၂၀၂၃ ဧပြီလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ “တသံတည်းညီ တချီတည်းရုန်း” နိုင်ကြပါက အရေးတော်ပုံ မုချအောင်မြင်မယ်လို့ဆို
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့လုပ်ငန်း စဥ်များအား ရှင်းလင်းတင်ပြ
📌 ၃။ စကစ အနေဖြင့် ပြည်သူလူထု၏ ပေးစာ ကမ်းစာကို စားသောက်နေပြီး ပြည်သူအပေါ် ညှင်းပန်းနေမှုများမှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်တယ်လို့ တရားရေးဝန်ကြီးပြောကြား
📌 ၄။ တနင်္သာရီမြို့နယ်ရှိစစ်ဘေးရှောင်လူဦးရေ ၈,၀၀၀ နီးပါးခန့် ရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေ
📌 ၅။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြားတိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က (၁၀)ဦးကျော်သေဆုံး
📌 ၆။ တာဝေးပစ်ဒုံးများနဲ့ တင့်ကားသုံး အမြှောက်ဗုံးသီးများ ထုတ်လုပ်တဲ့ အထက်မင်းလှ ကပစ ၁၀ ရှော့တိုက်ဒုံး ၂ လုံးဖြင့် အပစ်ခံရ
📌 ၇။ အင်းတော်တွင် KIA၊ KPDFအဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီဘက်မှ အယောက်၄၀ ခန့်သေဆုံး
📌 ၈။ ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ လက်လုပ်စနိူက်ပါသေနတ်ကို ထုတ်လုပ်အောင်မြင်
📌 ၉။ ရောင်နီလာရာလမ်းရုပ်ရှင်ကို တောင်ကိုရီးယား ဂင်မဲမှာ ပြသမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ “တသံတည်းညီ တချီတည်းရုန်း” နိုင်ကြပါက အရေးတော်ပုံ မုချအောင်မြင်မယ်လို့ဆို
တော်လှန်ရေး အင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ “တသံတည်း ညီ တချီတည်းရုန်း” နိုင်ကြပါက အရေးတော်ပုံ မုချအောင်မြင်မယ်လို့ ဧပြီလအတွင်း ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး ၁၃/၂၀၂၃ မှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
''ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ အားလုံး စုစုစည်းစည်းနဲ့ “တသံတည်းညီ တချီတည်းရုန်း” နိုင်ကြပြီဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ အရေးတော်ပုံကြီးဟာ မုချအောင်မြင်မှာ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ရှေ့လုပ်ငန်း စဥ်များအား ရှင်းလင်းတင်ပြ
ဧပြီ ၇ရက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြခြင်းအစီအစဥ်အား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံက ဝန်ကြီးဌာန၏ ဖက်ဒရယ်ကျန်းမာရေးစနစ် တည်ထောင်ခြင်းနှင့် လူထုအခြေပြု ကျန်းမာရေးစနစ် တည်ထောင်ခြင်းကဏ္ဍ၊ Federal Health Myanmar ခေါင်းစဥ်ဖြင့် Online မှ သင်တန်းပေးနေခြင်းကဏ္ဍ၊ စိတ်ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းကို ပြန်လည်စတင်ခြင်းကဏ္ဍ၊ အမျိုးသားကျန်းမာရေးညီလာခံနှင့် ဖက်ဒရယ်ကျန်းမာရေးစနစ် ဖော်ဆောင်ရန် အမျိုးသား ကျန်းမာရေးနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့မှုအခြေအနေများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းကဏ္ဍ၌ မြေပြင်ကျန်းမာရေးနှင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းအကြံပြုခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စကစ အနေဖြင့် ပြည်သူလူထု၏ ပေးစာ ကမ်းစာကို စားသောက်နေပြီး ပြည်သူအပေါ် ညှင်းပန်းနေမှုများမှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်တယ်လို့ တရားရေးဝန်ကြီးပြောကြား
ဧပြီ လ(၈) ရက်မှာ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြေပြင်တရားသူကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲမှာ တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဖြတ်သန်းခဲ့သည့် ၂ နှစ်တာကာလအတွင်း အနိမ့်အမြင့် အတက်အကျများရှိနေရာ ယေဘူယျအားဖြင့် အတက်ဖက်တွင်ရှိကြောင်း၊ အချို့သောနေရာများတွင် စိတ်မကောင်းဖွယ်၊ ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးများရှိနေသည်ကို ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသည့် အချို့မြေပြင် တရားသူကြီးများ ထဲထဲဝင်ဝင် သိရှိနေကြောင်း၊ စကစ အနေဖြင့် ပြည်သူလူထု၏ ပေးစာ ကမ်းစာကို စားသောက်နေပြီး ပြည်သူအပေါ် ညှမ်းပန်းနေမှုများမှာ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ကြောင်း"ဝန်ကြီးကပြောပါတယ်။
အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင် ၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်(အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ) ၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်မျိုးထွန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်လင်းထက်စံ၊ တရားရေးဝန်ကြီးဌာန၏ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ မြေပြင် တရားရုံး (၂၅)ရုံးမှ တရားသူကြီးများ၊ ဆက်သွယ်ရေးတာဝန်ခံများ တက်ရောက်ခဲ့ ကြပါတယ်။
========================
📌📌 ၄။ တနင်္သာရီမြို့နယ်ရှိစစ်ဘေးရှောင်လူဦးရေ ၈,၀၀၀ နီးပါးခန့် ရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေ
တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်လူဦးရေ ၈,၀၀၀ နီးပါးခန့် ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေတယ်လို့ ဧပြီ ၈ရက်မှာ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က အသိပေးဆိုပါတယ်။
"မတ်လ (၁၉) ရက်နေ့က စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာ၍ တကူနဲ့ ဘန်းလမွတ် ကျေးရွာအုပ်စုတို့က ဒေသခံ ၈၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်နေ့ ရေဖြူ ဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်စစ်ရေး အရှိန်မြင့်တက်လာခဲ့ပြီး လက်ရှိအခြေအနေအရ တနင်္သာရီမြို့နယ်အထဲက ကျေးရွာအုပ်စု ၅ ခုက ဒေသခံစစ်ဘေးရှောင်ဦးရေ မြင့်တက်လျက်ရှိပါတယ်။ စုစည်းရရှိထားတဲ့ အချက် အလက်တွေအရ အိမ်ထောင်စုပေါင်း ၁,၅၀၀ ကျော်က လူဦးရေ ၈,၀၀၀ နီးပါးခန့် ရှိနေပြီး အသက် ၁ နှစ်အောက်ကလေးငယ် ၄၀၀ နီးပါး၊ အသက် ၁ နှစ်နှင့် ၅ နှစ်ကြား ကလေးငယ် ၈၀၀ ခန့် ပါဝင်ပါတယ်"လို့ဆိုပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လလယ်ခန့်ကစ၍ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးဝင်ရောက်မှုတွေ ၊ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်မှုတွေကြောင့် စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး ဒေသခံအများအပြား စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။
========================
📌📌 ၅။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြားတိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က (၁၀)ဦးကျော်သေဆုံး
ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြားတိုက်ပွဲ ဖြစ်ပွားရာ စကစဘက်က (၁၀)ဦးကျော် သေဆုံးခဲ့တယ်လို့ ဧပြီ၈ရက်မှာ စစ်ရေးသတင်းကို KNDFတပ်ရင်း၆က အသိပေးဖော်ပြပါတယ်။
"ကရင်နီပြည်နယ် ၊ ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ်တစ်ကြောတွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နေ့ နှင့် (၅)ရက်နေ့တို့တွင် တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်"လို့ဆိုပါတယ်။
တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီ၏ တပ်များအား ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်သည့် KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07 နှင့် KNDF ဗဟိုဒရုန်းတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
နှစ်ရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ငွေတောင်အခြေစိုက် ခလရ (၁၀၂) တပ်နှင့် လွိုင်ကော်မြို့နယ် အခြေစိုက် တပ်များဖက်မှ လက်နက်ကြီးများ အဆမတန်အသုံးပြုကာ ပစ်ကူပေးခဲ့ပြီး ဧပြီလ (၄) ရက်နေ့ ညနေ (၃)နာရီကျော် အချိန်တွင် တိုက်လေယာဥ်ဖြင့် (၆)ကြိမ် လာရောက်ပစ်ခတ်ခဲ့ပါတယ်။
ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့အား သိမ်းဆည်းရရှိခဲ့ပါတယ်။
========================
📌📌 ၆။ တာဝေးပစ်ဒုံးများနဲ့ တင့်ကားသုံး အမြှောက်ဗုံးသီးများ ထုတ်လုပ်တဲ့ အထက်မင်းလှ ကပစ ၁၀ ရှော့တိုက်ဒုံး ၂ လုံးဖြင့် အပစ်ခံရ
မကွေးတိုင်း ၊ သရက်ခရိုင်ရှိ တာဝေးပစ်ဒုံးများနဲ့ တင့်ကားသုံး အမြှောက်ဗုံးသီးများ ထုတ်လုပ်တဲ့ အထက်မင်းလှ ကပစ ၁၀ ရှော့တိုက်ဒုံး ၂ လုံးဖြင့် အပစ်ခံရပါတယ်။
ဧပြီ ၇ရက် ည ၈ နာရီခွဲအချိန်မှာ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား ပညာရှင်များ ရောက်ရှိနေချိန် ပစ်ခတ်ခဲ့တာလို့ People's Revolution Alliance (PRA-Magway)က အတည်ပြုဆိုထားပါတယ်။
မြေပြင်အတည်ပြုချက်အရ စက်ရုံအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပြီး ရန်သူသေဆုံး ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ဆိုထားပါတယ်။ စစ်ဆင်ရေးဟာ ဗျူဟာမြောက် ပစ်မှတ်များ ခြေမှုန်းခြင်း စစ်ဆင်ရေးအဖြစ် ၁၀၇ မမကို ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။
တိုက်ခိုက်မှုတွင် အရှိုချင်းကာကွယ်ရေးတပ်၊ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ကူညီခဲ့ပါတယ်။
========================
📌📌 ၇။ အင်းတော်တွင် KIA၊ KPDFအဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၍ စစ်ကောင်စီဘက်မှ အယောက်၄၀ ခန့်သေဆုံး
အင်းတော်တွင် KIA၊ KPDFအဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဧပြီ၈ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။
"စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် အင်းတော်မြို့မှ အနောက်ဘက် ၈မိုင်ခန့်အကွာ နံ့သာရွာတွင် ရက်ပေါင်း၂၀ကျော်ကြာ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် KIA၊ KPDFပူးပေါင်းအဖွဲ့တို့ ဧပြီလ ၆ရက်နှင့် ၇ရက်နေ့တွင် တိုက်ပွဲ၂ရက် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စခ ၄၀ခန့် ထိခိုက်သေဆုံးခဲ့ကာ မိမိတို့ဘက်မှ ရဲဘော်၄ဦး ကျဆုံးခဲ့တယ်"လို့ဖော်ပြပါတယ်။
ဧပြီလ ၆ရက်နေ့တွင် နန့်သာရွာမှ မော်တိတ်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စကစတပ်အင်အား၁၀၀ ကျော်အား KIA၊ KPDFအဖွဲ့မှ နံနက်၉နာရီအချိန်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃၀နီးပါးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ KIAရဲဘော်၂ဦးနှင့် KPDFရဲဘော် ၁ဦး ကျဆုံးခဲ့ပါတယ်။
၇ ရက်နေ့ နံနက်၇နာရီအချိန်တွင်လည်း နံ့သာရွာအနီးတွင် ဆက်လက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ဦးခန့်သေဆုံးကာ KPDFရဲဘော်တစ်ဦး ထပ်မံ ကျဆုံးခဲ့ပါတယ်။
စစ်ကောင်စီဘက်မှ သေဆုံးစကစတပ်များနှင့် ဒဏ်ရာရသူများအား နာရေးကားတစ်စီး၊ စစ်ကားတစ်စီးဖြင့် အင်းတော်မြို့တပ်ကုန်းထဲသို့ သယ်ဆောင်သွားပြီး သေဆုံးစကစတပ်များအား တပ်ကုန်းထဲမှာပဲ သင်္ဂြိုလ်ကာ ဒဏ်ရာရ စကစများကိုလည်း ၎င်းနေရာမှာပဲ ဆေးကုသနေကြောင်း သိရပါတယ်။
========================
📌📌 ၈။ ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ လက်လုပ်စနိူက်ပါသေနတ်ကို ထုတ်လုပ်အောင်မြင်
ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ လက်လုပ်စနိုက်ပါသေနတ်ကို ထုတ်လုပ်အောင်မြင်ခဲ့တယ်လို့ ဧပြီ ၈ရက်မှာ ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့မှ အသိပေးဆိုပါတယ်။
"ဝရဇိန် ထုတ်လုပ်ရေးအဖွဲ့ 'မှ ထုတ်လုပ်လျက်ရှိသော ပြင်းအားမြင့် 7.62 S_n_i_p_e_r အမျိုးအစားဖြစ်ပါတယ်"လို့မိတ်ဆက်ဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ လက်လုပ်သေနတ်များ၊ ၄၀မမများ၊ ၆၀မမများနဲ့ လက်လုပ်လက်နက်ကြီးများကိုလည်း ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။
========================
📌📌 ၉။ ရောင်နီလာရာလမ်းရုပ်ရှင်ကို တောင်ကိုရီးယား ဂင်မဲမှာ ပြသမယ်
ရောင်နီလာရာလမ်းရုပ်ရှင်ကို တောင်ကိုရီးယား ဂင်မဲမှာ ပြသမယ်လို့ ရောင်နီလာရာလမ်းရုပ်ရှင်ပြသရေး ကော်မတီကဆိုပါတယ်။
" တော်လှန်ရေး ရန်ပုံငွေရုပ်ရှင် ရောင်နီလာရာလမ်းကို ဂင်မဲမှာ ပြသပါမယ်။ ရုပ်ရှင်ပြသခြင်းမှ ရရှိငွေများကို တော်လှန်ရေးအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၂ခုနှစ် ၉လပိုင်းနှင့် ၁၀လပိုင်းတွင် ဘူဖြောင်းနှင့် ဂင်မဲမြို့၌ ပြသခဲ့တဲ့ ဒါရိုက်တာကိုပေါက်ရဲ့ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်မှ တော်လှန်ရေး ရန်ပုံငွေ 34,803,800 ဝမ် ရရှိခဲ့ပါတယ်။
ရန်ပုံငွေများအား မိုးခါးရေကော်မတီမှတဆင့် NUGကာကွယ်ရေးဝန်ကြီးဌာနသို့ ပေးပို့၍ တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment