၂၀၂၃ ဧပြီလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်လို့ တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေက CDM လုပ်ပြီး တပ်ကိုစွန့်ခွာခဲ့ကြတဲ့ အရေအတွက် အများကြီး ရှိနေပြီလို့ ယာယီသမ္မတအသိပေး
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရOne Year Plan Phase 1 ပြီးစီးသွား၍ Phase 2 ဆက်လက် ဆောင်ရွက်နေ
📌 ၃။ CRPHပြည်သူ့ရေးရာကော်မတီမှ CDM Success Committee ၊ ဧရာဝတီတိုင်းဒေသကြီး CDMer များနှင့် တွေ့ဆုံ၍ ချိတ်ဆက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး
📌 ၄။ အကြမ်းဖက်စစ်တပ်က အတုအယောင်ပုံဖော်တဲ့ ရွေးကောက်ပွဲကို ဝင်တဲ့ပါတီဟာ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာစရာ အကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို
📌 ၅။ ၂၀၂၃ ခုနှစ် မတ်လအတွင်း စစ်ကောင်စီ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၂၀၀ ကျော်ရှိ
📌 ၆။ စစ်ကိုင်းတိုင်း၊အင်းတော်တွင် CDMဆရာမအပါအဝင် အမျိုးသမီး၃ဦးအားအကြမ်းဖက် စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ
📌 ၇။ စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းကို Federal Wings ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ (၁၂၂ မမ) ဟောင်ဝစ်ဇာအမြှောက်နှင့် ရိက္ခာဂိုဒေါင်ရုံးထိခိုက် မီးလောင်ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်လို့ တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေက CDM လုပ်ပြီး တပ်ကိုစွန့်ခွာခဲ့ကြတဲ့ အရေအတွက် အများကြီး ရှိနေပြီလို့ ယာယီသမ္မတအသိပေး
ဧပြီ ၅
ဧပြီ၄ရက်တွင်ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏၁၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဖက်ဆစ်စစ်တပ်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံနိုင်လို့ တပ်တွင်းက အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေက CDM လုပ်ပြီး တပ်ကိုစွန့်ခွာခဲ့ကြတဲ့ အရေအတွက် အများကြီး ရှိနေပြီဖြစ်သလို၊ တနေ့တခြားလည်း ပိုတိုးလို့ လာနေပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဖုံးဖိမရတော့တဲ့ သူ့ရဲ့ ကြောက်စိတ်ကို ဖုံးကွယ်ဖို့ သွေးရူးသွေးတန်းနဲ့ ပြောနေ လုပ်နေတာကို တွေ့နေရတာလည်း ဖြစ်ပါတယ်။ ဒီလို သူ့ရဲ့ သွေးရူးသွေးတန်းနဲ့ လုပ်နေတာတွေဟာ နိုင်ငံတကာ တရားစီရင်ရေး မျက်နှာစာကို ရောက်လာမဲ့ သက်သေအထောက်အထားတွေဖြစ်လာမှာပါ"လို့ ပြောကြားပါတယ်။
အကြမ်းဖက်စစ်တပ်၏ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်သော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များစွာသည် စစ်အာဏာသိမ်းပြီးနောက်တွင် ပြည်သူနှင့် အတူ ရပ်တည်၍ ပြည်သူ့ရင်ခွင်သို့ ကူးပြောင်းခိုလှုံလာလျက်ရှိကြရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၁ ရက်နေ့ အထိ စစ်သည် (၃၂၃၆) ဦးနှင့် ရဲတပ်ဖွဲ့ဝင် (၉၀၉၁) ဦး၊ စုစုပေါင်း (၁၂၃၂၇) ဦး နှင့်မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရOne Year Plan Phase 1 ပြီးစီးသွား၍ Phase 2 ဆက်လက် ဆောင်ရွက်နေ
ဧပြီ၅ရက်
ဧပြီ၄ရက်နေ့တွင်ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုပြောကြားထားပါတယ်။
"ဒီတစ်ပတ်အတွင်းမှာ အတွင်းဝန်တွေအနေနဲ့လည်း One Year Plan ရဲ့ Phase 1 review နဲ့ Phase 2 ဆက်လက် ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ကျွန်တော်တို့အစိုးရ တာဝန်ရှိသူများအနေနဲ့ မိမိတို့ ချမှတ်ထားတဲ့ စီမံချက်တွေ၊ မူဝါဒတွေ၊ လမ်းညွှန်ချက်တွေကို အမြဲပြန်လည် သုံးသပ်နေမယ်ဆိုရင် ဘယ်နေရာတွေ လိုအပ်နေတာရှိမလဲ၊ ဘယ်ကဏ္ဍကိုတော့ ပိုကောင်းအောင် လုပ်လို့ ရတယ် စသဖြင့် ပိုမို မြင်သာလာပြီး ပြုပြင် ပြောင်းလဲမှုတွေ လိုအပ်ရင်လည်း လုပ်ရမှာ ဖြစ်ပါတယ်။ အခု One Year Plan ဆိုရင်လည်း Phase 1 ပြီးစီးသွားတဲ့အချိန်မှာ ဘယ်ကဏ္ဍတွေမှာ အားသာချက်၊ အားနည်းချက်တွေ ရှိမလဲဆိုတာ သုံးသပ်ပြီး လိုတဲ့နေရာတွေ ပိုအားဖြည့်ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင် ပြီးစီးရန် တစ်နှစ်တာ မဟာဗျူဟာစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးအဆုံးအဖြတ် နှစ်အဖြစ်လည်း သတ်မှတ်ကြေညာထားပါတယ်။
========================
📌📌 ၃။ CRPH ပြည်သူ့ရေးရာကော်မတီမှ CDM Success Committee ၊ ဧရာဝတီတိုင်းဒေသကြီး CDMer များနှင့် တွေ့ဆုံ၍ ချိတ်ဆက်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေး
ဧပြီ၅ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီဟာ CDM Success Committee နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးမှ CDMer များ၊ CDM အရေးဦးဆောင်သူများနှင့် မြေပြင်ချိတ်ဆက်ဆောင်ရွက်နိုင်မှုများ ပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးသည့် အစီအစဥ်တစ်ရပ်အား ဧပြီလ ၃ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ဖြူဖြူသင်းက "CDM များ၏ အင်အားသည် တော်လှန်ရေးတွင် အလွန်အရေးပါပြီး မိမိတို့ထံ မဆက်သွယ်သော်လည်း ယနေ့အထိ တတ်နိုင်သည့်ဘက်မှ ရပ်တည်တောင့်ခံနေသည့် CDM များလည်းရှိပြီး၊ တောထဲတွင်ရောက်ရှိ၍ နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင် နေကြသူများလည်းရှိကြောင်း၊ CDM များအနေဖြင့် တော်လှန်ရေးတွင်သာမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်နေကြသည်များရှိ၍ အားကိုးကြောင်းနှင့် ဆက်လက်ပြီး အင်တိုက်အားတိုက် ပါဝင်ကြရန်" တိုက်တွန်းပြောကြားခဲ့ပါတယ်။
၎င်းနောက် ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က" မိမိတို့တွင် CDM Roadmap ရှိပြီး ၎င်းအတိုင်း သွားနေ၍ ယန္တရားကို CDM များဖြင့် လည်ပတ်မည့်အနေအထား အဆင်သင့်ဖြစ်နေကြောင်း၊ ယန္တရားကို CDM များ၏ အင်အားဖြင့် လည်ပတ်ရမည်ဖြစ်၍ ဧရာဝတီတိုင်းဒေသကြီးမှ CDM များအနေဖြင့် ပါဝင်နိုင်ချိန်တွင် အားအင်အပြည့်ဖြင့်ပါဝင်၍ တော်လှန်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်း၊ စုပေါင်းပါဝင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြရန်လိုအပ်ကြောင်း" ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်က အတုအယောင်ပုံဖော်တဲ့ ရွေးကောက်ပွဲကို ဝင်တဲ့ပါတီဟာ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာစရာ အကြောင်းမရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို
ဧပြီ၅ရက်
ဧပြီလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလို ဆိုလိုက်ပါတယ်။
"ပြည်သူနဲ့အတူ မရပ်တည်နိုင်တဲ့ နိုင်ငံရေးသမား၊ ပြည်သူနဲ့အတူ မရပ်တည်နိုင်တဲ့ ပါတီတွေမှာ အနာဂတ်မရှိနိုင်ဘူး။ သေနေတဲ့ပြည်သူတွေနဲ့ ပျက်စီးနေတဲ့ နိုင်ငံကို ဥပက္ခာပြုပြီး ဒီလို ကမ္ဘာပေါ်မှာ အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်က အတုအယောင်ပုံဖော်တဲ့ ရွေးကောက်ပွဲကို ဝင်တဲ့သူ၊ ဝင်တဲ့ပါတီက ဘယ်လိုနည်းနဲ့မှ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ ပါဝင်လာစရာ အကြောင်းမရှိဘူး။ ဒါက သူတို့ရဲ့ နောက်ဆုံး အဆုံးသတ် ဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ပညာရေးနှင့်ပတ်သက်ပြီးပြောကြားရာမှာတော့ "အခုအချိန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ Online ကျောင်း ၇၀ ကျော်နဲ့ မြေပြင်ကျောင်း ၁၀,၀၀၀ ကျော် ဖွင့်လှစ်သင်ကြားပေးနေပါတယ်။ စီဒီအမ် ဆရာ၊ ဆရာမတွေနဲ့ ပညာရေးကို ပံ့ပိုးသူတွေက ဖွင့်လှစ်တာဖြစ်တယ်။ ကျနော်တို့ ပညာရေးဝန်ကြီးဌာနရဲ့ Fb Page မှာတော့ တရားဝင် အသိအမှတ်ပြုခံရတဲ့ ကျောင်းတွေကို ကြေညာချက် ထုတ်ထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဖွင့်လှစ်နေသောကျောင်းများမှာ ကျွန်ပညာရေးကိုသာ သင်ကြားပေးနိူင်ပြီး NUGပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုသော ဖက်ဒရယ်ကျောင်းများမှာ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်ကိုအခြေပြုသက်ကြားခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၅။ ၂၀၂၃ ခုနှစ် မတ်လအတွင်း စစ်ကောင်စီ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၂၀၀ ကျော်ရှိ
ဧပြီ၅ရက်
၂၀၂၃ ခုနှစ် မတ်လအတွင်း စစ်ကောင်စီ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၂၀၀ ကျော်ရှိတယ်လို့ NUG တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သတ်ဖြတ်ခံရသူများထဲတွင် စစ်ကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာ အများဆုံးဖြစ်ပြီး စုစုပေါင်းတိုင်းနဲ့ပြည်နယ် ၁၂ခု မှ သတ်ဖြတ်ခံရတဲ့အရပ်သားပြည်သူ၂၁၃ဦးရှိပါတယ်။
တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဥ်ကာလအတွင်း စစ်အာဏာရှင်များမှ ကျူးလွန်နေသည့်စစ်ရာဇ၀တ်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများ၊လူမျိုးတုန်းသတ်ဖြတ်မှုများ၊အများပြည်သူ၏အိုးအိမ်အဆောက်အဦးမီးရှို့ဖျက်ဆီးမှုများ၊ဥပဒေမဲ့အများပြည်သူတို့၏ပစ္စည်းများအားလုယူသိမ်းယူမှုများ အပါအ၀င် ပြည်သူအချင်းချင်းဥပဒေမဲ့ညှင်းပန်းနှိပ်စက်အနိုင်ကျင့်မှုများ အရပ်ရပ်သောဥပဒေမဲ့ချိုးဖောက်ကျူးလွန်မှုများစသည်တို့ကိုစာရင်းကောက်ယူမှတ်တမ်းများထားရှိပြုစုနေပါတယ်။
ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အ ဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းမှုဖြစ်နေစဥ်ကာလအတွင်း မည်သူမဆို ဥပဒေမဲ့ ပြစ်မှုကျူးလွန်မှုများ၊လူ့အခွင့်အရေးချိုးဖောက်မှုများစသည့်ပြစ်မှုများကို ကျူးလွန်ခံရသူမှဖြစ်စေ ကျူးလွန်သည်ကိုတွေ့ ရှိကြားသိသူကဖြစ်စေ အဆိုပါ သတင်းအချက်အလက်မှတ်တမ်းများကို -Emailaddress: roltjd@moj.nugmyanmar.org, Telegram,Viber,Signal: +66809411647 သို့သတင်းပေးပို့ကြပါရန်ဆိုထားပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်း၊အင်းတော်တွင် CDMဆရာမအပါအဝင် အမျိုးသမီး၃ဦးအားအကြမ်းဖက် စစ်ခုံရုံးမှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချ
ဧပြီလ၅ရက်
ဧပြီ၅ရက်နေ့မှာ အင်းတော် တော်လှန်ရေးအင်အားစုကအတည်ပြု သတင်းတစ်ခုကိုထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်း၊ကသာခရိုင်၊အင်းတော်မြို့တွင် CDMဆရာမအပါအဝင် အမျိုးသမီး၃ဦးအား ဧပြီလ ၃ရက်နေ့က အင်းတော် စစ်ခုံရုံးမှ ပုဒ်မ၅၀(ည)၊၅၂(က)ဖြင့် အမှုးဖွင့် အရေးယူကာထောင် ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
ထောင်ဒဏ်ချမှတ်ခံရသူများမှာ အသက်၄၀ ကျော်အရွယ် CDMဆရာမ ဒေါ်သိန်းလှနှင့် အရောင်းအဝယ်လုပ်သည့် ဈေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်းနှင့် ဒေါ်အေးအေးတို့ဖြစ်ပြီး မတ်လ၅ရက်နေ့တွင် PDFများအား ထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီတပ်များက နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်စစ်တပ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၇၃၃၆) ဦးရှိပြီး ၎င်းတို့အနက်မှ (၅၅၁၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။
========================
📌📌 ၇။ စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းကို Federal Wings ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ (၁၂၂ မမ) ဟောင်ဝစ်ဇာအမြှောက်နှင့် ရိက္ခာဂိုဒေါင်ရုံးထိခိုက် မီးလောင်ပျက်စီး
ဧပြီ၅ရက်
ဧပြီ၅ရက်မှာ စစ်ရေးသတင်းကို Federal Wings ဒရုန်းတပ်ဖွဲ့က အခုလိုအသိပေးဆိုပါတယ်။
"မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းကို ဧပြီလ (၃) ရက်နေ့ညပိုင်းတွင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့-KNDO တပ်ရင်း (၈) နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒရုန်းဖြင့် သွားရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဝေါလေဗျူဟာကုန်းရှိ (၁၂၂ မမ) ဟောင်ဝစ်ဇာအမြှောက်နှင့် ရိက္ခာဂိုဒေါင်ရုံတို့ မီးလောင်ပျက်စီးသွားသည်ကို အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ ဝေါလေဗျူဟာကုန်းတွင် စစ်ကောင်စီ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမှတ် (၂) နည်းဗျူဟာ တပ်ဖွဲ့ဝင်များ အထိုင်ချပြီး ၎င်းလက်နက်ကြီးအမြှောက်ဖြင့် ယခင်က ကျေးရွာများထဲသို့ ပုံမှန်ပစ်ခတ်လေ့ရှိပြီး လက်ရှိတွင် ၎င်းလက်နက်ကြီး ထိခိုက်ပျက်စီးသွားပြီဖြစ်၍ ပစ်ခတ်မှုမရှိတော့ကြောင်းသိရှိရပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment