၂၀၂၃ မတ်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ရဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ခရီးစဥ်မှာ တွေ့ဆုံသင့်တွေ့ဆုံထိုက်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့
📌 ၂။ CRPHနဲ့ NUGအစိုးရကိုယ်စားလှယ်တို့ဘာရိန်းနိုင်ငံ၊ မနာမာမြို့မှာကျင်းပတဲ့ IPU146 ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်
📌 ၃။ တော်လှန်ရေးအတွက် အရေးကြီးသည့်အချိန်ကာလကို ရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားလိုက်
📌 ၄။ ပညာရေးဝန်ကြီးဌာနနှင့် EdX ပညာရေး အဖွဲ့အစည်းတို့ ပူးပေါင်းသည့် EdX MOOC တွင် သင်တန်းများအား google form registration ခေါ်ယူခဲ့ရာပထမဆုံးအသုတ်အနေဖြင့် EdX MOOC တွင် သင်တန်းသား (၈၇၉)ဦးအား enrolment ပြုလုပ်ထား
📌 ၅။ တော်လှန်ရေးကို ကြိုးစားဆောင်ရွက်နိုင်ရန်အတွက် စိတ်ဓာတ်ပိုင်း အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏဆို
📌 ၆။ အာဏာရှင်တွေဟာ တော်လှန်နေသူတွေကို ဖြိုခွင်းဖို့၊ အမြစ်ပြတ်ဖို့လုပ်ဆောင်တဲ့နေရာမှာ နည်းမျိုးစုံသုံးတယ်လို့ ပညာရေးဒုဝန်ကြီးသတိပေးဆို
📌 ၇။ ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက်အများဆုံး သတ်ဖြတ်မှုကို ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က အကြီးအကျယ်ဆုံးကျုးလွန်
📌 ၈။ ပြည်သူကာကွယ်ရေး အင်အားစုများနဲ့ အကြမ်းဖက် စကစ တပ်များ ဆောင်းပြောင်း၊ ဖယ်ခုံနယ် ရက်ရှည်တိုက်ပွဲမှာ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာများလိုအပ်နေတယ်လို့ KNDF B-11ဆို
📌 ၉။ ကသာ ၃၀၉ တပ်မှ ထွက်လာသော စစ်ယာဥ်တန်း ၄၆ စီးအား KIA၊KPDF ပူးပေါင်းအဖွဲ့မှ ကသာ-နဘားလမ်း ဆယ်မိုင် ကျောက်ခွဲစက်နားတွင် မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံး
📌 ၁၀။ ခင်ဦးမြို့ဝင်လာတဲ့ စကစတပ်များ ရှေ့ထွက်မိုင်း ၄ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခံရ၍ ၃ဦးထိ
📌 ၁၁။ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းကို မလေးရှားနိူင်ငံနဲ့ ဂျာမဏီနိူင်ငံတို့မှာပြသ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ရဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ခရီးစဥ်မှာ တွေ့ဆုံသင့်တွေ့ဆုံထိုက်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ရဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ခရီးစဥ်မှာ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မတ်လ ၁၂ ရက်မှာ .ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
"ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ဟာ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်အစိုးရနှင့် အမေရိကန်နိုင်ငံရှိ နိုင်ငံတကာအဖွဲ့အစည်းများထံမှ ထိရောက်သော ပံ့ပိုးကူညီမှုများရရှိရေးနှင့် နှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် မတ် ၇ ရက်မှ ၉ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့သို့ အလုပ်သဘောခရီးသွားရောက်ခဲ့တယ်"လို့ ဖော်ပြပါတယ်။
အဆိုပါခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Mr. Derek Chollet ၊ အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားရေးကော်မတီနှင့် Committee on Appropriations အဖွဲ့ဝင်၊ Senator Chris Van Hollen ၊ National Democratic Institute (NDI) ၊ National Endowment for Democracy (NED) အပါအဝင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီထံက သတင်းရရှိပါတယ်။
========================
📌📌 ၂။ CRPHနဲ့ NUGအစိုးရကိုယ်စားလှယ်တို့ဘာရိန်းနိုင်ငံ၊ မနာမာမြို့မှာကျင်းပတဲ့ IPU146 ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်
CRPH နဲ့ NUGအစိုးရကိုယ်စားလှယ်တို့ဘာရိန်းနိုင်ငံ၊ မနာမာမြို့မှာကျင်းပတဲ့IPU146 ညီလာခံသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။ CRPH နဲ့ NUGအစိုးရကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့တက်ရောက်ခဲ့ကြပါတယ်။
ဒါဟာမြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီတဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး လူကိုယ်တိုင် ပါဝင်ဆောင်ရွက်တာလည်း ဖြစ်တယ်လို့သိရပါတယ်။ ဘာရိန်းနိုင်ငံ၊ မနာမာမြို့တွင် ကျင်းပတဲ့ IPU146 ညီလာခံကို မတ်လ ၁၁ရက်ကနေ ၁၅ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးအတွက် အရေးကြီးသည့်အချိန်ကာလကို ရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားလိုက်
တော်လှန်ရေးအတွက် အရေးကြီးသည့်အချိန်ကာလကို ရောက်ရှိနေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားလိုက်ပါတယ်။ မတ်လ ၁၂ ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာဝန်ကြီးက ထည့်သွင်းပြောပါတယ်။
" တော်လှန်ရေးအတွက် အရေးကြီးသည့်အချိန်ကာလကိုရောက်ရှိနေပြီ ဖြစ်ကြောင်း၊ စစ်ရေးအရှိန်မြှင့်လာသည်နှင့်အမျှ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်နေသောဒေသများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်မှု ပိုမိုများပြားလာကြောင်း၊ စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာကဲ့သို့ အခြားဒေသများတွင်လည်း အကြမ်းဖက်စစ်ကောင်စီသည် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှု၊ မုဒိန်းမှု၊ လူသတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ ယင်းဒေသများရှိ ပြည်သူများ၏ စားဝတ်နေရေး၊ တရားဥပဒေစိုးမိုးရေး၊ စီမံခန့်ခွဲရေးဆောင်ရွက်မှုသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့မှာ တာဝန်ရှိကြောင်း၊ မြေပြင်တွင် ကဏ္ဍရပ် အသီးသီးကို စီမံခန့်ခွဲမှုကောင်းမွန်စွာနှင့် ဆောင်ရွက်ရန် အရေးကြီးကြောင်း"ဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များ စတင်ရန် အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီးတော့ တစ်နှစ်တာမဟာဗျူဟာ စီမံချက်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရဟာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ ပညာရေးဝန်ကြီးဌာနနှင့် EdX ပညာရေး အဖွဲ့အစည်းတို့ ပူးပေါင်းသည့် EdX MOOC တွင် သင်တန်းများအား google form registration ခေါ်ယူခဲ့ရာပထမဆုံးအသုတ်အနေဖြင့် EdX MOOC တွင် သင်တန်းသား (၈၇၉)ဦးအား enrolment ပြုလုပ်ထား
ပညာရေးဝန်ကြီးဌာနနှင့် EdX ပညာရေး အဖွဲ့အစည်းတို့ ပူးပေါင်းသည့် EdX MOOC တွင် သင်တန်းများအား google form registration ခေါ်ယူခဲ့ရာ ပထမဆုံးအသုတ်အနေဖြင့် EdX MOOC တွင် သင်တန်းသား (၈၇၉)ဦးအား enrolment ပြုလုပ်ထားတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၂ ရက်မှာ ပညာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနအနေနှင့် EdX ပညာရေး အဖွဲ့အစည်းတို့ ပူးပေါင်းသည့် EdX MOOC တွင် လေ့လာနိုင်မည့် သင်တန်းများအား google form registration ခေါ်ယူခဲ့ရာ CDM ကျောင်းသူ၊ ကျောင်းသား၊ ဆရာမ၊ ဆရာများ အများအပြား လျှောက်ထားလာကြပါတယ်။ ပညာရေး၀န်ကြီးဌာနက ဖွဲ့စည်း ထားသော ဘာသာရပ်ပေါင်းစုံ ပါ၀င်သည့် EdX Admission Team က ပထမဆုံးအသုတ်အနေဖြင့် EdX MOOC တွင် သင်တန်းသား (၈၇၉)ဦးအား enrolment ပြုလုပ်ထားပြီး ဖြစ်ပါတယ်"လို့အသိပေးဆိုထားပါတယ်။
EdX သင်တန်းတက်ရောက်ခွင့်ရသူများသည် edX@news.edx.org လိပ်စာဖြင့် email ၀င်လာပါက accept email အား နှိပ်ကာ တက်ရောက်လိုသော သင်တန်းများအား ၀င်ရောက်လေ့လာရမှာ ဖြစ်ပါတယ်။ သင်တန်းများအား တစ်ခုထက်ပိုမိုကာ register ပြုလုပ်ပြီး သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် တက်ရောက်နိုင်ပါက သင်တန်းဆင်းလက်မှတ် Certificate များ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၅။ တော်လှန်ရေးကို ကြိုးစားဆောင်ရွက်နိုင်ရန်အတွက် စိတ်ဓာတ်ပိုင်း အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏဆို
တော်လှန်ရေးကို ကြိုးစားဆောင်ရွက်နိုင်ရန်အတွက် စိတ်ဓာတ်ပိုင်း အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက ဆိုလိုက်ပါတယ်။ မတ်လ ၁၂ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၀/၂၀၂၃)မှာ ဝန်ကြီးကဆိုပါတယ်။
"တော်လှန်ရေးကို ကြိုးစားဆောင်ရွက်နိုင်ရန်အတွက် စိတ်ဓာတ်ပိုင်းသည် အရေးကြီးကြောင်း၊ ရှိသမျှ အင်အားနှင့်အတူ ကြိုးစားဆောင်ရွက်ကြရန်"ဝန်ကြီးကဆိုပါတယ်။
ဆက်လက်ပြီး အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ Survival Postersနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ အာဏာရှင်တွေဟာ တော်လှန်နေသူတွေကို ဖြိုခွင်းဖို့၊ အမြစ်ပြတ်ဖို့လုပ်ဆောင်တဲ့နေရာမှာ နည်းမျိုးစုံသုံးတယ်လို့ ပညာရေးဒုဝန်ကြီးသတိပေးဆို
အာဏာရှင်တွေဟာတော်လှန်နေသူတွေကို ဖြိုခွင်းဖို့၊ အမြစ်ပြတ်ဖို့လုပ်ဆောင်တဲ့နေရာမှာ နည်းမျိုးစုံသုံးတယ်လို့ ပညာရေး ဒုဝန်ကြီး ဂျာထွယ်ပန်ကပြောပါတယ်။ မတ်လအတွင်းမှာ ပညာရေးဒုဝန်ကြီးက သုံးသပ်ဆိုထားပါတယ်။
"အာဏာရှင်တွေဟာ သူတို့ကိုတော်လှန်နေသူတွေကို ဖြိုခွင်းဖို့၊ အမြစ်ပြတ်ဖို့လုပ်ဆောင်တဲ့နေရာမှာ နည်းမျိုးစုံသုံးတယ်။ ဥပဒေတွေပေါင်းစုံထုတ်တယ် ၊ လူမိုက်တွေ၊ တေလေဂျပိုးတွေကို အသုံးချတယ်။ အဲဒီအထဲမှာ social media တွေရဲ့လူထုအပေါ် စိမ့်ဝင်နိုင်အားကိုအသုံးချပြီး လူအင်အား၊ bot အင်အားသုံး ပြီးဆိုရှယ်မှာ အတိုက်အခံတွေကိုmisinformation (သတင်းမှား/အကောင့်တု) တွေ actively သုံးပြီး ဖြိုခွင်းတတ်တာပါ။ အခုတော်လှန်ရေးမှာလည်းအဲဒီ dictator playbook ကို အကြီးအကျယ်သုံးနေတယ်ဆိုတာ မမေ့ဖို့အရေးကြီးပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် စကစရဲ့ သတင်းမှားဖြန့်ချီရေး (misinformation campaign)၊ တော်လှန်ရေးနဲ့ ပါတ်သက်သည့်အာဘော်တွေ (narrative ) တွေကို၄င်းတို့အလိုကျ လွှမ်းမိုးပြီးလူထုထဲစိမ့်ဝင်ရေး၊ online ပေါ်က တော်လှန်ရေးနဲ့ပါတ်သက်တဲ့ negative issue တွေကို အသုံးချပြီး သတင်းအချက်အလက်တွေ မျှားယူတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဒုဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၇။ ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက်အများဆုံး သတ်ဖြတ်မှုကို ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က အကြီးအကျယ်ဆုံးကျုးလွန်
ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် အများဆုံး သတ်ဖြတ်မှုကို ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်က အကြီးအကျယ်ဆုံး ကျုးလွန်လိုက်တယ်လို့ သတင်းရရှိပါတယ်။
မတ်လ (၁၁) ရက်နေ့ ညနေခင်း (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ KNDFကအသိပေးဆိုပါတယ်။
"မတ်လ (၁၁) ရက် ညနေခင်း (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်မြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား (၃၀)ဦးနှင့် ဘုန်းကြီး (၃)ပါးတို့အား ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော် နံရံဘက်ရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ထိုဖြစ်စဉ်ကို ကျူးလွန်သော စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ ဝင်ရောက်စဥ်တွင် KNDF, PDF, KAတို့ မလှမ်းမကမ်းမှ ကင်းထောက်တွေ့ရှိခဲ့သော်လည်း စစ်ကောင်စီတပ်ဘက်မှ အင်အား အများအပြားဖြင့် ဝင်ရောက်စီးနှင်းမှုကြောင့် ကူညီဖို့ အခွင့်မသာခဲ့ဘူးလို့ဆိုပါတယ်။
မတ်လ (၁၂) နေ့လည် အချိန်မှသာ ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီးဖြစ်စဉ်ကို မှတ်တမ်းရယူနိုင်ခဲ့ကာ ပျောက်ဆုံးသူ (၃၀) ဦးအနက် သေဆုံးသူများ၏ အလောင်း (၂၈) လောင်းကို တွေ့ရှိခဲ့ရပါတယ်။
========================
📌📌 ၈။ ပြည်သူကာကွယ်ရေး အင်အားစုများနဲ့ အကြမ်းဖက် စကစ တပ်များ ဆောင်းပြောင်း၊ ဖယ်ခုံနယ် ရက်ရှည်တိုက်ပွဲမှာ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာများလိုအပ်နေတယ်လို့ KNDF B-11ဆို
ပြည်သူကာကွယ်ရေး အင်အားစုများနဲ့ အကြမ်းဖက် စကစ တပ်များ ဆောင်းပြောင်း၊ ဖယ်ခုံနယ်ရက်ရှည်တိုက်ပွဲမှာ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာများလိုအပ်နေတယ်လို့ KNDF B-11 က အသိပေးဆိုပါတယ်။ မတ်လ ၁၂ ရက်မှာ KNDF/B-11 တပ်ရင်းကအသိပေးဆိုပါတယ်။
" KNDF/B-11 နှင့် ပြည်သူကာကွယ်ရေး အင်အားစုများဟာ အကြမ်းဖက် စကစ တပ်များနှင့် ဆောင်းပြောင်း၊ ဖယ်ခုံနယ်များတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ (၁၅)ရက်ကျော်လာပြီ ဖြစ်ပါတယ်။ တိုက်ပွဲကာလ ကြာလာသည်နှင့်အမျှ လက်နက်ခဲယမ်းများ၊ စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် သယ်ယူပို့ဆောင်ရေးယာဥ်အတွက် စက်သုံးဆီများ အရေးပေါ် များစွာ လိုအပ်နေပါတယ်"လို့ဆိုပါတယ်။
ထိုသို့ ခုခံတွန်းလှန်နေသော တိုက်ပွဲများတွင် အောင်မြင်မှု အမြောက်အများရရှိထားသလို ပေးဆပ်မှုများလည်း ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ကသာ ၃၀၉ တပ်မှ ထွက်လာသော စစ်ယာဥ်တန်း ၄၆ စီးအား KIA၊KPDF ပူးပေါင်းအဖွဲ့မှ ကသာ-နဘားလမ်း ဆယ်မိုင် ကျောက်ခွဲစက်နားတွင် မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံး
ကသာ ၃၀၉ တပ်မှ ထွက်လာသော စစ်ယာဥ်တန်း ၄၆စီးအား KIA၊KPDF ပူးပေါင်းအဖွဲ့မှ ကသာ-နဘားလမ်း ဆယ်မိုင်ကျောက်ခွဲစက်နားတွင် မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ မတ်လ ၁၂ ရက် စစ်ရေးသတင်းကို အင်းတော် တော်လှန်ရေးအင်အားစုက အသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ကသာ-နဘား ကားလမ်း ကျောက်ခွဲစက်အနီးတွင် ကသာ ၃၀၉တပ်မှ ထွက်လာသော စစ်ယာဥ်တန်း ၄၆စီးအား KIA၊KPDF ပူးပေါင်းအဖွဲ့မှ နံနက်၈နာရီအချိန်တွင် မိုင်းဆွဲကာ လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ စစ်ကား၂စီး ပျက်စီးကာ စကစတပ်က ၁၀ဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိတွင် အင်းတော်မြို့ထဲတွင် စစ်ယာဥ်တန်း ၄၄စီး ရောက်ရှိနေပြီး စက်ကုန်းဘုန်းကြီးကျောင်း၊ လက်ပံကုန်းဘုန်းကြီးကျောင်း၊ လဝကရုံးနှင့် အင်းတော်ဘောလုံးကွင်းထဲတွင် နေရာယူတပ်ဆွဲထားကြောင်းသိရပါတယ်။
========================
📌📌 ၁၀။ ခင်ဦးမြို့ဝင်လာတဲ့ စကစတပ်များ ရှေ့ထွက်မိုင်း ၄ လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခံရ၍ ၃ဦးထိ
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ဝင်လာတဲ့ စကစတပ်များ ရှေ့ထွက်မိုင်း၄လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခံရ၍ ၃ဦးထိခိုက်ခဲ့ပါတယ်။ မတ်လ ၁၂ ရက်မှာ စစ်ရေးသတင်းကို Royal Tiger Guerrilla Force ကအသိပေးဆိုပါတယ်။
"ရေဦးမြို့မှထွက်လာသော အင်အားတစ်ရာပါသောစစ်ကြောင်းသည် မြစ်တော်တွင် ညအိပ်ပြီး မတ်လ၁၂ရက်နံနက် ၈နာရီခန့်အချိန်တွင် ခင်ဦးမြို့သို့ ထွက်ခွာစဥ် မြို့အ၀င်ကံသစ်နှင့် ခင်ဦးကြားရှိ ပျားဂေဟာအနောက်ဘက်အရောက်တွင် RTGFနှင့် မြို့ပေါ် UGနှင့်ပူးပေါင်းပြီး ရှေ့ထွက်၄လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
မိုင်းထိ၍ စကစတပ်ဘက်က ၃ဦးနေရာတွင်လဲပြီး ဒဏ်ရာရသူများလည်းရှိကာ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့် ဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၁၁။ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းကို မလေးရှားနိူင်ငံနဲ့ ဂျာမဏီနိူင်ငံတို့မှာပြသ
ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းကို မလေးရှားနိူင်ငံနဲ့ ဂျာမဏီနိူင်ငံတို့မှာ ပြသခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၂ ရက်နေ့ပြသရာမှာ ရောင်နီလာရာလမ်း ရုပ်ရှင်ဇာတ်လမ်းကို မလေးရှားရောက် မြန်မာများ ခန်းမပြည့် အားပေးကြည့်ရှုခဲ့ကြပါတယ်။
"မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် Dawkalu Network ကော်သူလေးနှင့် NLD (OC) International Malaysia တို့ ပူးပေါင်း၍ မတ်လ ၁၂ ရက်နေ့တွင် ကွာလာလမ်ပူမြို့တော်ရှိ Chinese Assembly Hall ခန်းမတွင်ပြသခဲ့ပြီး မလေးရှားရောက် မြန်မာများ ခန်းမပြည့် အားပေးကြည့်ရှုခဲ့ကြပါတယ်"လို့ရောင်နီလာရာလမ်း ရုပ်ရှင်ပြသရေးကော်မတီက အသိပေးဖော်ပြပါတယ်။ အလားတူ ဂျာမဏီနိုင်ငံ Frankfurt မြို့မှာ ပြသခဲ့ရာ ဂျာမဏီနိုင်တွင်းနှင့် နီးစပ်ရာနိုင်ငံတချို့မှာလဲ လာရောက်ပြီး တော်လှန်ရေး အင်အားတစ်ခုအနေနဲ့ ဝန်းရံပေးခဲ့ကြပါတယ်။
ရုပ်ရှင်ပြသရေးကို CRPH, NUG Support Team Germany ရဲ့ Working Group နဲ့ ဂျာမဏီနိုင်ငံရှိ Community များမှ တော်လှန်ရေးထောက်ပို့ လက်တွဲဖေါ် ညီအစ်ကိုမောင်နှမများမှ စုပေါင်းစီစဥ်ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်။
ဒါရိုက်တာကိုပေါက် ရိုက်ကူးသည့် "ရောင်နီလာရာလမ်း" ရုပ်ရှင်ဇာတ်ကားကို နိူင်ငံတကာတွင် ဆက်တိုက်ပြသ သွားမှာဖြစ်ပြီးတော့ ရုပ်ရှင်ပြသရာမှ ရရှိသော ငွေကြေးများကို တော်လှန်ရေးအတွက် ပြန်လည်ထောက်ပို့သွားမှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment