်စု၊ ဒရုန်း(Drone)တပ်စု တစ်စုပါရှိပြီး စစ်သည်အင်အား ၁၇၀ ဦးရှိပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ကြားနေဆိုပြီးတော့ နှုတ်ဆိတ်နေခြင်းဟာ အကြမ်းဖက် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အားပေးနေရာကျတယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
နွေဦးတော်လှန်ရေးမှာ ကြားနေဆိုပြီးတော့ နှုတ်ဆိတ်နေခြင်းဟာ အကြမ်းဖက် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အားပေးနေရာကျတယ်လို့ ဒုတိယဝန်ကြီးအိသဉ္ဇာမောင်ကဆိုပါတယ်။
"နွေဦးတော်လှန်ရေး ကာလအတွင်း လူငယ်များအပေါ် လူမှု-စီးပွား ရိုက်ခက်မှု စစ်တမ်း အစီရင်ခံစာ မိတ်ဆက် တင်ဆက်ခြင်း အခမ်းအနား"မှာ ဒုတိယဝန်ကြီးဝန်ကြီးအိသဉ္ဇာမောင်ကထည့်သွင်းပြောပါတယ်။
"စစ်တပ်ဘက်ကလည်းမပါဘူး။ တော်လှန်ရေးဘက်ကလည်းမပါဘူး။ ကြားနေဆိုပြီး နေနေကြတဲ့လူတွေရှိတယ်။ အခုဟာက ကြားနေဆိုပြီးနေနေလို့မရပါဘူး။ဘာလို့လဲဆိုတော့ ကိုယ်နှုတ်ဆိတ်နေခြင်းက အပြစ်လုပ်ခြင်းတွေကိုအားပေးရာကျတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာစုဝေးတဲလူငယ်တွေကို လမ်းမပေါ်မှာပဲ သတ်ဖြတ်ခဲ့တယ်လို့ ဒုဝန်ကြီးကထပ်လောင်းပြောပါတယ်။ လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီးလူပေါင်းနှစ်ထောင်ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ကြားကာလပညာရေးအစီအစဉ်၊ကနီမြို့နယ်၊တော်လှန်ဆရာ၊ဆရာမများ (၈၀၀) နီးပါးကိုဆရာ့အတတ်ပညာမွမ်းမံသင်တန်းနှင့်သင်ရိုးသစ်သင်တန်းများပေးနိုင်ခဲ့
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ကြားကာလပညာရေးအစီအစဉ်၊ကနီမြို့နယ်၊တော်လှန်ဆရာ၊ဆရာမများ (၈၀၀) နီးပါးကိုဆရာ့အတတ်ပညာမွမ်းမံသင်တန်းနှင့်သင်ရိုးသစ်သင်တန်းများပေးနိုင်ခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ဇုန်အမှတ် (၂) တွင် သြဂုတ်လ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ CDM ဆရာ၊ဆရာမများနှင့် စေတနာ့ဝန်ထမ်းဆရာ၊ဆရာမများ ဆရာ့အတတ်ပညာမွမ်းမံသင်တန်းနှင့် သင်ရိုးသစ်သင်တန်းကို မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဦးဆောင်ကာ ကျင်းပပြုလုပ်ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။
သင်တန်းတွင် ထက်၊လယ်၊မူ သင် ဆရာ၊ဆရာမပေါင်း (၈၀၀) နီးပါး တက်ရောက်ခဲ့ကြပါတယ်။ ကနီမြို့နယ် ဇုန်အမှတ်(၁) တွင် ဆရာ၊ဆရာမပေါင်း (၆၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။ ကနီမြို့နယ်တွင် မြို့နယ်ပညာရေးဘုတ်အဖွဲ့မှဦးဆောင်၍ တော်လှန်ဆရာ၊ဆရာမပေါင်း (၁၄၀၀) ကျော်အား မွမ်းမံသင်တန်း ပို့ချနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
========================
📌📌 ၅။ နွေဦးရိပ်မွန် မြေကွက် ၄၀ (ဒေါ်လာ ၂ သန်းခွဲကျော်) ရောင်းချထားပြီး ဖြစ်တယ်လို့ဆို
နွေဦးရိပ်မွန် မြေကွက် ၄၀ (ဒေါ်လာ ၂ သန်းခွဲကျော်) ရောင်းချထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ EOD က နွေဦးရိပ်မွန်ရဲ့ မြေနေရာအခြေအနေကိုအသိပေးဖော်ပြခဲ့ပါတယ်။
"Spring Yangon Investment ရဲ့ တော်လှန်ရေး ရန်ပုံငွေ အိမ်ရာစီမံကိန်းများ အနက် နွေဦးရိပ်မွန်@ Min Dhamma တစ်မျိုးသာ ကျန်ရှိပါတော့တယ်။ တော်လှန်ရေးကာလအတွင်း ပေးချေရမည့် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၄,၀၀၀ ဖြစ်ပြီး၊ ၁ ရစ် မှ ၃ ရစ်ထိ (၃ လ အတွင်း) ပေးချေ နိုင်ပါတယ်။ ၆၀ ပေ x ၈၀ ပေ မြေကွက် ၁၀၀ သာ ရှိပါတယ်။ အရောင်းစတင်ပြီး ၃ ရက်မြောက် ဖြစ်တဲ့ ဒီနေ့မှာတော့ မြေကွက် ၄၀ (ဒေါ်လာ ၂ သန်းခွဲကျော်) ရောင်းချထားပြီး ဖြစ်ပါတယ်"လို့ ဆိုပါတယ်။
နွေဦးရိပ်မွန် စီမံကိန်းဟာ မရန်းကုန်း မြို့နယ် တော်ဝင်လမ်းနှင့် မင်းဓမ္မလမ်းဆုံတွင် တည်ရှိမှာဖြစ်ပြီး မျက်နှာချင်းဆိုင်တွင် ဝိတိုရိယ ဆေးရုံနှင့် တခြားစည်ကားတိုးတက်နေသော စီးပွားရေး အချက်အခြာနေရာများ လူနေရပ်ကွက်များ တည်ရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကားနှင့် ၇ မိနစ်ခန့်သာ ကွာဝေးမှာဖြစ်ပါတယ်။ ကနဦးစီမံကိန်း အတွက် မြေနေရာအချို့အား သီးသန့်ဆိတ်ငြိမ် ရပ်ကွက်အဖြစ် ဖော်ထုတ်သွားမှာလည်းဖြစ်ပါတယ်။
========================
📌📌 ၆။ ဂန့်ဂေါမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလပညာရေး အစီအစဉ်ဖြင့် စာမေးပွဲများ ကျင်းပ
ဂန့်ဂေါမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလပညာရေး အစီအစဉ်ဖြင့် စာမေးပွဲများ ကျင်းပနေတယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးဖော်ပြပါတယ်။
"ဂန့်ဂေါမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလပညာရေး အစီအစဉ်ဖြင့် စာမေးပွဲများ ကျင်းပနေသည့် မှတ်တမ်းများ"လို့ ရုပ်ပုံနဲ့တကွ အသိပေးခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလ ပညာသင်ကြားရေးအစီအစဥ်များကို လွတ်မြောက်နယ်မြေများနဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုနယ်မြေများမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆောင်ရွက်ပေးထားပါတယ်။
========================
📌📌 ၇။ ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ပြီးမြောက်၍ သင်တန်းဆင်းပွဲကျင်းပ
ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ပြီးမြောက်၍ သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဦးဆောင်မှုဖြင့် ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သင်တန်းကွင်းတွင် ဩဂုတ်လ (၂၂) ရက်မှ စက်တင်ဘာလ (၃)ရက်နေ့အထိ သင်တန်းပေးပို့ခဲ့ပါတယ်။
အဆိုပါသင်တန်းတွင် သင်တန်းဌာနမှ စစ်ရေး၊ ဥပဒေ နှင့် အမှုစစ်နည်းများကို သင်တန်းသား (၇၁)ဦးထံ သင်ကြားပို့ချခဲ့ပါတယ်။ သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) စိုးမိုးနယ်မြေတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ဥပဒေအတိုင်း လုပ်ငန်းများကို တာဝန်ခွဲဝေ ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၈။ ကနီမြို့နယ်ကျောက်လုံးကြီး (KLG PDF) တပ်ရင်း သုံးရင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တရားဝင်တပ်ရင်းနံပတ်များချပေး
စစ်ကိုင်းတိုင်း ကနီမြို့နယ်ကျောက်လုံးကြီး (KLG PDF) တပ်ရင်း သုံးရင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တရားဝင်တပ်ရင်းနံပတ်များချပေးလိုက်ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ ကနီမြို့နယ်ကျောက်လုံးကြီး (KLG PDF) တပ်ရင်းကအသိပေးဆိုပါတယ်။
"ကျွန်တော်တို့ ကနီမြို့နယ်ကျောက်လုံးကြီး (KLG PDF) တပ်ရင်း သုံးရင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တရားဝင်တပ်ရင်းနံပတ် 21 22 23 ဆိုပီး တပ်ရင်းနံပတ်များချပေးလိုက်ပါတယ်"လို့ ဆိုထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ပုံတင်ပေးခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၀ ခန့်ရှိပြီဖြစ်ပါတယ်။
========================
📌📌 ၉။ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲတင်နိုင်ရေး စတင်ဆောင်ရွက်နေပြီလို့အသိပေး
ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားစွဲတင်နိုင်ရေး စတင်ဆောင်ရွက်နေပြီလို့ ပြည်ထဲရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် စက်တင်ဘာ၁ ရက်နေ့၊ (၂၃း၀၀) နာရီအချိန်ခန့်တွင် ကလေးမြို့နယ်၊ နတ်ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းချသူ (၂) ဦး မူးယစ်ဆေးဝါးသုံးစွဲသူ (၁) အားဖမ်းဆီးရမိပါတယ်။
ဖမ်းဆီးရမိသူများထံမှ ချမ်းစိမ့်ဆေးဗူး (၂) ဗူးအတွင်းထည့်ထားသော မူးယစ်ဆေးဝါး (၁၈) ဂရမ်ခန့်၊ အနီရောင်ဆပ်ပြာခွက်ဖြင့်ထည့်ထားသော မူးယစ်ဆေးဝါး (၈) ဂရမ်ခန့်၊ မူးယစ်ဆေးဝါးထည့်ထားသော ပင်နင်စလင် (၇) ပုလင်း၊ ခန့်မှန်း (၁၀) ခန့်၊ မူးယစ်ဆေးဝါးရောင်းချရာတွင် အသုံးပြုသည့် CANDA အမျိုးအစား နီ/နက်ရောင် ၁၂၅ ဆိုင်ကယ် (၁) စီး, Realme အမျိုးအစား အပြာရောင်ဖုန်း(၁) လုံး နှင့် အနက်ရောင်ဖုန်း (၁) လုံး၊ Vivo အမျိုးအစားအပြာရောင် ဖုန်း (၁) လုံး၊ ငွေကျပ် (၂၇၆၂၀၀) ကျပ်နှင့် အစိမ်းရောင်ဗူးဖြင့်ထည့်ထားသော ပုလဲရောင်လော့ကတ်သီး (၁) ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့သို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လာရောက်လွှဲပြောင်းထားရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
လက်ရှိမှာမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် တရားစွဲတင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ထို့အပြင် မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF Kalay) တပ်ရင်း (၁)၊ (၂)၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေးဝါးပင်နင်စလင် (၂) ပုလင်းကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ လာရောက်လွှဲပြောင်းထားရှိရာ၊ တရားစွဲတင်နိုင်ရန်အတွက်လည်း ဆောင်ရွက်ထားရှိပါတယ်။
========================
📌📌 ၁၀။ စစ်ကောင်စီဘက်က ကင်းထောက်လာတဲ့ ဒရုန်းကို Golden Eagles ရဲဘော်များမှ ပစ်ချဖျက်ဆီး
စစ်ကောင်စီဘက်က ကင်းထောက်လာတဲ့ ဒရုန်းကို Golden Eagles ရဲဘော်များမှ ပစ်ချဖျက်ဆီးခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ GoldenEagle People Defense Force က အသိပေးဆိုပါတယ်။
"ကရင်ပြည်နယ်သုံးထပ်ကွေ့-ဖလူးလေး-ဝေါ်လေကားလမ်းတစ်လျောက် လုံခြုံရေးယူထားသော ကော်ဘရာစစ်ကြောင်းရှိရာသို့ စကစဘက်မှ စက်တင်ဘာ၂ရက်နေ့ ညပိုင်း 12:00 ကျော်တွင် ညကြည့်ကင်းထောက် Drone ဖြင့် ထောက်လှမ်းခြင်းပြုလုပ်လာသဖြင့် ကျွန်တော်တို့ Golden Eagles Drone တပ်ဖွဲ့မှ ကော်ဘရာစစ်ကြောင်းနှင့်အတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိရာ ကင်းထောက်လာသော ရန်သူ့ Drone အား Golden Eagles ရဲဘော်များမှ ပစ်ချဖျက်ဆီးခဲ့တယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ ကရင်ပြည်နယ်-ဝေါ်လေကားလမ်းတစ်လျောက်ကို အကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့ပါတယ်။
========================
📌📌 ၁၁။ မြိုင်မြို့နယ် ကန်နီပျူစောထီးကျေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ရက်တာတိုက်ပွဲဖြစ်ပွားရာစကစတပ်ဘက်က ငါးဦးသေဆုံးကာ ကာကွယ်ရေးတပ်ဘက်က တစ်ဦးကျဆုံး
မကွေးတိုင်း မြိုင်မြို့နယ် ကန်နီပျူစောထီးကျေးရွာမှာ ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ရက်တာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့မှာ စစ်ရေးသတင်းကို ကျားသစ်နက် ကာကွယ်ရေးတပ်ကဖော်ပြပါတယ်။
"စက်တင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီတွင် တစ်ကြိမ် ၂ ရက်နေ့ မနက်၁၁နာရီ တွင် တစ်ကြိမ် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကန်နီပျူစောထီးကျေးရွာအားပြောက်ကျားတပ်ဖွဲ့ များစုပေါင်း၍ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ တိုက်ပွဲ ကြာချိန်မှာ (၁) ရက်နေ့တွင် (၂) နာရီအကြာတိုက်ခိုက်ခဲ့ပြီး ၊ (၂) ရက်နေ့တွင် (၃) နာရီအကြာဖြစ်ပွားခဲ့ပါတယ်"လို့ ဆိုပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်ပြင်းထန်ပြီး စကစ ဘက်မှ sniper တပ်သား (၁) ယောက် အပါအဝင် (၅) ယောက်သေ ဆုံးကာအများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေး ဘက်မှလည်း ရဲဘော် (၁) ယောက် ကျဆုံးပြီး (၇)ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
စစ်ဆင်ရေးကိုယင်းမာပင်ခရိုင်၊အမှတ်-၁၁၊ ပုလဲတပ်ရင်း-၅၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်ပြီး M.R D.A ၊ P.C.S.Y၊ သိန်းငှက်နီ၊ ရွှေဟင်္သါ၊ အညာမြေ၊ M.V.R.F၊ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့၊ ရွှေဘို၊ တပ်ရင်း - ၇၁၀၊ M.R.G၊ တမာမြေ ပြောက်ကျားတပ်ဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဓားဗိုလ်၊ ဗိုလ်ယမ်း၊ T.K ၊အညာဒေါင်း၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ M.P.L ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့၊ P.C.M.Force ၊ လင်းယုန်ပြောက်ကျားတပ်ဖွဲ့တို့ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၁၂။ မြင်းမူမြို့နယ် ရဲစခန်းဝန်းအတွင်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ရာ ရဲတစ်ဦးပွဲချင်းပြီးသေဆုံး၍ သုံးဦးအတွင်းလူနာအဖြစ်ကုသနေရ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ရဲစခန်းဝန်းအတွင်း လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ရာ ရဲတစ်ဦးပွဲချင်းပြီးသေဆုံး၍ သုံးဦးအတွင်းလူနာအဖြစ်ကုသနေရပါတယ်။ စက်တင်ဘာ ၃ ရက် မနက် ၁၁ နာရီ ၃၉ မိနစ်အချိန်မှာ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နဲ့ မဟာမိတ်တို့ကတိုက်ခိုက်ခဲ့ပါတယ်။
"မြင်းမူမြို့နယ် ရဲစခန်း၀န်းတွင်ကင်းစောင့်နေသော ရဲ (၂) ဦး၊ စကစတပ် (၃) ဦးအားနာနတ်သီးတစ်လုံး၊ မင်းကွတ်သီးတစ်လုံးအား၀လေးလုံးဘုရားဘေးမှအနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ကောင်မှာနေရာတွင် ဇီဝိန်ချုပ်သွားခဲ့ပြီး၊ သုံးကောင်မှာအတွင်းလူနာအဖြစ်ကုသနေပါတယ်"လို့ ဆိုပါတယ်။ ၎င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့် True Fighter အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး "တောကျီးကန်း စစ်ဆင်ရေး " အားဂုဏ်ပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment