၂၀၂၃ မတ်လ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဝန်ကြီးဌာနများ အနေဖြင့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် တွေ့ဆုံ၍ ပြဿနာများကို နားထောင်ဖြေရှင်း ပေးရန်လိုအပ်တယ်လို့ဆို
📌 ၂။ လူငယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့တပ်ဦးဖြစ်ပြီး ဖက်ဒရယ်နိူင်ငံသစ်ကိုအတူတူတည်ဆောက်မယ်လို့ဆို
📌 ၃။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ အရပ်သားပြည်သူများကို အကြမ်းဖက်စစ်အုပ်စုမှ ရက်စက်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ရေး NUG ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်
📌 ၄။ FreedomRangersTamu ကိုဖျက်သိမ်း၍ NUG ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုခံယူ၍ ဗမာ့ကျောင်းသားများအဖွဲ့အစည်း BSO အဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မယ်
📌 ၅။ မန္တလေးတိုင်းရဲ့ UG စစ်ဆင်ရေးနဲ့ စစ်ကိုင်းက ဒရုန်းစစ်ဆင်ရေးအတွက် ကျပ်သိန်းနှစ်ထောင် ပရော့ဂျက်ရောင်နီကမ်ပိန်း စတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဝန်ကြီးဌာနများ အနေဖြင့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် တွေ့ဆုံ၍ ပြဿနာများကို နားထောင်ဖြေရှင်း ပေးရန်လိုအပ်တယ်လို့ဆို
မတ်လ ၃
မတ်လ ၂ ရက် နေ့တွင် ကျင်းပပြုလုပ်သည့်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး (၉/၂၀၂၃)မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို ဆိုလိုက်ပါတယ်။
"ဝန်ကြီးဌာနများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် တွေ့ဆုံ၍ ပြဿနာများကို နားထောင်ဖြေရှင်း ပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများတွင် အကြံပြုချက်၊ သုံးသပ်ချက်များ ထည့်သွင်းပေးစေလိုကြောင်း၊ ဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် သီးခြားဆွေးနွေးတာဖြစ်စေ၊ ဗဟိုကော်မတီသို့ တင်ပြဆွေးနွေးတာမျိုးဖြစ်စေ ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ဖော်ဆောင်နေသော ဒေသန္တရအုပ်ချုပ်ရေးအောင်မြင်မှုသည် မြေပြင်အုပ်ချုပ်ရေးအဖွဲ့များ၏ ဖြစ်ပေါ်နေသော အခက်အခဲ၊ ပြဿနာများကို မည်သို့ အလေးထားဖြေရှင်းနိုင်သလဲဆိုသည့်အပေါ်တွင် မူတည်နေသောကြောင့် တစ်ဖက်တွင်လိုအပ်နေသောမူဝါဒများကို သုံးသပ်ကြရမှာဖြစ်သလို တစ်ဖက်တွင်လည်းထိထိရောက်ရောက်တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းများ ပြုလုပ်ရန်လိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ လူငယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့တပ်ဦးဖြစ်ပြီး ဖက်ဒရယ်နိူင်ငံသစ်ကိုအတူတူတည်ဆောက်မယ်လို့ဆို
မတ်လ ၃
လူငယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့တပ်ဦးဖြစ်ပြီး ဖက်ဒရယ်နိူင်ငံသစ်ကိုအတူတူတည်ဆောက်မယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက မတ်လအတွင်းရေဘဝဲလူငယ်အဖွဲ့ တည်ထောင်ခြင်း၂နှစ်ပြည့် သို့ပေးပို့သော ဂုဏ်ပြုစကားတွင် ထည့်သွင်းဆိုခဲ့တာဖြစ်ပါတယ်။
"ဒီလူငယ်တွေဟာ နွေဦးတော်လှန်ရေးရဲ့တပ်ဦးဖြစ်ပါတယ်။ကျမတို့ပြည်သူတွေဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကို တစ်ခါမှ မခံစားရသေးပါဘူး။ဘာလို့လဲဆိုတော့ ခေတ်အဆက်ဆက် ဖိနှိပ်တဲ့ စစ်အာဏာရှင်တွေ၊ အာဏာရှင်အမျိုးမျိုးတွေရဲ့ အောက်မှာလူးလှိမ့်ပြီးတော့ ကျမတို့ဟာ လူ့အခွင့်အရေးကိုလည်းအပြည့်အဝမရခဲ့ပါဘူး"လို့ဆိုပါတယ်။
ထို့ကြောင့်နွေဦးတော်လှန်ရေးနဲ့အတူ တရားမျှတပြီးခွဲ ခြားခြင်းမရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီနိူင်ငံသစ်ကို လူငယ်များအပါအဝင်အားလုံးနဲ့တည်ဆောက်မယ်လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ အရပ်သားပြည်သူများကို အကြမ်းဖက်စစ်အုပ်စုမှ ရက်စက်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တရားမျှတမှု ဖော်ဆောင်ရေး NUG ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်
မတ်လ ၃
မတ်လ ၃ ရက်နေ့တွင်အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်ကို အခုလိုထုတ်ပြန်ခဲ့ပါတယ်။
"စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ အရပ်သားပြည်သူများကို အကြမ်းဖက်စစ်အုပ်စုမှ ရက်စက်စွာ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး"ယခုကဲ့သို့ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ အကြမ်းဖက် သတ်ဖြတ်မှု ပြုလုပ်ခြင်းသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာ ရာဇဝတ်မှုများကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေး ဆိုင်ရာ ယန္တရားများထံ ပေးပို့ပြီးဖြစ်တယ်"လို့ဖော်ပြပါတယ်။
ကျူးလွန်သူ အဆင့်ဆင့်အား အပြစ်ပေး အရေးယူလျက် တရားမျှတမှု ဖော်ဆောင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ အရပ်သား၁၅ဦးကို စကစတပ်များဟာ မတ်လအတွင်းဖမ်းဆီးခေါ်ဆောင်သွားကာ လမ်းပိုင်းတနေရာတွင်သတ်ဖြတ်ခဲ့ပါတယ်။
========================
📌📌 ၄။ FreedomRangersTamu ကိုဖျက်သိမ်း၍ NUG ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုခံယူ၍ ဗမာ့ကျောင်းသားများအဖွဲ့အစည်း BSO အဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မယ်
မတ်လ ၃
FreedomRangersTamu ကိုဖျက်သိမ်း၍ NUG ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်မှုခံယူ၍ ဗမာ့ကျောင်းသားများအဖွဲ့အစည်း BSOအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မယ်လို့ မတ်လ၃ရက်နေ့မှာ FreedomRangersTamu
ကအသိပေးဆိုပါတယ်။
FreedomRangersTamuကို အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ်လို့ဆိုထားပါတယ်။ NUG MOD လမ်းညွှန်မှုအရဗမာ့ကျောင်းသားများအဖွဲ့အစည်း BSOအဖြစ်ပြောင်းလဲတာဝန်ထမ်းဆောင်မယ့်အပြင် မြို့နယ်ပကဖများတွင်လည်း အသီးသီးတာဝန်ထမ်းဆောင်သွားကြမယ်လို့သိရပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၆၀ခန့်ရှိပြီ ဖြစ်ပါတယ်။
========================
📌📌 ၅။ မန္တလေးတိုင်းရဲ့ UG စစ်ဆင်ရေးနဲ့ စစ်ကိုင်းက ဒရုန်းစစ်ဆင်ရေးအတွက် ကျပ်သိန်းနှစ်ထောင် ပရော့ဂျက်ရောင်နီကမ်ပိန်း စတင်
မတ်လ ၃
မန္တလေးတိုင်းရဲ့ UG စစ်ဆင်ရေးနဲ့ စစ်ကိုင်းက ဒရုန်းစစ်ဆင်ရေးအတွက် ကျပ်သိန်းနှစ်ထောင် ပရော့ဂျက်ရောင်နီကမ်ပိန်း စတင်လိုက်ပြီလို့ မတ်လအတွင်း OFPFundraisers ကအသိပေးဖော်ပြပါတယ်။
"မန္တလေးတိုင်းရဲ့ နာမည်ကြီး UG စစ်ဆင်ရေးတွေဖြစ်တဲ့ မြနန္ဒာစစ်ဆင်ရေးနှင့် အောင်စည်တော်စစ်ဆင်ရေးတို့အတွက် ထောက်ပို့ ကူချင်ပါသလား။ ဒါမှမဟုတ် စစ်ကိုင်းတိုင်းထဲမှာ လက်စွမ်းလက်သံပြောင်လှတဲ့ စစ်ကိုင်းခရိုင် PDF တပ်ရင်းတခုဖြစ်တဲ့ Myaung Revolution အာမီ (MRA) ရဲ့ တိကျသေချာလှတဲ့ Drone မစ်ရှင် တွေမှာ ပါဝင်ထောက်ပို့ချင်ပါသလား။ ဒါမှမဟုတ် မန္တလေးမြို့ပေါ်မှာ ပွဲကခဲ့တဲ့ ရဲဘော်တွေ ပါဝင်တဲ့ NDA တပ်ရင်း ရဲ့ UG မစ်ရှင်တွေကို ထောက်ပို့ကူချင်ပါသလား။ဒီ ၃ ဖွဲ့စလုံးကို ထောက်ပို့နိုင်ဖို့ Project ရောင်နီလာပါပြီ"လို့ဆိုထားပါတယ်။
ကမ်ပိန်းကို မတ်လ၁ရက်နေ့မှ ၁၅ရက်နေ့အထိသက်မှတ်ထားပြီးရရှိလာတဲ့ ရန်ပုံငွေတွေအားလုံးအဖွဲ့ ၃ ဖွဲ့ရဲ့ မစ်ရှင်တွေဆီကို တိုက်ရိုက်စီးဆင်းမှာပဲ ဖြစ်ပါတယ်။ OFP fundraiser အဖွဲ့ဖြစ်တဲ့ Lucky2PDF အဖွဲ့မှပူးပေါင်းစီစဥ်ပြီး နိုင်ငံတကာမှထောက်ပို့ပါဝင်နိုင်အောင် OFP fundraiser များပူးပေါင်းကူညီထားပါတယ်။ Fundraiser များမှ ဂုဏ်ပြုလက်မှတ်ကို email ဖြင့်ပြန်လည်ပေးပို့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment