၂၀၂၂ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေး အမြန်ဆုံးအောင်မြင်အဆုံးသတ်နိုင်ရေးအတွက် အားလုံးပူးပေါင်း၍ အတူတကွ ဝိုင်းဝန်း ကြိုးပမ်းသွားကြရန်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၂။ အနာဂါတ်ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်ဆီသို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံအနေဖြင့် ပံ့ပိုးကူညီမယ်
📌 ၃။ NUG အစိုးရရဲ့ပညာရေးဝန်ကြီးဌာနက အသက်အရွယ်အလိုက် အတန်းတင်ပေးမယ့်စနစ်ကိုလည်း အကောင်အထည်ဖော်ဖို့သဘောတူထားပြီးဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးဆို
📌 ၄။ ငါ့သရောက် နယ်မြေရဲစခန်းယမန်နေ့ညနေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံရကာ စခန်းမှူးနဲ့ရဲ၁၁ဦးစလုံးသေဆုံး၍ လက်နက်များပါသွား
📌 ၅။ မုံရွာ - အရာတော်လမ်းပိုင်းမှ အသုံးပြုသူများအနေနဲ့တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြပါရန် အသိပေးထုတ်ပြန်
📌 ၆။ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ဦးမြအေးလမ်းတွင် ကင်းပုန်းယူထားသော စကစတပ်များ ယနေ့မနက်အစောပိုင်း ဗုံးပစ်ခံရ၍ လေးဦးထိခိုက်သေဆုံးနိုင်
📌 ၇။ ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လူထောင်နဲ့ချီကျင်းပ
📌 ၈။ တောင်ကိုရီယားယောက်မြန်မာများ တောင်းဆိုမှုကြောင့် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ထပ်မံပြသရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးမှုရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေး အမြန်ဆုံးအောင်မြင်အဆုံးသတ်နိုင်ရေးအတွက် အားလုံးပူးပေါင်း၍ အတူတကွ ဝိုင်းဝန်း ကြိုးပမ်းသွားကြရန်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
အောက်တိုဘာ၂၈ ရက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီတို့ တွေ့ဆုံဆွေးနွေးမှုမှာ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောကြားလိုက်ပါတယ်။
"အလွန်ရက်စက်ကြမ်းကြုတ်သော အာဏာရှင်ကို တော်လှန်နေကြရာတွင် အမြင်မတူသည်များကို ညှိနှိုင်းပြီး ရှေ့ဆက်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအင်အားစု အားလုံးနှင့် ပေါင်းစပ်ညှိနှိုင်းပြီး အားကြိုးမာန်တက် ဆောင်ရွက်နေပါကြောင်း၊ ပြည်သူ့ကိုယ်စားလှယ်များ၏ အကူအညီမပါဘဲ တော်လှန်ရေး အောင်မြင်အောင် လုပ် ဆောင်နိုင်ရန် ခက်ခဲပါကြောင်း၊ မိမိတို့ တစ်ဦးနှင့်တစ်ဦး ပံ့ပိုးကူညီရင်း တော်လှန်ရေး အမြန်ဆုံးအောင်မြင်အဆုံးသတ်နိုင်ရေးအတွက် အားလုံးပူးပေါင်း၍ အတူတကွ ဝိုင်းဝန်း ကြိုးပမ်းသွားကြရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။
ထို့နောက်ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က တွေ့ဆုံရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွမ်မင်းက ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီကိုယ်စား တစ်နှစ်ပြည့်အစီရင်ခံစာအား တင်ပြရာ ကော်မတီဖွဲ့စည်းပုံ၊ မူဝါဒများ၊ လုပ်ငန်းလက်စွဲနှင့် ယန္တရားလည်ပတ်မှု ပုံစံအပါအဝင်၊ ဆောင်ရွက်ပြီးစီးထားမှုအခြေအနေများ၊ စိန်ခေါ်မှုများနှင့် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် CRPH အဖွဲ့ဝင်များက တင်ပြချက်များအပေါ် မေးမြန်းဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ကြားကာလ ဒေသန္တရပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၏အဖွဲ့ဝင်များတက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ အနာဂါတ်ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်ဆီသို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံအနေဖြင့် ပံ့ပိုးကူညီမယ်
အောက်တိုဘာ ၃၀ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ၏တွေ့ဆုံမှုကို သတင်းထုတ်ပြန်ခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး The Hon Nanaia Mahuta တို့ အောက်တိုဘာလ ၂၀ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ NUG ၏ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေလည်း တက်ရောက်ခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး The Hon Nanaia Mahuta မှ သူမ၏ Twitter စာမျက်နှာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သိရှိရသဖြင့် များစွာ ဝမ်းမြောက်ရကြောင်းနှင့် အနာဂါတ်ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်ဆီသို့ ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံအနေဖြင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
========================
📌📌 ၃။ NUG အစိုးရရဲ့ပညာရေးဝန်ကြီးဌာနက အသက်အရွယ်အလိုက် အတန်းတင်ပေးမယ့်စနစ်ကိုလည်း အကောင်အထည်ဖော်ဖို့သဘောတူထားပြီးဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီးဆို
NUG အစိုးရရဲ့ပညာရေးဝန်ကြီးဌာနက အသက်အရွယ်အလိုက် အတန်းတင်ပေးမယ့်စနစ်ကိုလည်း အကောင်အထည်ဖော်ဖို့သဘောတူထားပြီးဖြစ်တယ်လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက အောက်တိုဘာ၂၉ ရက်မှာ Radio NUG ကို ပညာရေးဒုဝန်ကြီးကဖြေကြားခဲ့ပါတယ်။
"အရင်ကဒါပေးဒါကျက်ဆိုတဲ့အနေအထားကနေ စဉ်းစားတွေခေါ်မှုကို ဦးစားပေးတဲ့ သင်ကြားရေးပုံစံကိုစတင်ပြောင်းလဲနေပါပြီ။ ဒါကြောင့် NUG ကျောင်းတွေမှာလေ့လာသင်ယူနိုင်သလို မိမိတို့ နေအိမ်ကလည်းလေ့လာသင်ကြားထားလို့ရပါတယ်။ နောက်အပြောင်းအလဲတစ်ခုက အသက်အရွယ်အလိုက် အတန်းတင်ပေးမယ့်စနစ်ကိုလည်း အကောင်အထည်ဖော်ဖို့သဘောတူထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းမတက်လိုက်ရလို့ အတန်းနောက်ကျသွားမှာကို မစိုးရိမ်ပါနဲ့"လို့ဒုဝန်ကြီးကဆိုပါတယ်။ လာမယ့်စာနှစ်အတွက် စစ်ကောင်စီ ကျောင်းများကို ဆက်လက် CDMလုပ်ထားဖို့ကိုလည်း ဒုဝန်ကြီးကတိုက်တွန်းပြောဆိုခဲ့ပါတယ်။
"သူတို့ကို ကျွန်တော်တို့ဆက်လက်တော်လှန်ဖို့လိုပါတယ်။ကျွန်တော်တို့တော်လှန်ရေးအောင်မြင်အောင်ဆက်ပြီး ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပါတယ်"လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကထပ်လောင်းပြောပါတယ်။
========================
📌📌 ၄။ ငါ့သရောက် နယ်မြေရဲစခန်းယမန်နေ့ညနေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံရကာ စခန်းမှူးနဲ့ရဲ၁၁ဦးစလုံးသေဆုံး၍ လက်နက်များပါသွား
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့နယ်မြေရဲကင်းစခန်းယမန်နေ့ညနေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံရကာ စခန်းမှူးနဲ့ရဲ၁၁ဦးစလုံးသေဆုံး၍ လက်နက်များပါသွားတယ်လို့သတင်းရရှိပါတယ်။
အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက တော်လှန်ရေးရဲဘော်များက မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အမှတ် ၂ ရပ်ကွက်ရှိ ငါ့သရောက်မြို့နယ်မြေရဲကင်းစခန်းကို ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
"စခန်းတစ်ခုလုံးကျသွားတာပါ"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ TTA-ပြောက်ကျားတပ် ဒုခေါင်းဆောင်ကျဆုံးခဲ့ ကြောင်းကိုတော့ အောက်တိုဘာ ၃၀ ရက်နေ့မှာ TTA တောင်သာ ပြောက်ကျားတပ်ကအတည်ပြုပါတယ်။
တပ်ခွဲမှူး TTA-ပြောက်ကျားတပ် ဒုခေါင်းဆောင် State Agriculture institute (S.A.l) ပုသိမ်ကြီး ပထမနှစ်ကျောင်းသားမောင်ဝေဖြိုး(ခေါ်) ဝင်းကိုရှိန် အသက် (၂၁)နှစ်သည် အသက်ပေးမြင့်မြတ်စွာကျဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။ ငါ့သရောက်မြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ ငါ့သရောက်နယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်များပစ်ခတ်ရာ အလစ်ဝင်ရောက်တိုက်ခိုက်၍ စခန်းတစ်ခုလုံး ကျဆုံးပြီးနောက် စစ်ကားနဲ့ စကစတပ်အများအပြားရောက်ရှိလာခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၅။ မုံရွာ - အရာတော်လမ်းပိုင်းမှ အသုံးပြုသူများအနေနဲ့တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြပါရန် အသိပေးထုတ်ပြန်
မုံရွာ - အရာတော်လမ်းပိုင်းမှ အသုံးပြုသူများအနေနဲ့တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြပါရန် အောက်တိုဘာ ၃၀ မှာ God Of Monywa People Defence Force_GPDF က အသိပေးဆိုပါတယ်။
"မုံရွာ - အရာတော်လမ်းပိုင်းကို အသုံးပြုနေကြသော မိဘပြည်သူများအား လေးစားရိုသေစွာ မေတ္တာရပ်ခံ ပါတယ်။ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အရေးပေါ်အကြောင်းပြချက်တစ်ခုခုဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါက မုံရွာ - အရာတော်လမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြပါရန်ဖြစ်ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင်မုံရွာ - အရာတော်လမ်းတွင် သွားလာနေကြသော မည်သည့် မော်တော်ယာဉ်မဆို ကားမှန်များချပြီး သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်ကြပါရန်လည်းဆိုထားပါတယ်။
========================
📌📌 ၆။ မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ဦးမြအေးလမ်းတွင် ကင်းပုန်းယူထားသော စကစတပ်များ ယနေ့မနက်အစောပိုင်း ဗုံးပစ်ခံရ၍ လေးဦးထိခိုက်သေဆုံးနိုင်
စစ်ကိုင်းတိုင်း မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်ဦးမြအေးလမ်းတွင် ကင်းပုန်းယူထားသော စကစတပ်များ ယနေ့မနက်အစောပိုင်း ဗုံးပစ်ခံရ၍ လေးဦးထိခိုက်သေဆုံးနိုင်တယ်လို့အောက်တိုဘာ ၃၀ ရက်မှာ MRDA Monywa ကအတည်ပြုဆိုပါတယ်။
"မြန်မာ့တော်ဝင်နဂါးတပ်တော် တပ်ရင်း (၆) တပ်ခွဲ (၁) မုံရွာတပ်ခွဲ နှင့် မဟာမိတ်ဖြစ်သည့် နွေဦးသစ္စာပျောက်ကြားတပ်ဖွဲ့ တို့ နှစ်ဖွဲ့ပူးပေါင်းကာ ယနေ့မနက် ၁နာရီ ၁၉မိနစ် တွင် စက်မှုဇုန်ရပ်ကွက် ဗိုလ်တေဇလမ်းနှင့် ပိတောက်လမ်းထောင့် ၊ ကံပြားလေးရွာ၏မြောက်ဘက်၊ ဦးမြအေးလမ်းတွင် ကင်းပုန်းယူထားသော စကစ၏ နောက်လိုက်တပ်များကို လက်ပစ်ဗုံးတစ်လုံးနဲ့ ဗုံးနှစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်ခံရတဲ့ စကစတပ်များဟာ လေးယောက်မြေပြင်မှာလဲကျနေပြီး နှစ်ယောက်သာ အော်ဟစ်နေတာကိုတွေ့ရရှိရတယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ ကမ္ဘာလုံးဆိုင်ရာ မြန်မာကျောင်းသားသပိတ် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ လူထောင်နဲ့ချီကျင်းပ
အောက်တိုဘာ ၂၉ ရက်အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ကောင်ရှိ Time Square တွင် ကမ္ဘာလုံးဆိုင်ရာမြန်မာကျောင်းသားသပိတ်ကို GMSR ၏အစီအစဉ်များအတိုင်း NYCBC မှ ဦးဆောင်ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။ အဆိုပါအခမ်းအနားသို့ မြန်မာတိုင်းရင်းသားများနည်းတူ ယူကရိန်းနှင့်အီရန် တို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှလည်း လာရောက်ပူးပေါင်းပါဝင်အင်အားဖြည့်ခဲ့ကြပါတယ်။
Time Square တွင်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာကျောင်းသားသပိတ်သို့ အမေရိကန်ရှိ တက္ကသိုလ်ကောလိပ်များတွင် လက်ရှိတက်ရောက်ပညာသင်ကြားနေကြသော Generation Z များတက်ရောက်ကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာကျောင်းသားများ ပညာသင်ကြားနေရင်း စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှု အသတ်ခံရမှု ဖမ်းဆီးနှိပ်စက်ခံရမှုများကို ရှင်းလင်းတင်ပြကန့်ကွက်ခဲ့ကြပါတယ်။
နယူးယောက်ရှိ ယူကရိန်းအရေးလှုပ်ရှားသူ ( Arthur Zgurov) ယူကရိန်းစစ်သားဟောင်းများဖြစ်ကြသော Anton and Victor ,အီရန်အရေးလှုပ်ရှားသူ (Masih Alinejad နှင့် Sepideh Moafi ) Ethiopiaကျောင်းသူ Saba Desta တို့မှလည်း မြန်မာကျောင်းသားများနှင့် တသားထဲရပ်တည်ကြောင်း မြန်မာ့နွေဦးတော်လှန်ရေးနှင့် အတူတကွရပ်တည်ကြောင်းတို့ကို တက်ရောက်ပြောကြားခဲ့ကြပါတယ်။
အဆိုပါအခမ်းနားတွင် မကြာသေးခင်က ကချင်ပြည်နယ်ဖားကန့်မြို့ရှိ လူစုလူဝေးဖြင့်ကျင်းပနေသော ဂီတဖျော်ဖြေပွဲကို စကစ စစ်တပ်၏လူမဆန်သော ရက်စက်ယုတ်မာမှုဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကြွေလွင့်ခဲ့ကြသော အပြစ်မဲ့ပြည်သူ ၈၀ ကျော်အတွက် ဝမ်းနည်းဆုတောင်းပွဲ အစီအစဉ်ကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
နယူးယောက်စံတော်ချိန် နေ့လည် ၃ နာရီမှ ညနေ ၅:၀၀နာရီအထိ Time Square တွင်ကျင်းပသော အဆိုပါ ကမ္ဘာလုံးဆိုင်ရာ ကျောင်းသားသပိတ်သို့ မြန်မာတိုင်းရင်းသားများနှင့်အတူ ယူကရိန်းနှင့်အီရန်တို့မှပြည်သူ (၁၅၀၀)ခန့် တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၈။ တောင်ကိုရီယားယောက်မြန်မာများ တောင်းဆိုမှုကြောင့် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ထပ်မံပြသရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးမှုရရှိ
တောင်ကိုရီယားယောက်မြန်မာများ တောင်းဆိုမှုကြောင့် ဒါရိုက်တာကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ထပ်မံပြသရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးမှုရရှိခဲ့ပါတယ်။ အောက်တိုဘာ ၃၀ ရက် ဂင်မဲနွေဦးတော်လှန်ရေးအဖွဲ့တို့ ပူပေါင်းစီစဉ်၍ဂင်မဲ ချီလ်အမ်း ယဉ်ကျေးမှုစင်တာမှာ ရုပ်ရှင်ကို ၂ ကြိမ်ခွဲ ပြသခဲ့ပါတယ်။
"တောင်ကိုရီယားယောက်မြန်မာများ တောင်းဆိုမှုကြောင့် ဒါရိုက်တာကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို နောက်ထပ်တကြိမ် ရုံတင်ပြသခဲ့ပါတယ်"လို့ရုပ်ရှင်ပြသရေးကော်မတီကဆိုပါတယ်။
ရုပ်ရှင် လာရောက်ကြည့်ရှုသူ များပြား၍ ခုံနေရာရရန်အတွက် တန်းစီပြီးစောင့်ဆိုင်းပြီးကာ ကြည့်ရှုရကြောင်း သိရှိရပါတယ်။ ထိုရုပ်ရှင်ပွဲကို တောင်ကိုရီယားဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း လာရောက် အားပေးရှုကာ တောင်ကိုရီးနိုင်ငံ နယ်မြေသက်ဆိုင်ရာ အာဏာပိုင် တချို့လည်း လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment