12th MAR 2023 - Evening Daily News by Radio NUG



၂၀၂၃ မတ်လ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တစ်နေ့ထက်တစ်နေ့ တော်လှန်ရေးဘက်က ထိန်းချုပ်ဒေသတွေပိုများလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး အသိပေးပြောကြား

📌 ၂။ အာဏာရှင်တွေဘယ်လိုဘဲ နှိပ်ကွပ်ပါစေ အမျိုးသမီးထု ဦးဆောင်၍ အရေးတော်ပုံ အောင်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးပြောကြား

📌 ၃။ "ရောင်နီလာရာလမ်း" နယူးယောက်မြို့တွင်ပြသရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် တက်ရောက်သည့်အပြင် လူအများကရုံပြည့်ရုံလျှံအားပေး

📌 ၄။ စစ်ကောင်စီတပ်ဖွဲ့နှင့်အပေါင်းပါများကို တိုက်ထုတ်ရာတွင် CNA/CNF က CDF-Tonzang တပ်ဖွဲ့ကို ဉီးဆောင်ရန်  သဘောတူ

📌 ၅။ ဒီပဲယင်းမြို့ပေါ် နေထိုင်သည့် ဝပါကျေးရွာမှ ပြည်သူတစ်ဦးအား စကစတပ်များကယမန်နေ့ညကသတ်ဖြတ်

📌 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်သောကြောင့်-မူးမြို့နယ်အတွင်း စစ်တောင်းမြစ်နံဘေးကျေးရွာများ မှ လူဦးရေ (၁၃၅၀) ခန့်ထွက်ပြေးတိမ်းရှောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တစ်နေ့ထက်တစ်နေ့ တော်လှန်ရေးဘက်က ထိန်းချုပ်ဒေသတွေပိုများလာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး အသိပေးပြောကြား


မတ်လ၁၂။


မတ်လ၁၂ရက်နေ့မှာ မြေပြင်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် CDM များနှင့် တော်လှန်သော ကျန်းမာရေးစောင့်ရှောက်သူများ အမြန်ဆုံး ပူးပေါင်းပါဝင်ကြရန် ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးရဲ့ တိုက်တွန်းချက် မှာဆိုထားပါတယ်။


"ကျနော်တို့တော်လှန်ရေးအနေအထား အားလုံးသိတဲ့အတိုင်း တော်လှန်ရေးဟာ တစ်နေ့တစ်ခြားတော့ တိုးတက်ပြောင်းလဲနေတဲ့အနေအထားရှိတယ်။ကျနော်တို့ NUG ရဲ့ကျန်းမာရေး ဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေး စောင့်ရှောက်တဲ့အဖွဲ့တွေရဲ့ ကျန်းမာရေးစောင့်ရှောက်ရတဲ့ နယ်မြေဒေသတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်ပြန့်လာတာဖြစ်ပါတယ်။တော်လှန်ရေးဘက်က ထိန်းချုပ်ဒေသတွေပိုများလာတာဖြစ်တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်းဒေသအတွင်းရှိ ကသာ၊ ကန့်ဘလူ၊ကောလင်း ကသုံးလုံးသုံးမြို့နယ်အား ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ကြားကာလ ဝန်ဆောင်မှုလုပ်ငန်းများကို စတင်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ အာဏာရှင်တွေဘယ်လိုဘဲ နှိပ်ကွပ်ပါစေ အမျိုးသမီးထု ဦးဆောင်၍ အရေးတော်ပုံ အောင်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးပြောကြား


မတ်လ၁၂ 


မတ်လအတွင်းမှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးက အခုလို အသိပေးဆိုထားပါတယ်။


"အာဏာရှင်တွေဘယ်လိုဘဲ နှိပ်ကွပ် ပါစေ... အမျိုးသမီးထု ဦးဆောင်၍ အရေးတော်ပုံ အောင်ရမည်"လို့ဆိုထားပါတယ်။


အကြမ်းဖက်စစ်အာဏာရှင်များဟာ မြန်မာအမျိုးသမီး စုစုပေါင်း (၄၈၃)ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သည့်အပြင် အမျိုးသမီး စုစုပေါင်း(၃၁၂၅)ဦးကို မတရားဖမ်းဆီးချုပ်နှောင်ထားပြီး အမျိုးသမီး စုစု‌ပေါင်း (၁၂၂)ဦးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၃။ "ရောင်နီလာရာလမ်း" နယူးယောက်မြို့တွင်ပြသရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် တက်ရောက်သည့်အပြင် လူအများကရုံပြည့်ရုံလျှံအားပေး


မတ်လ၁၂


 "ရောင်နီလာရာလမ်း" ရုပ်ရှင်ကို အမေရိကန်နိူင်ငံနယူးယောက်မြို့တွင် မတ်လ ၁၁ ရက်  နံနက် ၁၁ နာရီ ခွဲမှ စ၍ ၉နာရီ ခွဲ ထိ Zukar Theatre Kaufman Astoria Studio တွင် ပွဲဆက်တိုက် ရုံပြည့်ရုံလျှံ အောင်မြင်စွာ ပြသနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အဆိုပါ ရုပ်ရှင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း နှင့်နယူးယောက်မြန်မာပြည်ဖွား ညီအကိုမောင်နှမများ တက်ရောက်ကြည့်ရှု့ အားပေးခဲ့ကြပါတယ်။


"ရောင်နီလာရာလမ်း" ဇာတ်လမ်းရုပ်ရှင်ဟာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် ဘဝ၊  စွန့်လွှတ် အနစ်နာခံမှုတွေ ကြားက အဓမ္မကို ရဲရဲကြီး ရင်ဆိုင်ရဲတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ ဘဝ အတွေ့အကြုံ ရုပ်ရှင် ကားတစ်ကားလည်းဖြစ်ပြီး ဇာတ်ကားပြသရာမှ ရရှိသောငွေကြေးများကို တော်လှန်ရေးအတွက်ထောက်ပို့အသုံးပြုမှာလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီတပ်ဖွဲ့နှင့်အပေါင်းပါများကို တိုက်ထုတ်ရာတွင် CNA/CNF က CDF-Tonzang တပ်ဖွဲ့ကို ဉီးဆောင်ရန်  သဘောတူ


ချင်းပြည်နယ်အနှံ့နှင့်တွန်းဇံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့နှင့်အပေါင်းပါများကို တိုက်ထုတ်ရာတွင် CNA/CNF က CDF-Tonzang တပ်ဖွဲ့ကို ဉီးဆောင်ရန်  သဘောတူညီလိုက်တယ်လို့ မတ်လ၁၂ရက်မှာ CDF-Tonzangကအစည်းအဝေးဆုံးဖြတ်ချက်ကိုအသိပေးဆိုပါတယ်။


"မတ်လ ၈ရက်နေ့တွင် CNA/CNF တပ်မတော်နှင့်CDF-Tonzang ဉီးဆောင်ကော်မတီဝင်များ၏ ချစ်ကြည်ရေး အစည်းအဝေးတစ်ရပ်ကို Camp Victoria ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါတယ်။ ၎င်းချစ်ကြည်ရေးဆွေးနွေးပွဲတွင် စစ်ရေးနှင့်နိုင်ငံရေး သဘောတူညီချက်အချို့ရရှိခဲ့ပါတယ်။ စစ်ရေး သဘောတူညီချက်ထဲတွင် ချင်းပြည်နယ်အနှံ့နှင့်တွန်းဇံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့နှင့်အပေါင်းပါများကို တိုက်ထုတ်ရာတွင် CNA/CNF က CDF-Tonzang တပ်ဖွဲ့ကို ဉီးဆောင်ရန် အပြုသဘောဆောင်သော သဘောတူညီမှုများရရှိခဲ့ကြပါတယ်"လို့ဆိုပါတယ်။


ဤသဘောတူညီချက်ဟာ ချင်းပြည်ထောင်သစ်ကြီးအမြန်ဆုံးထူထောင်နိုင်ရေးအတွက် ရည်ရွယ်လျက် သဘောတူထားခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ အစည်းအဝေးတွင် CNA/CNF မှ နာယကကြီး သောမတ် ထန်နို အပါအဝင် ခေါင်းဆောင် () ဉီးတက်ရောက်လာပြီး CDF-Tonzang မှ ဉီးဆောင်ကော်မတီအတွင်းရေးမှူး ဉီးထန်ဆွင်းမုန် အပါအဝင် ခေါင်းဆောင် () ဉီး တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းမြို့ပေါ် နေထိုင်သည့် ဝပါကျေးရွာမှ ပြည်သူတစ်ဦးအား စကစတပ်များကယမန်နေ့ညကသတ်ဖြတ်


မတ်လ၁၂ရက်


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ် နေထိုင်သည့် ဝပါကျေးရွာမှပြည်သူတစ်ဦးအား စကစတပ်များကယမန်နေ့ညက သတ်ဖြတ်လိုက်တယ်လို့ မတ်လ၁၂ရက်နေ့ မနက်ပိုင်းမှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအသိပေးဆိုထားပါတယ်။


"ဒီပဲယင်းမြို့ပေါ် နေထိုင်သည့် ဝပါကျေးရွာမှ ပြည်သူတစ်ဦးအား အကြမ်းဖက်စကစတပ်များမှ မနေ့ညအချိန်ဝင်ရောက်ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ပါတယ်။ယနေ့မနက်မှာပဲ စွန့်ပစ်ထားသည့် ရုပ်အလောင်းအား ဒီပဲယင်းအထွက်တွင် စွန့်ပစ်ထားကြောင်းသိရှိရပါတယ်"လို့ဆိုပါတယ်။


လွန်ခဲ့သည့်ရက်ပိုင်းကလည်း စိုင်ပြင်မှာနေထိုင်သည့် ပြည်သူတစ်ဦးကိုလည်း အကြမ်းဖက်စကစတပ်များမှ အကြောင်းမဲ့ ပစ်သတ်ခဲ့ပါသေးတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ပစ်ခတ်သောကြောင့်-မူးမြို့နယ်အတွင်း စစ်တောင်းမြစ်နံဘေးကျေးရွာများ မှ လူဦးရေ (၁၃၅၀) ခန့်ထွက်ပြေးတိမ်းရှောင်နေရ


မတ်လ၁၂


မတ်လ ၁၁ ရက်မှာ KNU ဗဟိုက အခုလို သတင်းထုတ်ပြန်ခဲ့ပါတယ်။


"မတ်လ(၁၁)ရက်နေ့ နံနက်()နာရီ(၁၀)မိနစ်အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ () မူးမြို့နယ်အတွင်းရှိ သင်္ကန်းပင်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ယင်းမတိုင်မှီအချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် စစ်တောင်းမြစ် နံဘေးရှိ ကျေးရွာများဖြစ်သော ရေလဲအနောက်ဘက်ကမ်းကျေးရွာတွင် လက်နက်ကြီး(၁၀)လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာအပြင်ဘက်တွင်လည်း (၁၆)လုံး ကျရောက်ပေါက်ကွဲသည့်အပြင် သင်္ကန်းပင်ကျေးရွာ တွင်လည်း ()လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။ အဆိုပါလက်နက်ကြီးများကြောင့် ကေအဲန်ယူ-မူးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်နံဘေးကျေးရွာများ ဖြစ်သည့် ရေလဲအနောက်ဘက်ကမ်းကျေးရွာနှင့် သင်္ကန်းပင်ကျေးရွာမှ လူဦးရေ (၁၃၅၀) ခန့်မှာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment