၂၀၂၃ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ချက်ဟာ စစ်အာဏာရူး စနစ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို
📌 ၂။ အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်များအား ဂျာမနီ အာဏာပိုင်များထံ တိုင်ကြားထားမှုကို အထူးအလေးထား ဆောင်ရွက်ပေးပါရန် NUG အစိုးရ တိုက်တွန်း
📌 ၃။ မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတည်းအတွက် ပြည်သူများကို ဆက်လက်အန္တရာယ်ပြုရန် ဆန္ဒရှိသကဲ့သို့ လက်တွန့် တုံ့ဆိုင်းနေမှာလည်း မဟုတ်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၄။ "တသံတည်းညီ တချီတည်းရုန်း"Silent Strike လူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်း
📌 ၅။ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ လန်းချန်း ကျေးရွာမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၇၁ ဦးကို အင်ဖားထောင်ကြီးနဲ့ အသက်မပြည့်သေးတဲ့ ကလေး ၉ ဦးကို အင်ဖား ကလေးထောင်ကို ပို့ဆောင်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ချက်ဟာ စစ်အာဏာရူး စနစ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို
ဇန်နဝါရီ၂၈
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြင်ဆင်ချက်ဟာ စစ်အာဏာရူး စနစ်ဖြစ်တယ်လို့ ဇန်နဝါရီ ၂၇ ရက်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဥပဒေကို သုံးသပ်ပြောကြားခဲ့ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီကအသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီဟာ အနည်းဆုံးပါတီဝင် ၁၀၀၀၀၀ (တစ်သိန်း)ကို ရက်၉၀အတွင်း စည်းရုံးရမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် တစ်ခုထဲအတွင်းမှာပဲ စည်းရုံးမယ့်ပါတီဆိုပါက အနည်းဆုံးပါတီဝင် ၁၀၀၀ကို ရက်၉၀အတွင်း စည်းရုံးရမယ်လို့ ပြင်ဆင်ပြဋ္ဌာန်းလိုက်ပါတယ်။
ဒါ့အပြင် ပြည်ထောင်စုတစ်ဝန်းလုံးမှာစည်းရုံးမယ့်ပါတီဆိုရင် ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်လှစ်ထားပြီးဖြစ်တဲ့အထောက်အထားကိုပါတင်ပြရမှာဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါဥပဒေကို စစ်ဗိုလ်ချုပ် အများစုပါဝင်တဲ့ ကြံ့ ခိုင်ရေးပါတီကသာလျှင် အကျုံးဝင်နိူင်မှာဖြစ်ပါတယ်။
========================
📌📌 ၂။ အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်များအား ဂျာမနီ အာဏာပိုင်များထံ တိုင်ကြားထားမှုကို အထူးအလေးထား ဆောင်ရွက်ပေးပါရန် NUG အစိုးရ တိုက်တွန်း
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအခုလို ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို စတင်စစ်ဆေး နိုင်စေရန်အတွက် မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများမှ လွတ်မြောက်ကျန်ရစ်သူများနှင့် သက်သေများက Fortify Rights ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျာမဏီအာဏာပိုင်များထံသို့ မကြာသေးမီကပင် တောင်းဆိုတင်ပြခဲ့ပါတယ်။ဂျာမဏီအာဏာပိုင်များအနေဖြင့် ထိုကိစ္စအား အထူးအလေးထား ဆောင်ရွက်ပေးပါရန် မိမိတို့အနေဖြင့် တိုက်တွန်းအပ်ပါတယ်လို့ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတာဝန်ရှိမှုပရောဂျက် (Myanmar Accountability Project) သည် နှိပ်စက်ညှဥ်းပမ်းမှု အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ကျူးလွန်သည်ဟု စွပ်စွဲခံနေရသည့် စစ်တပ်ကို အရေးယူဆောင်ရွက်နိုင်စေရန်အတွက် တူရကီနိုင်ငံတွင် တရားစွဲဆိုမှုစတင်ခဲ့ပါတယ်လို့ဆိုပါတယ်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို အသုံးပြု၍ တရားစွဲဆိုနိုင်စေရန် တရားရေးဆိုင်ရာ စည်းမျဥ်းများကို ပံ့ပိုးပေးနေသည့်အပြင် အာဏာသိမ်းစစ်အုပ်စုအား ဖိလစ်ပိုင်နိုင်ငံတွင် အလားတူ ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်နေလျက်ရှိတယ်လို့ဖော်ပြပါတယ်။
မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရှံးနိမ့်နေပြီဖြစ်သော အာဏာသိမ်းစစ်အုပ်စု အဖွဲ့ဝင်များက ပိုမိုတိုးမြင့် ကျူးလွန်လျှက်ရှိသည့် ရာဇဝတ်မှုများအား နိုင်ငံတကာတရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်များအပေါ်အခြေခံ၍ အရေးယူနိုင်ရန် ကမ္ဘာတဝှမ်းတွင် ကြိုးပမ်းနေမှုများ တိုးပွားလာနေသည့်အပေါ် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ကြိုဆိုအပ်ပါတယ်လို့ဆိုထားပါတယ်။
========================
📌📌 ၃။ မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတည်းအတွက် ပြည်သူများကို ဆက်လက်အန္တရာယ်ပြုရန် ဆန္ဒရှိသကဲ့သို့ လက်တွန့် တုံ့ဆိုင်းနေမှာလည်း မဟုတ်ဘူးလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
ဇန်နဝါရီ ၂၆ ရက်ကျင်းပတဲ့ ‘‘ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲ စေရေး - ရှုပ်ထွေးလှသည့် စိန်ခေါ်မှုများကို ခံနိုင်ရည်အားကောင်းစွာ ရင်ဆိုင်နိုင်ရေးအတွက် ပြည်သူများ အပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်မှာ သံအမတ်ကြီးကအခုလိုထည့်သွင်းဆိုခဲ့ပါတယ်။
"တရားဝင်မှု အလျဉ်းမရှိသော၊ အတိုင်းအဆမရှိ ရက်စက်ကြမ်းကြုတ်သော၊ တရားဥပဒေ စိုးမိုးရေးကို မြူမှုန်မျှပင် လေးစားလိုက်နာမှုမရှိသော စစ်အာဏာရှင်အောက်တွင် လူသားလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူအများအပေါ် ရင်းနှီးမြှုပ်နှံမှုသည် ယခုတွင် မရှိသကဲ့သို့ နောင်တွင်လည်း ရှိလာနိုင်မည် မဟုတ်ကြောင်း၊ မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတည်းအတွက် ပြည်သူများကို ဆက်လက်အန္တရာယ်ပြုရန် ဆန္ဒရှိသကဲ့သို့ လက်တွန့် တုံ့ဆိုင်းနေမည်လည်း မဟုတ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
ဒါ့အပြင် မတရားစစ်တပ်ကြောင့် နိုင်ငံ့အဖွဲ့အစည်းများ ထိခိုက်ပျက်စီးသွားမှု၏ ဆိုးကျိုးသည် များစွာ ကြီးမားပြီး၊ မြန်မာနိုင်ငံအတွင်းတွင် သာမက ဒေသတွင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ပါ ထိခိုက်စေ ကြောင်းကိုလည်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ "တသံတည်းညီ တချီတည်းရုန်း"Silent Strike လူထုလှုပ်ရှားမှုကြီးမှာ ပြည်သူတွေပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်း
လာမယ့် ဖေဖော်ဝါရီ (၁) ရက်နေ့ဆိုရင် ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့် တနည်းပြောရရင် စစ်အာဏာသိမ်းမှု (၂) နှစ်ပြည့်ချေပြီ။ ဒီလို တော်လှန်ရေး (၂) နှစ်ပြည့်တဲ့အချိန်မှာ ကျနော်တို့ ပြည်သူတွေ သွေးအေးမနေဘူး၊ သွေးကြောင်မသွားဘူး၊ စစ်အုပ်ချုပ်ရေးယန္တရားအောက်မှာ အသားကျမသွားဘူးဆိုတာကို ကမ္ဘာသိ၊ မြန်မာသိ ဆက်လက် ဖော်ထုတ်ပြသနေကြဖို့ လိုပါတယ်။ အထူးသဖြင့် အကြမ်းဖက်စစ်အုပ်စုရဲ့ အရေးပေါ်အခြေအနေ သက်တမ်းကုန်ဆုံးမယ့်နေ့လည်းဖြစ်တာမို့ ကမ္ဘာကြီးက အဲ့နေ့မှာ ကျနော်တို့ မြန်မာ့အရေးကို ပိုလို့ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြပါလိမ့်မယ်။
ဒါ့ကြောင့် ကျနော်တို့ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၂) နှစ်ပြည့်တဲ့ (ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၃) မှာ တနိုင်ငံလုံး၊ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ “အပြင်မထွက်၊ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်” (Silent Strike) ကြီး ဖော်ဆောင်၊ ဆင်နွှဲကြဖို့ ဖြစ်ပါတယ်။
ကျနော်တို့ ဒီတစ်ခေါက်မှာ Silent Strike လူထုလှုပ်ရှားမှုကြီးရဲ့ နောက်ထပ်လေးနက်တဲ့ အဓိပ္ပာယ်တရပ်လည်း ရှိပါသေးတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုဟာ ဒင်းတို့ရဲ့ ထွက်ပေါက်၊ နိုင်ငံရေးလှည့်ကွက်အနေနဲ့ တရားမဝင်၊ အတုအယောင် ရွေးကောက်ပွဲ၊ တနည်းပြောရရင် “လုပ်ပွဲ” တခုကို အဓမ္မကျင်းပဖို့ ပြင်ဆင်နေတာကို အားလုံး သိရှိကြမှာပါ။ အခု ကျနော်တို့ လူထုရဲ့ အပြင်မထွက်၊ အသံတိတ်သပိတ်လှုပ်ရှားမှုကြီးက ဒီတရားမဝင် ရွေးကောက်ပွဲကို လူထုက လုံးဝ လက်မခံကြောင်း၊ ဆန့်ကျင်ကြောင်းကိုလည်း ဖော်ထုတ်၊ သက်သေပြခြင်းလည်း ဖြစ်ပါတယ်။
ဒါ့ကြောင့် လာမယ့် ဖေဖော်ဝါရီလ (၁) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၃) နာရီတွင်းမှာ ကျနော်တို့တွေအားလုံး အပြင်ကို (လုံးဝ) မထွက်ကြဘူးဗျာ။ ကိုယ့်အိမ်၊ ကိုယ့်အလုပ်ခွင်၊ ကိုယ့်ဆိုင်၊ ကိုယ့်ရုံးစတဲ့ ကိုယ်ရှိနေတဲ့ နေရာမှာပဲ နေကြမယ်။ အဲ့ဒီနေ့၊ အဲ့ဒီအချိန်တွင်းမှာ လမ်းတွေထက်မှာ၊ အများပြည်သူနေရာတွေမှာ လူသူကင်းမဲ့ ခြောက်သွေ့နေရမယ်၊ တိတ်ဆိတ်နေရမယ်ဗျာ။
အခု (၂၀၂၃) ခုနှစ်ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” သတ်မှတ်ထားကြတဲ့အတိုင်း အားကုန်ထုတ်၊ ရုန်းကန်တိုက်ပွဲဝင်သွားကြဖို့ ဖြစ်တယ်။ ဒါ့ကြောင့် လူထုတရပ်လုံးအနေနဲ့ “တသံတည်းညီ တချီတည်းရုန်း” ကြပြီး အဆုံးသတ်တိုက်ပွဲကို အတူလှမ်းချီကြပါစို့လို့ GSCBက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌 ၅။ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ လန်းချန်း ကျေးရွာမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၇၁ ဦးကို အင်ဖားထောင်ကြီးနဲ့ အသက်မပြည့်သေးတဲ့ ကလေး ၉ ဦးကို အင်ဖား ကလေးထောင်ကို ပို့ဆောင်ခံရ
ဇန်နဝါရီ၂၈ရက်
ဇန်နဝါရီ ၂၈ ရက်ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က အခုလိုအတည်ပြုပြောကြားထားပါတယ်။
"ယမန်နေ့က မိုရေးမှာ မနက်ပိုင်းဖမ်းဆီးခံရပြီး၊ နေ့ချင်းပြီး စီရင်ချက်ချခံရကာ ညတွင်းချင်း အင်ဖားမြို့ကို ပို့ဆောင်ခံလိုက်ရတဲ့ မြန်မာနိုင်ငံသား စစ်ရှောင်တွေထဲက အသက်ပြည့်လူကြီး ၇၁ ဦးကို အင်ဖားထောင်ကြီးနဲ့ အသက်မပြည့်သေးတဲ့ ကလေး ၉ ဦးကို အင်ဖားက ကလေးထောင်ကိုပို့ဆောင်လိုက်ကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ဇန်နဝါရီ၂၇ရက် မနက် ၇ နာရီခန့်မှာ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့နဲ့ ၄ ကီလိုမီတာ အကွာ လန်းချန်း ကျေးရွာမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် ၈၀ ဦး (ချင်း၊ မြန်မာလူမျိုးတွေ) ကို မဏိပူရ်ပြည်နယ် ရဲကွန်မန်ဒိုတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့နယ်စပ်မြို့များမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကိုဒီလို ကိုင်တွယ်ဆောင်ရွက်တာဟာ မှန်ကန်တဲ့ကိုင်တွယ်ဆောင်ရွက်မှုတစ်ခုမဟုတ်ဘူးလို့ ဆလိုင်းအိုက်ဇက်ခက်ကဆိုပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment