၂၀၂၃ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုတယ်လို့ အစိုးရအဖွဲ့ကို ယာယီသမ္မတပြောကြားလိုက်
📌 ၂။ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ဖို့ကြိုးပမ်းနေကြပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၃။ ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၏ အဓိကရည်မှန်းချက်မှာ တော်လှန်ရေး အမြန်အဆုံးသတ်ပြီး အုပ်ချုပ်ရေး ယန္တရားကို အပြီးတိုင်လွဲပြောင်းရယူနိုင်ဖို့ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို
📌 ၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ နိုင်ငံတော်စာရင်းစစ်ရုံးရဲ့စာရင်းစစ်ဆေးမှုကို ပထမဆုံးခံယူခဲ့
📌 ၅။ ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
📌 ၆။ မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ငယ်များထုတ်လုပ်နေ
📌 ၇။ မီတာ ၅၀၀၀ ပစ် တာဝေးပစ်အမြောက်ကျည်များကို SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့) မှ ပြောင်းလဲမြှင့်တင်ထုတ်လုပ်နိုင်
📌 ၈။ တန့်ဆည်မြို့နယ် ဆင်ငယ်ကျေးရွာရှိ ပျူစခန်းကို ကာကွယ်ရေးတပ်များဝင်ရောက်တိုက်ခိုက်
📌 ၉။ ဘုရားသုံးဆူမြို့နယ် ၊ တောင်စွန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ တတိယမြောက် စခန်းကုန်းဖြစ်သောဗျူဟာကုန်းအား ထပ်မံသိမ်းပိုက်နိုင်ရန်ကြိုးစားနေတယ်လို့ Lion Battalion Commando အသိပေး
📌 ၁၀။ ကလေးမြို့နယ်အရှေ့ပိုင်းသို့ ဦးတည်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်၍ လေးဦးထိခိုက်သေဆုံးနိုင်
📌 ၁၁။ ကရင်နီပြည်မှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်တွင်စကစတပ်ဖွဲ့ဝင် ၁၆၀၀ ကျော် သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုတယ်လို့ အစိုးရအဖွဲ့ကို ယာယီသမ္မတပြောကြားလိုက်
စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုတယ်လို့ အစိုးရအဖွဲ့ကို ယာယီသမ္မတဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက် ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလကဆိုပါတယ်။
"ကျွန်တော်တို့မှာ ရှိထားတဲ့ / ရထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိပဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။ ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရ ပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့နဲ့ အလေ အလွင့် မရှိအောင် သုံးစွဲနိုင်ဖို့နဲ့ စာရင်းစစ်အဖွဲ့ရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီး ဌာန၏ ငွေကြေး သုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ ’ လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ အလုပ်နဲ့ သက်သေပြကြဖို့အတွက် အစိုးရအဖွဲ့ကို နှိုးဆော်တိုက်တွန်းပြော ကြားထားသလို လူထုစိတ်ပျက်စေမယ့် အပြောမျိုး အလုပ်မျိုးတွေကို ဂရုတစိုက် ရှောင်ကြဉ်ကြ ဖို့အတွက်လည်း ယာယီသမ္မတက ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ဖို့ကြိုးပမ်းနေကြပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို
တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ဖို့ကြိုးပမ်းနေကြပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်က ဆိုပါတယ်။
"တော်လှန်ရေး အင်အား စုတွေ အနေနဲ့ တစုတစည်းတည်း စုပေါင်းပြီး အကြမ်းဖက် စစ်အုပ်စုကို တွန်းလှန်ဖို့ ခိုင်ခိုင်မာမာနဲ့ အသင့်ရှိ နေပြီဆိုတာကိုလည်း မနေ့က ထုတ်ပြန်ခဲ့တဲ့ ပူးတွဲထုတ်ပြန်ကြေညာချက်ကို ကြည့်ရင် မြင်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံးဟာ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ် တွန်းလှန်ပြီး အနှစ် (၇၀) ကျော် ရှည်ကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို အပြီးတိုင် ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ဆုပ်ကိုင်ပြီး လက်တွဲညီညီနဲ့ ရှေ့ဆက်ကြဖို့လည်း အစုအဖွဲ့တွေ အားလုံးက စိတ်အားထက်သန်စွာ ဆုံးဖြတ်ထားကြပြီးလည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ KNU၊KIAစတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၃။ ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၏ အဓိကရည်မှန်းချက်မှာ တော်လှန်ရေး အမြန်အဆုံးသတ်ပြီး အုပ်ချုပ်ရေး ယန္တရားကို အပြီးတိုင်လွဲပြောင်းရယူနိုင်ဖို့ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ဆို
ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၏ အဓိကရည်မှန်းချက်မှာ တော်လှန်ရေး အမြန်အဆုံးသတ်ပြီး အုပ်ချုပ်ရေး ယန္တရားကို အပြီးတိုင်လွဲပြောင်းရယူနိုင်ဖို့ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုပါတယ်။ ဇန်နဝါရီ ၃ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးကဆိုပါတယ်။
"ကြားကာလဒေသန္တရ အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၏ အဓိကရည်မှန်းချက်ဖြစ်သည့် တော်လှန်ရေး အမြန်အဆုံးသတ်ပြီး အုပ်ချုပ်ရေး ယန္တရားကို အပြီးတိုင်လွဲပြောင်းရယူနိုင်ရန်ဖြစ်ကြောင်း၊ တစ်နှစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် စစ်ရေးသာမက လူထုလှုပ်ရှားမှုဆိုင်ရာများသည်မဟာဗျူဟာတွင် များစွာပါဝင်ကြောင်း၊ လူထုတိုက်ပွဲဖော်ဆောင်သည့် ကိစ္စများတွင် သက်ဆိုင်ရာ ပအဖများမှ မြေပြင်၌ရှိသည့် သပိတ်ကော်မတီအဖွဲ့အသီးသီးနဲ့ပေါင်းစပ်ညှိနှိုင်းပြီး ဟန်ချက်ညီညီ ဆောင်ရွက် ရမည့်အပိုင်းများလည်းရှိကြောင်း၊ ယခုအချိန်သည် တိုးတက်မှုနှင့် စိန်ခေါ်မှုများ ယှဉ်တွဲလျက်ရှိပြီး စိန်ခေါ်မှုများအား အပြန်အလှန် ပွင့်လင်းမြင်သာမှု၊ လေးစားမှု၊ ယုံကြည်မှုနှင့် ပိုမိုတည်ဆောက်ရမည်ဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
ထို့နောက် တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များမှ မူဝါဒပိုင်းဆိုင်ရာများ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊ သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီများ တက်ရောက်ခဲ့ ကြပါတယ်။
========================
📌📌 ၄။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ နိုင်ငံတော်စာရင်းစစ်ရုံးရဲ့စာရင်းစစ်ဆေးမှုကို ပထမဆုံးခံယူခဲ့
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ နိုင်ငံတော်စာရင်းစစ်ရုံးရဲ့စာရင်းစစ်ဆေးမှုကို ပထမဆုံးခံယူခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ လူ့အခွင့်ရေးဆိုင်ရာရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။
"အစိုးရတရပ်ဖြစ်တဲ့အတွက် ဝင်ငွေ ထွက်ငွေ စာရင်းသေသေချာချာပြုစုရပါတယ်။ နိုင်ငံတော်စာရင်းစစ်ချုပ်ရုံးက စာရင်းစစ်ခြင်းကို ခံယူရပြီး လိုအပ်တဲ့ သက်သေမှတ်တမ်းအထောက်အထားတွေကို ပံ့ပိုးပေးရပါတယ်။ စာရင်းစစ်အဖွဲ့ရဲ့ မေးမြန်းစစ်ဆေးချက်တွေကို ခံယူပြီးမှသာ သတ်မှတ်ထားတဲ့အဆင့်တွေအတိုင်း စာရင်းစစ်ပြီးကြောင်းအသိအမှတ်ပြုခံရတာ ဖြစ်ပါတယ်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ နိုင်ငံတော်စာရင်းစစ်ရုံးရဲ့ စာရင်းစစ်ဆေးမှုကို ပထမဆုံးခံယူခဲ့ပြီး ပြည့်စုံတယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ ဝန်ကြီးဌာနများထည်းက ဌာနတခုဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုထားပါတယ်။
လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနဟာ စစ်အာဏာရှင်ကို ပိတ်ဆို့အရေးယူရေးအပါအဝင် စစ်ရာဇဝတ်မှုများကို မှတ်တမ်းပြုစု၍ နိုင်ငံတကာရာဇဝတ် ခုံရုံးများတွင် တရားစွဲအရေးယူနိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်း
ပြည်ထဲရေးဝန်ကြီး အမိန့်နဲ့မြင်းမူမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာအမိန့်ကြေညာစာမှတ် (၁၀/၂၀၂၂) နဲ့ ထုတ်ပြန် ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုများကို ကာကွယ်နိုင်ရန်၊ မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး အဖွဲ့အား ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြပါတယ်။ စစ်ကိုင်းတိုင်းတွင်းမှာ အကြမ်းဖက် စကစတပ်များဟာ နေ့စဥ်ရက်ဆက်ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိနေပါတယ်။
========================
📌📌 ၆။ မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ငယ်များထုတ်လုပ်နေ
မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ငယ်များထုတ်လုပ်နေတယ်လို့သတင်းရရှိပါတယ်။ အဆိုပါလက်နက်ငယ်များကို ဇန်နဝါရီလအတွင်းမှာ မန္တလေးယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဖော်ထုတ်ပြသခဲ့ပါတယ်။
"မိဘပြည်သူများ၏ ယုံကြည်စွာ ကူညီထောက်ပံ့မှုဖြင့်ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။မိဘပြည်သူများ၏ ကူညီမှု နဲ့ အတူစကစ ထောက်တိုင်များ ဖြိုချရန် မိမိတို့အနေနဲ့ အချိန်ပေးတုန်း ဆက်လက် ကြိုးစား ထုတ်လုပ်ရန် လိုအပ်နေပါတယ်"လို့ဆိုပါတယ်။ မန္တလေး ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သည်စစ်အာဏာရှင်စနစ် ပြုတ်ကျသည်အထိ တော်လှန်သွားမယ်လို့လည်းဆိုထားပါတယ်။
========================
📌📌 ၇။ မီတာ ၅၀၀၀ ပစ် တာဝေးပစ်အမြောက်ကျည်များကို SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့) မှ ပြောင်းလဲမြှင့်တင်ထုတ်လုပ်နိုင်
မီတာ ၅၀၀၀ ပစ် တာဝေးပစ်အမြောက်ကျည်များကို SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့) မှ ပြောင်းလဲမြှင့်တင်ထုတ်လုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့) မှအသိပေးဖော်ပြပါတယ်။
"အရည်သွေးမြှင့်တင်နေသော အချိန်ကာလဖြစ်သည့်အားလျော်စွာ စိန်ပြောင်းကျည်နှင့် မီတာ၅၀၀၀ပစ် တာဝေးပစ်အမြောက်ကျည်များကို ယခင်အချိန်ကသံပိုက်ကိုအခြေခံ၍ အသုံးပြုထုတ်လုပ်လာခဲ့ရာမှ ယခုလက်ရှိအချိန်တွင် သတ္ထုအရည်ကျို မို လောင်းစနစ်ဖြင့် ကျနော်တို့ SHADOW (ထုတ်လုပ်ရေးနှင့် လက်နက်ကြီး တပ်ဖွဲ့) မှ ပြောင်းလဲမြှင့်တင်ထုတ်လုပ်နိုင်ခဲ့ပါပြီ"လို့ဆိုပါတယ်။ လက်ရှိမှာ အဆိုပါအမြှောက်ကျည်များလုံလောက်သော ပစ္စည်းအရေတွက်ထုတ်လုပ်နိူင်ရန် ငွေကြေးအခက်အခဲများလည်းရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ တန့်ဆည်မြို့နယ် ဆင်ငယ်ကျေးရွာရှိ ပျူစခန်းကို ကာကွယ်ရေးတပ်များဝင်ရောက်တိုက်ခိုက်
စစ်ကိုင်းတိုင်းတန့်ဆည်မြို့နယ် ဆင်ငယ်ကျေးရွာရှိ ပျူစခန်းကို ကာကွယ်ရေးတပ်များဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဇန်နဝါရီ ၃ ရက်မွန်းလွဲပိုင်းမှာ ဆင်ငယ်ကျေးရွာရှိ ပျူစခန်းကိုတန့်ဆည်မြို့နယ် ပြည်သူ့ကွယ်ရေး တပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့များမှတိုက်ခိုက်ခဲ့တာလို့သတင်းရရှိပါတယ်။
ဆင်ငယ်ကျေးရွာအတွင်းရှိ စကစတပ်နှင့် ပျူများကိုအနိုင်ရရှိခဲ့ပြီး MA-1 ၂ လက်၊ ကာဘိုင် ၂ လက် ၊ ၉ ဗို့ ခါးချိုး ၄လက်၊ လက်လုပ် ခါးချိုး ၂ လက်နှင့် ကျည် ၂၀၀ ကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုပါတယ်။ စစ်ဆင်ရေးကို ရွှေဘိုခရိုင် တပ်ရင်း ၆၊ ၉၊ ၁၂ နှင့် တန့်ဆည်မြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပါတယ်။
========================
📌📌 ၉။ ဘုရားသုံးဆူမြို့နယ် ၊ တောင်စွန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ တတိယမြောက် စခန်းကုန်းဖြစ်သောဗျူဟာကုန်းအား ထပ်မံသိမ်းပိုက်နိုင်ရန်ကြိုးစားနေတယ်လို့ Lion Battalion Commando အသိပေး
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ် ၊ တောင်စွန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ တတိယမြောက် စခန်းကုန်းဖြစ်သောဗျူဟာကုန်းအား ထပ်မံသိမ်းပိုက်နိုင်ရန်ကြိုးစားနေတယ်လို့ Lion Battalion Commando အသိပေးဆိုပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့အထိ (၄) ရက် မြောက်တိုက်ပွဲပြင်းထန်လျက်ရှိတယ်လို့ Lion Battalion Commando ကဖော်ပြပါတယ်။
"ဘုရားသုံးဆူမြို့နယ် ၊ တောင်စွန်းကျေးရွာရှိ အကြမ်းဖက်ဖက်စစ်ကောင်စီ၏လက်အောက်ခံဖြစ်သောBGF စခန်းကုန်း (၂) ခုအား ယနေ့ချိန်ထိ အောင်မြင်စွာသိမ်းပိုက်ထားနိုင်ပြီး တတိယမြောက် စခန်းကုန်းဖြစ်သောအကြမ်းဖက်စစ်ကောင်စီ၏ဗျူဟာကုန်းအား ထပ်မံသိမ်းပိုက်နိုင်ရန် KawThooLei Army ၏ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion Commando - ဗျူဟာစစ်ကြောင်း နှင့်အခြားသောပူပေါင်းမဟာမိတ် တပ်ဖွဲ့ များမှ ကြိုးစားလျက်ရှိပါတယ်"လို့ဆိုပါတယ်။ အဆိုပါအကြမ်းဖက်စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများကို ယမန်နှစ် (၃၁၊၁၂၊၂၀၂၂) ရက်နေ့မှ စတင်ခဲ့ရာ (၃၊၁၊၂၀၂၂) ရက်နေ့ သို့ရောက်ရှိလာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လေကြောင်းဖြင့်စစ်ကူအကြိမ်ရေပေါင်း (၃၀) နှင့်အထက်ရှိခဲ့ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၁၀။ ကလေးမြို့နယ်အရှေ့ပိုင်းသို့ ဦးတည်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်၍ လေးဦးထိခိုက်သေဆုံးနိုင်
ကလေးမြို့နယ်အရှေ့ပိုင်းသို့ ဦးတည်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်၍ လေးဦးထိခိုက်သေဆုံးနိုင်တယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ People's Defence Force (Kalay) ကစစ်ရေးသတင်းကို ဆိုပါတယ်။
"ဇန်နဝါရီလ ၂ရက် နံနက်ပိုင်းတွင် ကလေးမြို့ ပြင်သာရပ်ကွက်မှ ကလေးမြို့နယ်အရှေ့ပိုင်းသို့ ဦးတည်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၆၀ ဝန်းကျင်ခန့်အား PDF(Kalay) မိုင်းတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့ အောင်မေတ္တာအဖွဲ့တို့မှ အသင့်တပ်ဆင်ထားသော မိုင်း ၄ လုံးဖြင့် ကလေးမြို့ ပြင်သာရပ်ကွက်အနီး၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်သေဆုံးနိုင်ပြီး ကျန်တပ်ဖွဲ့ဝင်များ အများအပြား ထိခိုက်မှုရှိတယ်လို့သတင်းရရှိပါတယ်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မိုင်းဖောက်ခွဲရာ အနီးပတ်ဝန်းကျင်၌ ၁၀ မိနစ်ခန့် ရမ်းကားပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၁၁။ ကရင်နီပြည်မှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်တွင်စကစတပ်ဖွဲ့ဝင် ၁၆၀၀ ကျော် သေဆုံးခဲ့
ကရင်နီပြည်မှာ တိုက်ပွဲပေါင်း ၅၀၀ ကျော်တွင်စကစတပ်ဖွဲ့ဝင် ၁၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာ PKPF သတင်းထုတ်ပြန်ခဲ့ပါတယ်။
"အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဖေဖာဝါရီလ ( ၁ ) ရက်နေ့မှ ၂၀၂၂ခုနှစ်ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ ကရင်နီပြည်မှာ တိုက်ပွဲအကြိမ်အရေတွက် ( ၅၄၄ ) ကြိမ်ဖြစ်ပွားခဲ့ပြီး စကစတပ်ကသေဆုံးသူ (၁၆၉၂) ဦးရှိခဲ့တာ်လို့ဖော်ပြပါတယ်။ ဒါ့အပြင် စကစတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စကစတပ်ကယာဥ်ပျက်စီးမှု (၅၈) စီးရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ကြောင့်အရပ်သားပြည်သူ သတ်ဖြတ်ခံရသူထဲတွင် (၂၉၃ ) ဦးရှိခဲ့ပြီးစစ်ရှောင်သေဆုံးသူ ( ၁၂၆ ) ဦးရှိခဲ့ပါတယ်။
အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment