၂၀၂၃ ဧပြီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တစ်နေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် အားထုတ်ကြိုးပမ်းနေတယ်လို့ ယာယီသမ္မတအသိပေး
📌 ၂။ ဆိုးရွားသည့်စစ်အာဏာရှင်စနစ်ဟောင်းမှ ပြည်သူတို့ လိုလားသည်ဒီမိုကရေစီစနစ်သစ်၊ ဖက်ဒရယ်နိုင်ငံတော်သစ်သို့ ကူးပြောင်းရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
📌 ၃။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအုပ်စုရှိ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းစာရှင်းလင်းပွဲကျင်းပမယ်.
📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၅။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူများထဲ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး ပါဝင်
📌 ၆။ လားရှိုးမြို့ ရန်တိုင်းအောင်မဏ္ဍပ်အနီး ဗုံးကွဲမှုလေးဦးသေဆုံး
📌 ၇။ ဟားခါးမြို့ကို ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့လာသည့် တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း အားလုံးတိုက်ခိုက်ခံရ
📌 ၈။ မိုးကုတ်မြို့အရှေ့ပိုင်း ပြောင်ခေါင်းလေးကျေးရွာ တပ်မ (၈၈) စကစ အထိုင်တပ်စခန်းအား PDF စစ်ကြောင်းသုံးကြောင်းနဲ့ ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ရာ ၁၄ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တစ်နေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် အားထုတ်ကြိုးပမ်းနေတယ်လို့ ယာယီသမ္မတအသိပေး
အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တစ်နေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် အားထုတ်ကြိုးပမ်းနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ အသိပေးပြောကြားလိုက်ပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာရှိ ပြည်သူလူထုများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"အခုလိုဖြစ်ရပ်တွေက ကျွန်တော်တို့အားလုံးကို ဆထက်ထမ်းပိုး ဆက်လက်အားထုတ် တိုက်ပွဲဝင်သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်ပါတယ်။ ကြေကွဲစရာဆုံးရှုံးမှုများအတွက် အလဟဿမဖြစ်စေရဘူးဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက်ပြောကြားလိုက်ပါတယ်။ အခုလိုရက်စက်ယုတ်မာမှုများ မဝေးတော့တဲ့တစ်နေ့မှာ လုံးဝရပ်ဆိုင်းသွားအောင် ကျွန်တော်တို့ နေ့စဉ်နဲ့အမျှ အချိန်တိုင်း အားထုတ်ကြိုးပမ်းနေကြပါတယ်။ ဆက်လက်ပြီး ပိုမိုအားထုတ်ကြိုးပမ်းသွားပါ့မယ်ဆိုတာ ပြည်သူများကို ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူများထဲ ဧပြီ၁၃ရက်နေ့၊ နေ့လည်(၁၂း၀၀) နာရီအချိန်အထိ သေဆုံးသူဦးရေ (၁၆၈) ဦးအထိ အတည်ပြုနိုင်ခဲ့ပြီး အမျိုးသား(၁၂၁)ဦးနှင့် အမျိုးသမီး ၄၇ ဦးရှိပြီ ဖြစ်ပါတယ်။
========================
📌📌 ၂။ ဆိုးရွားသည့်စစ်အာဏာရှင်စနစ်ဟောင်းမှ ပြည်သူတို့ လိုလားသည်ဒီမိုကရေစီစနစ်သစ်၊ ဖက်ဒရယ်နိုင်ငံတော်သစ်သို့ ကူးပြောင်းရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား
ဆိုးရွားသည့်စစ်အာဏာရှင်စနစ်ဟောင်းမှ ပြည်သူတို့ လိုလားသည့် ဒီမိုကရေစီစနစ်သစ်၊ ဖက်ဒရယ်နိုင်ငံတော်သစ်သို့ ကူးပြောင်းရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြားလိုက်ပါတယ်။
ဧပြီ ၁၃ရက်မှာ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နှစ်သစ်ဆုတောင်းစကားဆိုထားပါတယ်။
"သင်္ကြန်နှစ်သစ်ကူးကာလသည် မြန်မာပြည်သူများအတွက် ထူးခြားသည့် အခါသမယဖြစ်ပါတယ်။ သို့သော်လည်းစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရက်များကြောင့် တိုင်းရင်းသား ပြည်သူအများအိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း၊ နေအိမ်များမီးရှို့ခံရခြင်း စသည့်ဖြစ်ရပ်တို့ဖြင့် စိတ်မချမ်းမြေ့ဖွယ်ရာကာလ ဖြစ်နေသည်မှာ စိတ်မကောင်းဖွယ်ရာပင်ဖြစ်ပါတယ်။ သင်္ကြန်ကာလသည် နှစ်ဟောင်းမှ နှစ်သစ် ကူးပြောင်းသည့် ကာလဖြစ်သည့်အားလျော်စွာ ဆိုးရွားသည့် စစ်အာဏာရှင်စနစ်ဟောင်းမှ ပြည်သူတို့ လိုလားသည့် ဒီမိုကရေစီစနစ်သစ်၊ ဖက်ဒရယ်နိုင်ငံတော်သစ်သို့ ကူးပြောင်းရရှိနိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်ကြောင်းနဲ့ မြဲမြံသော တော်လှန်ရေးသစ္စာဖြင့် ပြည်သူအများသို့ သင်္ကြန်နှုတ်ခွန်းဆက်စကားပါးအပ်ပါတယ်"လို့ဆိုထားပါတယ်။
ဧပြီ ၁၃ရက်နေ့ စစ်ကောင်စီကျင်းပတဲ့ အတာသင်္ကြန်ပွဲတော်နဲ့ မဏ္ဍပ်များကို နယ်မြို့များမှာ လူအများမသွားသလောက်နည်းပါးခဲ့ပါတယ်။
========================
📌📌 ၃။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအုပ်စုရှိ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းစာရှင်းလင်းပွဲကျင်းပမယ်.
ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအုပ်စုရှိ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရကသတင်းစာရှင်းလင်းပွဲကျင်းပမယ်လို့ သိရပါတယ်။
ဧပြီ ၁၃ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအုပ်စုရှိ ပဇီကြီးရွာတွင် ပြည်သူ့အုပ်ချုပ်ရေးရုံးသစ်တက် အလှူအတန်းလုပ်နေချိန် အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၁၁ရက် ရက်နေ့ နံနက် ၇:၃၀ မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲခဲ့ပြီး MI35 ရဟတ်ယာဉ်နဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ့နေ့ ညနေ ၅း၄၅ မှာလည်း ကူညီကယ်ဆယ်နေသူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုကို နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်ခဲ့ပါတယ်။
ဧပြီ ၁၃ရက်နေ့အထိရရှိတဲ့ အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်အနက် ပထမအကြိမ်ပစ်ခတ်မှုမှာ စုစုပေါင်း (၁၆၅) ဦး သေဆုံးခဲ့ပြီး ကျား၊ မ၊ ကလေး ခွဲခြားရရှိသမျှမှာ အမျိုးသမီး (၂၇) ဦး၊ အသက်(၁၈) နှစ်အောက် ကလေး ကျား (၈) ဦး၊ မ (၁၁) ဦး ပါဝင်ပါတယ်လို့သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူဦးရေများကို ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာန ဆေးတပ်ဖွဲ့တွေက ကုသပေးလျက်ရှိပြီး (၁၇) ဦးမှာ အကြီးစားခွဲစိတ်မှုများ ပြုလုပ်ထားရပြီး စိုးရိမ်ရ အနေအထားမှာ ရှိနေတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၄။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဧပြီ ၁၃ရက် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေဆုံဆွေးနွေးမှု အစည်းအဝေး (၁၄/၂၀၂၃) ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးခူးထဲဘူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တွဲဖက်အမြဲတမ်းအတွင်းဝန်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး တက်ရောက်လာသော ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် ကိစ္စရပ်များနှင့်လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။
အစည်းအဝေးသို့ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလှိုင်မြင့်ဟန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူများထဲ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး ပါဝင်
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူများထဲ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး ပါဝင်တယ်လို့သိရပါတယ်။
ဧပြီ ၁၃ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက နောက်ဆက်တွဲသတင်းတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
စာရင်းကောက်ယူရရှိမှုများအရ ဧပြီ၁၃ရက်နေ့၊ နေ့လည်(၁၂း၀၀) နာရီအချိန်အထိ သေဆုံးသူဦးရေ (၁၆၈) ဦးအထိ အတည်ပြုနိုင်ခဲ့ပြီး အမျိုးသား(၁၂၁)ဦးနှင့် အမျိုးသမီး (၄၇)ဦးပါဝင်ပါတယ်။
သေဆုံးသူများတွင် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး ပါဝင်ကာ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူ (၃၀၀)ဦးခန့်ရှိပြီဖြစ်ပါတယ်။
ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရလူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အကန့် အသတ်များစွာ ရှိနေပြီး ရုပ်အလောင်းအစအနများကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအနီးတဝိုက် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများရှိနေတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ လားရှိုးမြို့ ရန်တိုင်းအောင်မဏ္ဍပ်အနီး ဗုံးကွဲမှုလေးဦးသေဆုံး
ရှမ်းပြည်နယ် လားရှိုးမြို့အဝင် ရန်တိုင်းအောင်မဏ္ဍပ် ဗုံးကွဲမှုအမျိုးသားလေးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၃ရက် မနက် ၁၁နာရီ၄၀အချိန်မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံများကဆိုပါတယ်။
"တစ်လုံးထဲတော့မဟုတ်ဘူး။ ပေါက်ကွဲတာကြောင့် လတ်တလောလေးဦးသေတယ်။ ဒဏ်ရာရတာလည်း အတော်များကြတယ်" လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
ပေါက်ကွဲမှုမှာ လတ်တလော မည်သူလုပ်ဆောင်မှန်းမသိရသေးဘဲ ပေါက်ကွဲအားပြင်းထန်လို့ မီးလောင်မှုများပါ ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။
အလားတူ ဧပြီ၁၃ရက် မနက်ပိုင်းကလည်း သာကေတ ရုပ်ရှင်ရုံအနီးရှိ မော်တော်ပီကယ်အဆောက်အဦတွင်လည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။
========================
📌📌 ၇။ ဟားခါးမြို့ကို ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့လာသည့် တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း အားလုံးတိုက်ခိုက်ခံရ
ဟားခါးမြို့ကို ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့လာသည့် တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း အားလုံးတိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
ဧပြီ ၁၃ရက်နေ့မှာ စကစတပ်ရဲ့အင်အားအလုံးအရင်းကို ချင်းကာကွယ် ပူးပေါင်းတပ်ဖွဲ့များက မြေပြင်၊ဝေဟင် စစ်ဆင်ရေးများ ဆင်နွှဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အဆိုပါ စကစယာဥ်တန်းဟာ စစ်ကိုင်းတိုင်း ကလေးမြို့မှ မတ်လ ၇ နေ့ကတည်းက ထွက်ခွာလာခဲ့ခြင်းဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF/CNAက သတင်းထုတ်ပြန်ပါတယ်။
လမ်းခရီးပိုင်းတွင် ကာကွယ်ရေးတပ်များက ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီ၁၁ရက်နေ့တွင် တင့်ကားတစ်စီးနဲ့ စကစတပ်အင်အား တစ်ဝက်ကိုလျှော့ပစ်နိုင်ခဲ့ပြီး ဧပြီ ၁၄ရက်နေ့မှာ လုံးဝအင်အားမရှိတော့အောင် စကစတပ်များကို တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးစကစတပ်များ အင်အားတစ်ရာကျော်ရှိပြီး စကစတပ်ကလေကြောင်းပစ်ကူများအဆက်မပြတ် လုပ်ဆောင်နေတယ်လို့လည်းသတင်းရရှိပါတယ်။
========================
📌📌 ၈။ မိုးကုတ်မြို့အရှေ့ပိုင်း ပြောင်ခေါင်းလေးကျေးရွာ တပ်မ (၈၈) စကစ အထိုင်တပ်စခန်းအား PDF စစ်ကြောင်းသုံးကြောင်းနဲ့ ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ရာ ၁၄ဦးသေဆုံး
မိုးကုတ်မြို့အရှေ့ပိုင်း ပြောင်ခေါင်းလေးကျေးရွာတပ်မ (၈၈) စကစ အထိုင်တပ်စခန်းအား PDF စစ်ကြောင်းသုံးကြောင်းနဲ့ ပူးပေါင်းအဖွဲ့များ တိုက်ခိုက်ရာ ၁၄ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဧပြီ ၁၃ရက်မှာ စစ်ရေးသတင်းကို မိုးကုတ်ဗျူဟာ တပ်ရင်းအမှတ် ၁၂၂၂ က အသိပေးဆိုပါတယ်။
"ဧပြီ၁၂ ရက်နေ့တွင် မိုးကုတ်မြို့အရှေ့ပိုင်း ပြောင်ခေါင်းလေးကျေးရွာတပ်မ (၈၈) စကစ အထိုင်တပ်စခန်းအား PDF စစ်ကြောင်းသုံးကြောင်းဖြင့် မိုးကုတ်ဗျူဟာ တပ်ရင်းအမှတ် (၁၂၂၁ နှင့် ၁၂၂၂) တပ်ရင်းများမှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်စဉ်မှာ စကစ အထိုင်စခန်းသို့ စစ်ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ၁၄ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ ရှိပါတယ်"လို့ဆိုပါတယ်။
တိုက်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ ရန်သူ့စခန်းကို သိမ်းပိုက်ရန် ရည်ရွယ်ထားသော်လည်း အထိုင်စခန်းဖြစ်သည့်အတွက် ရန်သူ့ဖက်မှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်ခြင်း၊ ရန်သူ့ဖက်မှ စစ်ကူများစွာ ရောက်ရှိလာခဲ့ခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ဆင်ရေးမှာ အပြစ်မဲ့ပြည်သူများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံခဲ့ရသော ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အတွက် လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment