၂၀၂၂ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာစစ်တပ်ဟာ အခြေခံလူ့အခွင့်အရေးအားလုံးကို ချိုးဖောက်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၂။ မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးဟာ စည်းလုံးညီညွတ်မှုအတွက် တစ်ခုတည်းသော အခွင့်အလမ်းကို ဖော်ဆောင်ပေးတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား
📌 ၃။ ပအဖအဖွဲ့များအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကာ စစ်ကောင်စီ အမြစ်ပြတ်သည့်အထိပါဝင်သွားကြရန် ပြည်ထဲရေးဒုဝန်ကြီး ဆို
📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီ (NLD-CWC) နှင့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့အလွတ်သဘောတွေ့ဆုံ
📌 ၅။ ရန်ကုန်မှာ တနေ့တည်း ကလေး ၆၀ အစာအဆိပ်သင့်၍ ဆေးရုံများပို့ဆောင်
📌 ၆။ စစ်ကောင်စီက ကျင်းပမယ့် ပြင်ဦးလွင် မီးပုံးပျံပွဲတော်သို့ ပြည်သူများသွားရောက်လည်ပတ်ခြင်းမပြုရန် တော်လှန်ရေးအားစု ၁၃ ဖွဲ့က မေတ္တာရပ်ခံ
📌 ၇။ ပြင်ဦးလွင်ခရိုင် ပ. က. ဖ မှ လက်နက်ကြီးများထုတ်လုပ်အောင်မြင်၍ စမ်းသပ်ပစ်ခတ်
📌 ၈။ "ကော်ဘရာ စစ်ကြောင်းမှ စနိုက်ဘာရဲဘော်ပစ်ခတ်၍ အကြမ်းဖက် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး"
📌 ၉။ တမူး-အောင်ဇေယျ ကားလမ်းပိုင်းအား နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုဖို့ တမူး PDF တပ်ရင်း ၁ သတိပေးဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာစစ်တပ်ဟာ အခြေခံလူ့အခွင့်အရေးအားလုံးကို ချိုးဖောက်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မြန်မာစစ်တပ်ဟာ အခြေခံလူ့အခွင့်အရေးအားလုံးကို ချိုးဖောက်လျက်ရှိတယ်လို့ ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြားလိုက်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့၊ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၂၄) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှု ပြုလုပ်ရာမှာ မြန်မာသံအမတ်ကြီးကဆိုပါတယ်။
"စစ်တပ်ဟာ အခြေခံလူ့အခွင့်အရေးအားလုံးကို ချိုးဖောက်လျက်ရှိကြောင်း၊ နေ့စဉ် ပြည်သူများ၏ လုံခြုံရေးနှင့်အသက်ရှင်နေထိုင်ခွင့်၊ နှိပ်စက်ခံရမှုမှ တားမြစ်ခြင်း၊ မျှတသည့် တရားရင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တို့ကို ဖျက်ဆီးချိုးဖောက်လျက်ရှိကြောင်း၊ တရားမဝင်စစ်တပ်အာဏာသိမ်းမှု (၂၁) လ တာ ကာလအတွင်း စစ်တပ်မှ အကြမ်းဖက်လုပ်ရပ် မျိုးစုံကို ကျူးလွန်လျက်ရှိရာ
ဆယ်စုနှစ် (၃) ခုအတွင်း ပထမဆုံးအကြိမ် နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးခြင်းနှင့် ထင်တိုင်းကြဲကာ ပြည်သူများကို ဖမ်းဆီးနေသည့်အပြင် မိသားစုဝင်များကို ဓားစာခံအဖြစ် ပြန်ပေးဆွဲလျက်ရှိတယ်"လို့ဆိုပါတယ်။ ယနေ့အထိ ပြည်သူ (၂,၄၀၀) ကျော် အသတ်ခံရပြီး၊ (၁၆,၀၀၀) နီးပါး အဓမ္မဖမ်းဆီးခံထားရတယ်လို့ သံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။ ထို့ပြင်မြန်မာ ပြည်သူ (၁.၄) သန်းသည် နေ့ရပ်စွန့်ခွာနေရပြီး၊ ပြည်သူ (၁၅.၂) သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေရပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးဟာ စည်းလုံးညီညွတ်မှုအတွက် တစ်ခုတည်းသော အခွင့်အလမ်းကို ဖော်ဆောင်ပေးတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးပြောကြား
မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးဟာ စည်းလုံးညီညွတ်မှုအတွက် တစ်ခုတည်းသော အခွင့်အလမ်းကို ဖော်ဆောင်ပေးတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။ နိုဝင်ဘာ ၂ ရက် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးပြောကြားချက်ကိုဖော်ပြထားပါတယ်။
"နှစ် ခုနစ်ဆယ်ကြာ ပြည်တွင်း ပဋိပက္ခကို ခံစားခဲ့ရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတော် တော်လှန်ရေးသည် စည်းလုံးညီညွတ်မှုအတွက် တစ်ခုတည်းသော အခွင့်အလမ်းကို ဖော်ဆောင်ပေးပါတယ်။ ငြိမ်းချမ်းရေး ဆိုသည်မှာ တန်းတူရေး၊ ပါဝင်မှု၊ ကိုယ်စားပြုမှု၊ နိုင်ငံသားဖြစ်မှု၊ လူမျိုးရေးလက္ခဏာ၊ လူနည်းစုအခွင့်အရေး အားလုံးပါဝင်ပါတယ်"လို့ ပြည်ထောင်စု ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ ၄င်းနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုနဲ့အတူ မြန်မာ့နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၃။ ပအဖအဖွဲ့များအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကာ စစ်ကောင်စီ အမြစ်ပြတ်သည့်အထိပါဝင်သွားကြရန် ပြည်ထဲရေးဒုဝန်ကြီး ဆို
ပအဖအဖွဲ့များအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကာ စစ်ကောင်စီ အမြစ်ပြတ်သည့်အထိပါဝင်သွားကြရန် ပြည်ထဲရေးဒုဝန်ကြီး ခူးထဲဘူးက နိုဝင်ဘာလ ၂ ရက် မှာပြုလုပ်တဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုမှာ ပြောကြားခဲ့ပါတယ်။
"စစ်ကောင်စီဟာ နေရာအနှံ့မှာ အစွမ်းကုန် ဖျက်ဆီး၊ သတ်ဖြတ်၊ နှိပ်စက်မှုများကို ကျူးလွန်နေသကဲ့သို့တော်လှန်ရေး အင်အားချိနဲ့ရန် နည်းလမ်းမျိုးစုံသုံး၍ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပအဖ အဖွဲ့ဝင်များအနေဖြင့် စည်းရုံးသင့်သည်များကို စည်းရုံးသွားရန်နှင့် ပါဝင်လာမှုမရှိပါက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ တော်လှန်ရေး၌ ပြည်သူလူထုပါဝင်မှုသည် အင်မတန်မှ အရေးကြီးပြီး ပအဖအဖွဲ့များအနေနဲ့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းကာ စစ်ကောင်စီ အမြစ်ပြတ်သည့်အထိ ပါဝင်သွားကြရန်ဖြစ်တယ်"လို့ဆိုပါတယ်။
ဆက်လက်၍ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အမြဲတမ်းအတွင်းဝန် ဒေါက်တာလှိုင်မြင့်ဟန်မှ မြေပြင်အခြေအနေများနှင့်ပတ်သက်၍ မှာကြားဆောင်ရွက်ခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲလုပ်ငန်းလက်စွဲမူဝါဒ ဥပဒေများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီ (NLD-CWC) နှင့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့အလွတ်သဘောတွေ့ဆုံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဗဟိုအလုပ်ကော်မတီ (NLD-CWC) နှင့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့အလွတ်သဘောတွေ့ဆုံခဲ့တယ်လို့ နိုဝင်ဘာ ၂ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖော်ပြအသိပေးပါတယ်။
နိုဝင်ဘာ ၂ ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီ(NLD-CWC) နှင့် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU) တို့ မိတ်ဟောင်းများ အလွတ်သဘောတွေ့ဆုံခဲ့ကြတယ်လို့ဆိုထားပါတယ်။ တွေ့ဆုံပွဲသို့ ဗဟိုအလုပ်ကော်မတီ (NLD-CWC) မှ ဒေါက်တာမေဝင်းမြင့် ၊ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးခင်ဆောင်တို့တက်ရောက်ခဲ့ပါတယ်။
========================
📌📌 ၅။ ရန်ကုန်မှာ တနေ့တည်း ကလေး ၆၀ အစာအဆိပ်သင့်၍ ဆေးရုံများပို့ဆောင်
ရန်ကုန်မြို့ မှာ တစ်နေ့တည်း ကလေး ၆၀ အစာအဆိပ်သင့်၍ ဆေးရုံများပို့ဆောင်ခဲ့ရတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ၂ ရက် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/ မြောက်ရပ်ကွက်၊လယ်ယာ (၁) လမ်းရှိ အမက (၂၉) တွင် kg အတန်းမှကျောင်းသားကျောင်းသူအချို့ ကြာဇံကြော်စားပြီး မူးဝေအော့အန်၍ မွန်းလွဲပိုင်းမှာရန်ကင်းကလေးဆေးရုံသို့ ပို့ဆောင်ခဲ့ရတယ်လို့ လူမှုကူညီရေးအသင်းများကဆိုပါတယ်။
အလားတူ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ (၆၇) ရပ်ကွက်ရှိ ကလေးငယ်များလည်း အစာဆိပ်သင့် လက္ခဏာများဖြစ်ပွားနေအသက် ၁၂ နှစ်အောက်ကလေးငယ်များအပါအဝင် စုစုပေါင်း ၄၅ ဦးခန့်ကိုဆေးရုံများသို့အသီးသီးပို့ဆောင်ခဲ့ရပါတယ်။ အဆိုပါ အစာအဆိပ်သင့်ရခြင်းအကြောင်းခြင်းရာကို စုံစမ်းလျက်ရှိပြီးတော့ စားမိတဲ့ကလေးတိုင်း အစာအဆိပ်သင့် ဖြစ်ပွားတာကို မတွေ့ရဘူးလို့ စုံစမ်းသိရပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီက ကျင်းပမယ့် ပြင်ဦးလွင် မီးပုံးပျံပွဲတော်သို့ ပြည်သူများသွားရောက်လည်ပတ်ခြင်းမပြုရန် တော်လှန်ရေးအားစု ၁၃ ဖွဲ့က မေတ္တာရပ်ခံ
စစ်ကောင်စီက ကျင်းပမယ့် ပြင်ဦးလွင် မီးပုံးပျံပွဲတော်သို့ ပြည်သူများသွားရောက်လည်ပတ်ခြင်းမပြုရန် တော်လှန်ရေးအားစု ၁၃ ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။ နိုဝင်ဘာ၂ ရက်နေ့မှာ လက်နက်ကိုင်တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုများမှ ပြည်သူများအား မေတ္တာရပ်ခံ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ အကြမ်းဖက် ပုံရိပ်များကို ဖုံးဖိရန် နိုဝင်ဘာ၄ရက်နေ့မှ၈ရက်နေ့အထိ ကျင်းပမယ့် အယောင်ဆောင် တန်ဆောင်တိုင်ပွဲတော်အား ပြည်သူများက လည်ပတ်ခြင်း၊ မီးပုံးပျံလွှတ်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ခြင်း၊ စျေးရောင်းခြင်းတို့မပြုလုပ်ကြရန် ပြည်သူများအားမေတ္တာရပ်ခံအသိပေးကြေညာထားပါတယ်။ ပျော်ပွဲရွှင်ပွဲများမှာ မပါဝင်ခြင်းဖြင့် တော်လှန်ရေးတပ်သားများနဲ့တစ်သားတည်းရပ်တည်ပေးရန် နှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ ပြင်ဦးလွင်ခရိုင် ပ. က. ဖ မှ လက်နက်ကြီးများထုတ်လုပ်အောင်မြင်၍ စမ်းသပ်ပစ်ခတ်
ပြင်ဦးလွင်ခရိုင် ပ. က. ဖ မှ လက်နက်ကြီးများထုတ်လုပ်အောင်မြင်၍ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုဝင်ဘာ ၂ ရက်နေ့မှာ ကောင်းကင် တော်လှန်ရေးအင်အားစုကအသိပေးဆိုပါတယ်။
"စကစတပ်များကိုတိုက်ခိုက်ရန် လက်နက်ကြီး များ စမ်းသပ်ထုပ်လုပ်အောင်မြင်ပါတယ်"လို့ ဆိုပါတယ်။ ပြင်ဦးလွင် ခရိုင်ပကဖဟာ စကစတပ်များကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်များဟာ စကစတပ်များကို တော်လှန်တိုက်ခိုက်ရန် လက်လုပ်သေနတ်များ၊ စနိုက်ပါများ၊ ၆၀မမ၊ ၈၀မမများကို တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။
========================
📌📌 ၈။ "ကော်ဘရာ စစ်ကြောင်းမှ စနိုက်ဘာရဲဘော်ပစ်ခတ်၍ အကြမ်းဖက် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံး"
ကရင်ပြည်နယ် မှာ"ကော်ဘရာ စစ်ကြောင်းမှ စနိုက်ဘာရဲဘော်ပစ်ခတ်၍ အကြမ်းဖက် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ ကရင်ပြည်နယ် ရွှေညောင်ပင် နယ်မြေမှ ကျူးကျော်ရန်ကြိုးစားလာတဲ့ စကစတပ်များကိုပစ်ခတ်ခဲ့တယ်လို့ ကော်ပရာ စစ်ကြောင်းကအတည်ပြုဆိုပါတယ်။
" နိုဝင်ဘာလ ၂ ရက်နေ့ ရွှေညောင်ပင် နယ်မြေမှ ကျူးကျော်ရန် ကြိုးစားသည့် အကြမ်းဖက်စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၄၄၁) ၏ တိုက်ခိုက်ရေးတပ်ရင်း ခလရ (၂၀၇) နှင့် KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ စနိုက်ဘာ စစ်သည်များ၏ လက်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၂) ဦး သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။ စစ်မြေပြင် သတင်းအတည်ပြုချက်အရ ပြည်သူ့ရဲဘော်များအထိအခိုက်မရှိဘူးလို့သတင်းရရှိပါတယ်။
========================
📌📌 ၉။ တမူး-အောင်ဇေယျ ကားလမ်းပိုင်းအား နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုဖို့ တမူး PDF တပ်ရင်း ၁ သတိပေးဆို
စစ်ကိုင်းတိုင်း တမူး-အောင်ဇေယျ ကားလမ်းပိုင်းအား နိုဝင်ဘာ ၃ ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုဖို့ တမူး PDF တပ်ရင်း ၁ သတိပေးဆိုလိုက်ပါတယ်။ နိုဝင်ဘာလ (၂) ရက်ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့)တပ်ရင်း (၁)မှ တိုက်ပွဲ ဖြစ်ပွားနိုင်၍ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်(တမူးမြို့)တပ်ရင်း(၁)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် တမူး-အောင်ဇေယျကားလမ်းပိုင်းအား လုံခြုံရေးသတိဖြင့် မျက်ခြေမပြတ် စောင့်ကြည့်လျှက်ရှိရာ ယခုရက်ပိုင်းအတွင်း ၎င်းလမ်းပိုင်း၌ ထိတွေ့ တို-က်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သည့် အခြေအနေများဖြစ်ပေါ်နေပါတယ်"လို့ဆိုပါတယ်။
သို့ဖြစ်ပါ၍ တမူး-အောင်ဇေယျ ကားလမ်းပိုင်းအား အသုံးပြု၍ သွားလာနေကြသည့် မော်တော်ယာဥ်များနှင့် ခရီးသွား ပြည်သူများအနေဖြင့် နိုဝင်ဘာ၃ရက်နေ့ မှ စတင်၍ မိမိတို့ နောက်ထပ်ကြေညာချက် တစုံတရာ မထုတ်ပြန်မချင်း ၎င်းလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန် အထူးသတိပေး ကြေညာအပ်ပါတယ်လို့ဖော်ပြပါတယ်။
အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment