၂၀၂၂ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော
📌 ၂။ မြန်မာ ပြည်သူများ စားနပ်ရိက္ခာဖူလုံစွာရရှိနိုင်ရေးအတွက် ကူညီသွားဖို့ ယူကေအစိုးရ က ကတိကဝတ်ပြုထားပြီးဖြစ်📌 တယ်လို့ အသိပေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ကသာမြို့နယ် မြို့နယ်တရားရုံးဖွင့်လှစ်
📌 ၄။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ-၃၂ ထဲသို့ Droneနဲ့ တိုက်ခိုက်ရာ တပ်ရင်းဗိုလ်ကြီး တစ်ဦးနဲ့တပ်ကြပ်ကြီးစာရေး တစ်ဦးသေဆုံး
📌 ၅။ ဂန့်ဂေါ မြောက်ပိုင်း သို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ပျူများကို YDF တပ်ရင်း ၂ မှ ၆၀ မမ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်
📌 ၆။ Royal Spring (တော်ဝင်နွေဦး) နဲ့ Spring Victory (နွေဦးအောင်လံ)မြေကွက်များအစောဆုံး ဝယ်ယူသူများအတွက် နှစ်သက်ရာ မြေကွက်ကို ဦးစားပေးရွေးချယ်ခွင့် ရရှိမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်ပြော
အောက်တိုဘာလအတွင်းကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
"တော်လှန်ရေးက အရှိန် တက်လာတာနဲ့အမျှ ရင်ဆိုင်ဖြေရှင်းရမယ့် အရေးကိစ္စ တွေကလည်း များပြားလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအရ ဖြေရှင်းရမယ့် အရေးကိစ္စတွေရှိမှာ ဖြစ်သလို စစ်ရေးအရ ဖြေရှင်းရမှာတွေလည်း အများကြီး ရှိပါတယ်။ ဒါတွေအတွက် ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ သေချာပြင်ဆင်ထားဖို့ လိုပါတယ်။အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လိုပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုခဲ့ပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လမှာ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်လျက်ရှိပြီးတော့ လက်ရှိမှာ လူထုကို လိမ်လည်လှည့်ဖျားဖို့ကြံဆောင်နေကြပါတယ်။
========================
📌📌 ၂။ မြန်မာ ပြည်သူများ စားနပ်ရိက္ခာဖူလုံစွာရရှိနိုင်ရေးအတွက် ကူညီသွားဖို့ ယူကေအစိုးရ က ကတိကဝတ်ပြုထားပြီးဖြစ်တယ်လို့ အသိပေး
အောက်တိုဘာ ၁၆ ရက်မှာ ဗြိတိန်သံရုံး မြန်မာ၏ဖော်ပြချက်တွင် မြန်မာနိုင်ငံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစွာရရှိနိုင်ရေးအတွက် ကူညီသွားဖို့ ယူကေအစိုးရ က ကတိကဝတ်ပြုထားပြီးဖြစ်တယ်လို့ အသိပေးကြေညာလိုက်ပါတယ်။
"ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ဟာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရှိဝေးလံခေါင်သီတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ထိခိုက်လွယ်လူမှုအသိုင်းအဝိုင်းအတွက် စားနပ်ရိက္ခာအကူအညီနဲ့ မရှိမဖြစ်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့တွေ ပံ့ပိုးနိုင်ဖို့ ယူကေအစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူပူးပေါင်း လုပ်ဆောင်လျက်ရှိပါတယ်။မြန်မာနိုင်ငံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစွာရရှိနိုင်ရေးအတွက် ကူညီသွားဖို့ ယူကေအစိုးရ က ကတိကဝတ်ပြုထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကေအစိုးရရဲ့ ရန်ပုံငွေအစီအစဉ်တွေဟာ နေရပ်စွန့်ခွာသူများ အပါအဝင် နိုင်ငံတစ်ဝန်း ရှိ လူပေါင်း ၈ သိန်းကျော်ကို အစားအစာနဲ့အာဟာရဆိုင်ရာအကူအညီများ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ကသာမြို့နယ် မြို့နယ်တရားရုံးဖွင့်လှစ်
အမျိုးသားညီညွတ်ရေးအစိုးရ၏ကသာမြို့နယ် မြို့နယ် တရားရုံးဖွင့်လှစ်ပြီဖြစ်တယ်လို့ အောက်တိုဘာ၁၆ရက်မှာ ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုဆိုပါတယ်။ "အမျိုးသားညီညွတ်ရေးအစိုးရ၏ကသာမြို့နယ် မြို့နယ်တရားရုံးအားအောက်တိုဘာ ၁၅ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြို့နယ် ၂၄ မြို့နယ်မှာ တရားရုံးတွေစတင်ထူထောင်နိုင်ပြီလို့လည်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကပြောကြားထားပါတယ်။ အကြမ်းဖက် စစ်တပ်နဲ့ လက်အောက်ခံ အဖွဲ့များမှ နယ်မြို့များမှာကျူးလွန်ထားတဲ့ရာဇဝတ်မှု တိုင်ကြားမှုပေါင်း ၃၀၀နီးပါးရှိထားပါတယ်။
========================
📌📌 ၄။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ-၃၂ ထဲသို့ Droneနဲ့ တိုက်ခိုက်ရာ တပ်ရင်းဗိုလ်ကြီး တစ်ဦးနဲ့တပ်ကြပ်ကြီးစာရေး တစ်ဦးသေဆုံး
ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ-၃၂ ထဲသို့ Droneနဲ့ ယနေ့မနက်အစောပိုင်းတိုက်ခိုက်ရာ တပ်ရင်းဗိုလ်ကြီး တစ်ဦးနဲ့တပ်ကြပ်ကြီးစာရေး တစ်ဦးသေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁၆ ရက် မနက် ၁ နာရီ ၄၁ မိနစ်အချိန် နဂါးနီစစ်ကြောင်းတပ်ခွဲ ၂ မှ ရဲဘော်များနဲ့ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
"အောက်တိုဘာ ၁၆ ရက် မနက် ၁ နာရီ ၄၁ မိနစ်အချိန် နဂါးနီစစ်ကြောင်းတပ်ခွဲ၂မှ ရဲဘော်များ၊KNLAတပ်ရင်း၁၇မှ ရဲဘော်များနှင့် FEDERAL WINGS အဖွဲ့ပူးပေါင်းရျ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ-၃၂ ထဲသို့ Drone ဖြင့် 81မမ နှင့် 60မမ တို့ဖြင့် သွားရောက် ပစ်ချခဲ့ပါတယ်"လို့ဆိုပါတယ်။
တိုက်ခိုက်မှုမှာတပ်ရင်းဗိုလ်ကြီး တစ်ဦးနဲ့တပ်ကြပ်ကြီးစာရေး တစ်ဦး သေဆုံးပြီး တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့နဂါးနီစစ်ကြောင်း တပ်ခွဲ ၂ ကအတည်ပြုပါတယ်။
========================
📌📌 ၅။ ဂန့်ဂေါ မြောက်ပိုင်း သို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ပျူများကို YDF တပ်ရင်း ၂ မှ ၆၀ မမ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်
အောက်တိုဘာ ၁၅ ရက်နေ့ ည ၁၀ နာရီ၊ ၄၅ မိနစ်တွင်မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဂန့်ဂေါမြောက်ပိုင်း သို့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ပျူများကို YDF တပ်ရင်း ၂ မှ ၆၀ မမ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဂန့်ဂေါမြောက်ပိုင်း သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ (၅၀) မှ အင်အား ၁၄၀ နှင့် ပျူစောထီးအင်အား ၅၀ ပါဝင်သော ပူးပေါင်း စစ်ကြောင်း ကို YDF တပ်ရင်း ၂ မှ ၆၀ မမ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ပွဲမှာအကြမ်းဖက် စစ်ကောင်စီတပ်သားများ နှင့် ပျူစောထီးများ ထိခိုက်ကျဆုံးမှုအား စုံစမ်းအတည်ပြုနေဆဲ ဖြစ်တယ်လို့ယောကာကွယ်ရေးတပ် - YDF ကဆိုပါတယ်။
========================
📌📌 ၆။ Royal Spring (တော်ဝင်နွေဦး) နဲ့ Spring Victory (နွေဦးအောင်လံ)မြေကွက်များအစောဆုံး ဝယ်ယူသူများအတွက် နှစ်သက်ရာ မြေကွက်ကို ဦးစားပေးရွေးချယ်ခွင့် ရရှိမယ်
Royal Spring (တော်ဝင်နွေဦး) နဲ့ Spring Victory (နွေဦးအောင်လံ)မြေကွက်များအစောဆုံး ဝယ်ယူသူများအတွက် နှစ်သက်ရာ မြေကွက်ကို ဦးစားပေးရွေးချယ်ခွင့် ရရှိမယ်လို့ အောက်တိုဘာ ၁၆ ရက်မှာ EOD ကအသိပေးဆိုပါတယ်။
"အစောဆုံး ဝယ်ယူသူများအတွက် အထူးအစီအစဉ်အနေဖြင့် မိမိနှစ်သက်ရာ မြေကွက်ကို ဦးစားပေးရွေးချယ်ခွင့် ရရှိမှာဖြစ်ပါတယ်။ အစောဆုံးဝယ်ယူသူဟု ဆိုရာတွင် မြေကွက်တန်ဖိုး၏ တော်လှန်ရေးကာလအတွင်းပေးသွင်းရန်ငွေအပြည့်အား ရောင်းချတဲ့ ပထမနေ့တွင် EOD ကိုယ်စားလှယ်ထံ ငွေအပြည့်ပေးချေပြီးသူများလို့သတ်မှတ်ထားပါတယ်"လို့ ဆိုပါတယ်။
Spring Yangon Investment” ရဲ့ Phase II အိမ်ရာစီမံကိန်းများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ Spring Yangon Phase II ရဲ့ စီမံကိန်း ၂ နေရာရဲ့ အချက်အလက်၊ စျေးနှုန်း နှင့် ငွေပေးချေမှုပုံစံတို့ကို endofdictatorship လူမှုကွန်ရက်စာမျက်နှာမှာအပြည့်အစုံဖော်ပြထားပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment