၂၀၂၂ အောက်တိုဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမြင်မတူတာများကို ညှိနှိုင်းရင်း တိုင်းပြည်ဒဏ်ရာများကို အမြန်ဆုံးကုစားဖို့ လက်တွဲမယ်လို့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို ပြည်ထောင်စုဝန်ကြီးချုပ် ဖိတ်ခေါ် ပြောကြား
📌 ၂။ မြဝတီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော်ဘဒ္ဒန္တအရိယာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာအမျိုးသားညီညွတ်ရေးအစိုးရပေးပို့
📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
📌 ၄။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တစ်နိုင်ငံချင်းစီအနေနဲ့ စစ်အုပ်စုကို လက်နက်၊ ငွေကြေး၊ တရားဝင်မှုတွေ လုံးဝ မရအောင် တားဆီးထားရမယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၅။ စစ်ကောင်စီဖွင့်မယ့် အဆင့်မြင့်ပညာကျောင်းတွေဟာ စစ်ကျွန်သက်တမ်းရှည်အောင်လုပ်မယ့် နိုင်ငံရေးအသုံးချခံကျောင်းတွေပဲဖြစ်လာလိမ့်မယ်လို့ NUG ပညာရေးဒုဝန်ကြီးပြောကြားလိုက်
📌 ၆။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မသောက်မိသောမိုးခါးရေ ရုံပြည့်ရုံလျှံအားပေးပြီး နိုင်ငံ ၅ နိုင်ငံတွင်ပွဲစဥ် ၁၂ ဆက်တိုက်ပြသဖို့စီစဥ်ထား
📌 ၇။ အင်းစိန်အကျဉ်းထောင် အောက်တိုဘာ ၃၁ ရက်နေ့ ထောင်ဝင်စာ ပြန်ပို့ခွင့်ရမယ်လို့သတင်းထွက်ပေါ်
📌 ၈။ စစ်အာဏာရှင် တော်လှန်ရေး ဦးဆောင်ဆရာတော် ဖြစ်သော မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမ ဈာပန အစီအစဥ်ကိုအောက်တိုဘာ ၃၁ ရက် ထိုင်းနိုင်ငံ မဲဆောက်တစ်နေရာမှာကျင်းပမယ်
📌 ၉။ သဘာဝဓာတ်ငွေနဲ့ ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ PTT က စစ်အုပ်စုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ပေးနေ
၁၀။ စစ်ကောင်စီရဲ့ တပ်ရင်း၃ရင်းမှ စစ်သား ၅ ယောက် KNLA ပူးပေါင်းအဖွဲ့ နဂါးနီစစ်ကြောင်းတပ်ခွဲ (၂) ထံအလင်းဝင်ခိုလှုံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမြင်မတူတာများကို ညှိနှိုင်းရင်း တိုင်းပြည်ဒဏ်ရာများကို အမြန်ဆုံးကုစားဖို့ လက်တွဲမယ်လို့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို ပြည်ထောင်စုဝန်ကြီးချုပ် ဖိတ်ခေါ် ပြောကြား
အမြင်မတူတာများကို ညှိနှိုင်းရင်း တိုင်းပြည်ဒဏ်ရာများကို အမြန်ဆုံးကုစားဖို့ လက်တွဲမယ်လို့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကိုပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ အောက်တိုဘာနောက်ဆုံးပတ် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုသို့ ပြောကြားချက်မှာ ဝန်ကြီးချုပ်ကထည့်သွင်းပြောပါတယ်။
"ညီနောင်သားချင်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ခင်ဗျား။ကျုပ်တို့အချင်းချင်းကြားထဲက အမြင်မတူတာတွေ၊ ညှိနှိုင်းဖြေရှင်းရမှာတွေကိုလဲ ညှိရင်း ၊အခုချက်ချင်းကိုပဲ တိုင်းပြည်ကို အချိန်မရွေးအသက်သေသွားစေနိုင်တဲ့ ဒဏ်ရာကိုအမြန်ဆုံး ကုစားနိုင်ဖို့အတွက် အမြင့်ဆုံးပေါင်းစုအင်အားနဲ့ ဟန်ချက်ညီလက်တွဲ တိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ KNU အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ရခိုင့်တပ်တော် AA က ပြောကြားထားချက်အရ ပညာရေး၊ ကျန်းမာရေး အကူအညီများ PDF ကို ပေးအပ်တာရှိတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၂။ မြဝတီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော်ဘဒ္ဒန္တအရိယာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာအမျိုးသားညီညွတ်ရေးအစိုးရပေးပို့
မြဝတီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော်ဘဒ္ဒန္တအရိယာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာအမျိုးသားညီညွတ်ရေးအစိုးရပေးပို့ခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက် ညပိုင်းမှာ ဝမ်းနည်းကြောင်းသဝဏ်လွှာကိုဖော်ပြပါတယ်။
မြဝတီမင်းကြီးဆရာတော်အရှင်သူမြတ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းချိန်တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခံခဲ့ရပြီး (၆) လတာ လူဝတ်လဲ၍ ချုပ်နှောင်ခံခဲ့ရသော်လည်း ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ပြည်သူများနှင့်အတူ အမှန်တရားဘက်တွင် ရဲရဲဝံ့ဝံ့ဆက်လက် ရပ်တည်ခြင်းကြောင့် ပြည်တွင်းတွင် ဆက်လက် သတင်းသုံးနိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် တိမ်းရှောင်၍ သတင်းသုံးတော်မူနေစဉ် အောက်တိုဘာ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်း စိတ်မကောင်းစွာဖြင့် သိရှိရပါတယ်လို့ဆိုပါတယ်။
ဆရာတော်အရှင်သူမြတ်ဟာ သက်တော်ထင်ရှားရှိနေစဉ်ကာလအတွင်း ရဟန်းတို့၏ အလုပ်ဖြစ်သော ပရိယတ္တိ၊ ပဋိပတ္တိအလုပ်များကို သာသနာတော်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အပြင် မြန်မာနိုင်ငံအတွင်း အာဏာရှင်အဆက်ဆက်ကို ပြတ်သားစွာ ဆန့်ကျင်လျက် ပြည်သူလူထုနှင့်အတူ ဖြောင့်မတ်စွာရပ်တည်တော်မူရင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများကို အကြောင်းနှင့်အကျိုးကောင်းစွာသုံးသပ်ဆင်ခြင်၍ နည်းလမ်းကျစွာ လမ်းညွှန်ပြသတော်မူခဲ့သည့် ပုဂ္ဂိုလ်တဦးဖြစ်သည့်အတွက် သာသနာတော်အတွက်သာမက အမှန်တရားကို လေးစားမြတ်နိုးကြသူများအတွက်၊ နိုင်ငံတော်အတွက်၊ နွေဦးတော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ပါကြောင်း အလေးအနက် မှတ်တမ်းတင်အပ်ပါတယ်လို့ဖော်ပြပါတယ်။
သက်တော် (၇၁) နှစ်၊ သိက္ခာတော် (၅၁) ရှိပြီဖြစ်သော ဆရာတော်အရှင်သူမြတ်သည် မြင့်မြတ်သောဘုံဘဝသို့ရောက်ရှိပါစေကြောင်း လေးလေးနက်နက် ဆုမွန်တောင်းအပ်ပြီး ဆရာတော်အရှင်မြတ်၏ လမ်းညွှန်းဆုံးမမှုများ၊ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို လေးစားဦးညွတ်လျက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စိတ်နှလုံးညှိုးငယ်စွာ ဤဝမ်းနည်းကြောင်းသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ
နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာ၂၉ ရက် ညပိုင်းမှာ အဆိုပါတွေ့ဆုံမှုကို တွစ်တာမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကအသိပေးဆိုထားပါတယ်။
New Zealand နိုင်ငံခြားရေးဝန်ကြီး တို့နှင့် ကောင်းမွန်သော ဖလှယ်မှုများရှိခဲ့တယ်လို့ဆိုပါတယ်။ New Zealand နိုင်ငံခြားရေးဝန်ကြီးဟာမြန်မာနိုင်ငံအတွက် စိုးရိမ်မှုများကို လေးလေးနက်နက် နားထောင်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုထားပါတယ်။ အာဏာသိမ်းမှု ပထမဆုံးနေ့မှစ၍ နယူးဇီလန်ပြည်သူများဟာ မြန်မာပြည်သူများဘက်မှ ရပ်တည်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကုလသမဂ္ဂ၊ အာဆီယံနဲ့ တစ်နိုင်ငံချင်းစီအနေနဲ့ စစ်အုပ်စုကို လက်နက်၊ ငွေကြေး၊ တရားဝင်မှုတွေ လုံးဝ မရအောင် တားဆီးထားရမယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
ကုလသမဂ္ဂ၊ အာဆီယံနဲ့ တစ်နိုင်ငံချင်းစီအနေနဲ့ စစ်အုပ်စုကို လက်နက်၊ ငွေကြေး၊ တရားဝင်မှုတွေ လုံးဝ မရအောင် တားဆီးထားရမယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ အောက်တိုဘာလအတွင်းမှာ လူ့အခွင့်ရေးရာဝန်ကြီးက ပြောပါတယ်။
"ကုလသမဂ္ဂ၊ အာဆီယံနဲ့ တစ်နိုင်ငံချင်းစီအနေနဲ့ စစ်အုပ်စုကို လက်နက်၊ ငွေကြေး၊ တရားဝင်မှုတွေ လုံးဝ မရအောင် တားဆီးထားရပါမယ်။ သူတို့ရဲ့ စီးပွါးရေးအကျိုးစီးပွါးတွေ၊ ခရီးသွားလာမှု ပိတ်ဆို့တာတွေ၊ သူတို့ရဲ့ လမ်းကြောင်းတွေကို တားဆီးတာနဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ အားလုံးဟာ မြန်မာပြည်သူတွေနဲ့ ပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေထံကို အာရုံစိုက်ဦးတည်ပေးတာတွေ လုပ်ဖို့ လိုပါပြီ။”လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ စစ်လက်နက်နဲ့ နည်းပညာများကို ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံများကရယူအသုံးပြုလျက်ရှိပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီဖွင့်မယ့် အဆင့်မြင့်ပညာကျောင်းတွေဟာ စစ်ကျွန်သက်တမ်းရှည်အောင်လုပ်မယ့် နိုင်ငံရေးအသုံးချခံကျောင်းတွေပဲဖြစ်လာလိမ့်မယ်လို့ NUG ပညာရေးဒုဝန်ကြီးပြောကြားလိုက်
စစ်ကောင်စီဖွင့်မယ့် အဆင့်မြင့်ပညာကျောင်းတွေဟာ စစ်ကျွန်သက်တမ်းရှည်အောင်လုပ်မယ့် နိုင်ငံရေးအသုံးချခံကျောင်းတွေပဲဖြစ်လာလိမ့်မယ်လို့ NUG ပညာရေးဒုဝန်ကြီးဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောကြားလိုက်ပါတယ်။ အောက်တိုဘာ၂၉ ရက် ညပိုင်းမှာ စကစရဲ့ ပြန်ဖွင့်မယ့် ကျောင်းတွေနဲ့ပတ်သက်လို့ ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက radio NUG ကို ဖြေကြားခဲ့ပါတယ်။
"NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ မြေပြင်နဲ့ Online သင်တန်းတွေကို သက်ဆိုင်ရာမြို့နယ်နဲ့ကျောင်းတွေကိုဖွင့်ဖို့တိုက်တွန်းပြောဆိုထားပါတယ်။ နိုင်ငံအနှံကျောင်းတွေဖွင့်ထားပြီးဖြစ်တယ်။ ပညာသင်ကြားရေးနဲ့ဆိုင်တဲ့အခြေခံသဘောတရားတွေကိုလည်း ပြုပြင်ထားပါတယ်။အဆင့်မြင့်မှာလည်း အားလုံးကဝင်ရောက်လေ့လာသင်ကြားနိုင်တဲ့ တက္ကသိုလ်ကျောင်းတွေကိုတော်လှန်ရေးအင်အားစုဖက်က ဆရာဆရာမကျောင်းသူကျောင်းသားတွေနဲ့ ဖွင့်လှစ်သင်ကြားနေပါတယ်။ ဝင်ရောက်လေ့လာသင်ကြားနိုင်ပါတယ်။အခုစစ်ကောင်စီဖွင့်မည့်ကျောင်းဆိုတာကလည်း စစ်ကျွန်သက်တမ်းရှည်အောင်လုပ်မည့် နိုင်ငံရေးအသုံးချခံကျောင်းတွေပဲဖြစ်မှာပါ။ သူတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင်လုပ်ဖို့ပဲဖြစ်တယ်"လို့ဆိုပါတယ်။
ဒါ့အပြင်၂၀၂၂ ခုနှစ် အကုန်မှာ စကစဖွင့်လှစ်ဖို့ပြင်ဆင်နေတဲ့ အဆင့်မြင့်ကျောင်းတွေမှာ ဆရာဆရာမအင်အားလုံလောက်မှုလည်း ရှိမှာ မဟုတ်ဘူးလို့ စုံစမ်းသိရပါတယ်။
"စစ်ဗိုလ်တွေကပြည်သူကို စိုးမိုးဗိုလ်ကျထားတဲ့ စနစ်ကို အမြစ်ဖြတ်တော်လှန်ဖို့လိုပါတယ်။ သူတို့ကအာဏာကို မတရားရယူးထားတဲ့အဖွဲ့အစည်းဖြစ်သလို ပြည်သူ့ဘဏ္ဏာတွေနဲ့ပြည်သူကို နိပ်စက်မှုတွေလုပ်နေသူတွေဖြစ်တယ်။ သူတို့ဟာ အဓမ္မဝါဒီတွေဖြစ်တယ်။ သူတို့ကို ကျွန်တော်တို့ဆက်လက်တော်လှန်ဖို့လိုပါတယ်။ကျွန်တော်တို့တော်လှန်ရေးအောင်မြင်အောင်ဆက်ပြီး ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုပါတယ်"လို့ ပညာရေးCDM ကျောင်းသားနဲ့ဆရာများကို ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၆။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မသောက်မိသောမိုးခါးရေ ရုံပြည့်ရုံလျှံအားပေးပြီး နိုင်ငံ ၅ နိုင်ငံတွင်ပွဲစဥ် ၁၂ ဆက်တိုက်ပြသဖို့စီစဥ်ထား
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မသောက်မိသောမိုးခါးရေ ရုံပြည့်ရုံလျှံအားပေးပြီး နိုင်ငံ ၅ နိုင်ငံတွင်ပွဲစဥ် ၁၂ ဆက်တိုက်ပြသဖို့စီစဥ်ထားပါတယ်။ အောက်တိုဘာ၂၉ ရက်မှာ မိုးခါးရေးရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။
"India နိုင်ငံ မီဇိုရမ်ပြည်နယ်မှာ အိုက်ဇော မြို့တွင်လည်းရုံပြည့် ရှံလျှံဆက်အားပေးကြပြန်ပြီ။ ယခု တပါတ်စနေ တနင်္ဂနွေ နှစ်ရက်နိုင်ငံ ၅ နိုင်ငံတွင်ပွဲစဥ် ၁၂ ပွဲပြသရန်ရှိပါတယ်"လို့ဆိုပါတယ်။
ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားတဲ့"မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းဟာ CDMဗိုလ်ကြီးတစ်ဦးကိုအခြေခံ ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ပြသရင်း ရရှိသောငွေကြေးများကို တော်လှန်ရေးအတွက် ပြန်လည်အသုံးပြု ထောက်ပို့သွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာကိုပေါက်က ဆိုထားပါတယ်။
========================
📌📌 ၇။ အင်းစိန်အကျဉ်းထောင် အောက်တိုဘာ ၃၁ ရက်နေ့ ထောင်ဝင်စာ ပြန်ပို့ခွင့်ရမယ်လို့သတင်းထွက်ပေါ်
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် အောက်တိုဘာ ၃၁ ရက်နေ့ ထောင်ဝင်စာ ပြန်ပို့ခွင့်ရမယ်လို့သတင်းထွက်ပေါ်လျက်ရှိပါတယ်။ "ပြန်ဖွင့်မှာတော့ သေချာတယ်။ အထူးတရားရုံးတွေရောပါတယ်"လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးကဆိုပါတယ်။
အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း စာအိတ်နှင့်ဆေး လက်ခံကောင်တာမှာ ဗုံးပေါက်ကွဲ၍ စကစကအထူးတရားရုံးနှင့် ထောင်စာပို့ခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားမှုတွင် စကစတပ်က ရမ်းသန်းပစ်ခတ်မှုများလည်းရှိခဲ့ပြီးတော့ ဖြစ်စဥ်မှာ ထောင်ဝန်ထမ်းသုံးဦး၊အရပ်သားငါးဦးသေဆုံးခဲ့ကာ ဆယ့်သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
========================
📌📌 ၈။ စစ်အာဏာရှင် တော်လှန်ရေး ဦးဆောင်ဆရာတော် ဖြစ်သော မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမ ဈာပန အစီအစဥ်ကိုအောက်တိုဘာ ၃၁ ရက် ထိုင်းနိုင်ငံ မဲဆောက်တစ်နေရာမှာကျင်းပမယ်
စစ်အာဏာရှင် တော်လှန်ရေး ဦးဆောင်ဆရာတော် ဖြစ်သော မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမ ဈာပန အစီအစဥ်အောက်တိုဘာ ၃၁ ရက် ထိုင်းနိုင်ငံ မဲဆောက်တစ်နေရာမှာကျင်းပမယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာနောက်ဆုံးပတ်မှာ အဝေးရောက်ဧရာဝတီ OIA ကအသိပေးဆိုထားပါတယ်။
စစ်အာဏာရှင် တော်လှန်ရေးတွင် ဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သော မန္တ လေး မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် အရှင်အရိယာ ဝံသာဘိဝံသ (သစအ ဓမ္မာစရိယ-ဝဋံသကာ) ၏ အန္တိမဈာပနအစီအစဥ်ကို ဆင်ယင်ကျင်းပမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၃၁ ရက် တနင်္လာနေ့ မွန်းလွဲ ၁နာရီ၃၀မိ နစ်တွင် အန္တိမစျာပနအစီအစဉ်ကို စတင်ဆင်ယင်ကျင်းပမည်ဖြစ်ပြီး ညနေ ၃နာရီတိတိအချိန်တွင် ရုပ်ကလာပ်တော် မြတ်အား မီးပူဇော်မှာဖြစ်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ သဘာဝဓာတ်ငွေနဲ့ ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ PTT က စစ်အုပ်စုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ပေးနေ
သဘာဝဓာတ်ငွေနဲ့ ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ PTT က စစ်အုပ်စုကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၅၀၀ ခန့်ပေးနေတယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး Blood Money Campaign ကအသိပေးဖော်ပြပါတယ်။ PTT ဟာတိုတယ်ကုမ္ပဏီမြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက်များတွင် စစ်အုပ်စုကို ပိုက်ဆံအများဆုံးပေးနေတဲ့ ကုမ္ပဏီလည်းဖြစ်တယ်လို့ဆိုပါတယ်။
အောက်တိုဘာလအတွင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု ကမ်ပိန်းမှ နှိုးဆော်ချက်အရ PTT အနေနဲ့ စစ်အုပ်စုသို့ ငွေဆက်မပေးရန် ဝိုင်းဝန်းတားဆီးဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင် PTT ကုမ္ပဏီသို့ ကန့်ကွက်စာများပေးပို့သွားမှာဖြစ်ကာ ပြည်သူလူထုအနေနဲ့ ကန့်ကွက်လှုပ်ရှားမှုများမှာပါဝင်ဖို့ Blood Money Campaign ကဆိုထားပါတယ်။
========================
📌📌 ၁၀။ စစ်ကောင်စီရဲ့ တပ်ရင်း၃ရင်းမှ စစ်သား ၅ ယောက် KNLA ပူးပေါင်းအဖွဲ့ နဂါးနီစစ်ကြောင်းတပ်ခွဲ (၂) ထံအလင်းဝင်ခိုလှုံ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများဖြစ်ကြတဲ့ တပ်ရင်း ၃ ရင်းမှ စစ်သား ၅ ယောက် KNLA ပူးပေါင်းအဖွဲ့ နဂါးနီစစ်ကြောင်းတပ်ခွဲ (၂) ထံအလင်းဝင်ခိုလှုံခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်မနက်ပိုင်းမှာ စကစတပ်သားများဟာ အလင်းဝင်ခိုလှုံလာတယ်လို့ KNLA ပူးပေါင်းအဖွဲ့ နဂါးနီစစ်ကြောင်းတပ်ခွဲ (၂) ကအတည်ပြုပါတယ်။
"ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ထိုးစစ်ဆင်နေသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်းများ ဖြစ်ကြသည့် ခမရ၃၅၈မှ တပ်သား ၃ဦး၊ခမရ ၄၃၂ မှ တပ်သား ၁ဦးနှင့် ခလရ ၂၈၄ မှ တပ်သား ၁ ဦး (စုစုပေါင်း ၅ဦး) တို့သည် KNLA တပ်ရင်း ၁၇ တပ်ခွဲ (၂) နင့်နဂါးနီစစ်ကြောင်း တပ်ခွဲ (၂) ထံ လာရောက်အလင်းဝင်ခဲ့ကြပါတယ်"လို့ဆိုပါတယ်။ အဆိုပါစကစတပ်သားငါးဦးအားနဂါးနီစစ်ကြောင်း တပ်ခွဲ (၂) မှ တစ်ဦးလျှင် ဂုဏ်ပြုထောက်ပံ့ငွေ (၅သောင်းကျပ်)၊ ကြာအင်းဆိပ်ကြီးမြို့နယ်(ပအဖ) မှ အသုံးအဆောင် ပစ္စည်းများနှင့် နဂါးနီစစ်ကြောင်းတာဝန်ရှိသူများမှ အဝတ်အစားများကူညီ ထောက်ပံ့ခဲ့ကြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment