13th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ခရီးလမ်းတလျှောက် အုတ်မြစ်ကောင်းများအဖြစ် မှတ်ကျောက်တင်တည်ရှိနေမယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၂။ အေးချမ်းသာယာသော အနာဂတ် နိုင်ငံတော်သစ်ကို ကောင်းမွေအဖြစ် ချန်ထားနိုင်စေရန် အားလုံးသော တော်လှန်ရေးအစု အဖွဲ့များနှင့်ပူးပေါင်း၍ ကြိုးပမ်းမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကတိသစ္စာပြု

📌 ၃။ စစ်မြေပြင်မှာ ကိုယ်တိုင်ကွပ်ကဲပြီးအောင်ပွဲရယူပေးနေတဲ့ PDF တပ်မှုးတွေပေါ်လာတာအထူးဂုဏ်ယူရတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထုတ်ဖော်ပြောကြားလိုက်

📌 ၄။ မျိုးဆက်သစ်တွေကို သမိုင်းဆိုးအမွေတွေ မပေးခဲ့ချင်တာ ဆန္ဒအမှန်ဖြစ်တယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၅။ ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်သည့် အာဏာရှင်နှင့် လက်တဆုပ်စာလူတန်းစားကို အပြီးတိုင်ချေမှုန်းဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်းပြောကြား

📌 ၆။ တီးတိန်ဆေးရုံကြီးတွင် ဝင်ရောက်တပ်စွဲထားသော စကစတပ်များကို  ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ခရီးလမ်းတလျှောက် အုတ်မြစ်ကောင်းများအဖြစ် မှတ်ကျောက်တင်တည်ရှိနေမယ်လို့ ဝန်ကြီးချုပ်ဆို


မတ်လ ၁၃


ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးတို့အတွက် ပေးဆပ်ကြရာတွင် အလဟသတ်  မဖြစ်ခဲ့ဘဲ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ခရီးလမ်းတလျှောက်အုတ်မြစ်ကောင်းများအဖြစ် မှတ်ကျောက်တင်တည်ရှိနေမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ကပြောပါတယ်။ မတ်လ ၁၃ ရက်ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၃၅)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပေးပို့သည့်သဝဏ်လွှာမှာ ဆိုထားပါတယ်။


"ခေတ်အဆက်ဆက် ဒီမိုကရေစီအရေး၊လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးတို့အတွက် ပေးဆပ်ကြရာတွင် ထင်ပေါ်ကျော်ဇောသူဖြစ်စေ၊ အညတရသူရဲကောင်းဖြစ်စေ ၄င်းတို့မိသားစုဝင်များအားလုံး၏ နစ်နာဆုံးရှုံးမှုများကို ကျွန်ုပ်တို့အနေဖြင့် လေးနက်စွာ ထပ်တူထပ်မျှပူဆွေးရပြီး ၄င်းပေးဆပ်မှုတိုင်းသည် အလဟသတ်  မဖြစ်ခဲ့ဘဲ အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး၊ တိုင်းရင်းသားအားလုံးတန်းတူညီမျှရေးနဲ့ ဒီမိုကရေစီနှင့်နိူင်ငံသားတိုင်း လူ့အခွင့်အရေးများအပြည့်အဝရရှိစေရေး အတွက် ခရီးလမ်းတလျှောက်အုတ်မြစ်ကောင်းများအဖြစ် မှတ်ကျောက်တင်တည်ရှိနေမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကျဆုံးသွားသူများကို ဂုဏ်ပြုမှတ်တမ်းတင်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ အေးချမ်းသာယာသော အနာဂတ် နိုင်ငံတော်သစ်ကို ကောင်းမွေအဖြစ် ချန်ထားနိုင်စေရန် အားလုံးသော တော်လှန်ရေးအစု အဖွဲ့များနှင့်ပူးပေါင်း၍ ကြိုးပမ်းမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ကတိသစ္စာပြု


မတ်လ ၁၃


အေးချမ်းသာယာသော အနာဂတ်နိုင်ငံတော်သစ်ကို ကောင်းမွေအဖြစ် ချန်ထားနိုင်စေရန် အားလုံးသော တော်လှန်ရေးအစု အဖွဲ့များနှင့်ပူးပေါင်း၍ ကြိုးပမ်းမယ်လို့ မတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ  ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၅)နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ကတိသစ္စာပြု သဝဏ်လွှာကိုပေးပို့ခဲ့ပါတယ်။


နှစ်ပေါင်းများစွာကြာ စစ်အာဏာရှင်အုပ်စုက တိုင်းပြည်နှင့် လူမျိုးဘဝဖွံ့ဖြိုး  တိုးတက်ရေးထက် ၎င်းတို့အာဏာတည်မြဲရေးအတွက် လက်နက်အားကိုးဖြင့် ပြည်သူလူထု တစ်ရပ်လုံးအား မတရားအုပ်ချုပ်ခဲ့ခြင်းကြောင့် ကျောင်းသားလူငယ်များသည် စစ်အာဏာရှင်များက တားဆီးပိတ်ပင်မှုများကြားမှပင် ပညာသင်ယူကြရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်ကို လည်း သမိုင်းစဥ်တစ်လျှောက် လက်ဆင့်ကမ်းနိုင်ခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။ ဒီမိုကရေစီ ခရီးကြမ်းတစ်လျှောက်တွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကဲ့သို့ အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ကြသော စွန့်လွှတ်အနစ်နာခံမှုများကို ကျွန်ပ်တို့၏ မှန်ကန်သော လုပ်ဆောင်မှုများဖြင့် ပြန်လည်တုန့်ပြန်ရန်နှင့် မမေ့မလျော့ဘဲ လေးစားဂုဏ်ပြုကြရန်ဖြစ်တယ်လို့ဆိုပါတယ်။


ဒီမိုကရေစီ ခရီးကြမ်းတစ်လျှောက်တွင် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ကဲ့သို့ အသက်၊ သွေး၊ ချွေးများပေးဆပ်ခဲ့ကြသော စွန့်လွှတ်အနစ်နာခံမှုများကို ကျွန်ပ်တို့၏ မှန်ကန်သော လုပ်ဆောင်မှုများဖြင့် ပြန်လည်တုန့်ပြန်ရန်နှင့် မမေ့မလျော့ဘဲ လေးစားဂုဏ်ပြုကြရန်ဖြစ်ပါသည်။ အတိတ်သမိုင်းရဲ့ အဖြစ်ဆိုးများအပေါ်မှာလည်း သင်္ခန်းစာယူပြီး Generation Z ကျောင်းသားလူငယ်များအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် စည်းလုံးညီညွတ်မှုကို အခြေခံကာ နှစ်ပေါင်းများစွာကတည်းက  လိုလားတောင့်တနေသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ခိုင်မာသော စိတ်ဓာတ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ဆက်လက် ချီတက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုပါတယ်လို့ဖော်ပြပါတယ်။


ထို့ကြောင့်စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းကာ အေးချမ်းသာယာသော အနာဂတ်နိုင်ငံတော်သစ်ကို ကောင်းမွေအဖြစ် ချန်ထားနိုင်စေရန် အားလုံးသော တော်လှန်ရေးအစု အဖွဲ့များနှင့်ပူးပေါင်း၍ ဆက်လက်ကြိုးပမ်းတည်ဆောက် သွားပါမည်ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အနေဖြင့် ကတိသစ္စာပြုအပ်တယ်လို့ဖော်ပြပါရှိပါတယ်။


========================


📌📌 ၃။ စစ်မြေပြင်မှာ ကိုယ်တိုင်ကွပ်ကဲပြီးအောင်ပွဲရယူပေးနေတဲ့ PDF တပ်မှုးတွေပေါ်လာတာအထူးဂုဏ်ယူရတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထုတ်ဖော်ပြောကြားလိုက်


မတ်လ ၁၃ ရက်


မတ်လ ၁၃ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပ်မှူးများကိုရည်ညွှန်း၍အခုလိုဆိုခဲ့ပါတယ်။


"စစ်မြေပြင်မှာ ကိုယ်တိုင်ကွပ်ကဲပြီးအောင်ပွဲရယူပေးနေတဲ့PDFတပ်မှုးတွေပေါ်လာတာကျွန်တော်တို့ အထူးဂုဏ်ယူရတယ်"လို့ဝန်ကြီးကဆိုပါတယ်။


စကစတပ်များအထိနာကျရှုံးတဲ့ ရုပ်သံဖိုင်တစ်ခုကို မတ်လ၁၂ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါရုပ်သံဖိုင်မှာ စစ်မြေပြင်တနေရာမှ PDF စစ်သည်တော်များက ပေးပို့လာသော တိုက်ပွဲမှတ်တမ်းတခုဖြစ်ပြီး ရုပ်သံဖိုင်တွင် (PDF တပ်မှူး၏ ရန်သူ့တပ်ကိုလက်နက်ချခိုင်းတဲ့ အမိန့်ပေးသံပါဝင်ခဲ့ပါတယ်။


========================


📌📌 ၄။ မျိုးဆက်သစ်တွေကို သမိုင်းဆိုးအမွေတွေ မပေးခဲ့ချင်တာ ဆန္ဒအမှန်ဖြစ်တယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို


မတ်လ ၁၃ ရက်


မျိုးဆက်သစ်တွေနှင့်ပတ်သက်ပြီး မတ်လ၁၃ရက်မှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကလူမှုကွန်ရက်မှာ အခုလိုအသိပေးဆိုထားပါတယ်။


"ကျောင်းခန်းထဲကနေ လမ်းမပေါ်ထွက် ... အဲ့ဒီကမှ  တောထဲရောက်ပြီး လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ်လုပ်ခဲ့တာ (၃၅)နှစ်ပြည့်ပြန်ပြီ။ရန်ကုန်တက္ကသိုလ် အီးမေဂျာကျောင်းသားတယောက် ကျောင်းထဲမှာ တရားတွေ စဟောရင်း မတရားမှုတွေကို စတင်တွန်းလှန်ခဲ့တဲ့နေ့။ကျောင်းပုရ၀ဏ်လှုပ်ရှားမှုကနေ ပြည်လုံးကျွတ်လှုပ်ရှားမှု.. အဲဒီကနေမှ လက်နက်ကိုင်တိုက်ပွဲ၊ အခုတခါ နွေဦးတော်လှန်ရေးတာဝန်အထိ ဘဝဖြတ်သန်းမှုလဲစုံခဲ့ပါပြီ။မျိုးဆက်သစ်တွေကို သမိုင်းဆိုးအမွေတွေ မပေးခဲ့ချင်တာက ဆန္ဒအမှန်ပါ"လို့ဆိုပါတယ်။


လက်ရှိမှာ NUG လူ့အခွင့်ရေးရာဝန်ကြီးဌာနဟာ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုများကို နိူင်ငံတကာရာဇဝတ်ခုံရုံးများက အရေးယူဆောင်ရွက်နိူင်ရေး အချက်အလက်များပေးပို့ခြင်း၊ ပြုစုခြင်းနဲ့တရားစွဲဆိုနိူင်ရေးတို့ကိုလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၅။ ပြည်သူတစ်ရပ်လုံး၏ ရန်သူဖြစ်သည့် အာဏာရှင်နှင့် လက်တဆုပ်စာလူတန်းစားကို အပြီးတိုင်ချေမှုန်းဖို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်တိုက်တွန်းပြောကြား


မတ်လ ၁၃


ပြည်သူတစ်ရပ်လုံး၏ရန်သူဖြစ်သည့် အာဏာရှင်နှင့် လက်တဆုပ်စာလူတန်းစားကို အပြီးတိုင်ချေမှုန်းဖို့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ မတ်လ ၁၃ ရက်နေ့တွင် ကျဆုံးခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း ၃၅နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကထည့်သွင်းပြောကြားထားပါတယ်။


"စစ်အာဏာရူးတသိုက်လက်ချက်ဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့်ကိုစိုးနိုင်တို့ကျဆုံးခဲ့သည်မှာ ၃၅ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ကိုဖုန်းမော်၊ကိုစိုးနိုင်တို့သည် မြန်မာပြည်ဒီမိုကရေစီရေးအတွက် အသက်စတေးခဲ့ရသည့်လူငယ်များကို ကိုယ်စားပြုသည့် သင်္ကေတပင်ဖြစ်ပါတယ်။ ထိုလူငယ်တို့ကျဆုံးခဲ့သည့်  ၃၅ နှစ်တာကာလတိုင်ခဲ့သည့် ယနေ့အချိန်တွင်လည်း နိုင်ငံအညွှန့်အဖူးလူငယ်များကို စစ်အာဏာရှင်များကရက်ရက်စက်စက်သတ်ဖြတ်နေဆဲဖြစ်ပါတယ်။နိုင်ငံ၏အနာဂတ်လူငယ်များကို စစ်အာဏာရူးတို့က ခေတ်အဆက်ဆက်သတ်ဖြတ်ခဲ့သည့် အဖြစ်ဆိုးများ အမြန်ဆုံးရပ်တန့်သွားစေဖို့ ကျွန်ုပ်တို့အားလုံးတွင် တာ၀န်ရှိပါတယ်။ပြည်သူတစ်ရပ်လုံး၏ရန်သူဖြစ်သည့် အာဏာရှင်နှင့် လက်တဆုပ်စာလူတန်းစားကို အပြီးတိုင်ချေမှုန်းပြီး ငြိမ်းချမ်းသာယာသည့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်ကြပါစို့"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ယနေ့နွေဦးတော်လှန်ရေး၏ တောင်းဆိုချက်သည် တစ်ပြည်ထောင်စနစ်ဖြင့် အာဏာရှင်တစ်စု၏ အခွင့်ထူးခံမှု ကိုဖြိုချကာ တန်းတူညီမျှသည့် ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးပင်ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုပါတယ်။


========================


📌📌 ၆။ တီးတိန်ဆေးရုံကြီးတွင် ဝင်ရောက်တပ်စွဲထားသော စကစတပ်များကို  ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှတိုက်ခိုက်


မတ်လ ၁၃


တီးတိန်ဆေးရုံကြီးတွင် ဝင်ရောက်တပ်စွဲထားသော စကစတပ်များကို  ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှတိုက်ခိုက်၍ စကစတပ်များ ထိခိုက်သေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းကို မတ်လ ၁၃ ရက်မှာ စစ်ရေးသတင်းကို  ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှအသိပေးဆိုပါတယ်။


"တီးတိန်ဆေးရုံကြီးတွင် ဝင်ရောက်နယ်ကျွံထားသော အာဏာလု စစ်သားများအား  ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland မှ မတ်လ (၁၂) ညတွင် ဝင်ရောက်တိုက်ထုတ်ခဲ့ပါတယ်။ တိုက်ပွဲ နာရီမျှကြာမြင့်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိတွေ့တိုက်ပွဲမှာအာဏာလုစစ်သားများ နေရာမှ စွန့်ခွါသွားခဲ့ကြပြီး လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ဖမ်းဆည်းရမိခဲ့ပါတယ်။ အာဏာလုစစ်သားများ ဒဏ်ရာရသူနှင့် သေဆုံးသူရှိပြီး ဒဏ်ရာနဲ့ အသေအပျောက်စာရင်းကိုမူ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment