၂၀၂၂ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်အုပ်ဟာ အကြမ်းဖက်တဲ့နည်းမျိုးစုံကိုလူ့အသိုင်းအဝိုင်းထဲ သွပ်သွင်းနေတဲ့ကာလဖြစ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကမ်ပိန်းမှာ ပါဝင်ရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
📌 ၂။ မလေးရှားနိုင်ငံမှ အန်ဝါအီဘရာဟင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအတွက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဂုဏ်ပြုလွှာကို ပေးပို့
📌 ၃။ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံး မြှင့်တင်ထားသင့်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
📌 ၅။ "Buddy ချီတက်၊ စစ်တပ်ပျက် ကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်များ ဝယ်ယူရန် သရုပ်ဆောင် မင်းမော်ကွန်းတိုက်တွန်း
📌 ၆။ Click2donate ဝင်ငွေလျော့နည်းလာ၍ သတ်မှတ်ပမာဏာပြည့်မှီရန် ပြည်သူများ ကလစ်နှိပ်ဖို့ တိုက်တွန်း
📌 ၇။ စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ၃၀၀ ကျော်တွင် အသက် (၁၂) နှစ်အောက် မိန်းကလေး အယောက် ၃၀ ပါဝင်ခဲ့
📌 ၈။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဘိတ်ထား၀ယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၄၈) ဦးသေဆုံး
📌 ၉။ SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီးတပ်ဖွဲ့) မှလက်လုပ် မောင်းပြန်သေနတ်များ ထုတ်လုပ်နေ
📌 ၁၀။ အကြမ်းဖက်စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာတွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်ဟာ အကြမ်းဖက်တဲ့နည်းမျိုးစုံကိုလူ့အသိုင်းအဝိုင်းထဲ သွပ်သွင်းနေတဲ့ကာလဖြစ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကမ်ပိန်းမှာ ပါဝင်ရန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို
အကြမ်းဖက်စစ်အုပ်ဟာ အကြမ်းဖက်တဲ့နည်းမျိုးစုံကိုလူ့အသိုင်းအဝိုင်းထဲ သွပ်သွင်းနေတဲ့ကာလဖြစ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကမ်ပိန်းမှာ ပါဝင်ရန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကမ်ပိန်း အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားခဲ့ပါတယ်။
"အထူးအားဖြင့် အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံတစ်ခုလုံး၊ လူ့အဖွဲ့အစည်း အဆောက်အအုံတစ်ခုလုံးကို အကြမ်းဖက် ဖိနှိပ်နေတဲ့ကာလအတွင်းမှာ ပိုမိုပြီးတော့ ပါဝင်သင့်ပါတယ်။ရိုးရိုး ဖိနှိပ်နေရုံမဟုတ်ဘဲနဲ့ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံအရ အကြမ်းဖက်မှုတွေ၊ ဓလေ့ထုံးတမ်းအရ အကြမ်းဖက်မှုတွေကို အကြမ်းဖက် စစ်အုပ်စုက လူ့အသိုင်းအဝိုင်းထဲကို သွပ်သွင်းနေတဲ့ကာလဖြစ်ပါတယ်။ဒီကာလအတွင်းမှာ နွေဦးတော်လှန်ရေးမှာပူးပေါင်းပါဝင်နေတဲ့ ပြည်သူလူထုကြီးအနေနဲ့လည်း ဒီလှုပ်ရှားခြင်းမှာ ပါဝင်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးရဲ့အနှစ်သာရ ကိုပိုမိုပြီးတော့ ပြည့်စုံစေမှာ ဖြည့်တင်းပေးနိုင်မှာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ လက်ရှိမှာ လူပေါင်းနှစ်ထောင် ကျော်ကိုသတ်ဖြတ်ထားပြီးတော့ တစ်နိုင်ငံလုံးရှိ အိုးအိမ်နဲ့အဆောက်အအုံပေါင်း၄၀၀၀၀ နီးပါးကို မီးရှို့ဖျက်ဆီးထားပါတယ်။
========================
📌📌 ၂။ မလေးရှားနိုင်ငံမှ အန်ဝါအီဘရာဟင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအတွက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဂုဏ်ပြုလွှာကို ပေးပို့
မလေးရှားနိုင်ငံမှ အန်ဝါအီဘရာဟင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအတွက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဂုဏ်ပြုလွှာကို ပေးပို့ခဲ့ပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အသိပေးဖော်ပြခဲ့ပါတယ်။
" မလေးရှားနိုင်ငံမှ အန်ဝါအီဘရာဟင်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းအတွက် ကျွန်ုပ်တို့၏ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလွှာကို ပေးပို့လိုပါတယ်။ ဒါဟာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်နဲ့ နိုင်ငံရေးလုပ်ဆောင်သူအဖြစ် အသိအမှတ်ပြုတာ ကြာပြီဖြစ်တဲ့ ခန့်အပ်မှုနဲ့ အသိအမှတ်ပြုမှု ဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ ရှေ့ဆက်ပြီး အေးချမ်းသာယာတဲ့ ခရီးလမ်းကို ဆက်လျှောက်ဖို့ကလွဲလို့ ဘာမျှ မလိုလားပါဘူး။ မြန်မာနိုင်ငံ၊ မလေးရှားနှင့် အာဆီယံတို့သာမက ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနှင့် လွတ်လပ်မှုတို့အတွက် အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါတယ်"လို့ဆိုထားပါတယ်။ မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပြီးနောက် ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ နိုင်ငံ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။
========================
📌📌 ၃။ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံး မြှင့်တင်ထားသင့်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံး မြှင့်တင်ထားသင့်တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၂၆ ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ကျင်းပတဲ့ ရန်ပုံငွေဈေးရောင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း မှပြောကြားခဲ့ပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် လမ်းစဉ် ၆ ခု ကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပရောက် မြန်မာပြည်သူပြည်သားများ၏ အခန်းကဏ္ဍကလည်း အင်မတန်အရေးကြီးပါကြောင်း၊အချင်းချင်း လက်ညှိုးထိုး တိုက်ခိုက်မနေဘဲ မိမိရောက်သည့်နေရာတွင် မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်၍ တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံး မြှင့်တင်ထားသင့်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် ဩစတေးလျ နိုင်ငံ အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများ၊ အသိအမှတ်ပြုမှုများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်သူများကို အကာအကွယ်ပေးမှုများနှင့်ပတ်သက်၍ ယခုထက်ပို၍ ပိုမိုလုပ်ဆောင်လာရန်နှင့် နိုင်ငံရေးအရ ဆောင်ရွက်မှုများကိုလည်း ပိုမိုလှုပ်ရှားလာစေရန် ဆန္ဒပြုကြောင်း လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက ထပ်လောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလ ၂၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၄/၂၀၂၂)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးလွင်ကိုလတ်မှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသာ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မူဝါဒပိုင်းဆိုင်ရာသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ပဲခူးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ "Buddy ချီတက်၊ စစ်တပ်ပျက် ကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်များ ဝယ်ယူရန် သရုပ်ဆောင် မင်းမော်ကွန်းတိုက်တွန်း
“Buddy ချီတက်၊ စစ်တပ်ပျက် ကမ်ပိန်းမှ ကံစမ်းမဲလက်မှတ်များ ဝယ်ယူရန် သရုပ်ဆောင် မင်းမော်ကွန်းတိုက်တွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်မှာ သရုပ်ဆောင်မင်းမော်ကွန်းက ကမ်ပိန်းနဲ့ပတ်သက်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။
"ဇူလိုင်တုန်းက လိုင်းပေါ်ဟိုးလေးတကြော်ကြော်နာမည်ကြီးသွားတဲ့ကောင်ကြီး၊ ခုမှသူ့ရဲ့ဒုဗိုလ်မှူးကြီးလည်ပတ်ကို တော်လှန်ရေးရန်ပုံငွေရှာဖို့ ကံစမ်းမဲရောင်းမယ်တဲ့။ စုံစမ်းကြည့်တော့ တော်လှန်ရေးနဲ့ပတ်သတ်လို့ မြန်မာပြည်သူတွေပေါ် အတော်အကျိုးပြုတာပဲဗျ။ ရှေ့တန်းဆေးတပ်သားဆိုလဲမမှားဘူး။ တိုက်ပွဲမှာထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးအိတ်ထမ်းပြီး ဆရာဝန်တွေနဲ့အတူ ရှေ့တန်းထိဆေးကုသရာလိုက်ကူတယ်ဗျ။ လက်နက်ကြီးကျရင်လဲ ရဲဘော်တွေ၊ ဆရာဝန်နဲ့ ဆေးတပ်သားတွေ၊ စစ်ဘေးရှောင်ပြည်သူတွေကို ဗုံးခိုကျင်းရှာပေးတာ၊ ဗုံးခိုကျင်းနေရာကို လမ်းပြတာတွေလုပ်ပေးသေးတာတဲ့ .. ချစ်ဖို့မကောင်းဘူးလားဗျာ။ဘက်ဒီကိုချစ်ရင် မဲဝယ်ပေးကြပါ"လို့ဆိုထားပါတယ်။
“ BUDDY ချီတက်စစ်တပ်ပျက် “ ကမ်ပိန်းကို နိုဝင်ဘာလ ၂၅ရက်မှစတင်ပြီး Buddy “ ရဲ့ကမ်ပိန်းမှရရှိလာတဲ့ရန်ပုံငွေများကို ၇၀% ကရင်နီမြေပြင် နှင့် ၃၀ % ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရသို့ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။
========================
📌📌 ၆။ Click2donate ဝင်ငွေလျော့နည်းလာ၍ သတ်မှတ်ပမာဏာပြည့်မှီရန် ပြည်သူများ ကလစ်နှိပ်ဖို့ တိုက်တွန်း
Click2donate ဝင်ငွေလျော့နည်းလာ၍ သတ်မှတ်ပမာဏာပြည့်မှီရန် ပြည်သူများ ကလစ်နှိပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာ ၂၆ ရက်မှာ Click2donate ကအသိပေးဆိုထားပါတယ်။
"မနှစ်က ဒီအချိန်ပေါ့တစ်ရက်ကို သိန်းနှစ်ရာလောက်ရခဲ့တာ ကလစ်ကာ ငါးသောင်းနဲ့ တစ်သိန်းကြားရခဲ့တာပေါ့ခင်ဗျာ။ဒီနှစ်တော့ ကျွန်တော်တော့ တစ်လ သိန်းတစ်ထောင် ရဖို့ကို မနည်းမျှော်လင့်နေရပါတယ်ခင်ဗျာ။ပြောချင်တာကကလစ်ကြပါစို့ခင်ဗျာ"လို့ဆိုပါတယ်။ Click2donateဟာ ပြည်သူများ ကလစ်နှိပ်၍ ရရှိငွေမှ တော်လှန်ရေးအင်အားစုများကို ပြန်လည်ထောက်ပို့ရခြင်း လုပ်ငန်းစဥ်တစ်ရပ်ဖြစ်ပါတယ်။
========================
📌📌 ၇။ စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ၃၀၀ ကျော်တွင် အသက် (၁၂) နှစ်အောက် မိန်းကလေး အယောက် ၃၀ ပါဝင်ခဲ့
စစ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီး ၃၀၀ ကျော်တွင် အသက် (၁၂) နှစ်အောက် မိန်းကလေး အယောက် ၃၀ ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာနောက်ဆုံးပတ်မှာ (Free Expression Myanmar) ကအသိပေးထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အသက် (၁၂) နှစ်အောက် မိန်းကလေး အယောက် ၃၀ ကို သတ်ဖြတ်ခဲ့တယ်လို့ အစီရင်ခံစာကဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့”မှာ အာဏာသိမ်းမှုကြောင့် အသံတိတ်အောင် နှုတ်ပိတ်သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ် အယောက် (၃၀၀) ကျော်စာရင်းကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုပုံစံထဲတွင် အမျိုးသမီး ၁၇ ဦးကို မုဒိန်းကျင့် သတ်ဖြတ်တာနဲ့ အမျိုး သမီး ၂၀ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာတို့ပါဝင်ခဲ့ပါတယ်။
========================
📌📌 ၈။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဘိတ်ထား၀ယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၄၈) ဦးသေဆုံး
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေဘိတ်ထား၀ယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၄၈) ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ စစ်ရေးသတင်းကို ကေအဲန်ယူ-ဗဟိုက အသိပေးဆိုပါတယ်။
KNUရဲ့ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း ၂၀၂၂ ခုနှစ် နို၀င်ဘာလ (၁) ရက်နေ့မှ (၁၆) ရက်နေ့အထိ တိုက်ပွဲတိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ (၄၈) ဦးသေဆုံးကာ (၂၆) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဖက်မှ တိုင်းပြည်နဲ့လူမျိုးအတွက် (၂) ဦး အသက်စွန့်ခဲ့ရပြီး (၄) ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၉။ SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီးတပ်ဖွဲ့) မှလက်လုပ် မောင်းပြန်သေနတ်များ ထုတ်လုပ်နေ
SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီးတပ်ဖွဲ့) မှလက်လုပ် မောင်းပြန်သေနတ်များ ထုတ်လုပ်နေတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၂၆ ရက်မှာ SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီးတပ်ဖွဲ့)မှအသိပေးဆိုပါတယ်။
"ကျနော်တို့အဖွဲ့ ထုတ်လုပ်ရေးပိုင်းလူငယ်များအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်နဲ့ နေ့စဥ်နဲ့အမျှ တီထွင်ကြံဆပြီး လက်လုပ် မောင်းပြန်များ ထုတ်လုပ်နေပါတယ်။အရေးပေါ်မစ်ရှင်တခုအတွက်လဲ မိုင်းအလုံး (၁၀၀) project လုပ်ဆောင်နေပါတယ်"လို့ဆိုပါတယ်။ SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီးတပ်ဖွဲ့)ဟာ စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
📌📌 ၁၀။ အကြမ်းဖက်စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာတွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်
အကြမ်းဖက်စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာတွင် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၅ ရက်၊ မနက်ပိုင်းက စခတ(၁၀)တပ်ရင်းမှ အကြမ်းဖက်စစ်သားများ နှင့် ငွေတွင်းရွာခံ ပျူစောထီးအင်အား ၅၀ ခန့်ဟာအရာတော်မြို့နယ် တောင်ပိုင်း၊ နွားမသင်းအရှေ့ကျေးရွာသို သေနတ်များပစ်ဖောက်ကာ ဝင်ရောက်စီးနင်း၍ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
မီးရှို့မှုဖြစ်စဥ်မှာကျေးရွာပြည်သူလူထု၏ လူနေအိမ် ၈၂ လုံးနှင့် အိမ်ထောင်စုများ၏ ပစ္စည်းများ၊လယ်ယာသုံး ကျွဲနွားများ၊ စိုက်ပျိုးရေး/စက်မှုပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် နွားမသင်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့များက မီးတင်ရှို့ခဲ့မှုတွင် လေဖြန်းထားပြီး မျက်စိမမြင်သောကြောင့် မရှောင်တိမ်းနိုင်လိုက်သော အသက် ၉၀ အရွယ်ရှိ အဖွား ဒေါ်ဌေး မှာ အရှင်လတ်လတ် နေအိမ်မီးထဲတွင် သေဆုံးခဲ့ရတယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ ဤလုပ်ရပ်များကို "အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်သော လူမဆန်သည့် အကြမ်းဖက် စစ်ရာဇဝတ်မှုများ" အဖြစ် မှတ်တမ်းတင်ထားရှိပြီး ၎င်းပြစ်မှုများအား International Court of Justice (ICJ) ထံတွင် သက်သေအဖြစ် တင်ပြသွားမယ်လို့ဆိုပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment