၂၀၂၃ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်တွင်းနဲ့ပြည်ပ မြန်မာနိူင်ငံသားများကြား ညီညွတ်မှုတွေဟာ တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်စေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ကရင်အမျိုးသားများ မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ လျှောက်လှမ်း နိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဆုမွန်ကောင်းတောင်း
📌 ၃။ နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်တပ်ကို လုံးဝ အသိအမှတ်မပြုကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
📌 ၄။ ကြားကာလ တရားဥပဒေစိုးမိုးမှုအား ဖော်ဆောင်သည့်နေရာတွင် တရားရုံးများအနေဖြင့် လွန်စွာအရေးကြီးကြောင်း တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား
📌 ၅။ (၇၅) ကြိမ်မြောက် စိန်ရတုကရင်အမျိုးသားနေ့ (Karen National Day ) အခမ်းအနားကို ကေအဲန်ယူ - ဌာနချုပ်၌ ကျင်းပ
📌 ၆။ ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များကို သွားရောက် ပစ်ခတ်ခဲ့ရာ ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း သေဆုံး
📌 ၇။ ဖယ်ခုံမြို့နယ်အနောက်ကယန်းအုပ်စု ကျေးရွာတစ်ရွာနားတစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံးနဲ့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတစ်စီး ဗုံးကြဲတိုက်ခိုက်
📌 ၈။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအတွက် telegram channel ဖွင့်လှစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်တွင်းနဲ့ပြည်ပ မြန်မာနိူင်ငံသားများကြား ညီညွတ်မှုတွေဟာ တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်စေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
ပြည်တွင်းနဲ့ပြည်ပ မြန်မာနိူင်ငံသားများကြား ညီညွတ်မှုတွေဟာ တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်စေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ CRPH/NUG Support Group (AUS) က ဦးဆောင်ကျင်းပသည့် Humanitarian Emergency Fund for Myanmar အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုခဲ့ပါတယ်။
"ပြည်တွင်းနဲ့ပြည်ပ အနေဝေးကြပေမယ့်ကျနော်တို့ရဲ့ နှလုံးတွေက ဝေးကွာမနေပါဘူးဆိုတာ အထင်အရှားတွေ့ရပြီး ကျနော်တို့ကြား ညီညွတ်မှုတွေဟာ တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်စေပါတယ်။ နိုင်ငံတကာကိုရောက်ရှိနေတဲ့ တိုင်းရင်းသားပြည်သူတွေဟာ မိုးလွတ်၊ ရေလွတ်ရာနေရာကို ရောက်နေပေမယ့် ပြည်တွင်းက မိသားစုတွေအတွက် ရတက်မအေးဖြစ်နေကြမှာကိုခံစားမိပါတယ်"လို့ ဆိုပါတယ်။
ဒါ့အပြင် နိူင်ငံတကာရောက် ပြည်ထောင်စုသားများက နွေဦးတော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ခြင်းဟာ လူသားဆန်တဲ့စိတ်ဖြစ်တယ်လို့ ယာယီသမ္မတ က ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ ကရင်အမျိုးသားများ မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ လျှောက်လှမ်း နိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဆုမွန်ကောင်းတောင်း
ကရင်အမျိုးသားများ မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ လျှောက်လှမ်း နိုင်ပါစေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်း တောင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။
"ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုပြည့် ကရင်အမျိုးသားနေ့ အခါသမယမှသည် ကရင်အမျိုးသားများ မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ လျှောက်လှမ်း နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ဆိုပါတယ်။
လုံခြုံမှုရှိပြီး တည်ငြိမ်အေးချမ်းသည့် ကရင်အမျိုးသားတို့၏ အနာဂတ် ဘ၀သာယာလှပရေးအတွက် ကရင်အမျိုးသားအချင်းချင်းကြား၊ ကရင်အမျိုးသားအဖွဲ့အစည်းအချင်းချင်းကြား မှန်ကန်သည့် မျိုးချစ်စိတ်ဓာတ်ကို အခြေခံဖို့ကိုလည်း (၇၅) နှစ်ပြည့် စိန်ရတု ကရင့်အမျိုးသားနေ့သို့ ပြောကြားသော မိန့်ခွန်းမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌကဆိုခဲ့ပါတယ်။
========================
📌📌 ၃။ နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်တပ်ကို လုံးဝ အသိအမှတ်မပြုကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်တပ်ကို လုံးဝ အသိအမှတ်မပြုကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလအတွင်း အဆာဟိရှင်ဘွန်းသတင်းစာကို ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကဆိုပါတယ်။
"အာဏာသိမ်းစစ်တပ်ဟာ အကြမ်းဖက်သမားတွေ၊ လူသတ်ကောင်တွေ၊ ရာဇဝတ်ကောင်တွေပဲ ဖြစ်ကြပြီး သူတို့ဟာ မြန်မာပြည်သူတွေကို လုံးဝ ကိုယ်စားမပြုသလို လက်တွေ့မှာလည်း မြေပြင်ကို လုံးဝ မထိန်းချုပ်နိုင်ဘူး ဆိုတာကို ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူလူထုကိုယ်စား ကမ္ဘာကြီးကို ပြောချင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်တပ်ကို လုံးဝ အသိအမှတ်မပြုကြဘဲ ပြည်သူလူထုကို အမှန်ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အသိအမှတ်ပြုကြဖို့ တိုက်တွန်းလိုပါတယ်။ ဒီအတွက် ဆက်လက်ပြီးတော့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်သွားပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ နိုင်ငံတကာ အစည်းအဝေးများနဲ့ အာဆီယံထိပ်သီးအစည်းအဝေးများကို စစ်ကောင်စီတက်ရောက်ခွင့် တားမြစ်ထားပါတယ်။
========================
📌📌 ၄။ ကြားကာလ တရားဥပဒေစိုးမိုးမှုအား ဖော်ဆောင်သည့်နေရာတွင် တရားရုံးများအနေဖြင့် လွန်စွာအရေးကြီးကြောင်း တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြား
ကြားကာလတရားဥပဒေစိုးမိုးမှုအား ဖော်ဆောင်သည့်နေရာတွင် တရားရုံးများအနေဖြင့် လွန်စွာအရေးကြီးကြောင်း တရားရေးဝန်ကြီး ဦးသိန်းဦးပြောကြားလိုက်ပါတယ်။ တရားရေးဝန်ကြီးဌာန ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန တရားရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူများနှင့် တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးမှာ တရားရေးဝန်ကြီးကဆိုပါတယ်။
"ကြားကာလတရားဥပဒေစိုးမိုးမှုအား ဖော်ဆောင်သည့်နေရာတွင် တရားရုံးများအနေဖြင့် လွန်စွာအရေးကြီးပြီး မြေပြင်တွင်ဆောင်ရွက်ပေးနေသော တရားသူကြီးများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ တရားသူကြီးများအနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရန်အတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အပြန်အလှန်ညှိနှိုင်းမှု၊ အတွေ့အကြုံဖလှယ်မှုများ ပြုလုပ်နိုင်ရန် ယခုတွေ့ဆုံမှုသည် အရေးပါကြောင်း ၊ မိမိတို့၏အတွေ့အကြုံများဖြင့် ဖယ်ဒရယ်တရားစီရင်ရေးစနစ်ဖော်ဆောင်ရာတွင် အမှုများ မည်သို့မည်ပုံ စီရင်ရမည့်ကိစ္စမှာ လွန်စွာအရေးကြီးကြောင်း ၊ ရှေ့ဆက်ပြီး တရားသူကြီးများ ပညာရပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် သင်တန်းများ ပို့ချသွားရန် အစီအစဉ်များလည်းရှိကြောင်း"ဆိုခဲ့ပါတယ်။
အစည်းအဝေးသို့ တရားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင် ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးရန်ကြီးအောင် ၊ ပြည်ထောင်စု ဝန်ကြီးရုံး၏ ဒုတိယအမြဲတမ်း အတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာ ဌာနတွင်းဝန်ထမ်းများ၊ မြေပြင်မြို့နယ်တရားရုံးများ၏ တရားသူကြီးများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ (၇၅) ကြိမ်မြောက် စိန်ရတုကရင်အမျိုးသားနေ့ (Karen National Day ) အခမ်းအနားကို ကေအဲန်ယူ - ဌာနချုပ်၌ ကျင်းပ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကျရောက်သော (၇၅) ကြိမ်မြောက် ကရင်အမျိုးသားနေ့ ( Karen National Day ) စိန်ရတုအခမ်းအနားကို ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး၏ ဌာနချုပ်၌ ဂုဏ်ပြုကျင်းပခဲ့ပါတယ်။
အခမ်းအနားအစီအစဉ်အရ ဒုဗိုလ်မှူးကြီး စောမိုးဇက်မှ ဦးဆောင်၍ ကရင်အမျိုးသားအလံတော်ကို အလေးပြုကာ သဘာပတိ ပဒိုစောဆဲပွယ် ( ကေအဲန်ယူ -တွဲဘက် အထွေထွေအတွင်းရေးမှူး - ၁ ) မှ အဖွင့်မိန့်ခွန်းပြောကြားပြီး (၇၅) ကြိမ်မြောက် စိန်ရတု ကရင်အမျိုးသားနေ့ (Karen National Day ) သို့ ပေးပို့သော ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ မိန့်ခွန်းကို ဆရာ စောအယ်ထီးကော် ( KYO - ဗဟို တွဲဘက်အတွင်းရေးမှူး )မှ ဖတ်ကြားကာ မျိုးဆက်သစ် (NGLP ) ကျောင်းသား/သူများမှ ဂုဏ်ပြုတေးသီချင်း သီဆိုဖျော်ဖြေခဲ့ပါတယ်။
ဆက်လက်ပြီး (၇၅) ကြိမ်မြောက်ကရင်အမျိုးသားနေ့ စိန်ရတု အခမ်းအနားကို ဂုဏ်ပြုတက်ရောက်လာကြသော ခေါင်းဆောင်ကြီးများဖြစ်သည့် ပဒိုနော်ဒါးဒါး ( ကေအဲန်ယူ - ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ) နှင့် ဒုဗိုလ်မှူးကြီး စောအော်စီ ( KNLA - HQ )တို့မှ မိန့်ခွန်းအသီးသီးပြောကြားခဲ့ပါတယ်။
ထို့နောက် (KNLA - HQ ) စစ်သည်တော်များမှ ဂုဏ်ပြုတေးသီချင်းသီဆိုပြီး ပဒို စောကလယ်စေး ( ကေအဲန်ယူ - ဗဟို အမြဲတမ်းကော်မတီဝင် ) မှ (၇၅) ကြိမ်မြောက် ကရင်အမျိုးသားနေ့ စိန်ရတု အခမ်းအနားသို့ တက်ရောက်လာသောသူများကို ကျေးဇူးတင်စကား ပြောကြားကာ ကရင်အမျိုးသားသီချင်းသီဆိုခြင်းဖြင့် အခမ်းအနား အစီအစဉ်ကို ရုတ်သိမ်းခဲ့ပါတယ်။
========================
📌📌 ၆။ ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များကို သွားရောက် ပစ်ခတ်ခဲ့ရာ ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း သေဆုံး
ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များကို သွားရောက် ပစ်ခတ်ခဲ့ရာ ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျားဖြူစစ်ကြောင်းကစစ်ရေးသတင်းကို အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့များမှ ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲဝင်များကို သွားရောက် ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်၂ ဦး မစိုးရိမ်ရ ဒါဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် သေဆုံးမှုကို ထပ်မံ အတည် ပြုနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၇။ ဖယ်ခုံမြို့နယ်အနောက်ကယန်းအုပ်စု ကျေးရွာတစ်ရွာနားတစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံးနဲ့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတစ်စီး ဗုံးကြဲတိုက်ခိုက်
ဖယ်ခုံမြို့နယ်အနောက်ကယန်းအုပ်စုကျေးရွာတစ်ရွာနားတစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံးနဲ့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ စစ်ရေးသတင်းကို ဖယ်ခုံ PDF က အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီ လ ၁၀ ရက်နေ့ ည ၁၁း၂၀ နာရီအချိန်တွင်စစ်ကောင်စီဘက်မှ နေပြည်တော် လေတပ်စခန်းရှိ ဂျက်ဖိုက်တာတစ်စီးသည် ဖယ်ခုံမြို့နယ် အနောက်ကယန်းအုပ်စု ကျေးရွာတစ်ရွာနားတစ်ဝိုက်ကို ပေါင်၅၀၀ဗုံးနဲ့လာရောက်တိုက်ခိုက်သွားပါတယ်"လို့ဆိုပါတယ်။
လူထိခိုက်မှုမရှိသော်များလည်း အဆောက်အဉီးတစ်လုံး၊ သုံးခန်းတွဲအိမ်သာတစ်လုံးနဲ့ ရေလှောင်ကန်တစ်လုံးပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။ စစ်ကောင်စီတို့သည် စစ်ရေးအရအရှုံးများစွာ ဆုံးရှုံးနေရသောကြောင့် ပြည်သူလူထုကိုသာ ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားပြီး တိုက်ခိုက်လာတာကို တွေ့ရ၍ မိဘပြည်သူများ သတိဝိရိယနဲ့နေကြပြီး ပြည်သူမှပြည်သူဆိုသလို့ လေကြောင်းသတင်းများကိုလည်းအချိန်မီ သတင်းပေးကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်လို့ ဆိုပါတယ်။
========================
📌📌 ၈။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအတွက် telegram channel ဖွင့်လှစ်
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအတွက် telegram channel ဖွင့်လှစ်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ကအသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F အနေဖြင့် ပြန်ကြားရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုအဆင်ပြေစေလွယ်ကူရန်ရည်ရွယ်၍ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F telegram channel အား စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။
တပ်ဖွဲ့၏ မြို့ပြ/ကျေးလက် စစ်ဆင်ရေးဆောင်ရွက်ချက်များ၊ ထုတ်ပြန်ချက်များ နှင့် နေ့စဥ်လှူပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ နှင့် ဗွီဒီယိုများအား channel တွင် အချိန်နှင့်တပြေးညီ ပြည်သူသို့ အသိပေးတင်ပြသွားမယ်လို့ထုတ်ပြန်ပါတယ်။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F telegram chanel link အား တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment