4th APL 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ဖျက်သိမ်း ပျက်ပြယ်ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်လည် ခေါင်းတိုးဝင်စေသည့် အခင်းအကျင်းဖြစ်တယ်လို့ဆို

📌 ၂။ ချင်းပြည်နယ် ထန်တလန်မြို့ ခွာဖိုကျေးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဟာ ချင်းလူမျိုးများကို လူမျိုးတုန်းအောင် သတ်ဖြတ်ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား

📌 ၃။ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးအရခံနိုင်ရည်ရှိစေရန် လွတ်မြောက်နယ်မြေများ၊ ပဋိပက္ခဖြစ်ပွားမှုနှင့် လွတ်ကင်းရာနေရာများမှာ MSME လုပ်ငန်းများလိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးပြောကြား

📌 ၄။ မြန်မာ စစ်တပ်မှ အပြစ်မဲ့ပြည်သူများအပေါ်  ရက်စက်ကြမ်းကြုတ်မှုများအား ပြုလုပ်လျက်ရှိပြီး အများဆုံးခံစားနေရသူများထဲတွင် သက်ကြီးရွယ်အိုများ ပါဝင်နေကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

📌 ၅။ ကလေးတက္ကသိုလ် ထဲ တပ်စွဲနေသော စကစတပ်များကို ခြုံခိုတိုက်ခိုက်၍ လက်နက်များသိမ်းဆည်းရရှိ

📌 ၆။ ရောင်နီလာရာလမ်းရုပ်ရှင်ပွဲ နှင့် Food Fair Fundraiser ပွဲကို Austin, Texas မှာကျင်းပရာစုစုပေါင်း ရံပုံငွေ အမေရိကန်ဒေါ်လာ ၉၄၀၀ ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ဖျက်သိမ်း ပျက်ပြယ်ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်လည် ခေါင်းတိုးဝင်စေသည့် အခင်းအကျင်းဖြစ်တယ်လို့ဆို


ဧပြီ၄


ဧပြီ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက အခုလို ပူးတွဲ ထုတ်ပြန်ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စု၏ ပျက်ပြယ်ပြီးဖြစ်သော ရွေးကောက်ပွဲ ဥပဒေ နိဒါန်းတွင်  စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကို လက်ခံကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရန်ဟု သုံးနှုန်းထားသောကြောင့် တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး မျှော်မှန်းထား သည့် ဖက်ဒရယ်ဒီမိုကရေစီ ရည်မှန်းချက် ပန်းတိုင်ကို ငြင်းပယ်ထားခြင်းဖြစ်ပါတယ်လို့ဆိုထားပါတယ်။


မှတ်ပုံတင်သော ပါတီများတင်သွင်းရမည့် ဝန်ခံချက် () တွင်လည်းပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေးဟူသည့် အချက်ပါဝင်သောကြောင့် ဖျက်သိမ်း ပျက်ပြယ်ပြီးဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ပြန်လည် ခေါင်းတိုးဝင်စေသည့် အခင်းအကျင်း ဖြစ်သည်ကိုလည်း  သတိပြုကြရန် လိုအပ်ပါတယ်လို့ဖော်ပြပါတယ်။


နိုင်ငံရေးပါတီများ အနေဖြင့် မြန်မာနိုင်ငံ၏ အနှစ် (၇၀) ကျော်ခဲ့ပြီဖြစ်သော နိုင်ငံရေးပြဿနာ ကို အပြီးတိုင်ဖြေရှင်းရန်အတွက် စိတ်ပိုင်းဖြတ်ပြီးဖြစ်သည့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူလူထုတရပ်လုံးနှင့် မိမိတို့ ဒေသအတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ သဘောထားဆန္ဒတို့ကို အခြေခံ၍ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြပါရန် အလေးအနက် သတိပေးတိုက်တွန်း အပ်ပါတယ်လို့ဆိုထားပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ဖွဲ့စည်းသော တရားမဝင် အဖွဲ့အစည်းဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်ထံတွင် မှတ်ပုံမတင်ဘဲ အကြမ်းဖက်စစ်အုပ်စု ကျင်းပပြုလုပ်ရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအား လက်မခံ မပူးပေါင်းကြောင်းကို စိန်ခေါ်မှုများ၊ အခက်အခဲများ များစွာရှိနေသည့်ကြားမှပင် ပြည်သူ့ဆန္ဒနှင့်အညီ ဆုံးဖြတ်ကြေညာခဲ့ကြသည့် နိုင်ငံရေးပါတီများအားလုံး၏ ရပ်တည်ချက်နှင့် သဘောထားများကို လေးစားဂုဏ်ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ ချင်းပြည်နယ် ထန်တလန်မြို့ ခွာဖိုကျေးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဟာ ချင်းလူမျိုးများကို လူမျိုးတုန်းအောင် သတ်ဖြတ်ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာပြောကြား


ဧပြီ၄ရက်


ဧပြီလအတွင်းကျင်းပတဲ့ ခွာဖိုကျေးရွာနဲ့ပတ်သက်တဲ့အခမ်းအနားတစ်ခုမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက အခုလိုပြောကြားခဲ့ပါတယ်။


"ရည်ရွယ်ချက်ရှိရှိနဲ့လူမျိုးတုန်းအောက် တိုက်ခိုက်လာပါတယ်။ ကျနော်တို့ ချင်းပြည်သူလူထုအားလုံးကလည်း ဒါကိုနားလည်ဖို့လိုပါတယ်။ဒီကျေးရွာဟာ တော်လှန်ရေးတပ်ဖွဲ့များ CDF တွေလုံးဝမရှိတဲ့ ရွာလည်းဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီမှ ဒီခွာဖိုကျေးရွာကို ရည်ရွယ်ချက်ရှိရှိတဲ့တိုက်ခိုက်ခြင်းဟာ စစ်ရာဇဝတ်မှုဖြစ်သလို ချင်းလူမျိုးများကို လူမျိုးတုန်းအောင် သတ်ဖြတ်ခြင်း၊ကြိုးစားခြင်းဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ချင်းပြည်နယ် ထန်တလန်မြို့ ခွာဖိုကျေးရွာကို စကစတပ်များက လေယာဥ်ဖြင့် မတ်လ၃၀ရက်နေ့ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားရှစ်ဦးသေဆုံးခဲ့ပြီး ဧပြီလတွင် ဒဏ်ရာရသူများထဲကတစ်ဦးထပ်မံသေဆုံးခဲ့ပါတယ်။


========================


📌📌 ၃။ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးအရခံနိုင်ရည်ရှိစေရန် လွတ်မြောက်နယ်မြေများ၊ ပဋိပက္ခဖြစ်ပွားမှုနှင့် လွတ်ကင်းရာနေရာများမှာ MSME လုပ်ငန်းများလိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးပြောကြား


ဧပြီ၄


ကြားကာလအတွင်း MSME စီးပွားရေးလုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သတ်၍ မိတ်ဆက်၊ အသိပေးခြင်းအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက အခုလိုပြောကြားခဲ့ပါတယ်။


" ပြည်သူလူထုအခြေပြုသည့် MSME စီးပွားရေးလုပ်ငန်းများအား အားပေးဆောင်ရွက်သင့်ကြောင်း၊ ယခုတော်လှန်ရေးကာလတွင် MSME လုပ်ငန်းများသည်သာလျှင် စီးပွားရေးအရ ခံနိုင်ရည်ရှိစေရေးအား အကောင်အထည်ဖော် ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ကြောင်း၊ စစ်ဘေးရှောင်ဒေသများနှင့် တော်လှန်ရေးအင်အားစုများအတွက် ရေရှည်တိုက်ပွဲကို ဆင်နွှဲနိုင်ရေးအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် ဝင်ငွေတိုးပွားရရှိရေးတို့အတွက်လည်း MSME လုပ်ငန်းများကို လိုအပ်ကြောင်း၊ယခုကဲ့သို့ စစ်မက်ဖြစ်ပွားရာကာလတွင်လည်း ပြည်သူလူထု၏ စားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးအရခံနိုင်ရည်ရှိစေရန် လွတ်မြောက်နယ်မြေများ၊ ပဋိပက္ခဖြစ်ပွားမှုနှင့် လွတ်ကင်းရာနေရာများ၌လည်း MSME လုပ်ငန်းများလိုအပ်ကြောင်း"ဆိုပါတယ်။


ဆက်လက်၍ MSME Development Centre မှ ညွှန်ကြားရေးမှူးနှင့်တကွ တာဝန်ရှိသူများမှလည်း စင်တာ၏ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များ၊ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအကြောင်းအရာများနှင့် မှတ်ပုံတင်ဆောင်ရွက်ခြင်းနည်းလမ်းများကို တက်ရောက်လာသူများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။


========================


📌📌 ၄။ မြန်မာ စစ်တပ်မှ အပြစ်မဲ့ပြည်သူများအပေါ်  ရက်စက်ကြမ်းကြုတ်မှုများအား ပြုလုပ်လျက်ရှိပြီး အများဆုံးခံစားနေရသူများထဲတွင် သက်ကြီးရွယ်အိုများ ပါဝင်နေကြောင်း ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော


ဧပြီ၄ရက်


ဧပြီ၃ရက် Open-Ended Working Group on Ageing (၁၃) ကြိမ်မြောက် အစည်းအဝေးအထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သက်ကြီးရွယ်အိုများနှင့်ပတ်သက်ပြီးအခုလို ပြောကြားခဲ့ပါတယ်။


"စစ်တပ်မှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရားစစ်အာဏာသိမ်းပြီးနောက် ပျက်စီးဆုတ်ယုတ်သွားခဲ့ရကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၌ စစ်တပ်မှ အပြစ်မဲ့ပြည်သူများအပေါ် ဆင်ခြင်မဲ့စွာ လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများအား ပြုလုပ်လျက်ရှိပြီး၊ ယင်းကြမ်းကြုတ်သည့် လုပ်ရပ်များတွင် အများဆုံးခံစားနေရသူများထဲတွင် သက်ကြီးရွယ်အိုများ ပါဝင်နေကြောင်း၊ သက်ကြီး ရွယ်အိုများစွာသည် စစ်တပ်၏ လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာနေကြရပြီး၊ လူသားချင်းစာနာထောက်ထား မှုအကူအညီများကို ယခုပင်လိုအပ်နေကြောင်း"ဆိုပါတယ်။


ဒါ့အပြင် UNFPA မှ စုစည်းထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုဦးရေသည် လာမည့် နှစ်ပေါင်း (၃၀) တွင် သုံးဆမြင့်တက်လာမည်ဖြစ်ပြီး ထပ်မံတိုးပွား လာမည်ဟု မျှော်မှန်းနိုင်ကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အကျိုးဖြစ်ထွန်းစေမည့် လူမှုရေးဝန်ဆောင်မှုများ၊ အကာအကွယ်ပေးရေးယန္တရားများနှင့် မူဝါဒများအပေါ်တွင် အလေးထား ဆောင်ရွက်သင့်ကြောင်း သံအမတ်ကြီးကထပ်လောင်းဆိုပါတယ်။


တစ်ဆက်တည်းမှားပဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကနေဒါနိုင်ငံ Montmorency College မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခနှင့် ကျောင်းသားများသည် ဧပြီလ ၃ရက် နေ့ ၁၁:၃၀ အချိန်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ရုံးသို့ လာရောက်တွေ့ဆုံခဲ့တယ်လိုသိရပါတယ်။ နိုင်ငံရေးသိပ္ပံ ကျောင်းသား ကျောင်းသူ (၂၆)ဦးနှင့် ဆရာ/ဆရာမ () ဦး စုစုပေါင်း (၂၉)ဦး လာရောက်ခဲ့တာဖြစ်ပါတယ်။


ထိုသို့တွေ့ဆုံစဉ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသာ စစ်တပ် မတရားအာဏာသိမ်းပိုက်ရန် ကြိုးပမ်းမှု၊ စစ်တပ်မှ မြန်မာပြည်သူများအပေါ် ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်နေမှု၊ လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်နေမှု၊ လေယာဉ်များဖြင့် ပြည်သူများအပေါ် အဆင်ခြင်မဲ့ ဗုံးကြဲတိုက်ခိုက်နေမှု၊ ပြည်သူများ အသက်အိုးအိမ်များအား မီးရှို့ဖျက်စီးနေမှု၊ လူအများအပြားအား အိုးမဲ့အိမ်မဲ့ ဖြစ်စေမှု စသည့် စစ်တပ်မှမြန်မာပြည်သူများအပေါ် ကျူးလွန်နေမှုများကို ရှင်းလင်း‌ပြောကြားခဲ့ပါတယ်။


ထို့နောက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေမှု၊ စစ်တပ်အာဏာသိမ်းခြင်းအား လက်မခံမှု့၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရရှိလျှင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ပြည်သူ့တော်လှန်ရေးဆောင်ရွက်နေမှု တို့အပါအဝင် မြန်မာနိုင်ငံ လက်ရှိအခြေအနေ၊ မြန်မာပြည်သူများ မျှော်မှန်းသည့် မြန်မာနိုင်ငံ အနာဂတ်၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ ကလေးတက္ကသိုလ် ထဲ တပ်စွဲနေသော စကစတပ်များကို ခြုံခိုတိုက်ခိုက်၍ လက်နက်များသိမ်းဆည်းရရှိ


ဧပြီ၄ရက်နေ့မှာ စစ်ရေးသတင်းကို CDF CDM SIYINက အခုလိုအသိပေးဆိုပါတယ်။


"ကလေးမြို့မြောက်ဘက်ပိုင်း စစ်ပိုင်းဆိုင်ရာ ပြင်းထန်နေချိန်တွင် ကျနော်တို့ CDF CDM SIYIN ရဲဘော်အချို့သည် ကလေးတက္ကသိုလ် ထဲ တပ်စွဲနေသော စကစ များကို ခြုံခိုတိုက်ခိုက်ခဲ့ပါတယ်။လက်နက်များသိမ်းဆည်းရပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ဘက်ပိုင်းတွင် စကစ နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမတ် ၂၈မှ ယနေ့တိုင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပါတယ်။ စကစဘက်မှ အင်းအားအလုံးအရင်း နှင် လက်နက်ကြီး လက်နက်ငယ် များ အပြင် MI35 ရဟတ်ယာဥ်ဖြင့်ပါ နေ့ည မနား တိုက်ခိုက်နေပါတယ်။


========================


📌📌 ၆။ ရောင်နီလာရာလမ်းရုပ်ရှင်ပွဲ နှင့် Food Fair Fundraiser ပွဲကို Austin, Texas မှာကျင်းပရာစုစုပေါင်း ရံပုံငွေ အမေရိကန်ဒေါ်လာ ၉၄၀၀ ရရှိခဲ့


ဧပြီ၁ရက်နေ့က Rays of Hope ရောင်နီလာရာလမ်းရုပ်ရှင်ပွဲ နှင့် Food Fair Fundraiser ပွဲကို Austin, Texas မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့သတင်းရရှိပါတယ်။


ရုပ်ရှင်ပြပွဲမှ စုစုပေါင်း ရံပုံငွေ $၉၄၀၀ ရရှိခဲ့ပြီး ရောင်နီလာရာလမ်းရုပ်ရှင်ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ကူညီကြသော ကိုပေါက်ရုပ်ရှင်ကော်မတီအဖွဲ့ဝင်များ၊ ရုပ်ရှင်ပြသနိုင်ရန် ရုပ်ရှင်ရုံ main sponsor အဖြစ် ထောက်ပို့ကူညီပေးပါသော Belton, Texas နေ အလှူရှင် မြန်မာမိသားစုနှစ်စု နှင့် Food Fair ဖြစ်မြောက်အောင် မအားလပ်တဲ့ကြားက မြန်မာအစားအသောက်များကို ဖန်တီးပေးသော စားဖိုမှုးများနှင့် ပွဲအတွင်း volunteers များကို ကျေးဇူးအထူးတင်ရှိတယ်လို့Austin Myanmar Community မှအသိပေးဆိုထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment