၂၀၂၃ မတ်လ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်တွင်းနဲ့ ပြည်ပ ခြားနားနေပေမယ့် နွေဦးတော်လှန်ရေးအတွက် နှလုံးသားတွေဟာ ခြားနားမနေဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
📌 ၂။ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆို
📌 ၃။ "လေယာဥ်ပစ်တဲ့ လက်နက်မပေးရင် လေယာဥ်ဆီကို ပိတ်ဆို့ပေးဖို့ နိူင်ငံတကာအစိုးရကို NUG တောင်းဆိုခဲ့
📌 ၄။ CRPH ပညာရေးကော်မတီကပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့
📌 ၅။ NUG အစိုးရ၏ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းခုနစ်ဆယ့်ရှစ်ဦးကို ငွေကျပ် သုံးဆယ့်ကိုးသိန်းတိတိ ခွဲဝေထောက်ပံ့ပေးနိူင်ခဲ့
📌 ၆။ “နော်ဝေးနိုင်ငံ ဖရိုလန်းမြို့မှာကျင်းတဲ့ နွေဦးတော်လှန်ရေးရံပုံငွေရှာဖွေပွဲမှာ နော်ဝေးခရိုနာစုစုပေါင်း ၁၀၄၀၀၀ ရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်တွင်းနဲ့ ပြည်ပ ခြားနားနေပေမယ့် နွေဦးတော်လှန်ရေးအတွက် နှလုံးသားတွေဟာ ခြားနားမနေဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
မတ်လ ၂၆
မတ်လ (၂၅) ရက် ချင်းနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီမှ စီစဉ်ကျင်းပသည့် အင်ဒီယားနားပြည်နယ်(USA)ရှိ မြန်မာလူထုတွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလမှ မိန့်ခွန်းဗီဒီယိုပေးပို့ရာမှာ အခုလို ထည့်သွင်းပြောကြားထားပါတယ်။
"“ကျွန်တော့်အနေနဲ့ နိုင်ငံတကာရောက် တိုင်းရင်းသားပြည်သူလူထုများ ယနေ့လို စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ နွေဦးတော်လှန်ရေးအတွက် အားပေး ထောက်ပံ့မှုတွေ လုပ်နေတာတွေကို ကြားသိ မြင်တွေ့ရတဲ့အတွက် အထူးဝမ်းမြောက် ခွန်းအားရမိပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ ခြားနားနေပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ခြားနားမနေပါဘူးဆိုတာ အထင်အရှားတွေ့ရပြီး ကျနော်တို့ အကြား ညီညွတ်မှုကို တွေ့မြင်နေရတာဟာ တော်လှန်ရေးအတွက် အားတရပ်ဖြစ်ပါတယ်”လို့ဆိုပါတယ်။
ထို့အတူ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်မှ လူထုတွေ့ဆုံပွဲတွင် ပါဝင်တက်ရောက်ခဲ့ပါတယ်။ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်အနေဖြင့်လည်း တက်ရောက်လာကြသည့် လူထုများ၏ မေးခွန်းများအား ဖြေကြားခဲ့ပါတယ်။
========================
📌📌 ၂။ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆို
မတ်လ၂၆ ရက်
အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရမှ မတ်လ၂၆ရက်မှာအခုလိုထုတ်ပြန်ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံ၏ အကြမ်းဖက်စစ်ကောင်စီနှင့်စပ်လျဥ်း၍၂၀၂၃ ခုနှစ် မတ်လ (၂၄) ရက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာချက်သည် အရပ်သားပြည်သူများ အပေါ်ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများ ၊ ကျယ်ကျယ် ပြန့်ပြန့် စနစ်တကျ လုပ်ဆောင်နေမှုများကို ချင့်ချိန်သုံးသပ်လျက် စစ်တပ်နှင့် ဆက်စပ်နေသည့် လူပုဂ္ဂိုလ် (၂)ဦးနှင့် အဖွဲ့အစည်း (၆)ခုတို့အား ရည်ရွယ်ပစ်မှတ်ထား ချမှတ်ခြင်း ဖြစ်ပါတယ်လို့ဆိုပါတယ်။
အရေးယူပိတ်ဆို့မှုတွင် ပိုမိုအရေးပါသည့်အချက်မှာ စစ်တပ်ထံသို့ ဂျက်လေယာဉ်ဆီ တင်သွင်းခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်း တို့ကို ရည်ရွယ်ပစ်မှတ်ထား အရေးယူပိတ်ဆို့ခြင်းဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ မြန်မာပြည်သူများအတွက် တစိုက်မတ်မတ် နှစ်မြှုပ် ဆောင်ရွက်ပေးနေမှုများ အတွက် ကျေးဇူးတင်ရှိပါ ကြောင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ အခြားအဖွဲ့ဝင်များ ကိုလည်း အလားတူ အရေးယူမှုများ ဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါတယ်လို့ဖော်ပြ ပါရှိပါတယ်။
========================
📌📌 ၃။ "လေယာဥ်ပစ်တဲ့ လက်နက်မပေးရင် လေယာဥ်ဆီကို ပိတ်ဆို့ပေးဖို့ နိူင်ငံတကာအစိုးရကို NUG တောင်းဆိုခဲ့
မတ်လ၂၆ ရက်
မတ်လ၂၅ ရက် နော်ဝေနိူင်ငံမှာ ကျင်းပတဲ့ လူထုခေါင်းဆောင်များတွေ့ဆုံပွဲမှာ NUGနိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလိုပြောကြားခဲ့ပါတယ်။
"လေယာဥ်ပစ်တဲ့ လက်နက်မပေးရင် လေယာဥ်ဆီကိုတော့ ပိတ်ဆို့ပေးပါ။ဒါမျိုးတွေ ကျမတို့ကတောင်းတယ်။မရ ရတဲ့နည်းနဲ့တော့ နိူင်ငံတကာဆက်ဆံရေးမှာ ဘာကိုပိတ်ရင် မြေပြင်မှာ ဘာသွားဖြစ်မလဲဆိုတာကို ချိတ်ဆက်ပြီးတော့ တောင်းဆိုနေကြတာတွေ၊တိုက်ပွဲဝင်နေကြတာတွေဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အကြမ်းဖက်စကစတပ်များဟာ မြေပြင်စစ်ကြောင်းထိုးမှုမှာ တော်လှန်ရေးကာလ တစ်နှစ်ကျော်ကာလအတွင်း တပ်ဖွဲ့ဝင်နှစ်သောင်း ကျော်သေဆုံးခဲ့ပါတယ်။
"စစ်ကြောင်းနဲ့ပတ်သက်ရင် တပ်ကတကယ်ပျက်နေတာပါ။ကြားကောင်းအောင် ပြောတာမဟုတ်ဘူး။စိတ်တက်ကြွအောင်ပြောတာမဟုတ်ဘူး။တကယ်ပျက်နေတာပါ။တကယ်ပျက်နေတာမို့လို ပုံမှန်စစ်တပ်ထဲက မဟုတ်တဲ့လူတွေ ဆွဲထည့်တယ်။ လူမျိုးရေး ပဋိ ပက္ခတွေ ဖြစ်လာအောင်တိုင်းရင်းသားဒေသတွေမှာ လုပ်တယ်"လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။ ထိုတွေဆုံပွဲမှာပဲ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက တော့အခုလိုဆိုထားပါတယ်။
"ကျနော်တို့အစိုးရဟာ ပြည်သူကဦးဆောင်မှုကိုခံယူပြီးတော့ သွားနေတဲ့ပြည်သူ့အစိုးရဖြစ်တယ်။ကျနော်တို့ NUGကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် နောက်ခံမတူတာအများကြီးရှိတယ်။ ကျနော်ဆိုပါတီဝင်မဟုတ်ဘူး။လူ့အခွင့်အရေးနဲ့ပတ်သက်ရင် လုပ်ကိုင်လာတာ ၃၅နှစ်ရှိပြီ။အဲဒီလိုပဲ အစိုးရအဖွဲ့ထဲမှာတချို့က တိုင်းရင်းသား ကချင်၊ကရင် အားလုံးဟာ နောက်ခံမတူတာစုနေကြပါတယ်။သေချာတာတစ်ခုကတော့ ကျနော်တို့ဟာ ကိုယ့်တာဝန်ကိုယ်ထမ်းပြီး တကယ့်ကို စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပါဝင်လာကြတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာအတိုင်းလျှောက်လှမ်းဆောင်ရွက်နေပြီး KNU၊KIAစတဲ့တိုင်းရင်းသားအင်အားစုများနဲ့လည်း လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၄။ CRPH ပညာရေးကော်မတီကပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့
မတ်လ ၂၆
မတ်လ၂၅ ရက်တွင် CRPH ပညာရေးကော်မတီဟာ ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကော်မတီဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ မြေပြင်တွင် ဆောင်ရွက်နေသည့်အခြေအနေများ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊ ဖမ်းဆီးခံနှင့် အရေးပေါ်အကူအညီ လိုအပ်နေသည့် CDM ဆရာ၊ ဆရာမများအတွက် ချိတ်ဆက်နိုင်မည့်အဆက်အသွယ်များနှင့် စီစဥ်ထားသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ NUG အစိုးရ၏ နွေဦးထီ project မှ ကျန်းမာရေး CDM ဝန်ထမ်းခုနစ်ဆယ့်ရှစ်ဦးကို ငွေကျပ် သုံးဆယ့်ကိုးသိန်းတိတိ ခွဲဝေထောက်ပံ့ပေးနိူင်ခဲ့
မတ်လ၂၆ ရက်
မတ်လ ၂၅ ရက်မှာ CDM Medical Network ကအခုလိုအသိပေးဆိုပါတယ်။
"၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် NUG အစိုးရ၏ နွေဦးထီ အစီအစဉ်မှ ထောက်ပံ့ငွေများကို ဌာနအသီးသီးသို့ ခွဲဝေထောက်ပံ့ခဲ့ရာ ကျန်းမာရေး CDM ဝန်ထမ်းများအတွက် ထောက်ပံ့ငွေခွဲတမ်း စုစုပေါင်း ငွေကျပ် သုံးဆယ့်ကိုးသိန်း တိတိကို ကျန်းမာရေး CDM ဝန်ထမ်း ခုနစ်ဆယ့်ရှစ်ဦး မှ မျှဝေ ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျန်းမာရေး CDM ဝန်ထမ်း စုစုပေါင်း သုံးသောင်း ကျော် ရှိသည့် အနက်မှ စားဝတ်နေရေးခက်ခဲနေသော ဝန်ထမ်းများကို အတတ်နိုင်ဆုံးဦးစားပေး ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ “နော်ဝေးနိုင်ငံ ဖရိုလန်းမြို့မှာကျင်းတဲ့ နွေဦးတော်လှန်ရေးရံပုံငွေရှာဖွေပွဲမှာ နော်ဝေးခရိုနာစုစုပေါင်း ၁၀၄၀၀၀ ရရှိခဲ့
မတ်လ ၂၆
နွေဦးတော်လှန်ရေးရံပုံငွေရှာဖွေ ပွဲနှင့်ပတ်သကါ၍ မတ်လ၂၆ရက်မှာ CRPH Support group နော်ဝေက အခုလိုအသိပေးဖော်ပြပါတယ်။
“နော်ဝေးနိုင်ငံ ဖရိုလန်းမြို့မှာကျင်းတဲ့ နွေဦးတော်လှန်ရေးရံပုံငွေရှာဖွေပွဲကနေ စျေးရောင်းရငွေ ၇၇၀၀၀ခရိုနာ၊ ဒါရိုက်တာကိုပေါက်ရဲ့ရုပ်ရှင်က ၂၇၀၀၀ခရိုနာ၊ စုစုပေါင်း နော်ဝေးခရိုနာ ၁၀၄၀၀၀ ရရှိခဲ့တယ်"လို့ဖော်ပြပါတယ်။
လက်ရှိမှာ ဒါရိုက်တာကိုပေါက်ရဲ့ ရောင်နီလာရာလမ်း ဇာတ်လမ်းရုပ်ရှင်ဟာ နိူင်ငံတကာကိုပြသလျက်ရှိပြီး ရရှိလာတဲ့ငွေများကို တော်လှန်ရေးအတွက် ပြန်လည်ထောက်ပို့မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment