၂၀၂၃ ဧပြီလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာမှာ တိုးမဝင်နိုင် အောင် သံခင်းတမန်ခင်း စွမ်းရည်သုံးဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတမှာကြား
📌 ၂။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ပမ်းမှုဒဏ်နဲ့ လူအင်အား နည်းပါးလာမှုတွေကြောင့် စစ်တိုက်ဖို့ကို ငြင်းဆန်ပြီး လက်နက် ချလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးပြောကြား
📌 ၃။ စစ်ကောင်စီရဲ့ ကျူးလွန်မှုများအပေါ် အရေးမယူနိူင်တဲ့ နိူင်ငံတကာကို များစွာစိတ်ပျက်မိတယ်လို့ လူ့အခွင့်ရေး ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်ပြောကြား
📌 ၄။ မိုးဗြဲမြို့မှာ နံနက် ၆နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲများဖြစ်ပွား
📌 ၅။ ကန့်ဘလူမြို့နယ်တွင် ဧပြီလအတွင်း စစ်ရှောင်ပြည်သူ ၄ ဦးပိုးထိပြီး ၂ဦးအသက်ဆုံးရှုံးခဲ့ရ
📌 ၆။ "မြို့ထဲကိုစစ်ကားတွေ ဝင်လာပြီးကတည်းက" ကဗျာစာအုပ်ရောင်းချရငွေကို တော်လှန်ရေးအဖွဲ့(၃)ဖွဲ့ ကို လှူဒါန်းသွားမယ်
📌 ၇။ နွေဦးအင်းလျား ကွန်ဒိုကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာမှာ တိုးမဝင်နိုင် အောင် သံခင်းတမန်ခင်း စွမ်းရည်သုံးဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတမှာကြား
ဧပြီ၂၆ရက်
အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာမှာ တိုးမဝင်နိုင် အောင် သံခင်းတမန်ခင်း စွမ်းရည်သုံးဖို့ အစိုးရအဖွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလက ဧပြီ၂၅ရက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့ပါတယ်။
"အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာမှာ တိုးမဝင်နိုင် အောင် သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက်ကြိုးစားကြဖို့၊ နေ့စဉ် သတ်ဖြတ် ညှင်းဆဲခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝကို အမြဲ သတိရအောက်မေ့ပြီး နိုင်ငံတကာအသိုင်းအဝန်း တစ်ခုလုံး နားလည်သဘောပေါက်အောင် လုပ်ရပါမယ်။ နိုင်ငံတကာရဲ့ ကြားဝင် ဖြန်ဖြေမှုတွေကို အပြုသဘောဆောင်တယ်လို့ ယူဆပေမယ့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေတဲ့ အပြုအမူတွေကိုတော့ အပြင်းအထန် ကန့်ကွက်ရှုတ်ချပါတယ်"လို့ယာယီသမ္မတကဆိုပါတယ်။
လက်ရှိမှာ နိူင်ငံတကာထိပ်သီးအစည်းအဝေးများနဲ့ အာဆီယံ အဆင့်မြင့်အစည်းအဝေးများကို အကြမ်းဖက် စစ်ကောင်စီအား တက်ရောက်ခွင့်ပိတ်ပင်တားမြစ်ထားပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ပမ်းမှုဒဏ်နဲ့ လူအင်အား နည်းပါးလာမှုတွေကြောင့် စစ်တိုက်ဖို့ကို ငြင်းဆန်ပြီး လက်နက် ချလာကြတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးပြောကြား
ဧပြီ၂၆ရက်
ဧပြီ၂၅ရက်တွင်ကျင်းပခဲ့သော အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၆/၂၀၂၃မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးကဏ္ဍ အရှိန်အဟုန်ကလည်း ဒီလတွေ အတွင်းမှာ အတော်လေး အားရစရာ ကောင်းလောက်အောင်ကို အရှိန်မြင့်လာတာ တွေ့ရပါတယ်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ဆိုရင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၇၅ ဦးအထိ ကျဆုံးတာမျိုးကို ကြားသိရသလို ကရင်ပြည်နယ် ဘက်မှာဆိုရင်လည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ စစ်ပန်းမှုဒဏ်နဲ့ လူအင်အား နည်းပါးလာမှု တွေကြောင့် စစ်တိုက်ဖို့ကို ငြင်းဆန်ပြီး လက်နက် ချလာကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်"လို့ဆိုပါတယ်။
အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၄၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၆၄၉) ဦး သေဆုံး၍ (၇၅၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင်အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များစွာသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူနှင့် အတူ ရပ်တည်၍ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ အထိ စစ်သည် (၃၂၃၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၉၀၉၁) ဦး၊ စုစုပေါင်း (၁၂၃၂၇) ဦး နှင့်မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီရဲ့ ကျူးလွန်မှုများအပေါ် အရေးမယူနိူင်တဲ့ နိူင်ငံတကာကို များစွာစိတ်ပျက်မိတယ်လို့ လူ့အခွင့်ရေး ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်ပြောကြား
ဧပြီ၂၆ရက်
စစ်ကောင်စီရဲ့ ကျူးလွန်မှုများအပေါ် အရေးမယူနိူင်တဲ့ နိူင်ငံတကာကို များစွာစိတ်ပျက်မိတယ်လို့ လူ့အခွင့်ရေး ဒုတိယဝန်ကြီး ခွန်ဗဟန်းထန်က ဧပြီ၂၆ရက်မှာ ပြောကြားခဲ့ပါတယ်။
"ကုလသမ္မဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း နေပြည်တော်လာချိန် ဧပြီလ ၂၅ ရက် နေ့လယ်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း (ကယန်းဒေသ)ရှိ ဆောင်းဖွေး ဆေးရုံကို စစ်အာဏာရှင်လက်ပါးစေတွေက တိုက်လေယာဉ်နဲ့ အနည်းဆုံး ၃ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့သိရတယ်။အရင်ပတ်က ကရင်နီပြည်နယ် ဒီမောဆိုမြို့အနီးတစ်ဝိုက်မှာလည်း အရပ်ဘက်နေအိမ်တွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီး ဗုံးကြဲခဲ့တယ်။နိုင်ငံတကာအနေနဲ့ လက်ရှိမြန်မာနိုင်ငံ အနံ့အပြားမှာ စစ်ကောင်စီကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး War Crimes စစ်ရာဇဝတ်မှုနဲ့ Crime Against Humanity လူသားမျိုးနွယ်ပေါ် ပစ်မှုကျူးလွန်တာကို ထင်ထင်ရှားရှားတွေ့ပါလျက်နှင့် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မလုပ်နိုင်တဲ့အပေါ် တကယ်စိတ်ပျက်မိပါတယ်" လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီ၁၀ရက်နေ့ ချင်းပြည်နယ်ဝေဘူလမြို့သစ်ကို လေကြောင်းကဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ၉ဦးသေဆုံးခဲ့ပြီး ဧပြီ၁၁ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူ ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ရာ ၁၆၈ဦးသေဆုံးခဲ့ရပါတယ်။
========================
📌📌 ၄။ မိုးဗြဲမြို့မှာ နံနက် ၆နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲများဖြစ်ပွား
ဧပြီ၂၆ရက်
မိုးဗြဲမြို့မှာ နံနက် ၆နာရီဝန်းကျင်မှစတင်ကာ တိုက်ပွဲများဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။ ဧပြီ၂၆ရက် မနက်ပိုင်းကစတင်ကာ စကစတပ်နဲ့ ကာကွယ်ရေးတပ်များ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ KNDF / B-03 (Mobye)ကအသိပေးဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားသည့်အတွက်ပြည်သူများ အသွားအလာမပြုလုပ်ကြပါရန် သတိပေးထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်များဟာ ၂၀၂၃ ခုနှစ်အတွင်း ကရင်နီပြည်၊ ကရင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊ချင်းပြည်နယ် စတဲ့နေရာဒေသများကို မြေပြင်၊ဝေဟင် စစ်ဆင်ရေးများနဲ့ အင်အားသုံးတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၅။ ကန့်ဘလူမြို့နယ်တွင် ဧပြီလအတွင်း စစ်ရှောင်ပြည်သူ ၄ ဦးပိုးထိပြီး ၂ဦးအသက်ဆုံးရှုံးခဲ့ရ
ဧပြီ၂၆ရက်
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်တွင် ဧပြီလအတွင်း စစ်ရှောင်ပြည်သူ ၄ ဦးပိုးထိပြီး ၂ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ဧပြီ၂၆ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဆိုပါတယ်။
"စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်တွင် ဧပြီလ ၁ ရက်နေ့မှစ၍ ၂၅ ရက်နေ့အထိ စစ်ရှောင်ပြည်သူ ၄ဦးထိမြွေကိုက်ခံရပြီး၊ထိုလေးဦးတွင် ကိုးတောင်ဘို့တိုက်နယ်မှ ကလေးနှစ်ဦး၊မလည်တိုက်နယ်တစ်ဦး နှင့် ထန်းကုန်းတိုက်နယ်မှ တစ်ဦးတို့ဖြစ်ကြပါတယ်။ ၎င်းတို့အနက် နှစ်ဦးမှာ အချိန်မှီဆေးကုသမှုမခံယူရသဖြင့် သေဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။
မလည်တိုက်နယ်တွင် စစ်ကြောင်းများဆက်တိုက်ထိုးနေခြင်းကြောင့် စစ်ရှောင်နေရသည့်တနေရာနှင့်တနေရာကို အလွယ်တကူ သွားလို့မရ၍ ဆေးကုသခွင့်အချိန်မှီမရခဲ့သလို မြွေဆိပ်ဖြေဆေး အလုံအလောက်ရှိမနေခြင်းကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသည့် အခြေအနေများဖြင့်ရင်ဆိုင်နေကြရပါတယ်။
ကန့်ဘလူခရိုင်တွင် အာဏာသိမ်းပြီးနောက်မှ ယနေ့အထိ စစ်ဘေးရှောင်ရသည့် တစ်နှစ်ခွဲကျော်ကာလအတွင်း စစ်ရှောင်ပြည်သူ ၆၁ ဦးထိ မြွေကိုက်ခံရပြီး အမျိုးသား ၄၅ ဦးနှင့် အမျိုးသမီး ၁၆ ဦးဖြစ်ကာ ဆေးကုသမှုအချိန်မှီမရသည့်အတွက် ၅ ဦးထိ အသက်ဆုံးရှုံးထားပါတယ်။
========================
📌📌 ၆။ "မြို့ထဲကိုစစ်ကားတွေ ဝင်လာပြီးကတည်းက" ကဗျာစာအုပ်ရောင်းချရငွေကို တော်လှန်ရေးအဖွဲ့(၃)ဖွဲ့ ကို လှူဒါန်းသွားမယ်
ဧပြီ၂၆ရက်
"မြို့ထဲကိုစစ်ကားတွေ ဝင်လာပြီးကတည်းက" ကဗျာစာအုပ်ရောင်းချရငွေကို တော်လှန်ရေးအဖွဲ့(၃)ဖွဲ့ ကို လှူဒါန်းသွားမယ်လို့ ဧပြီ၂၆ရက်မှာ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ကအသိပေးဆိုထားပါတယ်။
"မြို့ထဲကိုစစ်ကားတွေ ဝင်လာပြီးကတည်းက" ကဗျာဆရာ "PlugX" ရဲ့ လက်ရာလေးက မကြာမီစတင်ရောင်းချတော့မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့မိတ်ဆွေများလည်းဝယ်ယူအားပေးကြပါဦးခင်ဗျ"လို့ဆိုပါတယ်။
ရောင်းချလို့ရရှိတဲ့ ငွေတွေကို တော်လှန်ရေးအဖွဲ့(၃)ဖွဲ့ ဖြစ်တဲ့မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG၊ပခုက္ကူခရိုင် တပ်ရင်း(၁၃)၊တောင်ညိုနဂါးတပ်ဖွဲ့ ကိုလှူဒါန်းသွားမှာဖြစ်ပါတယ်။
========================
📌📌 ၇။ နွေဦးအင်းလျား ကွန်ဒိုကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်
ဧပြီ၂၆ရက်
နွေဦးအင်းလျား ကွန်ဒိုကို နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်တယ်လို့ ဧပြီ၂၅ရက်မှာ EODကအသိပေးဆိုထားပါတယ်။
"နွေဦးအင်းလျားကွန်ဒိုစတင်ရောင်းချမည့် နေ့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက်လို့ သတ်မှတ်ထားပါတယ်။ပါရမီလမ်းမပေါ်ရှိ အကြမ်းဖက် စစ်တပ်ပိုင် မြေအား ဥပဒေနဲ့ အညီသိမ်းယူပြီး ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာကို ကွန်ဒိုတိုက်ခန်းများ ဆောက်လုပ်မယ့် စီမံကိန်းဖြစ်ပါတယ်။နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ပါတယ်။ တော်လှန်ရေးအလွန် ကာလတွင် နွေဦးရန်ကုန် မြေကွက်/တိုက်ခန်းများအား နိုင်ငံခြားသား ပိုင်ဆိုင်မှု ခွင့်ပြုသည့် သီးသန့် အမိန့်ဒီဂရီ ဥပဒေများ ပြဌာန်းပေးပါမယ်"လို့ဆိုပါတယ်။
နွေဦးအင်းလျားကွန်ဒိုတွင်1-Bedroom+, 2-Bedroom+, 3-Bedroom+ ဆိုပြီး အခန်းအမျိုးအစား ၃ မျိုးပါဝင်မှာဖြစ်ကာ ပုံမှန် ကွန်ဒိုများထက် ပိုမိုကျယ်ဝန်းမှာ ဖြစ်ပါတယ်။ မြေဂရန်သက်တမ်း နှစ် ၆၀ ဖြစ်ပြီး၊ ၁၀ နှစ် + ၁၀ နှစ်ကို အစိုးရ သဘောတူညီချက်ဖြင့် ထပ်မံတိုးနိုင်တယ်လို့သိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment