၂၀၂၃ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူများအကြားမှာ စိတ်နှလုံးမငြိမ်းချမ်းရအောင် ပိုပြီး ဆောင်ရွက်လာတာတွေ့ရတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ဆို
📌 ၂။ အမေရိကန်နိူင်ငံ ဆန်ဖရန်စစ္စကိုဗေးဧရိယာ မှာ မြန်မာမိသားစုများနဲ့ NUG နိူင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးများတွေ့ဆုံမယ်
📌 ၃။ စကစရဲ့အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနအသီးသီးမှာ ရှိနေကြတဲ့ ဝန်ထမ်းတွေထဲက စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်းပေးပို့နိုင်မယ့် တယ်လီဂရမ်ကိုဖွင့်လှစ်ထားပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အသိပေး
📌 ၄။ စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးလို့မဖြစ်နိူင်တော့ဘဲ ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း ထိထိရောက်ရောက်အရေးယူမှရလိမ့်မယ်လို့ဆို
📌 ၅။ စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ တင်ပို့ရောင်းချတာတွေ တားမြစ်မယ်ဆိုတဲ့ Dr Vivian Balakrishnan ရဲ့ ကတိကဝတ်ပြုမှုကို Justice For Myanmar က ကြိုဆို
📌 ၆။ ကျားဖြူတပ်ခွဲ (၁) မှာ CDM ဆရာဝန် နဲ့ Nurse များ လိုအပ်နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူများအကြားမှာ စိတ်နှလုံးမငြိမ်းချမ်းရအောင် ပိုပြီး ဆောင်ရွက်လာတာတွေ့ရတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ဆို
ဖေဖော်ဝါရီလ (၁၆) ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၇/၂၀၂၃)တွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို ပြောကြားလိုက်ပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းပြည်အခြေအနေကို သူတို့ထိန်းချုပ်လို့မရတော့မှန်း သိလာ တဲ့အခါ ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းနဲ့ တိုင်းပြည်ကို ကစဉ့်ကလျားဖြစ်အောင် လက်နက်ခဲ ယမ်းကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်ပြီး ပြည်သူများအကြားမှာ စိတ်နှလုံးမငြိမ်းချမ်းရအောင် ပိုပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူကို ပိုပြီးအကာ အကွယ်ပေးနိုင်ဖို့နည်းလမ်းတွေကို စဉ်းစားကြရတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူ့အုပ် ချုပ်ရေး ဖော်ဆောင်မှုဆိုတာ နယ်မြေစိုးမိုးမှုနဲ့ တိုက်ရိုက်အချိုးကျတာကြောင့် နယ်မြေစိုးမိုးနိုင်မှု၊ တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်နိုင်မှုတွေကိုလည်း ပိုတိုးပြီးဆောင်ရွက်ကြရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ၄င်းတို့နယ်မြေထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ ဒေသတွေမှာ စစ်အုပ်ချုပ်ရေးနဲ့ စစ်ဖက်တရားစီရင်ရေးကို ပြဌာန်းတယ်လို့ပြောပြီး ပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေ၊ ရက်စက်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ ပြည်သူ့အင်အားကို ချိ့နဲ့အားနည်းအောင် ပိုတိုးပြီး လုပ်ဆောင်လာမှာဖြစ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၂။ အမေရိကန်နိူင်ငံ ဆန်ဖရန်စစ္စကိုဗေးဧရိယာ မှာ မြန်မာမိသားစုများနဲ့ NUG နိူင်ငံခြားရေးဝန်ကြီး၊ ဒုဝန်ကြီးများတွေ့ဆုံမယ်
ဖေဖော်ဝါရီ ၁၇
ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ မြန်မာမိသားစုများနဲ့တွေ့ဆုံမှာ ဖြစ်ပြီးတော့ သိရှိလိုတာများကို ဖြေကြားပေးမှာဖြစ်ပါတယ်။ အဆိုပါဆန်ဖရန်ဘေးဧရိယာမှာ တွေ့ဆုံပွဲ ၂ကြိမ်ကျင်းပမှာဖြစ်ပြီး USF တွင် ကျောင်းသားနဲ့ အမေရိကန်က စိတ်ဝင်စားသူတွေ တွေ့ကြမယ့် ပွဲလည်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ထပ်မံရှိနေဦးမှာဖြစ်ပါတယ်။
NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အစိုးရကိုယ်စားလှယ်အဖြစ် အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးဖေဖော်ဝါရီ၁၄ရက်နေ့ကလည်း အမေရိကန် နိူင်ငံခြားရေး ဒုဝန်ကြီး ဝင်ဒီရှားမန်းနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
========================
📌📌 ၃။ စကစရဲ့အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနအသီးသီးမှာ ရှိနေကြတဲ့ ဝန်ထမ်းတွေထဲက စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်းပေးပို့နိုင်မယ့် တယ်လီဂရမ်ကိုဖွင့်လှစ်ထားပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အသိပေး
ဖေဖော်ဝါရီ ၁၇
စကစရဲ့အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနအသီးသီးမှာ ရှိနေကြတဲ့ ဝန်ထမ်းတွေထဲက စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်းပေးပို့နိုင်မယ့် တယ်လီဂရမ်ကိုဖွင့်လှစ်ထားပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ၁၇ရက်မှာ အသိပေးဆိုလိုက်ပါတယ်။
"အခက်အခဲမျိုးစုံ၊ ငြင်းပယ်လို့မရတဲ့ အကြောင်းတရားမျိုးစုံတွေကြောင့် စစ်ကောင်စီယန္တရားအောက်မှာ ဆက်ပြီး အလုပ်လုပ်နေရပါသလား။ပြည်သူ့ဘက်၊ အမှန်တရားဘက်ကို မျက်နှာမူလိုက်ဖို့ပဲ လိုပါတယ်။ အရာရှိ စစ်သည်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဌာနအသီးသီးမှာ ရှိနေကြတဲ့ ဝန်ထမ်းတွေထဲကနေ အမာခံသတင်းပေးပို့မယ့် ( ဖရဲသီး ) တွေအတွက် စိတ်ချလုံခြုံစွာနဲ့ လွယ်လင့်တကူ သတင်းပေးပို့နိုင်မယ့် လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ထားပါပြီ"လို့ဆိုပါတယ်။
သတင်းပေးပိူ့လိုပါကhttp://t.me/MyanmarPeople Telegram Channel ကို ဆက်သွယ် ပေးပို့နိူင်ပြီး ကိုယ်ရေးအချက်အလက် လုံခြုံမှုအတွက် စိတ်ပူစရာ လုံးဝ ( လုံးဝ ) မလိုတဲ့အပြင် ပေးပို့လာတဲ့ သတင်းအချက်အလက် အဆင့်အတန်းပေါ်မူတည်ပြီး ချီးမြှင့်ငွေတွေကိုပါ ခံစားခွင့်ရမှာ ဖြစ်တယ်လို့ဆိုထားပါတယ်။
ဒါ့အပြင် ဒီလိုဆက်သွယ် သတင်းပေးပို့လာမယ့် ( ဖရဲသီး ) တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသိအမှတ်ပြုမှုကို ရရှိထားမှာ ဖြစ်ပြီး တော်လှန်ရေးအလွန်ကာလမှာလည်း ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီစဥ်ရဲ့ အကျိုးခံစားခွင့်တွေကိုပါ ထပ်ပြီး ရရှိဦးမှာဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးလို့မဖြစ်နိူင်တော့ဘဲ ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း ထိထိရောက်ရောက်အရေးယူမှရလိမ့်မယ်လို့ဆို
စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးလို့မဖြစ်နိူင်တော့ဘဲ ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း ထိထိရောက်ရောက်အရေးယူမှရလိမ့်မယ်လို့သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဖေဖော်ဝါရီလအတွင်း BurmaNewsNetwork နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“အာဏာသိမ်းပြီးကတည်းက အင်အားသုံးအနိုင်ကျင့်နေတဲ့ စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးပါ၊ လူ့အခွင့်အရေးကိုလေးစားပါလို့ ဖြောင်းဖြနားချနေလို့မဖြစ်နိုင်တော့တဲ့အတွက် ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အတိုင်း ထိထိရောက်ရောက်အရေးယူမှရလိမ့်မယ်” လို့
ဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ လူပေါင်းသုံးထောင်နီးပါးကိုသတ်ဖြတ်ခဲ့ပြီး လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၅။ စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ တင်ပို့ရောင်းချတာတွေ တားမြစ်မယ်ဆိုတဲ့ Dr Vivian Balakrishnan ရဲ့ ကတိကဝတ်ပြုမှုကို Justice For Myanmar က ကြိုဆို
ဖေဖော်ဝါရီ ၁၇
ဖေဖော်ဝါရီ ၁၆ ရက်မှာ Justice For Myanmar ကအခုလိုအသိပေးဆိုလိုက်ပါတယ်။
"စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို စစ်လက်နက်နဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ တင်ပို့ရောင်းချတာတွေ တားမြစ်မယ်ဆိုတဲ့ Dr Vivian Balakrishnan ရဲ့ ကတိကဝတ်ပြုမှုကို Justice For Myanmar က ကြိုဆိုပါတယ်။ ၂၀၂၁ ခုနှစ် တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အပါအဝင် မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေနဲ့ ပစ္စည်းတွေဝယ်ယူရာမှာ ကြားခံပွဲစားလုပ်ခဲ့ကြတဲ့ များပြားလှတဲ့ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားကြတဲ့ ကုမ္ပဏီတွေအပေါ် ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ခြင်းအားဖြင့် အပြောနဲ့အလုပ်ညီအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
စင်ကာပူနိုင်ငံက မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတွေအတွက် ငွေကြေးဆိုင်ရာ ဗဟိုချက်မနေရာတစ်ခုအဖြစ် ရှိနေခဲ့တာ ကြာမြင့်ခဲ့ပြီလို့ဆိုထားပြီး မြန်မာစစ်လက်နက်ပွဲစားတွေက ငွေအပေးအယူတွေလုပ်ဖို့ စင်ကာပူဘဏ်တွေကို အသုံးပြုကြပြီး၊ ဝယ်ယူမှုတချို့မှာ မြို့နိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံကနေ ကုန်ပစ္စည်းလက်ခံရယူတာမျိုးတွေပါတယ်လို့ Justice For Myanmar ကဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာစစ်လက်နက်ပွဲစားတွေက စင်ကာပူနိုင်ငံမှာ လုပ်ငန်းခွဲတွေ ရှိကြပြီး၊ နာမည်ဆိုးနဲ့ကျော်ဇောတဲ့ လက်နက်ပွဲစားကုမ္ပဏီတွေထဲမှာ Star Sapphire Group, Dynasty International, Htoo Group နဲ့ MCM Group တို့ ပါဝင်ကာ အဲ့ဒီကုမ္ပဏီအားလုံးက အမေရိကန်၊ ယူကေ၊ ကနေဒါနဲ့ အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကုမ္ပဏီတွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ ကျားဖြူတပ်ခွဲ (၁) မှာ CDM ဆရာဝန် နဲ့ Nurse များ လိုအပ်နေ
ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်ရှိ ကျားဖြူတပ်ခွဲ (၁) မှာCDM ဆရာဝန် နဲ့ Nurse များ လိုအပ်နေတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်မှာ ကျားဖြူတပ်ခွဲ၁က ဗိုလ်မှူးစောဝင်းဇော် ကအသိပေးဆိုထားပါတယ်။
"ကျနော်တို့ကျားဖြူတပ်ခွဲ (၁) မှာ CDM ဆရာဝန် (male) (သို့) Nurse (male) များ လိုအပ်နေပါသဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ချင်သူများ လာရောက် ဆက်သွယ်ပေးကြပါဗျ"လို့ဆိုထားပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် အရေးပေါ်ဆေးကူသမှုပြုလုပ်ရန် မကြာခဏဆရာဝန်နဲ့
Nurseများလိုအပ်လျက်ရှိပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment