၂၀၂၂ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက်သတင်း
📌 ၂။ မီးရှို့ခံနေရတဲ့ရွာက စစ်ဘေးရှောင် ၂၀၀၀၀(နှစ်သောင်းကျော်)အတွက် အကူအညီတောင်းခံနေရတဲ့သတင်း
📌 ၃။ ပုဏ္ဏားကျွန်းနှင့်ကျောက်တော်မှာအကြမ်းဖက်စစ်တပ်က လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်နေလို့ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရတဲ့သတင်း
📌 ၄။ KNLA ပူးပေါင်းတပ်ဖွဲ့တွေ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်ပါကကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်နေတဲ့သတင်း
📌 ၅။ စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း အမေရိကန် ကထိုင်းဝန်ကြီးချုပ်ကိုပြောကြားလိုက်တဲ့သတင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာနရဲ့ထုတ်ပြန်ချက်သတင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန တို့ရဲ့ ထုတ်ပြန်ချက် (၁/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့မှာ ခုလိုထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဂြိတ်ချောင်းကျေးရွာတွင်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးများကျရောက်လာမှုကြောင့် ကလေးငယ်များနှင့် ရွာသားများသေဆုံးမှုအပေါ် ထုတ်ပြန်ချက်
၁။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ကြိမ်ချောင်း (၂၄) ဂိတ်၊ နခခ (၇) တည်ရှိသည့် နေရာမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ မောင်တောမြို့နယ် ဂြိတ်ချောင်း ကျေးရွာတွင် ကလေးသူငယ် (၄) ဦး၊ အရပ်သားပြည်သူ (၁၁) ဦးသေဆုံးခဲ့ပြီး (၂၇) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါသည်။
၂။ အလားတူ ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး (၂) ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသား (၄) ဦးသေဆုံးခဲ့ပါသည်။ ထိုနေ့ တရက်ထဲ၌ပင် ကလေးငယ် (၄) ဦးအပါအဝင် အရပ်သားပြည်သူ (၁၅)ဦး၊ စုစုပေါင်း (၁၉) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၂၉) ဦးရှိပါသည်။
၃။ အကြမ်းဖက်စစ်ကောင်စီ၏ ရခိုင်ပြည်နယ်၊ မောင်တောအပါအဝင် မြန်မာနိုင်ငံအနှံအပြားတွင် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုလုပ်ရပ်သည် စစ်ကောင်စီအနေဖြင့် ကလေး သူငယ်များနှင့် အရပ်သားများအပေါ် လက်နက်ကိုင် ပဋိပက္ခအတွင်း လူသားချင်းစာနာမှုဆိုင်ရာ ပြစ်မှုကို ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်ပါသည်။ ယခုအကြမ်းဖက်တိုက်ခိုက်မှုသည် ဂျီနီဗာကွန်ဗန်းရှင်း သဘောတူညီချက်များကို ကျူးလွန် ချိုးဖောက်ခြင်းဖြစ်ပါသည်။
၄။ UN General Assembly resolution A/RES/54/263 အရ လက်နက်ကိုင်ပဋိပက္ခ အခြေအနေ များတွင် ကလေးငယ်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် နိုင်ငံတကာဥပဒေအရ အကာအကွယ်ပေးထားသော အရာများကိုတိုက်ခိုက်ခြင်းများကို ကမ္ဘာ့ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊လူမှုအဖွဲ့အစည်းများမှ အားလုံးပူးပေါင်းပြီး ရှုံ့ချရန်နှင့်အကြမ်းဖက်စစ်ကောင်စီအား လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူဆောင်ရွက်နိုင် ရန်အလေးအနက်ထားပြီး တောင်းဆိုအပ်ပါသည်။
၅။ အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဖြစ်၍အားပေးထောက်ခံသည့် အပြုအမူမှန်သမျှကို မပြုလုပ်ကြရန် မိမိတို့အနေဖြင့် နိုင်ငံတကာကို အလေးအနက်တောင်းဆိုသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် နိုင်ငံတကာ ရာဇဝတ်မှုများ အမြန်ဆုံး ရပ်တန့်ရန်နှင့် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ တကွ အရေးတကြီး ပံ့ပိုးဆောင်ရွက်ပေးကြပါရန် တိုက်တွန်း တောင်းဆိုအပ်ပါသည်။
၆။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့သည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ယခုကဲ့သို့သော ကြီးလေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းရယူသကဲ့သို့ လူအခွင့်အရေး ချိုးဖောက်ခံရမှုအား ကာကွယ်ရေး၊ ပြန်လည်ကုစားရေးနှင့် တရားမျှတမှု ရှာဖွေရေး၊ ကျူးလွန်သူများအား တရားဥပဒေနည်းလမ်းတကျ အပြစ်ပေး အရေးယူနိုင်ရေးကို တစိုက်မတ်မတ် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ
========================
📌📌 ၂။ မီးရှို့ခံနေရတဲ့ရွာက စစ်ဘေးရှောင် ၂၀၀၀၀(နှစ်သောင်းကျော်)အတွက် အကူအညီတောင်းခံနေရတဲ့သတင်း
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင်းက ပေါင်းလဲကုန်းရွာကို အကြမ်းဖက် မီးရှို့ပြီး တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၂၀ ရက် နံနက်ခင်းမှာလည်း ရွှေဘိုမြို့နယ်မြောက်ခြမ်း လိပ်ရကုန်းကျေးရွာကို ထပ်မံ မီးရှို့ခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ကြပါတယ်။
ရေဦးမြို့ကနေ ထွက်လာတဲ့ အင်အား ၁၀၀ခန့် စကစ စစ်ကြောင်းဟာ နိုဝင်ဘာ ၁၅ ရက် နေ့ကတည်းက ခင်ဦးအနောက်တောင်ခြမ်း ကျေးရွာတွေကို တောက် လျှောက်စစ်ကြောင်းထိုးနေခဲ့တာပါ။ နိုဝင်ဘာ၁၈ရက် ညကတည်းက
ပေါင်းလဲကုန်းကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။ ပြီးတော့ နိုဝင်ဘာ ၁၉ ရက် မနက် ၇ နာရီ မိနစ် ၅၀ မှာလည်းအဲ့ဒီရွာကို နောက်တစ်ကြိမ် ထပ်မံပြီး မီးရှို့ခဲ့ပါတယ်။
စစ်ကောင်စီတပ်များရဲ့ နှစ်ကြိမ်မီးရှို့ခဲ့မှုကြောင့် ပေါင်းလဲကုန်းရွာက အိမ်ခြေ ၂၀၀ ဝန်းကျင် မီးထဲ ပါသွားတယ်လို့ သိရပြီး အခုအချိန်ထိရွာသားတွေဟာ ရွာကို ပြန်မကပ်နိုင်ကြသေးဘဲ ဘေးလွတ်ရာကို ရှောင်တိမ်း နေရသေးတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
ပေါင်းလဲကုန်းရွာ နှင့် ရွှေဘိုနယ် လိပ်ရကုန်းကျေးရွာ တို့ကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း ၁ ဟာ OMCမူးဘောင် အရှေ့ဘက် လက်ပံကြီး ရွာအား လက်နက်ကြီးငယ် များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ပြီး နံနက်၁၀နာရီ အချိန်မှာ မီးစတင်ရှို့ခဲ့ပါတယ်။
ခင်ဦးနယ် ဆီဆုံလေးရွာဘက် ရောက်နေသော ကန့်ဘလူဘက်မှလာတဲ့ စစ်ကောင်စီ စစ်ကြောင်း ၂ ဟာလည်း နိုဝင်ဘာလ ၂၀ ရက်မနက်ပိုင်းမှာ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြပါတယ်အဆိုပါ ရွှေဘိုမြို့နယ်တွင်း ရွာ ၄ ရွာကနေ ထွက်ပြေးနေရဲ့ စစ်ဘေးရှောင် အရေအတွက်က ၂၀၀၀၀(နှစ်သောင်း)ကျော်ရှိနေပြီး၊ အဲ့ဒီစစ်လေးရှောင်တွေအတွက် လိုအပ်နေတဲ့ အနွေးထည်/စောင်နဲ့ စားစရာတွေကို ကူညီပေးနိုင်ကြဖို့ ခင်ဦးမြို့ နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကအကူအညီတောင်းခံနေပါတယ်။
========================
📌📌 ၃။ ပုဏ္ဏားကျွန်းနှင့်ကျောက်တော်မှာအကြမ်းဖက်စစ်တပ်က လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်နေလို့ပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရတဲ့သတင်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့ ၂ မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁၉ ရက် ည ၉ နာရီကျော် အချိန်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တာကြောင့်ပြည်သူအများအပြားဟာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရပါယ်။
"၉ နာရီ ကျော်ကနေ ပိုက်သည်ရပ် ရေနံဆိပ်ကနေလည်း စစ်သားတွေက လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ပြီးသွားနေပါတယ်။ ကျောက်တော်တောင်ကလည်း အဆက်မပြတ်ပစ်နေပါတယ်" လို့မြို့ခံတစ်ဦးက ပြောပါတယ်။ နောက်ထပ်မြို့ခံတစ်ဦး ပြောတာက "လက်နက်ငယ်တွေပစ်နေတဲ့အသံပါ။ ၉ နာရီလောက်ကနေ စပစ်နေတာပါ။
မိုးပေါ်ထောင်ပစ်တဲ့အသံမျိုး ကြားရပါတယ်။ လက်နက်ကြီးအသံတော့မပါဘူး။ ကစ္ဆပနဒီတံတား ဂိတ်က ပစ်တာလို့လည်းသိရပါတယ်။ မိနစ် ၃၀ ကျော်လောက်ပစ်ပြီး ၉ နာရီခွဲကျော်လောက်မှာ ရပ်သွားတယ်။ အခုတော့ငြိမ်သွားပါပြီ။ တခုအကြောင်းကိစ္စမှမရှိဘဲနဲ့ ပစ်နေတာပါ" လို့ သူတွေ့ကြုံရတာကို ပြောပြခဲ့ပါတယ်။ ပုဏ္ဏားကျွန်းမြို့ တွင်လည်း နိုဝင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်နှင့် ညနေ ၅ နာရီအကြား တစ်ကြိမ်၊ ည ၇ နာရီခန့်က တကြိမ် အခြေစိုက် (၅၅၀) တပ်ရင်းက လက်နက်ကြီးများကို လူနေကျေးရွာများထဲသို့ ပစ်ခတ်ခဲ့လို့ဒေသခံကျေးရွာသားများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရပါတယ်။
နေ့လယ် ၃ နာရီခန့်တွင်း ပစ်ခတ်မှုမှာလည်း ရေဖြူကန်ကျေးရွာသို့ လက်နက်ကြီးကျည်ကျကာ လူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့ပါသေးတယ်။ ကျောက်ဆိပ်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီ (၅၅၀)တပ်ရင်းကလက်နက်ကြီးများ အကြောင်းမဲ့ ပြည်သူလူထုကို ရည်ရွယ်ပစ်ခတ်၍ ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း သိရပါတယ်။ နေ့လည်ချိန်အခုလို အကြောင်းမဲ့ပစ်ခတ်နေမှုအပြင် ည ၁၀ နာရီခန့်မှာလည်း ဂျက်ဖိုက်တာတစီးက ကျောက်တော်၊ ပုဏ္ဏားကျွန်း နှင့် ရသေ့တောင် မြို့ပေါ်တို့မှ ဝေ့ပျံကာ သွားလာမှုများရှိနေခဲ့ပြီး ဒရုန်းများလည်း ဝဲပျံနေခဲ့သည့်အတွက် ဒေသခံပြည်သူများမှာ ဗုံးခိုကျင်းများကမထွက်ရဲဘဲ စိုးရိမ်ကြောက်လန့်စွာ နေထိုင်နေရကြောင်း သိရပါတယ်။ ကျော်က်ဆိပ်ကျေးရွာနေပြည်သူတဦးပြောတာက လေယာဉ်ကလည်းဝဲပျံနေတော့ ဘယ်လိုအခြေအနေ ဖြစ်အုံးမလဲ မသိသေးဘူး ဒီနေ့တော့အိပ်လို့ရမယ်မထင်တော့ပါဘူး။ တစ်ရွာလုံးမှာ လူတစ်ယောက်မှကျန်ခဲ့တော့မယ် မထင်ပါဘူး" လို့ သူ့အတွေ့အကြုံကို ပြောပြခဲ့တာပါ။
ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့ဟာ နိုဝင်ဘာ ၁၈ ရက်နှင့် ယနေ့ ၁၉ ရက်အတွင်း မောင်တော၊ ဘူးသီးတောင်နှင့် ပလက်၀ မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အထိနာနေတဲ့ စစ်ကောင်စီဟာ အရပ်သားများကို ပစ်မှတ်ထားနေတယ်လို့ AA က ပြောဆိုထားပါတယ်ခင်ဗျ
========================
📌📌 ၄။ KNLA ပူးပေါင်းတပ်ဖွဲ့တွေ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်ပါကကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်နေတဲ့သတင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေအတွင်းက လွတ်ရှမ်းကျေးရွာထဲရှိစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ နောက်ထပ်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်မယ်ဆိုရင် ကျေးရွာကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့ကြပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းပေါ်ရှိ လွတ်ရှမ်းကျေးရွာမှာ ခြေကုတ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၅) ရက်နေ့ မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းခဲ့ကြပါတယ်။ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပြီး အထိနာသွားခဲ့တာဖြစ်ပါတယ်။ အထိနာသွားခဲ့တဲ့စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် နိုဝင်ဘာ(၁၇)ရက်နေ့က ကျေးရွာအုပ်ချုပ်ရေးလူကြီးတွေနဲ့ ဆရာတော်တွေထံ သွားရောက်ပြီး တပ်စခန်းကို နောက်တစ်ကြိမ် ထပ်မံလာရောက်တိုက်ခိုက်မယ်ဆိုရင် ကျေးရွာကိုမီးရှို့ဖျက်ဆီးသွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်တွေက ပြန်လည်သတင်းပို့ ပြောပြကြပါတယ်။ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်စဥ်များ ပြီးသွားတဲ့အခါတိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ စခန်းတိုက်ခိုက်ခံခဲ့ရပါက ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ရွာကို မီးရှို့ဖျက်ဆီးတာ စတဲ့လုပ်ရပ်မျိုးတွေ အမြဲလိုလိုလုပ်ဆောင်လာတာ နေ့စဥ် မြင်တွေ့ နေရပါတယ်။ လွတ်ရှမ်းရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခါနီးမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ အဆက်မပြတ် လာရောက်ပစ်ခတ်ဗုံးကြဲခဲ့တဲ့အတွက် စခန်းမသိမ်းပိုက်နိုင်ဘဲ တော်လှန်ရေးအင်အားစုတွေ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။
========================
📌📌 ၅။ စစ်ကောင်စီရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း အမေရိကန် ကထိုင်းဝန်ကြီးချုပ်ကိုပြောကြားလိုက်တဲ့သတင်း
အာဏာသိမ်း မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမေရိကန်ဒုသမ္မတ ကင်မလာ ဟဲရစ်က ရှုတ်ချကြောင်း အတိအလင်းပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိ ကန်ဒုသမ္မတဟာ ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံရာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးစဥ်မှာ ခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနေကြောင်း နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုကို အလေး ထား ကြောင်း ထိုင်းဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်ကလည်း မနေ့ကသတင်းထုတ်ပြန်ပါတယ်။ ဒါအပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း အမေရိကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာရှ − ပစိဖိတ်နိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို တက်ရောက်လာတဲ့အမေရိ ကန်ဒုသမ္မတဟာ ဖိလစ်ပိုင်နိုင်ငံကိုလည်းသွားရောက်ဦးမှာဖြစ်ပြီး ဖိလစ်ပိုင်ခရီးစဉ်မှာလည်းမြန်မာ့အရေးကိုထည့်သွင်းဆွေးနွေးမယ်လို့သိရပါတယ်ခင်ဗျာ
No comments:
Post a Comment