၂၀၂၃ မတ်လ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိူင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်စနစ်ကိုထူထောင်ဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
📌 ၂။ ပအိုဝ်း လူမျိုးများဟာ အခြားသော ညီနောင်လူမျိုးများနဲ့ သမိုင်းတလျှောက် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားခဲ့ကြတာ သမိုင်းမှတ်ကျောက် အထင်အရှားရှိနေပြီလို့ဆို
📌 ၃။ CDM ဆရာ၊ ဆရာမဝန်ထမ်းများ မိမိတို့ရဲ့ခံစားချက်တွေကို မျှဝေခံစားပြီး တော်လှန်ရေးကိုအထောက်အကူပြုရေးသားပေးပို့ရတဲ့နွေဦးပညာရပ်ဝန်း လူမှုကွန်ရက်စာမျက်နှာကို ဖွင့်လှစ်ထားတယ်လို့ ပညာရေး ဒုတိယဝန်ကြီးအသိပေး
📌 ၄။ နွေဦး တော်လှန်ရေးဟာ ဘက်ပေါင်းစုံကနေ တော်လှန်နေပြီး ပြည်ပရောက်မြန်မာ တွေအားလုံး NUGpay အဆင်ပြေပြေသုံးလာနိူင်ဖို့အရေးကြီးတယ်
📌 ၅။ မဲလ်ဘုန်းမြို့ အနောက်ဖက် President Park မှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးခဲ့တဲ့ မြို့ပြပြောက်ကျား ရုပ်ရှင် အားပေးသူများပြား
📌 ၆။ မြန်မာက တိုင်းရင်းသားအဖွဲ့ တွေနဲ့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့တွေ့ဆုံ
📌 ၇။ ခင်ဦးမြို့နယ် သရက်ပင်စုရွာတွင် ယာယီတပ်စွဲထားသော ခမရ(၇၀၁)၊(၃၆၄)ပူးပေါင်းတပ်ဖွဲ့အား ဒရုန်းနဲ့ဗုံးသီးပစ်ကြဲတိုက်ခိုက်
📌 ၈။ စစ်ကောင်စီတပ်ဖွဲ့များနဲ့ လက်အောက်ခံအဖွဲ့အစည်းများရဲ့ လက်ချက်ကြောင့် အရပ်သားနေအိမ် ၄၃၅ လုံးတနင်္သာရီတိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိူင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်စနစ်ကိုထူထောင်ဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
မတ်လ ၅ ရက်
မတ်လ ၅ ရက်ကျင်းပတဲ့ (၇၄) နှစ် မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိူင်ခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်စနစ်ကိုထူထောင်ဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ပါတယ်။ခေတ်အဆက်ဆက် အာဏာရှင်စနစ်အောက်မှာ ရှင်သန် ကြီးပြင်းလာတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ မတူကွဲ ပြားတဲ့ လူ့အဖွဲ့အစည်း တွေ သဟဇာတ ဖြစ်ခြင်း၊ ကိုယ့်ပြည်နယ်ကိုယ့်ဒေသကို လွတ်လပ်စွာအုပ်ချုပ်ခွင့် နဲ့ ကိုယ့်တိုင်းရင်းသား ရဲ့ စာပေနဲ့ယဥ်ကျေးမှုကို ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ခွင့်တို့ဟာ ဝေးကွာတမ်းတခဲ့ကြရပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင် စနစ်အမြတ်ပြတ်ပြီး စစ်ကောင်စီ ပြုတ်ကျရေးကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနဲ့ပူးပေါင်းဆင်နွှဲလျက်ရှိပါတယ်။
========================
📌📌 ၂။ ပအိုဝ်း လူမျိုးများဟာ အခြားသော ညီနောင်လူမျိုးများနဲ့ သမိုင်းတလျှောက် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားခဲ့ကြတာ သမိုင်းမှတ်ကျောက် အထင်အရှားရှိနေပြီလို့ဆို
မတ်လ ၅ ရက်
မတ်လ ၅ ရက်တွင် ကျင်းပတဲ့ (၇၄) နှစ် မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားမှာ ပအိုဝ်းတိုင်းရင်းသားများနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်က အခုလို ပြောဆိုထားပါတယ်။
"ပအိုဝ်း လူမျိုးများဟာ အခြားသော ညီနောင်လူမျိုးများနဲ့ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ခဲ့ကြတာ သမိုင်းတလျှောက် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားခဲ့ကြတာ သမိုင်းမှတ်ကျောက် အထင်အရှားရှိနေပြီဖြစ်ပါတယ်။ အခုဖက်ဆစ် စစ်မိစ္ဆာအာဏာရှင်တို့ရဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ အာဏာသိမ်းမှုကျူးလွန်နေတာကိုလည်းပဲ အခြားတျုင်းရင်းသားပြည်သူများနဲ့အတူပူးပေါင်း ပါဝင်နေကြတာလည်းတွေ့နေရပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာကိုလည်း မျက်ဝါးထင်ထင်လေးစားဂုဏ်ယူဖွယ်တွေ့မြင်ရတယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ CDM ဆရာ၊ ဆရာမဝန်ထမ်းများ မိမိတို့ရဲ့ခံစားချက်တွေကို မျှဝေခံစားပြီး တော်လှန်ရေးကိုအထောက်အကူပြုရေးသားပေးပို့ရတဲ့နွေဦးပညာရပ်ဝန်း လူမှုကွန်ရက်စာမျက်နှာကို ဖွင့်လှစ်ထားတယ်လို့ ပညာရေး ဒုတိယဝန်ကြီးအသိပေး
မတ်လ ၅ ရက်
CDM ဆရာ၊ ဆရာမဝန်ထမ်းများ မိမိတို့ရဲ့ခံစားချက်တွေကို မျှဝေခံစားပြီး တော်လှန်ရေးကိုအထောက်အကူပြုရေးသားပေးပို့ရတဲ့နွေဦးပညာရပ်ဝန်း လူမှုကွန်ရက်စာမျက်နှာကို ဖွင့်လှစ်ထားတယ်လို့ ပညာရေးဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက မတ်လ၄ရက်နေ့က အသိပေးဆိုထားပါတယ်။
"ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ Facebook စာမျက်နှာလေးတစ်ခုဖြစ်ပါတယ်။ ဆရာဆရာမဝန်ထမ်းများ မိမိတို့ရဲ့ခံစားချက်တွေကို မျှဝေခံစားပြီး တော်လှန်ရေးကြီးကို အထောက်အကူပြုရေးသားပေးပို့လို့ရပါတယ်။ CDM ဆရာဆရာမ၊ ဝန်ထမ်းများစုံစည်းကြမယ်။ ရင်ဖွင့်ကြမယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စစ်အာဏာရှင် ကို ဆန့်ကျင်တော်လှန်နေတဲ့ ပညာရေးCDMဝန်ထမ်းများသိန်းနဲ့ချှီိနေပါတယ်။
========================
📌📌 ၄။ နွေဦး တော်လှန်ရေးဟာ ဘက်ပေါင်းစုံကနေ တော်လှန်နေပြီး ပြည်ပရောက်မြန်မာ တွေအားလုံး NUGpay အဆင်ပြေပြေသုံးလာနိူင်ဖို့အရေးကြီးတယ်
မတ်လ ၅ ရက်
NUGpay နှင့်ပတ်သက်ပြီး မတ်လအတွင်းမှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က အခုလိုသုံးသပ်ထားပါတယ်။
"နွေဦး တော်လှန်ရေး ဟာ ဘက်ပေါင်းစုံကနေ တော်လှန်နေပါတယ်။ပြည်ပရောက်မြန်မာ တွေအားလုံး NUGpay အဆင်ပြေပြေသုံးလာနိုင်ရင် ကိုယ့်ဘက်အသာကြီးပါပဲ"လို့ဆိုပါတယ်။
NUG Pay ဟာ လက်ရှိမှာ သုံးစွဲသူ အများအပြားရှိနေပြီးတော့ စစ်အာဏာရှင်လက်အောက်ကလွတ်ကင်းတဲ့ တစ်ခုတည်းသောဘဏ္ဍာရေးစနစ်လည်းဖြစ်ပါတယ်။
========================
📌📌 ၅။ မဲလ်ဘုန်းမြို့ အနောက်ဖက် President Park မှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးခဲ့တဲ့ မြို့ပြပြောက်ကျား ရုပ်ရှင် အားပေးသူများပြား
မတ်လ ၅ ရက်
သြစတြေးလျနိူင်ငံ မဲလ်ဘုန်းမြို့ အနောက်ဖက် President Park မှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးခဲ့တဲ့ မြို့ပြပြောက်ကျား ရုပ်ရှင် အားပေးသူများပြားခဲ့တယ်လို့ မတ်လ၅ရက်နေ့မှာ လူ့အခွင့်အရေးရာ ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်ကအသိပေးဆိုထားပါတယ်။
"မတ်၄ ရက်နေ့ တော်လှန်ရေးရံပုံငွေအတွက် UG မြို့ပြပြောက်ကျား လဟာပြင် ရုပ်ရှင်ပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား တက်ရောက်အားပေးပါဝင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ မဲလ်ဘုန်းမြို့ အနောက်ဖက် President Park မှာ ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးခဲ့တဲ့ မြို့ပြပြောက်ကျား ရုပ်ရှင်ပြပြီး ရန်ပုံငွေ ရှာခဲ့ကြသလို အစားအသောက်တွေ ရောင်းချပြီးလည်း ရံပုံငွေ ရှာဖွေခဲ့ကြပါတယ်။
အခမ်းအနားကို NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်၊ ရွှေဝါရောင်တော်လှန်ရေးဆရာတော် အရှင် ဦးထာဝရ၊ အနုပညာရှင် မင်းမော်ကွန်း၊ ဒါရိုက်တာ သည်ခေတ်နေ၊ စာရေးဆရာ ဦးမင်းဒင်နဲ့ Victoria Multicultural Commission အဖွဲ့က အကြီးအကဲအပြင် တိုင်းရင်းသားအဖွဲ့စုံက အဆိုတော်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ မြန်မာက တိုင်းရင်းသားအဖွဲ့ တွေနဲ့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံတို့တွေ့ဆုံ
မြန်မာနိုင်ငံ က ထင်ရှားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်ခ် က သူ့ရဲ့တွစ်တာစာမျက်နှာ မှာမနေ့မတ်လ ၄ ရက်က ဖော်ပြခဲ့ကြောင်းကို BBC သတင်းဌာန၏ဖေါ်ပြချက်အရ သိရပါတယ်။
မြန်မာ့ အကျပ်အတည်းကို ဆွေးနွေးဖို့ ထင်ရှားတဲ့ တိုင်းရင်းသား အဖွဲ့ ကိုယ်စားလှယ် အများအပြားနဲ့ တွေ့ဆုံခဲ့တယ်လို့ဆိုပြီး အကျပ်အတည်းအဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီအနာဂတ်ကို ကြိုးပမ်းနေတဲ့ ဘာသာရေး၊ လူမျိုးရေး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အတူ အမေရိကန်က ရပ်တည်နေတယ်လို့လည်း ပြောထားပါတယ်။
ဘယ်အဖွဲ့ တွေနဲ့ တွေ့ဆုံတယ်ဆိုတာ ကို ဖော်ပြတာမရှိသလို ဘာအကြောင်းတွေဆွေးနွေးတယ်ဆိုတာ ကိုတော့ တိတိကျကျဖော်ပြတာမရှိပါဘူး။ ပြီးခဲ့တဲ့သောကြာနေ့ကလည်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနကနေ နောက်ထပ် စစ်တပ်နဲ့ဆက်စပ်နေတဲ့ မြန်မာကုမ္ပဏီ ၃ ခုကို အရေးယူဒဏ်ခတ်မှု ချမှတ်ထားတဲ့ စာရင်းထဲထပ်ထည့်လိုက်တယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
အရေးယူပိတ်ဆို့မှုခံရတဲ့မြန်မာကုမ္ပဏီတွေဟာ မြန်မာစစ်တပ်ကို ထောက်လှမ်းရေးနည်းပညာတွေပံ့ပိုးပေးပြီး လူတစ်ဦးချင်းစီအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို ခြေရာခံ၊ ဖော်ထုတ်ဖို့ကို လုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်က အမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီမြို့တော် မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရုံးခန်းကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။
========================
📌📌 ၇။ ခင်ဦးမြို့နယ် သရက်ပင်စုရွာတွင် ယာယီတပ်စွဲထားသော ခမရ(၇၀၁)၊(၃၆၄)ပူးပေါင်းတပ်ဖွဲ့အား ဒရုန်းနဲ့ဗုံးသီးပစ်ကြဲတိုက်ခိုက်
မတ်လ ၅ ရက်နေ့မှာ {Wolf Guerrilla}ရေဦးအဖွဲ့ကအခုလို အသိပေးဆိုလိုက်ပါတယ်။
"စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သရက်ပင်စုရွာတွင် ယာယီတပ်စွဲထားသော ခမရ(၇၀၁)၊(၃၆၄)ပူးပေါင်းတပ်စကစတပ်အင်အား(၁၁၀) ခန့်အား ဗိုလ်ရုက္ခစိုး ဦးဆောင်သော{Wolf Guerrilla}ရေဦး အဖွဲ့နှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ အီနာဂါ(၂)လုံးဖြင့် ပျောက်ကျားတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစတပ်များထိခိုက်သေဆုံးမှုတို့ရှိနိူင်ပြီး ထိခိုက်၊သေဆုံးစာရင်းကိုအတည်ပြုစုံစမ်းနေတယ်လို့သိရပါတယ်။
========================
📌📌 ၈။ စစ်ကောင်စီတပ်ဖွဲ့များနဲ့ လက်အောက်ခံအဖွဲ့အစည်းများရဲ့ လက်ချက်ကြောင့် အရပ်သားနေအိမ် ၄၃၅ လုံးတနင်္သာရီတိုင်းမှာ မီးရှို့ဖျက်ဆီးခံခဲ့ရ
မတ်လ ၅ ရက်နေ့မှာ Southern Monitor က စုစည်းထားတဲ့အချက်အလက်များကို အခုလိုထုတ်ပြန်ခဲ့ပါတယ်။
"၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စစ်ကောင်စီတပ်ဖွဲ့များနဲ့ လက်အောက်ခံအဖွဲ့အစည်းများရဲ့ လက်ချက်ကြောင့် အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းတွေ့ရှိရပါတယ်။၂၀၂၃ ခုနှစ်။ ဖေဖော်ဝါရီလအတွင်း ထားဝယ်မြို့နယ်မှာ နေအိမ် (၄) လုံး၊ လောင်းလုံးမြို့နယ်မှာ (၁)လုံးနဲ့ ပုလောမြို့နယ်မှာ (၂၀၁) လုံး၊ စုစုပေါင်း နေအိမ် (၂၀၆)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်"လို့ဆိုပါတယ်။
မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ခြင်း၊ နှစ်ဘက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နေအိမ်များကို မီးရှို့ခြင်း၊ စစ်ကြောင်းများ ဝင်ရောက် လာပြီးနောက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရစဉ် နေအိမ်များ မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းတွေ့ရတယ်လို့အစီရင်ခံစာကဆိုပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment