11th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လေးဦးကိုထုတ်ပယ်ရတဲ့အကြောင်းအရင်းမှာ  မူဝါဒရေးရာကိစ္စမဟုတ်ဘဲ ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးကိစ္စသာ ဖြစ်တယ်လို့NLDပါတီရဲ့ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်ထုတ်ဖော်ပြောကြား

📌 ၂။ စစ်တပ်နှင့်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်ရေးတို့အတွက်အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြစွာရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးက MNDAA ကို သဝဏ်လွှာပေးပို့

📌 ၃။ ဗြိတိသျှပါလီမန်အမတ်များနှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်ဆာဆာတို့ တွေ့ဆုံဆွေးနွေး

📌 ၄။ လူမြင်သမျှရန်သူသဖွယ်သတ်မှတ်ပြီး သတ်ဖြတ်၊ မီးရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို  မဖြစ်မနေ အရေးယူရမယ့်အချိန် ရောက်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၅။ စစ်ကောင်စီရဲ့သွေးခွဲတာမခံဖို့နဲ့ သတိရှိကြဖို့ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတိုက်တွန်းပြောကြား

📌 ၆။ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ EU အထူးသံတမာန်တို့ တွေ့ဆုံဆွေးနွေးရာမှာ NUG အစိုးရနှင့်မြန်မာအရေးပူးတွဲ လုပ်ဆောင်မယ့်အကြောင်းအရာများပါထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က မတ်လ ၁၁ ရက်နေ့မှာ  Radio NUGကိုအခုလို‌ ပြောကြားခဲ့ပါတယ်။

📌 ၇။ ဘာသာရပ် (၁၂) ခုသင်ကြားပေးသွားမယ့် နွေဦးရုပ်ရှင်အကယ်ဒမီကို NUG ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဘုတ် အဖွဲ့နှင့် Myanmar Citizen Journalist Network တို့ ပူးပေါင်းဖွင့်လှစ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လေးဦးကိုထုတ်ပယ်ရတဲ့အကြောင်းအရင်းမှာ  မူဝါဒရေးရာကိစ္စမဟုတ်ဘဲ ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးကိစ္စသာ ဖြစ်တယ်လို့NLDပါတီရဲ့ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်ထုတ်ဖော်ပြောကြား


မတ်လ ၁၁ ရက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လေးဦးကိုထုတ်ပယ်ရတဲ့အကြောင်းအရင်းနှင့်ပတ်သက်၍ မတ်လအတွင်း RFAသတင်းဌာနကို NLDပါတီရဲ့ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က အခုလိုပြောကြားခဲ့ပါတယ်။


"အခုကျနော်တို့ CWC ဟာ မူဝါဒရေးကိစ္စမဟုတ်ဘူးဗျ၊ ဒါပါတီရဲ့ စည်းကမ်းထိန်းသိမ်းကိစ္စနဲ့ တော်လှန်ရေးနဲ့ အံဝင်ဂွင်ကျဖြစ်သလား မဖြစ်သလားဆိုတဲ့ ပြည်သူ့ရဲ့ တော်လှန်ရေးစံနှုန်းပေါ်မှာ မူတည်ပြီး ကျနော်တို့ဆုံးဖြတ်တာဖြစ်တဲ့အတွက် မူဝါဒရေးရာနဲ့ဆိုင်တဲ့ ကိစ္စမဟုတ်ပါဘူးလို့ ဆိုထားပါတယ်။


ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နဲ့ ဦးဝင်းမြင့်အောင်တို့ကို မတ်လ၃ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဝိုအလုပ်ကော်မတီက အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါထုတ်ပယ်တဲ့စာမှာ အပြီးအပိုင် ထုတ်ပယ်ကြောင်းဖော်ပြထားပြီး ၄င်းတို့ ပြောဆိုမှုများဟာ အဖွဲ့ချုပ်ကို ကိုယ်စားပြု ပတ်သက်မှုမရှိတော့ကြောင်းလည်းဖော်ပြထားပါတယ်။


========================


📌📌 ၂။ စစ်တပ်နှင့်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်ရေးတို့အတွက်အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြစွာရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးက MNDAA ကို သဝဏ်လွှာပေးပို့


မတ်လ ၁၁ ရက်


တော်လှန်ရေး ခရီးလမ်းအတွက် ကြီးမားစွာ အနှောင့်အယှက် ဖြစ်နေတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်တပ်နှင့်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်ရေးတို့အတွက်အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြင်းပြစွာရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က MNDAAကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ မတ်လ (၁၁) ရက်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့ ကာကွယ်ရေးဝန်ကြီးက သဝဏ်လွှာပေးပို့ရာမှာဆိုထားပါတယ်။


"ကျဆုံးခဲ့ရသော ရဲဘော်ရဲဘက်များ၏ ဝိညာဥ်များကို တိုင်တည်ရင်း မပြီးပြတ်သေးသည့် တော်လှန်ရေး ခရီးလမ်းအတွက် ကြီးမားစွာ အနှောင့်အယှက် ဖြစ်နေသည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ်နှင့်စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း နိုင်ရေးတို့အတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြစွာရှိပါတယ်"လို့ ဆိုထားပါတယ်။


၁၉၈၉ ခုနှစ်၊ မတ်လ (၁၁) ရက်၌ စတင် တည်ထောင်ခဲ့သော မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) သည် ယနေ့တွင် တော်လှန် သက်တမ်း အားဖြင့် (၃၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး မြောက်များစွာသောအခက်အခဲ မုန်တိုင်းများ ကြားတွင် မားမားမတ်မတ် ရပ်တည် နိုင်ခဲ့သည့်အတွက် လေးစား တန်ဖိုးထားရပါတယ်လို့ကာကွယ်ရေးဝန်ကြီးကဆိုထားပါတယ်။


 ထို့အပြင်မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ဖြတ်သန်းခဲ့သော (၃၄)နှစ်တာ ကာလအတွင်းတွင် ကိုးကန့်ဒေသနှင့်ကိုးကန့် လူထုအတွက် အသက်ပေးလှူ သွားခဲ့ကြသည့် မိတ်ဆွေ ရဲဘော်ရဲဘက်များနှင့် ၎င်းတို့၏ ဂုဏ်ရောင်ပြောင်စွာ ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကိုလည်း ဂုဏ်ပြု ဦးညွှတ်အပ်ပါတယ်လို့ သဝဏ်လွှာမှာဖော်ပြပါရှိပါတယ်။


========================


📌📌 ၃။ ဗြိတိသျှပါလီမန်အမတ်များနှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်ဆာဆာတို့ တွေ့ဆုံဆွေးနွေး


မတ်လ ၁၁ ရက်


ဗြိတိသျှပါလီမန်အမတ်များနှင့်ပြည်ထောင်စုဝန်ကြီး ဒေါက်ဆာဆာတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းကို မတ်လ၁၁ရက်မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အသိပေးဆိုပါတယ်။


"ဗြိတိသျှပါလီမန်အမတ်များနှင့် စကားပြောခြင်းသည် အမြဲတမ်းကောင်းမွန်ပြီး အပြုသဘောဆောင်ပါတယ်။မြန်မာ့ပြည်သူလူထုတစ်ရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်သော လူမျိုးတုံးသတ်ဖြတ်မှု အုပ်ချုပ်မှုအောက်တွင် ကာလကြာရှည်စွာ ခံစားခဲ့ရသောမြန်မာပြည်သူများနှင့် စည်းလုံးညီညွတ်စွာ အားပေးကူညီမှုအတွက်လည်း ကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ UK၊အမေရိကန်၊ ပြင်သစ်၊ EUစတဲ့ နိူင်ငံများက အစိုးရ ကိုယ်စားပြု တာဝန်ရှိသူများနဲ့လည်းတွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ လူမြင်သမျှရန်သူသဖွယ်သတ်မှတ်ပြီး သတ်ဖြတ်၊ မီးရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို  မဖြစ်မနေ အရေးယူရမယ့်အချိန် ရောက်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


မတ်လ ၁၁


လူမြင်သမျှရန်သူသဖွယ်သတ်မှတ်ပြီး သတ်ဖြတ်၊ မီးရှို့နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို  မဖြစ်မနေ အရေးယူရမယ့်အချိန် ရောက်နေပြီလို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက မတ်လအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"အကြမ်းဖက်စစ်အုပ်စုက လူမဆန်တဲ့နည်းနဲ့ သတ်ဖြတ်မှုတွေဟာစစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်နေတာဖြစ်တယ်။ ရွာတစ်ရွာတင်မကဘဲ ရွာစဉ်အလိုက် ရက်ရက်စက်စက် ဖမ်းဆီး၊ သတ်ဖြတ်၊ မီးရှို့ခြင်းတွေကို ဆက်တိုက်ပြုလုပ်နေတာက အရက်စက်ဆုံး၊ အယုတ်မာဆုံးနည်းလမ်းနဲ့ အကြမ်းဖက်နေတာဖြစ်တယ်။ ဒီလိုအကြမ်းဖက်မှုတွေအားလုံးကို လူ့အခွင့်အရေးကောင်စီမှာ တင်ပြထားပါတယ်။ လူမြင်သမျှရန်သူသဖွယ်သတ်မှတ်ပြီး သတ်ဖြတ်၊ မီးရှို့နေတာဖြစ်လို့ ဒီလိုကျုးလွန်နေသူတွေကို မဖြစ်မနေ အရေးယူရမယ့်အချိန် ရောက်ကိုရောက်နေပါပြီ"လို့ဆိုပါတယ်။


ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတယ်လီဂရမ်ချန်နယ်ကို မတ်လ၁၀ရက်နေ့မှာ  စတင်ဖွင့်လှစ်ကြောင်းNUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကအသိပေးကြေညာခဲ့ပါတယ်။


အဆိုပါတယ်လီဂရမ်ချန်နယ်တွင် လူ့အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သော အချက်အလက်များ၊ ပြည်သူ အပေါ် ကျူးလွန်နေသော အကြမ်းဖက်စစ်တပ်၏ ရာဇဝတ်မှုများကို အချိန်နှင့်တပြေးညီ ထုတ်ပြန် ကြေညာခြင်း အပါအဝင် ဝန်ကြီးဌာန၏ မူလ ရင်းမြစ် တာဝန်တစ်ရပ်ဖြစ်သော တရားမျှတမှု ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မှု၊တိုးတက်မှု စသည့် အချက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမှာဖြစ်တယ်လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများနှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားတို့ အပေါ် အခြားသော လူမှုအဖွဲ့အစည်းများ၊ လက်နက်ကိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ ပေးပို့ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားPlatform အသစ် တစ်ခုအနေဖြင့် telegram platform မှ တဆင့် အသစ်ထပ်မံ တိုးချဲ့ တိုင်ကြားနိုင်ပြီဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီရဲ့သွေးခွဲတာမခံဖို့နဲ့ သတိရှိကြဖို့ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းတိုက်တွန်းပြောကြား


မတ်လ ၁၁


စစ်ကောင်စီရဲ့သွေးခွဲတာမခံဖို့နဲ့ပတ်သက်ပြီး မတ်လအတွင်းမှာ ဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက အခုလိုဆိုထားပါတယ်။


"ဆိုင်းဘုတ်ကိုင်ပြီး လက်ဗလာနဲ့စခဲ့တဲ့ ကျွန်တော်တို့တစ်တွေအခုတော့အုပ်ချုပ်မှုနယ်မြေတွေရှိပြီ။လူအခွင့်အရေးတွေ၊ စစ်စည်းကမ်းတွေနားလည်တဲ့ တော်လှန်ရေး သူရဲကောင်းတွေရှိပြီအာဏာရှင်ကို အခုအထိ အာခံနေကြတဲ့ အနာဂတ်ခေါင်းဆောင်လူငယ်တွေရှိပြီ..သူတို့သွေးခွဲတာမခံဖို့နဲ့ သတိရှိကြဖို့...

ကိုယ့်လူသူ့ဘက်သားတွေရဲ့ ဝေဖန်မှု၊ သွေးခွဲမှုတွေကို ကျော်လွှားဖို့နဲ့အနာဂတ်ကို ရွေးချယ်ပိုင်ခွင့်က ကျွန်တော်တို့လက်ထဲမှာရောက်နေပြီမဟုတ်လား"လို့ဆိုပါတယ်။ လက်ရှိမှာ စကစထောက်ခံသူများနဲ့ လော်ဘီများဟာ ပြည်သူ့ရဲဘော်များနဲ့ NUG အစိုးရကို ပုံဖျက်ရေးသားခြင်းနဲ့ သတင်းတု သတင်းယောင်များဖန်တီးလျက်ရှိနေပါတယ်။


========================


📌📌 ၆။ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ EU အထူးသံတမာန်တို့ တွေ့ဆုံဆွေးနွေးရာမှာ NUG အစိုးရနှင့်မြန်မာအရေးပူးတွဲ လုပ်ဆောင်မယ့်အကြောင်းအရာများပါထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က မတ်လ ၁၁ ရက်နေ့မှာ  Radio NUGကိုအခုလို‌ ပြောကြားခဲ့ပါတယ်။


(((((ဦးကျော်ဇော်-သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ))))


နိူင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ အထူး ကိုယ်စားလှယ် H.E Igor Driesmansတို့ဟာ မြန်မာအရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့မတ်လ၉ရက်နေ့ Twitter မှာ ယာယီသမ္မတ ဒူဝါလရှီးလကရေးသားအသိပေးဆိုထားပါတယ်။


========================


📌📌 ၇။ ဘာသာရပ် (၁၂) ခုသင်ကြားပေးသွားမယ့် နွေဦးရုပ်ရှင်အကယ်ဒမီကို NUG ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဘုတ် အဖွဲ့နှင့် Myanmar Citizen Journalist Network တို့ ပူးပေါင်းဖွင့်လှစ်


မတ်လ ၁၁ ရက်။


မတ်လအတွင်းမှာ နွေဦးရုပ်ရှင်အကယ်ဒမီက ပြညါသူများသို့ အခုလို အသိပေးဆိုထားပါတယ်။


"နွေဦးရုပ်ရှင်အကယ်ဒမီဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဘုတ် အဖွဲ့နှင့် Myanmar Citizen Journalist Network တို့ ပူးပေါင်း၍ နွေဦး ရုပ်ရှင်ကျောင်း (Spring Film Academy) ကို ကြားကာလ ပညာရေးအထောက်အကူ ဖြစ်စေရန်နှင့် တော်လှန်ရေးအတွက် အနုပညာဖြင့် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းတစ်ခုဖြစ်ပါတယ်။ နွေဦးရုပ်ရှင် အကယ်ဒမီတွင် ဘာသာရပ် (၁၂) ခု ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ဘာသာရပ်များအားလုံးကို အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ပြီးဘာသာရပ်တစ်ခု သင်ကြားအောင်မြင်ပြီးတိုင်း အသိအမှတ်ပြုလက်မှတ် ချီးမြှင့်ပေးကာ ဘာသာရပ် ၁၂ ခုလုံး သင်ကြားအောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများအား အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ အသိမှတ်ပြုသော Diploma Course in Film Making သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ကို ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment