၂၀၂၃ ဧပြီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးကို သိစေဖို့ လိုအပ်တယ်လို့ဆို
📌 ၂။ နှစ်ပေါင်းများစွာအခြေတည်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ကနေ တွန်းလှန်ဖြိုဖျက်ရာတွင် ပြင်းပြင်းထန်ထန် ဖိအားပေး တိုက်ခိုက်မှု လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
📌 ၃။ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်ထန်တလန်နယ် တလန်လိုကျေးရွာက CDM ဆရာမနဲ့ အရပ်သားတစ်ဦးသေဆုံး
📌 ၄။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆိုင်ကယ်စီးနင်းလာသူ အရပ်သားနှစ်ဦးနဲ့ တိုးကာ တစ်ဦးသတ်ဖြတ်ခံရ
📌 ၅။ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများပစ်ခတ် တိုက်ခိုက်ခံရ၍ (၁)ဦး သေဆုံးပြီး (၂)ဦး ပြင်းထန်စွာ ဒဏ်ရာရ
📌 ၆။ နွားထိုးကြီးမြို့မရဲစခန်းမှ မြို့၏အရှေ့ဘက် ကင်းစခန်းရှိရာနေရာသို့ ထွက်ခွာလာတဲ့ ရဲတပ်ကြပ်တစ်ဦးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်၄-တပ်ရင်းခမှရှင်းလင်း
📌 ၇။ ကိုဗစ်ပိုးတွေ့ရှိလူနာသစ် ပြည်တွင်းမှာ ပြန်လည်မြင့်တက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးကို သိစေဖို့ လိုအပ်တယ်လို့ဆို
နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးကို သိစေဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဧပြီလအတွင်း ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ (၁၆ / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"နွေဦးတော်လှန်ရေးရဲ့ တော်လှန်ရေး ဒီရေအတက်အကျဟာ ပြည်တွင်းကလူထုနဲ့ တိုက်ရိုက် သက်ဆိုင်နေသလို၊ နိုင်ငံတကာ နိုင်ငံရေး အလှည့်အပြောင်းတွေနဲ့လည်း သက်ဆိုင်နေတယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ မျက်နှာစာပေါင်းစုံကို လှည့်ပြီး ကြည့်နိုင်မှ ခရီးတွင်နိုင်မယ်ဆိုတာ ကျွန်တော်တို့အားလုံးအသိပင်ဖြစ်ပါတယ်။ နိုင်ငံတကာမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ နွေဦးတော်လှန်ရေးအပေါ် အမြင်သဘောထားက ဘယ်သို့ ဘယ်ပုံရှိတယ်ဆိုတာကို အမြဲတမ်း အကဲခတ်နေရမှာ ဖြစ်ပါတယ်။ ပြည်တွင်းက အင်အားစုတွေကလည်း အရေးကြီးသလို ဒေသတွင်းနိုင်ငံကြီးတွေရဲ့ အမြင်သဘောထားကလည်း အင်မတန် အရေးပါပါတယ်။ နိုင်ငံတကာရဲ့ အထွေထွေသော အထောက်အပံ့တွေထဲမှာ နိုင်ငံရေးအားဖြင့် အကျိုးကျေးဇူးရှိအောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ် ဒီမိုကရေစီနဲ့ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်တဲ့ လူထုတော်လှန်ရေးဖြစ်ကြောင်း ကမ္ဘာ့နိုင်ငံ အသီးသီးကို သိစေဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ချက်နိူင်ငံ၊ သြစတြေးလျား၊ နော်ဝေ၊ အမေရိကန်နိုင်ငံတို့မှာ သံတမာန်ဆက်ဆံရေးရုံးများဖွင့်လှစ်ထားရှိကာ မြန်မာ့နိူင်ငံအရေးများကို တင်ပြဆွေးနွေးလျက်ရှိပါတယ်။
========================
📌📌 ၂။ နှစ်ပေါင်းများစွာအခြေတည်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ကနေ တွန်းလှန်ဖြိုဖျက်ရာတွင် ပြင်းပြင်းထန်ထန် ဖိအားပေး တိုက်ခိုက်မှု လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား
နှစ်ပေါင်းများစွာအခြေတည်လာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ကနေ တွန်းလှန်ဖြိုဖျက်ရာတွင် ပြင်းပြင်းထန်ထန် ဖိအားပေး တိုက်ခိုက်မှု လိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားပါတယ်။
ဧပြီ၂၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၇/၂၀၂၃)ကို ကျင်းပရာမှာ ဝန်ကြီးချုပ်ကဆိုပါတယ်။
"ယခုတစ်ပတ်အတွင်း စစ်ရေးဖော်ဆောင်မှုကဏ္ဍပိုင်းမှာ အရှိန်အဟုန်မြှင့်လာပြီး အောင်မြင်မှုတွေရရှိသည့် သတင်းတွေကို ကြားသိရပါကြောင်း၊ အသက်စွန့်ပြီး တာဝန်ယူဆောင်ရွက်ပေးနေကြသည့် တစ်ဦးချင်းစီကို အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း၊ နှစ်ပေါင်းများစွာအခြေတည်လာခဲ့သည့် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ကနေ တွန်းလှန်ဖြိုဖျက်ရာတွင် ပြင်းပြင်းထန်ထန် ဖိအားပေး တိုက်ခိုက်မှု လိုပါကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် One Year Plan ကို ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်မြေသိမ်းပိုက်နိုင်သည့်ဒေသများတွင် အုပ်ချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်၍ ဆက်လက်ပုခုံးပြောင်း တာဝန်ကို ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (၁၆/၂၀၂၃)တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်ထန်တလန်နယ် တလန်လိုကျေးရွာက CDM ဆရာမနဲ့ အရပ်သားတစ်ဦးသေဆုံး
စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်ထန်တလန်နယ် တလန်လိုကျေးရွာက CDM ဆရာမနဲ့အရပ်သားတစ်ဦးသေဆုံးခဲ့ရပါတယ်။
ဧပြီ၂၇ရက် ညနေ ၃နာရီခွဲအချိန် အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထန်တလန်နယ် တလန်လိုကျေးရွာက CDM ဆရာမ ဒေါ်နီဒိမ်၊ ဦးဟရမ်ကျဲအိုတို့ သေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာရသူများလည်းရှိတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
ဗုံးထိ၍ နေအိမ်ငါးလုံးလည်းပျက်စီးကာ အနီးနားဝန်းကျင်တစ်ဝိုက် ထိခိုက်ပျက်စီးမှုတို့လည်းရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီ၁၀ရက်နေ့က ချင်းပြည်နယ် ဝေဘူလမြို့သစ်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ CDM ကျောင်းအုပ်မိသားစုဝင်အပါအဝင် ၉ဦးသေဆုံးခဲ့ရပါတယ်။
ဧပြီ၁၁ရက် စစ်ကိုင်းတိုင်း ကန့်ဘလူနယ် ပဇီကြီးကျေးရွာကိုလည်း အလားတူ လေကြေညင်းကနေတိုက်ခိုက်ခဲ့ရာ ၁၆၈ဦးသေဆုံးခဲ့ရပြီးအများစုမှာ ကလေးငယ်နဲ့အမျိုးသမီးများပါဝင်ခဲ့ပါတယ်။
========================
📌📌 ၄။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆိုင်ကယ်စီးနင်းလာသူ အရပ်သားနှစ်ဦးနဲ့ တိုးကာ တစ်ဦးသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဆိုင်ကယ်စီးနင်းလာသူ အရပ်သားနှစ်ဦးနဲ့တိုးကာ တစ်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။
ဧပြီလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေလှေကျေးရွာကို အင်အား ၁၀၀ ခန့်ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏တပ်က စစ်ကြောင်းထိုးဝင်ရောက်လာချိန် ညောင်ပင်ကြီး-ဆားလင်းကြီး ကားလမ်းအတိုင်း ဆိုင်ကယ်စီးနင်းလာသူ အရပ်သားနှစ်ဦးသည် ရွှေလှေကျေးရွာ တံတားထိပ်၌ စစ်အုပ်စု၏တပ်နှင့် တိုး၍ ပစ်ခတ်ခံခဲ့ရတယ်လို့ AAPPကဖော်ပြပါတယ်။
ဆိုင်ကယ်မောင်းနှင်သူ ကိုဝင်းနောင်မှာ သေနတ်ကျည်ထိမှန်ပြီးနောက် လဲကျနေစဉ် စစ်သားများက ၎င်း၏ဝမ်းဗိုက်ကို ဓါးဖြင့် ထိုး၍ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ကိုဝင်းနောင်နှင့်အတူ ဆိုင်ကယ်စီးနင်းလိုက်ပါလာသူ အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ AAPPက ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၄၄၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများပစ်ခတ် တိုက်ခိုက်ခံရ၍ (၁)ဦး သေဆုံးပြီး (၂)ဦး ပြင်းထန်စွာ ဒဏ်ရာရ
ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ၍ (၁)ဦး သေဆုံးပြီး (၂)ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။
ဧပြီ ၂၇ရက်မှာ Chin DefenseForce-Kanpetlet က စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။
"ဧပြီလ၊(၂၆)ရက် ၊ ဗုဒ္ဓဟူးနေ့ မနက် ၉း၀၀ မှ ၉း၃၀ အထိ ကန်ပက်လက်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ(၁)ဦး သေဆုံးပြီး (၂)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
CDF-Kanpetlet ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး ကန်ပက်လက်မြို့ပေါ်ရှိစစ်ကောင်စီတပ်သားများသည် (၂၆)ရက် ညနေပိုင်းအထိ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၆။ နွားထိုးကြီးမြို့မရဲစခန်းမှ မြို့၏အရှေ့ဘက် ကင်းစခန်းရှိရာနေရာသို့ ထွက်ခွာလာတဲ့ ရဲတပ်ကြပ်တစ်ဦးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်၄-တပ်ရင်းခမှရှင်းလင်း
နွားထိုးကြီးမြို့မရဲစခန်းမှ မြို့၏အရှေ့ဘက် ကင်းစခန်းရှိရာနေရာသို့ ထွက်ခွာလာတဲ့ ရဲတပ်ကြပ်တစ်ဦးကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်၄-တပ်ရင်း မှရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
ဧပြီ၂၇ရက် စစ်ရေးသတင်းကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်၄-တပ်ရင်းမှ ဖော်ပြပါတယ်။
"ဧပြီ၂၆ရက်နေ့ ည(၇)နာရီအချိန်ခန့်တွင် ရဲတပ်ကြပ်(ခိုင်မင်းထွန်း)သည် နွားထိုးကြီးမြို့မရဲစခန်းမှ မြို့၏အရှေ့ဘက်ကင်းစခန်းရှိရာနေရာသို့ ထွက်ခွာလာရာ ထန်းဇင်ကျေးရွာအနီးတွင် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်၄-တပ်ရင်း မှရဲဘော်များမှ ၎င်းရဲတပ်ကြပ်အား သုတ်သင်ရှင်းလင်းလိုက်ပါတယ်"လို့ဆိုပါတယ်။
စစ်ဆင်ရေးမှာNPDF ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိူင်ခဲ့ပါတယ်။
========================
📌📌 ၇။ ကိုဗစ်ပိုးတွေ့ရှိလူနာသစ် ပြည်တွင်းမှာ ပြန်လည်မြင့်တက်
ကိုဗစ်ပိုးတွေ့ရှိလူနာသစ် ပြည်တွင်းမှာ ပြန်လည်မြင့်တက်နေတယ်လို့ သတင်းရရှိပါတယ်။
ဧပြီလ၂၆ရက်နဲ့၂၇ရက် ဓာတ်ခွဲနမူနာ ၆၈၅၆ခု အားစစ်ဆေးခဲ့ရာ အတည်ပြုလူနာသစ် ၆၀ ဦးတွေ့ရှိခဲ့ပြီး ပိုးတွေ့ရာခိုင်နှုန်း ၀.၈၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။
သင်္ကြန်ကာလအတွင်း စစ်ကောင်စီက လူစုလူဝေးများကို ခွင့်ပြုပြီးနောက်ပိုင်း covid19ကပ်ရောဂါမှာ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိမှာ ပြည်သူလူထုအနေနဲ့ ပြင်ပသို့ထွက်တိုင်း Mask တပ်ဆင်ဖို့လိုအပ်ပြီး လူစုလူဝေးနေရာများကို ရှောင်ကြဥ်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment