၂၀၂၃ မတ်လ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet တို့တွေ့ဆုံ
📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်များမှ ကျုးလွန်ထားသောအမှုများကို တစ်ခုမှမချန်ထားခဲ့ဘဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန်အားလုံးမှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPHမှ ကိုယ်စားလှယ် (၂) ဦးနှင့် အကြံပေး (၁) ဦးတက်ရောက်ခဲ့
📌 ၄။ စစ်တပ်၏ အခြေအမြစ်မရှိသော ကတိများဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လိမ်လည်လှည့်ဖြားခြင်း မခံရစေရန်အရေးကြီးတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၅။ ရေးမြို့နယ်၊ အောင်သာယာကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ အမှတ် ၃၁၇ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၇၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး
📌 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကြောင့် ဖေဖော်ဝါရီတစ်လလုံး ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာမှ စုစုပေါင်းနေအိမ် ၃၀၂ လုံးထိ မီးလောင်ပျက်ဆီးဆုံးရှုံး
📌 ၇။ “EOD မှ စီမံကိန်းအားလုံး ယနေ့အချိန်ထိ စုစုပေါင်း ဒေါ်လာသန်း ၉၀ ခန့် ရောင်းချပေးခဲ့ရပြီးဖြစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet တို့တွေ့ဆုံ
မတ်လ၉
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် တွေ့ဆုံခဲ့ကြောင်းကို မတ်လ၉ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က Twitter ကနေတဆင့် အသိပေး ရေးသားထားပါတယ်။
“ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့်နဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုများနှင့်ဘားမားအက်ဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ဆွေးနွေးခဲ့ပါတယ်”လို့ရေးသားဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ လများလည်း အမေရိကန်နိူင်ငံခြားရေးဒုဝန်ကြီး ဝင်ဒီရှားမန်းနဲ့ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောက်တို့ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အာဏာရှင်များမှ ကျုးလွန်ထားသောအမှုများကို တစ်ခုမှမချန်ထားခဲ့ဘဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန်အားလုံးမှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား
မတ်လ၉
မတ်လ၈ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန၊ပြည်ထောင်စု၀န်ကြီး ဒေါက်တာဆာဆာမှအခုလို ထည့်သွင်းဆိုခဲ့ပါတယ်။
"မြန်မာပြည်သူလူထုများ တရားမျှတမှုမရမချင်း အပြည်ပြည်ဆိုင်ရာဥပဒေလမ်းကြောင်းမှတစ်ဆင့် အကြမ်းဖက်စစ်အာဏာရှင်များကို အရေးယူရန်သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအစိုးရများ၊ အဖွဲ့အစည်းများတွင် တာ၀န်ရှိနေပြီး မြန်မာနိုင်ငံပြည်တွင်းမှာလည်း အကြမ်းဖက်စစ်အာဏာရှင်များမှ ကျုးလွန်ထားသောအမှုများကို တစ်ခုမှမချန်ထားခဲ့ဘဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် ကျွန်တော်တို့အားလုံးမှာ တာ၀န်ရှိနေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။
လွန်ခဲ့သော(၂၄)လအတွင်း အကြမ်းဖက်စစ်အာဏာရှင်များသည် ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်းနှင့် ပြည်သူ့အသက်အိုးအိမ်ကို မီးရှို့ခြင်းစသည်တို့ကို လက်နက်သဖွယ် အသုံးပြုပြီး မြန်မာအမျိုးသမီးနှင့် ကလေးများ အများဆုံးပါ၀င်သော လူဦးရေ(၁.၆)သန်းထက်မနည်းကို အိုးမဲ့အိမ်မဲ့ဖြစ်စေခြင်း၊အိုးအိမ်(၅)သောင်းထက်မနည်း မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့်ကလေးများ အများဆုံးပါ၀င်သည့် မြန်မာ့လူဦးရေ (၁၇)သန်းထက်မနည်းကို အငတ်ဘေးနှင့် ရင်ဆိုင်စေခြင်းစသည့် ရာဇ၀တ်မှုများကို ကျူးလွန်လျှက်ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ၏ နှစ်ပတ်လည်ဖိုရမ်သို့ CRPHမှ ကိုယ်စားလှယ် (၂) ဦးနှင့် အကြံပေး (၁) ဦးတက်ရောက်ခဲ့
မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ၏ နှစ်ပတ်လည်ဖိုရမ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ကိုယ်စားလှယ် (၂) ဦးနှင့် အကြံပေး (၁) ဦးတို့ သွားရောက်တက်ရောက်ခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ၏ နှစ်ပတ်လည်ဖိုရမ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားနိုင်ရေး ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းမှုများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် CRPHကတိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
ဆွေးနွေးပွဲမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက် က “MPs at Risk” ဆွေးနွေးပွဲတွင် “ရွေးကောက်ခံမြန်မာလွှတ်တော်ကိုယ်စားလှယ်များ၏ စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။
ထိုသို့ ဆွေးနွေးရာတွင် အကြမ်းဖက်စစ်တပ်က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပေါ် ကျူးလွန်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဖမ်းဆီးသတ်ဖြတ်ခဲ့မှုအခြေအနေများကို မျှဝေဆွေးနွေးခဲ့ပြီး အကြမ်းဖက်ခံရမှုများကြားမှ မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားနိုင်ရေး ဒီမိုကရေစီအင်အားစုများ၏ ကြိုးပမ်းမှုများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကသတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၄။ စစ်တပ်၏ အခြေအမြစ်မရှိသော ကတိများဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လိမ်လည်လှည့်ဖြားခြင်း မခံရစေရန်အရေးကြီးတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မတ်လ၉
နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ လုံခြုံရေးကောင်စီတွင် ယင်းကောင်စီ၏ ဆုံးဖြတ်ချက်အဆို (၁၃၂၅) အား အတည်ပြုချမှတ်မှု (၂၅) နှစ် တင်းတင်းပြည့်မြောက်သည့် နှစ်ပတ်လည် အထိမ်းအမှတ် ဆွေးနွေးပြောကြားရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုဆိုလိုက်ပါတယ်။
"စစ်တပ်၏ အခြေအမြစ်မရှိသော ကတိများဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လိမ်လည်လှည့်ဖြားခြင်း မခံရစေရန် သတိချပ်ရမည်မှာ အရေးကြီးပါကြောင်း၊ စစ်တပ်သည် နိုင်ငံတကာပြစ်မှုများကို ကျူးလွန်နေပြီး အကြမ်းဖက်မှုများကို ဖန်တီးကာ ပြည်သူများ၏ နေအိမ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့်အပြင် ပြည်သူများကို မတရားဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကိုပါ ကျူးလွန်နေပါကြောင်း၊ပြည်သူများ၏ ဆန္ဒနှင့် သန္နိဌာန်ချထားမှုတို့မှာ ရှင်းလင်းတိကျပြတ်သားကြောင်း၊ စစ်အာဏာရှင်စနစ် ကျဆုံးချိန်အထိ၊ ဒီမိုကရေစီပြန်လည်ထွန်းကားလာသည်အထိ၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်သည်အထိ မိမိတို့၏ ခုခံတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း"ဆိုပါတယ်။
ထို့ကြောင့် လုံခြုံရေးကောင်စီအနေဖြင့် ရှိနှင့်ပြီးသော လုပ်ဆောင်နိုင်သည့် လုပ်ပိုင်ခွင့်များအားလုံး ကို အသုံးပြုကာ မြန်မာပြည်သူများ၏ မျှော်မှန်းချက်ပြည့်ဝနိုင်စေရေးအတွက် ခိုင်မာသောလုပ်ဆောင်ချက် များကို ချမှတ်ဖော်ဆောင်ပေးရန် တောင်းဆိုလိုကြောင်းသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်လောင်းဆိုပါတယ်။
========================
📌📌 ၅။ ရေးမြို့နယ်၊ အောင်သာယာကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ အမှတ် ၃၁၇ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ အသက် ၇၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံး
မတ်လ ၈ ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကအခုလို အသိပေးဖော်ပြပါတယ်။
မတ်လ ၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သာယာကျေးရွာကို အကြမ်းဖက်စစ်အုပ်စု၏ အမှတ် ၃၁၇ အမြောက်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီးကျည်စမှာ ကျေးရွာအတွင်း နေထိုင်သော အသက် ၇၈ နှစ်အရွယ် ဒေါ်ထုမူး၏ ဝမ်းဗိုက်အား ထိမှန်၍ ဒဏ်ရာရရှိခဲ့ပြီးဆေးကုသခဲ့သော်လည်း မတ်လ ၆ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန်တွင် သေဆုံးခဲ့တယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၁၁၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကြောင့် ဖေဖော်ဝါရီတစ်လလုံး ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာမှ စုစုပေါင်းနေအိမ် ၃၀၂ လုံးထိ မီးလောင်ပျက်ဆီးဆုံးရှုံး
မတ်လ၉။
မတ်လ၉ရက်မှာကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ကအခုလို အသိပေးဆိုပါတယ်။
"ဖေဖော်ဝါရီလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လူသတ်မီးရှို့ လုပ်ရပ်များကြောင့် ကန့်ဘလူမြို့နယ် ကျေးရွာ ၅ ရွာမှ နေအိမ် ၂၆၇ လုံး နှင့် ကျွန်းလှမြို့နယ် ကျေးရွာ တစ်ရွာမှ နေအိမ် ၃၅ လုံးမီးလောင်ပြာကျခဲ့ပါတယ်။ ဖေဖော်ဝါရီတစ်လလုံး ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာ ၆ ရွာမှ စုစုပေါင်းနေအိမ် ၃၀၂ လုံးထိ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်၊ကိုးတောင်ဘို့ဈေးအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြသဖြင့် ၆ ပေပတ်လည် ဆိုင်ခန်း ၃၇၁ ခန်းနှင့် ဘူတာအနီး ဈေးဆိုင်တန်း ၅၀ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။
၎င်းအပြင် ခမရ-၃၆၈နှင့် ပျူစောထီးစစ်ကြောင်းသည် ထန်းကုန်းတိုက်နယ် ကိုင်းရိုးရွာမှ စစ်ဘေးရှောင်ပြည်သူနှစ်ဦးအား ရက်ရက်စက်စက်အကြမ်းဖက်မီးရှို့သတ်ဖြတ်ခဲ့ကြပြီး၊စစ်ကောင်စီတပ်နှင့်ပျူစောထီးများထောင်ထားသည့် မိုင်းကြောင့် ထန်းကုန်းတိုက်နယ်၊သင်ပေါင်းကျင်းရွာနှင့် ညောင်ဇင်လေးရွာမှ ပြည်သူ ၇ ဦးနှင့် ဂွေးကုန်းရွာမှဈေးသည်လင်မယားအပါအဝင် စုစုပေါင်း ၉ဦး ထိခိုက်ခဲ့
ရာသင်ပေါင်းကျင်းရွာမှ အသက်မပြည့်သေးသည့် ၁၅နှစ်အရွယ် ကလေးတစ်ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၇။ “EOD မှ စီမံကိန်းအားလုံး ယနေ့အချိန်ထိ စုစုပေါင်း ဒေါ်လာသန်း ၉၀ ခန့် ရောင်းချပေးခဲ့ရပြီးဖြစ်
မတ်လ ၉
EOD မှ စီမံကိန်းအားလုံး ယနေ့အချိန်ထိ စုစုပေါင်း ဒေါ်လာသန်း ၉၀ ခန့် ရောင်းချပေးခဲ့ရပြီးဖြစ်တယ်လို့ EOD စီမံကိန်းများမှာ ဘဏ္ဍာငွေရှာဖွေရေးအတွက် ဆက်လက်ရောင်းချပေးနေသော စီမံကိန်းများကို မိတ်ဆက်ရင်းအသိပေးဆိုထားပါတယ်။
"EOD စီမံကိန်းတွေကို အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ (၁၄)အင်းယား အိမ်နဲ့ခြံကို အစုရှယ်ယာအဖြစ် ထုတ်ရောင်းတာက စတင်ခဲ့ကြပါတယ်။ တော်လှန်ရေးမှာ ဘဏ္ဍာရံပုံငွေရဲ့ အထူးအရေးပါမှုကို သိနားလည်ပြီး တော်လှန်ပြည်သူတွေ တခဲနက် လိုက်ပါခဲ့ကြပါတယ်။ မင်းအောင်လှိုင် မတရားရယူထားတဲ့ ၆မိုင်ခွဲက အိမ်နဲ့ခြံကို ထပ်တိုးရှယ်ယာများအဖြစ်ရော၊ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ အကြမ်းဖက်စစ်တပ်က မတရား ရယူထားတဲ့ မြေနေရာများကို အိမ်ခြံမြေကွက်များ၊ စီးပွါးရေးလုပ်ကိုင်နိုင်သော မြေကွက်များ၊ အသင့်ဆောက်လုပ်ပေးမည့် ကွန်ဒိုတိုက်ခန်းများ၊ တန်ဖိုးသင့်တိုက်ခန်းများ အဖြစ်ရောင်းချပေးခဲ့ရာ စီမံကိန်းအားလုံးမှ ယနေ့အချိန်ထိ စုစုပေါင်း ဒေါ်လာသန်း ၉၀ ခန့် ရောင်းချပေးခဲ့ရပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
EOD စီမံကိန်းများမှာ ဘဏ္ဍာငွေရှာဖွေရေးအတွက် ဆက်လက်ရောင်းချပေးနေသော စီမံကိန်းများရှိနေသေးပြီးပြည်သူများမှ မိမိတို့၏ ခွန်အားရှိသမျှ အစွမ်းကုန် ထည့်သွင်းပြီး နွေဦးပန်းတိုင်ရောက်သည်အထိ ချီတက်ကြဖို့
EODကအသိပေးနှိုးဆော်ထားပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment