10th MAY 2023 - Evening Daily News by Radio NUG


၂၀၂၃ မေလ ၁၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တော်လှန်ရေးသက်လုံ ကျမသွားအောင် ဘက်ပေါင်းစုံက ထိန်းကွပ်ကြဖို့ လိုတယ်လို့ယာယီသမ္မတပြောကြား

📌 ၂။ သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် သြစတြေးလျနိုင်ငံရှိ တာဝန်ရှိသူအသီးသီးတို့တွေ့ဆုံဆွေးနွေး

📌 ၃။ ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

📌 ၄။ တစ်ဖက်ရန်သူက သုံးတဲ့ စစ်လက်နက်အတိုင်း သုံးနိူင်မှ ကိုယ့်နယ်မြေကို ကိုယ်ထိန်းချုပ်နိူင်မှာ ဖြစ်တယ်လို့ ပြောကြား

📌 ၅။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျင်းပတဲ့ အိဒ့်နေ့အထိမ်းအမှတ် ညစားစားပွဲ NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးတက်ရောက်

📌 ၆။ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ အာဆီယံ  နဲ့ သြစတြေးလျ တပ်မတော်များက အရာရှိကြီးများကို မြန်မာ့အရေး ပို့ချခဲ့တယ်လို့ NUG သြစတြေးလျကိုယ်စားလှယ်ပြောကြား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တော်လှန်ရေးသက်လုံ ကျမသွားအောင် ဘက်ပေါင်းစုံက ထိန်းကွပ်ကြဖို့ လိုတယ်လို့ယာယီသမ္မတပြောကြား


မေလ၁၀


မေလ၉ရက်‌နေ့မှာ ကျင်းပပြုလုပ်‌ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် တော်လှန်ရေးသက်လုံ ကျမသွားအောင် ဘက်ပေါင်းစုံက ထိန်းကွပ်ကြဖို့လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးဆိုတာကလည်း ဒီရေလို တက်လိုက် ကျလိုက် နိမ့်လိုက် မြင့်လိုက် ဖြစ်တတ်တာ သဘာဝ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားရေချိန် ဆိုတာလည်း အတက်အကျ ရှိတတ်တာမို့ လူထု သဘောထားကိုလည်း ရှေ့ရှုနေရမှာ ဖြစ်သလို၊ တော်လှန်ရေးရလဒ် ထွက်အောင်လည်း ဦးတည် ကြိုးစား နေရပါလိမ့်မယ်။ လူထုရဲ့ စိတ်နေသဘောနဲ့ လိုက်လျောညီထွေစွာ အလိုက်သင့် အလျားသင့် ရှုမြင်သုံးသပ်ပြီး တော်လှန်ရေးသက်လုံ ကျမသွားအောင် ဘက်ပေါင်းစုံက ထိန်းကွပ်ကြဖို့ လိုတယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဟာ ညီညွတ်မှုနဲ့အတူ အောင်ပွဲရလဒ်တွေကို ဆုပ်ဆုပ်ကိုင်ကိုင် ပြနိုင်ရပါလိမ့်မယ်"လို့ဆိုပါတယ်။


လက်ရှိမှာ နွေဦးတော်လှန်ရေးဖြတ်သန်းမှုကာလဟာ () နှစ်ထဲကို ချည်းနင်းဝင်ရောက်လာပြီ ဖြစ်ပါတယ်။


"အခုဆိုရင်  တော်လှန်ရေးကာလ ကြာညောင်းလာတာနဲ့အမျှ ပြည်သူလူထုရဲ့ စိတ်ရှည်သည်းခံနိုင်မှု လည်း အတိုင်းအတာတစ်ခုအထိရှိနေပါတယ်။ သို့သော်လည်း လူထုဟာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးမှာ အစဉ်တစိုက် စိတ်အားထက်သန်နေတာတွေ့ရလို့ ကျွန်တော့်အနေနဲ့ အားတက်မိပါတယ်။ လူထုထဲမှာ ဘယ်လိုပဲ သဘောထားအမြင်တွေ ကွဲပြားနေသည်ဖြစ်စေ လူထုဟာ စစ်အာဏာရှင် အစိုးရလက်အောက်ကို လုံးဝပြန်မရောက်ချင်ကြတော့ဘူးဆိုတာ သိသာထင်ရှားပါတယ်"လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


========================


📌📌 ၂။ သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် သြစတြေးလျနိုင်ငံရှိ တာဝန်ရှိသူအသီးသီးတို့တွေ့ဆုံဆွေးနွေး


မေလ၁၀ရက်


မေလ၁၀ရက်နေ့မှာ သြစတြေးလျနိူင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက အခုလိုသတင်းထုတ်ပြန်ထားပါတယ်။


မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သြစတြေးလျအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ သံအမတ်ကြီး H.E. Bronte Moules နှင့် လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းတို့ဟာ သြစတြေးလျအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဦးစီးဌာန ရုံးချုပ်တွင် တွေ့ဆုံခဲ့ပါတယ်။


အလားတူ သြစတြေးလျပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရာ လွှတ်တော်ပူးပေါင်းကော်တီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့်လည်း လူ့အခွင့်ရေးဝန်ကြီးဟာ ပြည်ထောင်စုလွှတ်တော်ရှိ ကော်မတီခန်းမတွင် မြန်မာ့အရေး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။


 အဆိုပါ အစည်းအဝေးသို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နှင့် NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများသည် ဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ တက်ရောက်ခဲ့ကြပါတယ်။


ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင်ကို ပူးတွဲတည်ထောင်သူ၊ သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး မဟာမင်းကြီးဟောင်းနှင့် လက်ရှိ ကုလသမဂ္ဂကော်မရှင်တခု၏ မဟာမင်းကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ Professor Chris Sidoti ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်ရုံးတွင် လက်ခံတွေ့ဆုံခဲ့ပါတယ်။


 တွေ့ဆုံပွဲသို့  လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်လည်း တက်ရောက်ခဲ့ပြီး ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး


မေလ၁၀ရက်


ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့


မေလ၉ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ငိုင်တမ်မောက်ကပြောကြားခဲ့ပါတယ်။


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်သည်ဖြစ်ရာ အဆိုပါ မုန်တိုင်းနှင့်စပ်လျဉ်း၍  အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် မုန်တိုင်းဒဏ်သက်ရောက်နိုင်ခြေရှိသည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ၊ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများနှင့် Online မှတဆင့်တွေ့ဆုံခဲ့ပါတယ်။


 ထိုသို့တွေ့ဆုံရာမှာဖြစ်ပေါ်လာနိုင်သည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် နောက်ဆက်တွဲကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံရာတွင် မုန်တိုင်းနှင်စပ်လျဉ်း၍ ပြည်သူသို့အသိပေးထုတ်ပြန်ကြေညာချက်များ ဖြန့်ဖြူးရေး၊ ဘေးအန္တရာယ် ကျရောက်နိုင်သည့်ဒေသများမှပြည်သူများကို ယာယီပြောင်းရွှေ့ပေးနိုင်ရေး၊ တော်လှန်ရေး အင်အားစုများနှင့် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရေး၊ အရပ်ဘက်အဖွဲ့အစည်းများ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းရေး၊ အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ နယ်မြေဆက်စပ်နေသည့် ဒေသများအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီများ ရရှိရေးစသည်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

------------------

📌📌 ၄။ တစ်ဖက်ရန်သူက သုံးတဲ့ စစ်လက်နက်အတိုင်း သုံးနိူင်မှ ကိုယ့်နယ်မြေကို ကိုယ်ထိန်းချုပ်နိူင်မှာ ဖြစ်တယ်လို့ ပြောကြား


မေလ၁၀ရက်


တစ်ဖက်ရန်သူက သုံးတဲ့ စစ်လက်နက်အတိုင်း သုံးနိူင်မှ ကိုယ့်နယ်မြေကို ကိုယ်ထိန်းချုပ်နိူင်မှာ ဖြစ်တယ်လို့အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနဒုတိယဝန်ကြီး  ဒေါ်အိသဉ္ဇာမောင်က မေလအတွင်းမှာပြုလုပ်တဲ့ ကရင်နီပွိုင့်5 မှာ ပါဝင်ပေးကြဖို့ တိုက်တွန်းစကားမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။


"စစ်ပွဲဆိုတာ စစ်လက်နက်တွေအတွက် ပိုက်ဆံလိုတယ်။လေနဲ့တိုက်လို့မရဘူး။တစ်ဖက်ရန်သူက သုံးတဲ့ စစ်လက်နက်အတိုင်း ကျမတို့ကသုံးနိူင်ဖို့လိုတယ်။နည်းပညာကိုလည်း ယှဥ်နိူင်ဖို့လိုတယ်။ဒါမှလည်း ကျမတို့က ကိုယ့်နယ်မြေကိုထိန်းချုပ်နိူင်မှာ ဖြစ်သလို၊ ရန်သူကိုလည်းထိုးဖောက်နိုင်မယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ကရင်နီပြည်ရှိ နယ်မြေအများစုမှာ တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားနိူင်ပြီး စကစတပ်က လေကြောင်းတိုက်ခိုက်မှုကိုသာ အားပြုလျက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။


========================


📌📌 ၅။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျင်းပတဲ့ အိဒ့်နေ့အထိမ်းအမှတ် ညစားစားပွဲ NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးတက်ရောက်


မေလ၁၀


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဂျေဘလင်ကန်က ကျင်းပတဲ့ အိဒ့်နေ့အထိမ်းအမှတ် ညစားစားပွဲ NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးဦးအောင်ကျော်မိုးကတက်ရောက်ခဲ့ပါတယ်။


မေလ၁၀ရက်နေ့မှာ အခမ်းအနားနဲ့ပတ်သက်လို့ radio NUGကို NUG လူ့အခွင့်ရေးဝန်ကြီးဌာန အကြံပေးဦးအောင်ကျော်မိုးကဖြေကြားခဲ့ပါတယ်။


"လူတအားများသော နိူင်ငံခြားရေးဝန်ကြီးနဲ့တော့မဆွေးနွေးဖြစ်လိုက်ဘူး။ဒါပေမယ့် United States Ambassador-at-Large for Global Criminal Justice သံအမတ်ကြီး Beth Van Schaack  နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။

နိုင်ငံတာတရားစီရင်မှုစနစ်အောက်မှာစစ်တပ်ကို အပြစ်ပေးရေးယူနိုင်ရေးကိစ္စမှာအမေရိကန်က မဟာမိတ်များအတူဆက်လက်ကြိုးပမ်းဆောင်ရွက်မယ် ဆိုတာ ရယ်၊ရိုဟင်ဂျာဒုက္ခသည်စခန်းသွားရောက်ခဲ့မှုကို သံအမတ်ကြီးကရှင်းပြခဲ့ပါတယ်"လို့ဆိုပါတယ်။


မြန်မာနိူင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးကြိုးပမ်းရာမှာ အမေရိကန်နိူင်ငံဟာ မိတ်ဘက်နိူင်ငံအနေနဲ့ရပ်တည်လျက်ရှိပါတယ်။


========================


📌📌 ၆။ သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ အာဆီယံ  နဲ့ သြစတြေးလျ တပ်မတော်များက အရာရှိကြီးများကို မြန်မာ့အရေး ပို့ချခဲ့တယ်လို့ NUG သြစတြေးလျကိုယ်စားလှယ်ပြောကြား


မေလ၁၀ရက်


သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ အာဆီယံ  နဲ့ သြစတြေးလျ တပ်မတော်များက အရာရှိကြီးများကို မြန်မာ့အရေး ပို့ချခဲ့တယ်လို့ NUG သြစတြေးလျကိုယ်စားလှယ် ဦးထွန်းအောင်ရွှေကမေလ၉ရက်နေ့မှာ အသိပေးဆိုပါတယ်။


"သြစတြေးလျ အမျိုးသားတက္ကသိုလ်မှာ အာဆီယံ (မြန်မာမပါ) နဲ့ သြစတြေးလျ တပ်မတော်များက အရာရှိကြီးများကို ဧည့်သည်အနေနဲ့ လက်ရှိမြန်မာ့အရေး ပို့ချခွင့်ရခဲ့တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိူင်ငံတကာအစိုးရများအသိအမှတ်ပြုမှုနဲ့တရားဝင်မှုရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment