၂၀၂၃ ဧပြီလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေးအင်အားစုအားလုံး ဖက်ဒရယ်အကျိုးကို ဦးတည်ပြီး ဆောင်ရွက်ကြဖို့ ပြည်ထဲရေးဝန်ကြီးတိုက်တွန်း
📌 ၂။ နွေဦးတော်လှန်ရေး မုချအောင်မြင်လိမ့်မယ်လို့တစ်ထစ်ချယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးပြောကြား
📌 ၃။ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေနဲ့ ကလေးငယ်အတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၄။ စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ်ရှိခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား
📌 ၅။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှာ ပျူစောထီများ ရေကစားနေစဥ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၍ ၇ဦးသေဆုံးကာ အယောက်၃၀ကျော်ထိခိုက်
📌 ၆။ သင်္ကြန်အကြိုနေ့ ပခုက္ကူ တပ်မ ၁၀၁ တပ်ကို Special Guerilla Force -SGF - Pakokku တပ်ဖွဲ့မှ ၈၈ မမ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ရာစကစတပ်က နှစ်ဦးသေဆုံး
📌 ၇။ ကရင်ပြည်နယ် ကျောက်မိုင်း BGF စခန်းကုန်းအား Sniper ဖြင့် ပစ်ခတ်ခဲ့ရာ စကစလက်အောက်ခံ (၃)ဦး သေဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေးအင်အားစုအားလုံး ဖက်ဒရယ်အကျိုးကို ဦးတည်ပြီး ဆောင်ရွက်ကြဖို့ ပြည်ထဲရေးဝန်ကြီးတိုက်တွန်း
ဧပြီ၁၄
ဧပြီ၁၃ရက်နေ့ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ ကျင်းပပြုလုပ်သည့် (၂) နှစ်ပြည့် ချင်းအမျိုးသားနွေဦးတော်လှန်ရေးနေ့မှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အခုလိုတိုက်တွန်းပြောကြားလိုက်ပါတယ်။
"ကျနော်တို့ရဲ့ပန်းတိုင်က အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဖက်ဒရယ် ဒီမိုကရေစီ နိူင်ငံသစ်ကိုတည်ဆောက်ကြဖို့ဖြစ်ပါတယ်။သို့သော်လည်း ပန်းတိုင်ကိုအောင်ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေအများကြီးရှိပါတယ်။ဒီလိုအခက်အခဲတွေ ကြုံတွေ့ရတဲ့အခါမှာ ဖက်ဒရယ်အကျိုးကို ဦးတည်ပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ဒီတော်လှန်ရေးမှာ ကျနော်တို့တိုက်နေတာဟာ ကျနော်တို့အတွက်မဟုတ်ပါဘူး။ကျနော်တို့တိုက်နေတာဟာ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကဏ္ဍ၆ရပ်ကို မဟာဗျူဟာချမှတ်ဆောင်ရွက်နေပြီး တိုင်းရင်းသားအင်အားစုအားလုံးနဲ့လက်တွဲပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၂။ နွေဦးတော်လှန်ရေး မုချအောင်မြင်လိမ့်မယ်လို့တစ်ထစ်ချယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးပြောကြား
ဧပြီ၁၄ရက်
ဧပြီ၁၃ရက်နေ့ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ မှ ကျင်းပပြုလုပ်သည့် (၂) နှစ်ပြည့် ချင်းအမျိုးသားနွေဦးတော်လှန်ရေးနေ့မှာ နွေဦးတော်လှန်ရေး မုချအောင်မြင်လိမ့်မယ်လို့တစ်ထစ်ချယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။
"နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ကတော့ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအကိုမောင်နှမတွေအားလုံး လက်တွဲ ပြီးတော့မှ ဆင်နွှဲတဲ့တော်လှန်ရေးဖြစ်တယ်။ဒီလို တိုင်းရင်းသား ညီအကိုမောင်နှမတွေအားလုံး လက်တွဲ ဆင်နွှဲခဲ့တဲ့တော်လှန်ရေး ဖြစ်တဲ့အတွက်လည်း ဒီတော်လှန်ရေး မုချအောင်မြင်လိမ့်မယ်လို့တစ်ထစ်ချယုံကြည် ခြင်းလည်းဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးနဲ့လက်တွဲ ဆောင်ရွက်နိူင်ဖို့ နိူင်ငံရေးဆိုင်ရာ အခြေခံ သဘောတူညီချက်တွေလည်း ရှိနေပြီးဖြစ်တယ်လို့ နားလည်ယုံကြည်ကြောင်း ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၃။ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတဲ့ ပြည်သူတွေနဲ့ ကလေးငယ်အတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို
ဧပြီ၁၄ရက်
ဦးအောင်မျိုးမင်းက ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတဲ့ပြည်သူတွေနဲ့ ကလေးငယ်အတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်လို့ NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကဧပြီ၁၄ရက်မှာပြောကြားခဲ့ပါတယ်။
"အရင်တုန်းကတော့ ဒီလိုအချိန်မှာ သကြန်သီချင်းလေးတွေနားထောင်သံချပ်တွေအားပေးနဲ့ပေါ့။အခုတွေ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရတဲ့ပြည်သူတွေ ကလေးငယ်အတွက် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်" လို့ဝန်ကြီးကဆိုပါတယ်။
ဧပြီ၁၁ရက်နေ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူ၁၆၈ဦးထဲတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး ပါဝင်တယ်လို့သိရပါတယ်။
========================
📌📌 ၄။ စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ်ရှိခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား
ဧပြီ၁၄
စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိပြီး လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ်ရှိခဲ့တယ်လို့ ကုလသမဂ္ဂရုံးချုပ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောဆိုခဲ့ပါတယ်။
ဧပြီ၁၃ရက် ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီး ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်း မီဒီယာများသို့ ရှင်းလင်းပြောကြားသည့် အစီအစဉ်ကို နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Barbara Woodward နှင့်အတူ ရှင်းလင်းပြောကြားခဲ့ပါတယ်။
"၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအတွင်း၌ စစ်တပ်မှ ကျူးလွန်ထားသည့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅၆) ခုရှိကြောင်း၊ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့် အချိန်မှစတင်၍ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုက်အဝန်းတို့က စစ်တပ်အား အကြမ်းဖက်မှုများရပ်တန့်ရန် ကြိမ်ဖန်များစွာ တောင်းဆိုလျက်ရှိစေကာမူ စစ်တပ်သည် မြန်မာပြည်သူများ အပေါ် အကြမ်းဖက်စစ်မက်ပြုလုပ်ခြင်းကို ဆက်လက်အရှိန်အဟုန် မြှင့်တင်လျက်ရှိသည်ကို ၎င်းတို့ အစဉ်တစိုက်ကျူးလွန်လျက်ရှိသော တိုက်ခိုက်မှုများမှတဆင့် အတိအလင်းပြသနေကြောင်း"သံအမတ်ကြီးကဆိုပါတယ်။
အလားတူ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ်ပြောကြားရာတွင်-
"ယခုလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ၎င်းတို့ ကျူးလွန်သည်ဟု ဝန်ခံခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် ကလေးငယ်များနှင့် လက်နက်မဲ့အရပ်သားပြည်သူ များအပေါ် ထိုကဲ့သို့သော သရဲဘောကြောင်စွာ တိုက်ခိုက်ခြင်းအား ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုတ်ချကြောင်း၊ ယင်းလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ယင်းပြစ်မှုအတွက် မည်သို့မျှ ခုခံချေပနိုင်သည့် အကြောင်းအရင်းခံမရှိကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ဖော်ပြပါ တိုက်ခိုက်မှုကို ရှုတ်ချကန့်ကွက်ရန်နှင့် လုံခြုံရေးကောင်စီမှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အား စစ်တပ်မှ အပြည့်အဝအကောင်အထည်ဖော်ရန် တောင်းဆိုရမည်ဟု ယုံကြည်ကြောင်း၊ သို့ရာတွင် လုံခြုံရေးကောင်စီအနေဖြင့် ထိုသို့လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပေါ် စိုးရိမ်ကြောင်း၊ ဗြိတိန်နိုင်ငံ အနေဖြင့်မူ စစ်တပ်မှ မြန်မာပြည်သူများအပေါ် ဖိနှိပ်ခဲ့သည့် လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ရရာနည်းလမ်းဖြင့် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။
========================
📌📌 ၅။ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှာ ပျူစောထီများ ရေကစားနေစဥ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၍ ၇ဦးသေဆုံးကာ အယောက်၃၀ကျော်ထိခိုက်
ဧပြီ၁၄ရက်
ဧပြီ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့၊ ညနေ ၅ နာရီကျော်အချိန်၌ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှာ ပျူစောထီများ ရေကစားနေစဥ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်၍ ၇ဦးသေဆုံးကာ အယောက်၃၀ကျော်ထိခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါ ကြွယ်ပုံကျေးရွာ ပျူစောထီးများဟာ မူးယစ်သောက်စား၍ ရေကစားနေစဉ် Droneနဲ့တိုက်ခိုက်ခံရတာလို့ဒေသခံ သတင်းအရင်းအမြစ်တွေကအတည်ပြုဆိုထားပါတယ်။ စကစရဲ့ သင်္ကြန်မှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့တော်လှန်ရေးအင်အားစုများက အသိပေးကြေညာထားပါတယ်။
========================
📌📌 ၆။ သင်္ကြန်အကြိုနေ့ ပခုက္ကူ တပ်မ ၁၀၁ တပ်ကို Special Guerilla Force -SGF - Pakokku တပ်ဖွဲ့မှ ၈၈ မမ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ရာစကစတပ်က နှစ်ဦးသေဆုံး
ဧပြီ၁၄ရက်
သင်္ကြန်အကြိုနေ့ ပခုက္ကူ တပ်မ ၁၀၁ တပ်ကို Special Guerilla Force -SGF - Pakokku တပ်ဖွဲ့မှ ၈၈ မမ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ရာစကစတပ်က နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဧပြီ၁၃ရက် နံနက် ၉ နာရီ တပ်တွင်း သင်္ကြန်ပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့တာလို့ Special Guerilla Force -SGF - Pakokkuကအတည်ပြုဆိုထားပါတယ်။
တိုက်ခိုက်မှုမှာ စကစတပ်က နှစ်ဦးသေဆုံးကာအများအပြားထိခိုက်ခဲ့တယ်လို့သိရပါတယ်။ လတ်တလောမှာ တပ်တွင်း သင်္ကြန်ပွဲလည်းရပ်နားသွားတယ်လို့ သတင်းရရှိပါတယ်။ စကစဟာ သင်္ကြန်ပွဲတော်ကို စည်ကားသယောင်နိူင်ငံတကာကိုပြသ၍ နိူင်ငံရေးအကျိုးအမြတ် ထုတ်ယူရန်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။
========================
📌📌 ၇။ ကရင်ပြည်နယ် ကျောက်မိုင်း BGF စခန်းကုန်းအား Sniper ဖြင့် ပစ်ခတ်ခဲ့ရာ စကစလက်အောက်ခံ (၃)ဦး သေဆုံးခဲ့
ကရင်ပြည်နယ် ကျောက်မိုင်း BGF စခန်းကုန်းအား Sniperဖြင့် ပစ်ခတ်ခဲ့ရာ စကစလက်အောက်ခံ (၃)ဦး သေဆုံးခဲ့ကြောင်းကို ဧပြီ၁၃ရက်နေ့က စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့တာလို့ ကော်ပရာစစ်ကြောင်းကအတည်ပြုဆိုပါတယ်။
"ဧပြီ၁၃ရက်တွင် ကျောက်မိုင်း BGF စခန်းကုန်းအား Sniperဖြင့် ပစ်ခတ်ခဲ့ရာ စကစလက်အောက်ခံ (၃)ဦး သေဆုံးခဲ့ပါတယ်။ ရန်သူမှ တနေကုန် မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ဧပြီ၁၂ရက်တွင်လည်း BGFသိန်းတန်ကုန်းအား တက်ရောက်သိမ်းပိုက်နိုင်ခဲ့ကာ ရန်သူဘက်မှ ၁၀ဦး သေဆုံး၍ အများအပြား ဒဏ်ရာရခဲ့ပါတယ်။
တိုက်ပွဲတွင်လက်နက် (၁၁) လက်၊ ရှေ့ထွက်မိုင်း ၂လုံး၊ ကျည်အိမ်၊ နင်းမိုင်း ၁ လုံး၊5.56 (၅၈၄)တောင့်၊ 7.62ကျည် (၇၅)တောင့်၊ အေကေကျည်ဘောက်(၂)ခု၊ HKကျည်ဘောက် (၅) ခု၊ ကာဘိုင်ကျည်ဘောက်(၂)ခု၊ M၁၆ကျည်ဘောက် (၄)ခု သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment