18th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်တွေကို မြင်နေရပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလသတင်းစကားပါး

📌 ၂။ ရာဇဝတ်မှုတွေကို စုံစမ်းဖို့နှင့် တရားမျှတမှုဖော်ထုတ်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက် ICC နိူင်ငံတကာ ရာဇဝတ်ခုံရုံးကို  စာပို့ထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား

📌 ၃။ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေIHLကိုလိုက်နာဖို့ ကာကွယ်ရေးဝန်ကြီးဌာနဖော်ပြ

📌 ၄။ ကင်းချထားသော စစ်မှုထမ်းဟောင်းဆိုသူနှင့်ပျူနှစ်ဦးကို ရေစကြိုပကဖက ဝင်ရောက်ပစ်ခတ်၍ တစ်ဦးသေ၊ နှစ်ဦး ထွက်ပြေးကာ လက်နက်နှစ်လက်သိမ်းဆည်းရမိ

📌 ၅။ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) မှ ဒုတိယအကြိမ် ကျောင်းအပ်နှံခြင်း စတင်လက်ခံ

📌 ၆။ စစ်ကြောင်းချီလာသော အကြမ်းဖက်စစ်ကောင်စီတပ်များက ကလေး-ဖလမ်း လမ်းမကြီးပေါ်ရှိ ဗားလုံကျေးရွာနေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများခိုးယူ

📌 ၇။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ(ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်း၍ရန်ကုန်မြို့လူထူထပ်သောစျေးတစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်တွေကို မြင်နေရပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလသတင်းစကားပါး


မတ်လ ၁၈ ရက်


ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်တွေကို မြင်နေရပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ၁၈ရက်မှာပြည်သူများထံသို့ သတင်းစကားဆိုခဲ့ပါတယ်။

 

"စစ်အာဏာရှင်တွေရဲ့ လူမဆန်တဲ့ အစွမ်းကုန်ရက်စက်မှုတွေကို ခံနေရပေမယ့် ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ဝေဝါးမနေပါဘူး။ ငြိမ်းချမ်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်ရောင်ခြည်တွေကို မြင်နေရပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အရှိန်မြှင့်တင်လျက်ရှိပြီး တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ရေးဆွဲ၍ အမျိုးသားညီညွတ်ရေးအစိုးရဟာ အကောင်အထည်ဖော်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၂။ ရာဇဝတ်မှုတွေကို စုံစမ်းဖို့နှင့် တရားမျှတမှုဖော်ထုတ်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက် ICC နိူင်ငံတကာ ရာဇဝတ်ခုံရုံးကို  စာပို့ထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးပြောကြား


မတ်လ ၁၈


မြန်မာနိူင်ငံမှာဖြစ်ပျက်နေတဲ့ရာဇဝတ်မှုတွေကို စုံစမ်းဖို့နှင့် တရားမျှတမှု ဖော်ထုတ်ရေးလုပ်ငန်းစဥ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့အတွက် ICC နိူင်ငံတကာ ရာဇဝတ်ခုံရုံးကို NUGအစိုးရက စာပို့ထားတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက မတ်လအတွင်းကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ  ဖြေကြားခဲ့ပါတယ်။


"ICCကို မြန်မာနိူင်ငံမှာ ဖြစ်ပျက်နေတဲ့ ရာဇဂတ်မှုတွေကို လာရောက်စုံစမ်းဖို့၊ ဒါနဲ့ပတ်သက်ပြီးတော့ မှန်ကန်တဲ့တရားမျှတမှုဖော်ထုတ်ပြီး အရေးယူဆောင်ရွက်မယ် လုပ်ဆောင်မယ်ဆိုလို့ရှိရင် NUGကလည်းပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စာကို ကျနော်တို့ပေးပို့ထားပါတယ်။အဲဒါက အစိုးရတစ်ရပ်အနေနဲ့လုပ်နိူင်တဲ့အရာတစ်ခုပါ"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှု အချက်အလက်မှတ်တမ်းများကိုပြုစုထားပြီး ၂၀၂၃ ခုနှစ် မတ်လအထိ တစ်ဖြတ် သတ်မှတ်ထားရှိတယ်လို့လည်း လူ့အခွင့်ရေးရာဝန်ကြီးကဆိုပါတယ်။ အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ်ဇူလိုင်လမှ ၂၀၂၃ ခုနှစ် မတ်လ (၁၃) ရက်နေ့ကာလအတွင်း အပြစ်မဲ့အရပ်သားပြည်သူငါးဦးနှင့်အထက်သတ်ဖြတ်မှုပေါင်း (၆၄) ကြိမ်တိတိ ကျူးလွန်ခဲ့ပါတယ်။


အရပ်သားပြည်သူ ငါးဦးနှင့်အထက် သတ်ဖြတ်မှုပေါင်း (၆၄) မှုတွင် ပြည်သူစုစုပေါင်း (၇၆၆) ဦး သတ်ဖြတ်ခံခဲ့ရပြီး ထိုသတ်ဖြတ်ခံရသော ပြည်သူများအနက် အမျိုးသား (၄၈၂) ဦး၊ အမျိုးသမီး (၇၈) ဦး တို့ ပါဝင်ကြောင်းခွဲခြားနိုင်ခဲ့ပြီး ကျန်သူ (၂၀၆) ဦးတို့ကိုအလောင်းများမှာ ကျားမစစ်ဆေးရန်ပင် မလွယ်တော့သည့် အလောင်းများဖြစ်ခဲ့ပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေIHLကိုလိုက်နာဖို့ ကာကွယ်ရေးဝန်ကြီးဌာနဖော်ပြ


မတ်လ ၁၈


မတ်လ ၁၇ ရက်မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုလိုဖော်ပြခဲ့ပါတယ်။


"စစ်ပွဲတွေ ဘယ်လိုဆင်နွှဲရမယ်ဆိုတာကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒ (IHL) က ကြပ်မတ်ပါတယ်။အရပ်သားတွေအပေါ်ကျရောက်မယ့် လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်တွေကို IHL က လျော့ပါးစေပါတယ်။လက်နက်ကိုင်ပဋိပက္ခမှာပါဝင်နေသူအားလုံးဟာ IHL ကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်"လို့ဖော်ပြထားပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ရင်းရှိပြီး မြို့နယ်ပကဖအဖွဲ့ပေါင်း၂၆၀ ခန့်ရှိပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်များဟာ ကျင့်ဝတ်နဲ့လူမှု စံချိန်စံညွှန်းများကိုလိုက်နာခြင်းမရှိဘဲ လူပေါင်းသုံး ထောင်ကျော် သတ်ဖြတ်ခဲ့ပြီး လူပေါင်း တစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၄။ ကင်းချထားသော စစ်မှုထမ်းဟောင်းဆိုသူနှင့်ပျူနှစ်ဦးကို ရေစကြိုပကဖက ဝင်ရောက်ပစ်ခတ်၍ တစ်ဦးသေ၊ နှစ်ဦး ထွက်ပြေးကာ လက်နက်နှစ်လက်သိမ်းဆည်းရမိ


မတ်လ ၁၈ ရက်


"မတ် ၁၈ ရက်ရေစကြိုမြို့နယ် ခလရ ၂၅၆ အနီး  ယနေ့နံနက် ၈နာရီခွဲ အချိန်ခန့်တွင် တပ်အနီးတွင်ကင်းချထားသော စစ်မှုထမ်းဟောင်း ကျောက်ခဲဆိုသူနှင့်ပျူနှစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(.က.) ရဲဘော်များမှ ဝင်ရောက်​​​ပစ်ခတ်ခဲ့ပါတယ်"လို့ ဆိုပါတယ်။


 စစ်မှုထမ်းဟောင်းကျောက်ခဲဆိုသူအား နေရာတွင် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီးအခြားပျူနှစ်ဦးမှာထွက်ပြေးသွားကာ ၎င်းတို့ဆီမှ ကာဘိုင်တစ်လက်နှင့်ကျည်ဘောက်နှစ်ခု ၎င်းကျည်၁၀၁တောင့် Short Gun တစ်လက်နှင့်၎င်းကျည်၁၄တောင့် ကပ်သီးတစ်ခုတို့အားသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။


ပြည်သူ့ကာကွယ်ရေးရဲဘော်များမှာထိခိုက်ပွန်းပဲ့ဒဏ်ရာလောက်သာရရှိခဲ့ပြီး အန္တရာယ်ကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) မှ ဒုတိယအကြိမ် ကျောင်းအပ်နှံခြင်း စတင်လက်ခံ


မတ်လ ၁၈


Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) မှဘမတ်လ၁၇ရက်မှစတင်ကာ ဒုတိယအကြိမ် ကျောင်းအပ်နှံခြင်း အစီအစဉ် (တတိယအသုတ်) အား လက်ခံနေပြီလို့အသိပေးဆိုပါတယ်။


"မြန်မာ့နွေဉီးတက္ကသိုလ်(MNOU) မှ ဖွင့်လှစ်သင်ကြားမယ့် Formal Courses ပုံမှန်သင်တန်းများအား ဒုတိယအကြိမ်(တတိယအသုတ်) အနေဖြင့် ၂၀၂၃ ခုနှစ် မတ်လ (၁၇)ရက်နေ့မှစ၍ စတင်လက်ခံပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ဒုတိယအကြိမ် (တတိယအသုတ်)တွင် မဟာအရည်အချင်းစစ်အတန်း ဒုတိယနှစ် နှင့် ပထမနှစ် အတန်းများဖွင့်လှစ်သွားပါမယ်"လို့ဆိုပါတယ်။


ကျောင်းအပ်နှံခြင်းအစီအစဉ် (တတိယအသုတ်)ကို ၂၀၂၃ ခုနှစ် မတ်လ (၁၇) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ  လက်ခံသွားမည် ဖြစ်ပြီးကျောင်းအပ်နှံခြင်းကို Myanmar Education System (MES) ပေါ်တွင် လာရောက်စာရင်းသွင်းပြီး အခမဲ့အပ်နှံရမှာဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကြောင်းချီလာသော အကြမ်းဖက်စစ်ကောင်စီတပ်များက ကလေး-ဖလမ်း လမ်းမကြီးပေါ်ရှိ ဗားလုံကျေးရွာနေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများခိုးယူ


မတ်လ ၁၈


စစ်ကြောင်းချီလာသော အကြမ်းဖက်စစ်ကောင်စီတပ်များက ကလေး-ဖလမ်း လမ်းမကြီးပေါ်ရှိ ဗားလုံကျေးရွာနေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများခိုးယူသွားခဲ့ကြောင်းကို

မတ်လအတွင်းမှာ စကစတပ်များ ကျူးလွန်မှုကို CNDF တပ်ဖွဲ့ကအတည်ပြုဆိုထားပါတယ်။


"စစ်ကြောင်းချီလာသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကလေး-ဖလမ်း လမ်းမကြီးပေါ်ရှိ ဗားလုံကျေးရွာရှိ အိမ်များ ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများခိုးယူပြီး အိမ်မွေးတိရိစ္ဆာန်များလည်း ခိုးယူစားသွားသောက်ကြပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ ချင်းပြည်နယ်အတွင်းသို့ အင်အား အများအပြားချီတက်နေပြီး စစ်ကြောင်းထိုးကာ ဒေသခံများကို ပစ်မှတ်ထားတိုက်ခိုက်မှုတို့ရှိနေပါတယ်။


========================


📌📌 ၇။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ(ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်း၍ရန်ကုန်မြို့လူထူထပ်သောစျေးတစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြ


မတ်လ ၁၈ ရက်


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ(ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်း၍ရန်ကုန်မြို့လူထူထပ်သောစျေးတစ်နေရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။ မတ်လ ၁၈ ရက် မနက်ပိုင်းမှာ" ဗမာပြည်တော်လှန်ရေးရဲ့သွေးခင်းလမ်းဟာတိုက်ပွဲများနဲ့ပြည့်လျှံနေပါစေ"ဘန်နာကို ကိုင်စွဲ ကာ ချီတက် ဆန္ဒပြခဲ့ပါတယ်။


"ယနေ့မတ်လ ၁၈ ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ(ဗကသများအဖွဲ့ချုပ်) နှင့် Burmese Youth Revolutionary Force -BYRF တို့ပူးပေါင်း၍ရန်ကုန်မြို့လူထူထပ်သောစျေးတစ်နေရာတွင် ပြည်သူလူထုကြားသပိတ်တရားဟောကြားခြင်းပြုလုပ်ခဲ့ပြီး " ဗမာပြည်တော်လှန်ရေးရဲ့သွေးခင်းလမ်းဟာတိုက်ပွဲများနဲ့ပြည့်လျှံနေပါစေ"ဘန်နာစာသားကိုကိုင်ဆောင်၍ချီတက်သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်"လို့ ABFSU ကအသိပေးဆိုပါတယ်။


ရန်ကုန်မြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များကို လုံခြုံရေးတင်းကြပ်မှုများကြားထဲက လှုပ်ရှားမှုများရှိနေဆဲ ဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment