၂၀၂၃ ဧပြီလ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စီးပွားပျက်ကပ်ကို ရင်ဆိုင်နေရတဲ့ အကြောင်းအရင်းရဲ့ အဓိကတရားခံဟာ မင်းအောင်လှိုင်နဲ့ နောက်လိုက် အကြမ်းဖက်စစ်အုပ်စုတွေကြောင့်သာလျင် ဖြစ်တယ်လို့ဆို
📌 ၂။ စစ်ရေးဖိအားဒဏ်ခံနေရပြီး နိုင်ငံခြားငွေ သိသိသာသာ ရှားပါးလာနေပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ နေဝင်ချိန်ရောက်ဖို့ သိပ်မဝေးတော့ဘူးလို့ ဝန်ကြီးချုပ်ပြောကြား
📌 ၃။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန်အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေး ဝန်ကြီးဌာန တင်ပြ
📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၆။ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူပေါ်မှာ အခြေခံထား၍ ပြည်သူလူထု ငြိုငြင်မယ့်ကိစ္စတွေ အထူးသတိထား ရှောင်ရှားကြရမယ်လို့ "ရက္ခိုင့်တပ်တော်AA ဒုစစ်ဦးစီးချုပ် ပြောကြား
📌 ၇။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၄၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ်က (၆၄၉) ဦး သေဆုံး၍ (၇၅၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
📌 ၈။ ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာနှင့်သောက်ရေသုံးရေအခက်အခဲ လိုအပ်ချက်တို့ရှိနေ
📌 ၉။ ကန့်ဘလူခရိုင်မှာ အင်အားရာနဲ့ချီတဲ့ စကစတပ်များ သုံးရက်ဆက်တိုက်စစ်ကြောင်းထိုးနေပြီး စစ်ဘေးရှောင်ပြည်သူ သုံးသောင်းနီးပါး ခန့်ရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စီးပွားပျက်ကပ်ကို ရင်ဆိုင်နေရတဲ့ အကြောင်းအရင်းရဲ့ အဓိကတရားခံဟာ မင်းအောင်လှိုင်နဲ့ နောက်လိုက် အကြမ်းဖက်စစ်အုပ်စုတွေကြောင့်သာလျင် ဖြစ်တယ်လို့ဆို
စီးပွားပျက်ကပ်ကို ရင်ဆိုင်နေရတဲ့ အကြောင်းအရင်းရဲ့ အဓိကတရားခံဟာ မင်းအောင်လှိုင်နဲ့ နောက်လိုက် အကြမ်းဖက်စစ်အုပ်စုတွေကြောင့်သာလျင် ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။ ဧပြီ ၄ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။
"ကျနော့်အနေနဲ့ ဖက်ဆစ်စစ်တပ်ရဲ့ အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံရဲ့ ချွတ်ခြုံကျ ပျက်ဆီးလားတဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီးပြောချင်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရဆိုရင် မြန်မာကျပ်ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဥ်ရင် ၃၁ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ ၂၀၂၁ စီးပွားရေးနှစ်မှာဆိုရင် နိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုဟာ ၁၈ရာခိုင်နှုန်းအထိကို နိမ့်ဆင်းသွားခဲ့တာပါ။ ဒါဟာ ဘာကိုဖော်ပြနေလည်းဆိုရင် အောက်ခြေက ပြည်သူတွေရဲ့ ဘ၀ဟာ တနေ့တခြား ဆိုးရွားလာတဲ့ စီးပွားရေး အကြပ်အတည်းကို ရင်ဆိုင်နေရတယ်ဆိုတာပါပဲ။ အခုလို တိုင်းပြည်နဲ့ လူထုတရပ်လုံး စီးပွားပျက်ကပ်ကို ရင်ဆိုင်နေရတဲ့အကြောင်းအရင်းရဲ့ အဓိကတရားခံဟာ မင်းအောင်လှိုင်နဲ့ သူ့ရဲ့နောက်လိုက် အကြမ်းဖက် စစ်အုပ်စုတွေကြောင့်ပါပဲ"လို့ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိူင်ငံအတွင်း ကုန်စျေးနှုန်းများ မြင့်တက်လျက်ရှိပြီး မြန်မာကျပ်ငွေတန်ဖိုးများ ကျဆင်းလျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ရေးဖိအားဒဏ်ခံနေရပြီး နိုင်ငံခြားငွေ သိသိသာသာ ရှားပါးလာနေပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ နေဝင်ချိန်ရောက်ဖို့ သိပ်မဝေးတော့ဘူးလို့ ဝန်ကြီးချုပ်ပြောကြား
စစ်ရေးဖိအားဒဏ်ခံနေရပြီး နိုင်ငံခြားငွေ သိသိသာသာ ရှားပါးလာနေပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ နေဝင်ချိန်ရောက်ဖို့ သိပ်မဝေးတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဧပြီ၄ရက်အမျိုးသားညီညွတ်ရေးအစိုးရအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၃/၂၀၂၃ တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။
" မြို့ပြမှာရော၊ ပြည်နယ်တွေမှာပါ တော်လှန်ရေးဘက်တော်သားတွေရဲ့ စစ်ရေးဖိအားဒဏ်ခံနေရပြီး နိုင်ငံခြားငွေ သိသိသာသာရှားပါးလာနေပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ နေဝင်ချိန်ရောက်ဖို့ သိပ်မဝေးတော့ဘူးလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ “တသံတည်းညီ တချီတည်းရုန်း” နိုင်ကြပြီဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ အရေးတော်ပုံကြီးဟာ မုချအောင်မြင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန်အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေး ဝန်ကြီးဌာန တင်ပြ
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန်အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန တင်ပြခဲ့ပါတယ်။ ဧပြီ ၄ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၁၃ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ တင်ပြခဲ့တာလို့ သတင်းရရှိပါတယ်။
အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန် ရှင်းလင်းတင်ပြတာ၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ လုပ်ငန်းအစီရင်ခံစာနဲ့ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးတင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
ဧပြီ ၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၇/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဧပြီ၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်းရှိ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (၁၄/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး၊ တက်ရောက်လာသော မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက မိမိဒေသရှိ အမှုအခင်းများနှင့်ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာန၏ သက်ဆိုင်ရာတပ်ဖွဲ့ /ဦးစီးဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့လုံခြုံရေး အဖွဲ့ဝင်များမှ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၆။ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူပေါ်မှာ အခြေခံထား၍ ပြည်သူလူထု ငြိုငြင်မယ့်ကိစ္စတွေ အထူးသတိထား ရှောင်ရှားကြရမယ်လို့ "ရက္ခိုင့်တပ်တော်AA ဒုစစ်ဦးစီးချုပ် ပြောကြား
တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူပေါ်မှာ အခြေခံထား၍ ပြည်သူလူထု ငြိုငြင်မယ့် ကိစ္စတွေအထူးသတိထား ရှောင်ရှားကြရမယ်လို့"ရက္ခိုင့်တပ်တော် AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
ဧပြီ ၄ရက်နေ့"ရက္ခိုင့်တပ်တော် AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ" မှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
"ကျနော်တို့ရဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူပေါ်မှာ အခြေခံပြီးတော့မှပဲ ပြည်သူရဲ့ထောက်ခံမှုကို ရရှိနိူင်မှသာ ဒီတော်လှန်ရေးရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု ငြိုငြင်မယ့် ကိစ္စတွေ၊ ပြည်သူလူထုအပေါ်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့် ကိစ္စတွေကိုလည်း အထူးသတိထား ရှောင်ရှားကြဖို့ လိုတယ်လို့ ထပ်ပြီးတော့မှာကြားလိုပါတယ်။ ကရင်နီအပါအဝင် လွတ်မြောက်နယ်တွေ အများကြီးရရှိဖို့ကိုလည်း မျှော်လင့်ပါတယ်။ အဲဒီလွတ်မြောက်နယ်မြေကနေတဆင့် တစ်လှမ်းချင်း၊ တစ်လှမ်းချင်း၊ တစ်မိုင်ချင်း၊တစ်မိုင်ချင်း ကရင်နီလူမျိုးတစ်မျိုးလုံး မျှော်လင့်တောင့်တနေတဲ့ စစ်ရေး၊နိူင်ငံရေး ရည်မှန်းချက်တွေ အမြန်ဆုံးပိုင်ဆိုင်ရရှိနိူင်ပါစေ"လို့ဆိုပါတယ်။
"ရက္ခိုင့်တပ်တော် AA ၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်. နှင့် လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ"ကဏ္ဍတွင်လွတ်မြောက်နယ်မြေရဲ့ သဘောတရားAA နှင့် ကရင်နီ သို့မဟုတ် AA နှင့် KNDF၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် လွတ်မြောက်နယ်မြေစတာတွေကို ဆွေးနွေးပြောကြားသွားခဲ့ပါတယ်။
========================
📌📌 ၇။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၄၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ်က (၆၄၉) ဦး သေဆုံး၍ (၇၅၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၄၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ်က (၆၄၉) ဦး သေဆုံး၍ (၇၅၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီ၄ရက်မှာ အမှတ်(၁) စစ်ဒေသ စစ်ရေးသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
"အမှတ်(၁) စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၄၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၆၄၉) ဦး သေဆုံး၍ (၇၅၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ကာကွယ်ရေးတပ်ဘက်က ရဲဘော် (၃၃) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၉၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်သူ့ထံမှ လက်နက်မျိုးစုံ (၃၀)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။
ဤ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၈။ ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာနှင့်သောက်ရေသုံးရေအခက်အခဲ လိုအပ်ချက်တို့ရှိနေ
ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူတွေအတွက် အခြေခံစားနပ်ရိက္ခာနှင့်သောက်ရေသုံးရေအခက်အခဲလိုအပ်ချက်တို့ရှိနေတယ်လို့ဧပြီ၄ရက်နေ့မှာ ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က အသိပေးဆိုပါတယ်။
"အခက်အခဲပေါင်းများစွာ ဒုက္ခပင်လယ်ဝေနေကြရတဲ့ ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူတွေ ဘာတွေအဓိက လိုအပ်လည်းလို့ လာမေးကြတဲ့သူတွေအတွက် အခြေခံစားနပ်ရိက္ခာနှင့် တချို့နေရာစခန်းတွေမှာ သောက်ရေသုံးရေအခက်အခဲရှိပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပွားနေကြတဲ့ ရောဂါများ အမျိုးမျိုးသော ကူးစက်ရောဂါတွေအတွက် ဆေးဝါးများ အထူးလိုအပ်ပါတယ်"လို့ဆိုပါတယ်။
စစ်ရှောင်စခန်းအတွက် နေရာတော်တော်များများ အသုံးဝင်တဲ့ မိုးကာတွေလည်းလိုအပ်တယ်လို့သိရပါတယ်။
========================
📌📌 ၉။ ကန့်ဘလူခရိုင်မှာ အင်အားရာနဲ့ချီတဲ့ စကစတပ်များ သုံးရက်ဆက်တိုက်စစ်ကြောင်းထိုးနေပြီး စစ်ဘေးရှောင်ပြည်သူ သုံးသောင်းနီးပါး ခန့်ရှိလာ
ကန့်ဘလူခရိုင်မှာ အင်အားရာနဲ့ချီတဲ့ စကစတပ်များ သုံးရက်ဆက်တိုက်စစ်ကြောင်းထိုးနေပြီး စစ်ဘေးရှောင်ပြည်သူ သုံးသောင်းနီးပါး ခန့်ရှိလာတယ်လို့ ဧပြီ၄ရက်နေ့မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အသိပေးဆိုပါတယ်။
"ဧပြီ ၄ ရက်နေ့ မနက် ၈ နာရီတွင် စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ အင်းလယ်ကြီးရွာအား ယနေ့မနက်အထိ နှစ်ရက်ဆက်တိုက်မီးရှို့ ဖျက်ဆီးခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၅၀ ခန့်သည် ငါတို့ရွာဘက်သို့ ပြန်လည်ထွက်ခွာသွားပြီး ညနေ ၂ နာရီ ၁၀ မိနစ်တွင် ရွာမရွာသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
၎င်းစစ်ကြောင်းသည် ဧပြီ ၃ ရက်နေ့ ညနေတွင် အင်းလယ်ကြီးရွာအား အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ညအိပ်တပ်စွဲထားကာ ဧပြီ ၄ ရက် ယနေ့မနက် ၆ နာရီတွင်လည်း နှစ်ရက်မြောက်ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။
၎င်းအပြင် ဧပြီ ၄ ရက် ယနေ့မနက် ၁၀ နာရီ ၃၇ မိနစ်တွင် ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်၊ချပ်ကြီးရွာအထိုင်ရှိ စစ်ကောင်စီတပ်နှင့်ပျုစောထီးများသည် ချပ်ကြီးရွာထဲမှ ပြည်သူပိုင်နေအိမ်များအားမီးရိူ့ဖျက်ဆီးခဲ့ပါတယ်။
ဧပြီ ၂ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ အမြှောက်တပ်ရင်းမှ ကျွန်းလှမြို့ဘောလုံးကွင်းသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၁၅၀ ကျော်သည် ဧပြီ ၄ ရက် ယနေ့မနက် ၇ နာရီတွင် ကျွန်းလှမြို့မှ မြောက်ဘက်သို့ ထွက်ခွါသွားကြောင်း သိရပါတယ်။
၎င်းစစ်ကြောင်းကြောင့် ကန့်ဘလူမြို့နယ် ပင့်သာတိုက်နယ်မှ ပင့်သာ၊ချောင်းကြား၊ ရှမ်းကုန်းနှင့် အင်းမရွာများပါ ထပ်မံစစ်ရှောင်နေရကာ ဧပြီ ၂ရက်မှ ၄ ရက်နေ့အထိ သုံးရက်တာအတွင်း ကန့်ဘလူမြို့နယ် တိုက်နယ်သုံးခုမှ ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရပြီး၊ အမြဲစစ်ဘေးရှောင်ဦးရေပါ ထည့်တွက်လျှင် ကန့်ဘလူ တခရိုင်လုံး၌ ပြည်သူ ၃၀၀၀၀ ခန့်စစ်ဘေးရှောင်နေကြရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment