၂၀၂၃ မေလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ တိုင်ကြားစာဗဟိုကော်မတီအနေဖြင့်လုပ်ငန်းများကို သွက်လက်စွာ စီမံဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှုလျှော့ချနိုင်ရန် ရန်ပုံငွေကျပ် (၁၁၉)သန်းခန့် အသုံးပြု၍ ကြားကာလ ပညာရေးဖော်ဆောင်နေသာ စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈)ကျင်း တူးဖော်ပေးခဲ့
📌 ၃။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်ခံရသူများအား သြစတြေးလျအစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးမည်
📌 ၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာမှ ဒေသခံ ၄၀ ခန့်ကို တပ်မ ၃၃ စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
📌 ၅။ ရွှေဘိုမြို့နယ်၊ နန်းတော်ရာ အတွင်းမှာ သောက်စားနေတဲ့ စကစတပ်များအုပ်စုထဲသို့ဗုံးပစ်ခံရ၍ ခုနစ်ဦးသေဆုံး
📌 ၆။ စစ်အုပ်စု၏အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် G7 ခေါင်းဆောင်များမှ ချက်ချင်း အရေးယူဆောင်ရွက်ရေးအတွက်ဓါတ်ပုံကမ်ပိန်းလုပ်ဆောင်သွားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ တိုင်ကြားစာဗဟိုကော်မတီအနေဖြင့်လုပ်ငန်းများကို သွက်လက်စွာ စီမံဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
မေလ၁၉ရက်
ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၀/၂၀၂၃)ကျင်းပခဲ့ရာမှာ တိုင်ကြားစာဗဟိုကော်မတီအနေဖြင့်လုပ်ငန်းများကို သွက်လက်စွာ စီမံဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ဗဟိုကော်မတီအနေဖြင့်လည်း မူဝါဒပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ချက်တွေပြုလုပ်နေကြသည်ကို တွေ့ရပါကြောင်း၊ ဖွဲ့စည်းပြီးဖြစ်သည့် တိုင်ကြားစာဗဟိုကော်မတီအနေဖြင့်လည်း လုပ်ငန်းများကို သွက်လက်စွာ စီမံဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ မြေပြင်မှာ ဆောင်ရွက်နေမှုများတွင် မလစ်ဟင်းစေဘဲ တဖက်မှာလည်း မူဝါဒပိုင်းဆိုင်ရာတွေ လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်စွာ သေချာဖြေရှင်းနိုင်ရန်နှင့် ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေးပုံစံတစ်ခု ဖြစ်ပေါ်လာရေး ဝိုင်းဝန်းကြိုးစားပေးကြပါရန်"ဝန်ကြီးချုပ်ကဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှုလျှော့ချနိုင်ရန် ရန်ပုံငွေကျပ် (၁၁၉)သန်းခန့် အသုံးပြု၍ ကြားကာလ ပညာရေးဖော်ဆောင်နေသာ စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈)ကျင်း တူးဖော်ပေးခဲ့
မေလ၁၉ရက်
အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှုလျှော့ချနိုင်ရန်ရန်ပုံငွေကျပ် (၁၁၉)သန်းခန့် အသုံးပြု၍ ကြားကာလ ပညာရေးဖော်ဆောင်နေသာ စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈)ကျင်း တူးဖော်ပေးခဲ့တယ်လို့ မေလ၁၉ရက်မှာ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကအသိပေးဆိုပါတယ်။
"လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး (၂)နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ငွေကျပ် (၆.၆)ဘီလီယံခန့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပါတယ်။ ဝန်ကြီးဌာနက တစ်လလျှင်ပျမ်းမျှ စစ်ဘေးရှောင်ပြည်သူ (၂)သိန်းကျော်ခန့်ကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ပါတယ်။အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ အသက်ဆုံးရှုံးရမှုလျှော့ချနိုင်ရန် ဝန်ကြီးဌာနက ရန်ပုံငွေကျပ် (၁၁၉)သန်းခန့် အသုံးပြု၍ ကြားကာလ ပညာရေးဖော်ဆောင်နေသာ စာသင်ကျောင်းများတွင် ဗုံးခိုကျင်း (၇၉၈)ကျင်း တူးဖော်ပေးခဲ့ပြီး ဖြစ်တယ်"လို့ဆိုပါတယ်။
ထို့အပြင် စစ်ကောင်စီနှင့် ၎င်း၏နောက်လိုက်နောက်ပါအဖွဲ့များက မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များဆုံးရှုံးခဲ့ရသည့် ပြည်နယ်နှင့်တိုင်းအသီးသီးတို့မှ ဒေသခံပြည်သူများအတွက် ယာယီတဲများပြန်လည်ဆောက်လုပ်ပေးခြင်းကို လက်ရှိအချိန်အထိ ပြည်သူမှပြည်သူသို့လှူဒါန်းသည့် ရန်ပုံငွေဖြင့် ယာယီတဲပေါင်း (၂,၂၃၉)လုံး ဆောက်လုပ်ပေးပြီးဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်ခံရသူများအား သြစတြေးလျအစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးမည်
မေလ၁၉ရက်
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်ခံရသူများအား သြစတြေးလျအစိုးရက အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးမယ်လို့ သြစတြေးလျနိူင်ငံခြားရေးဝန်ကြီး penny wong က Twitter မှာ ရေးသားထားပါတယ်။
သြစတြေးလျသည်မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်ခံရသူများအား ထောက်ပံ့ရန်အတွက် UN နှင့် NGO မိတ်ဖက်များမှတဆင့် ကနဦး အမေရိကန်ဒေါ်လာ ၁ သန်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်လို့ဆိုပါတယ်။
မိုခါမုန်တိုင်း လူဦးရေ ၅ ဒသမ ၄သန်းကျော်လောက်ကို မုန်တိုင်းဒဏ်သင့်ခဲ့ပြီး မကွေးနဲ့စစ်ကိုင်းတိုင်းက လူဦးရေ ၁သိန်းကျော်လောက် ဆိုးဝါးတဲ့ရေကြီးမှုဒဏ်ခံခဲ့ရတယ်လို့မေလအတွင်းမှာ UN OCHA Myanmarကသတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာမှ ဒေသခံ ၄၀ ခန့်ကို တပ်မ ၃၃ စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား
မေလ၁၉ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာမှ အမျိုးသမီးနဲ့ကလေးငယ်များအပါအဝင် သက်ကြီးရွယ်အို ဒေသခံ ၄၀ ခန့်ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်မ ၃၃ စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မေလ၁၈ရက်မှာ AAPPကဖော်ပြပါတယ်။
မေလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာမှ ဒေသခံ ၄၀ ခန့်ကို အင်အား ၂၀၀ ကျော် ပါဝင်သည့် အကြမ်းဖက်စစ်အုပ်စု၏ တပ်မ ၃၃ စစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံရသူများတွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများ ပါဝင်ပြီး ၎င်းတို့အား မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘူးလို့ဖော်ပြပါတယ်။
========================
📌📌 ၅။ ရွှေဘိုမြို့နယ်၊ နန်းတော်ရာ အတွင်းမှာ သောက်စားနေတဲ့ စကစတပ်များအုပ်စုထဲသို့ဗုံးပစ်ခံရ၍ ခုနစ်ဦးသေဆုံး
မေလ ၁၉ ရက်
စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ နန်းတော်ရာ အတွင်းမှာ သောက်စားနေတဲ့ စကစတပ်များအုပ်စုထဲသို့ဗုံးပစ်ခံရ၍ ခုနစ်ဦးသေဆုံးခဲ့တယ်လို့ မေလ၁၉ရက် Snake Eyes PDFက စစ်ရေးသတင်းကို အသိပေးဆိုပါတယ်။
"မေလ၁၈ရက်နေ့ ၊ တစ်နာရီ မိနစ်လေးဆယ်အချိန်ခန့်တွင် ရွှေဘိုမြို့နယ်၊ နန်းတော်ရာ အတွင်းမှာ သောက်စားမူးရစ်နေတဲ့ စကစ တပ်များအုပ်စုထဲသို့ အသင့်စောင့်ဆိုင်းနေတဲ့ ရဲဘော်များမှ ဗုံးသီး နှစ်လုံး ဆက်တိုက် ပစ်ခဲ့တယ်"လို့ဆိုပါတယ်။
အဆိုပါဗုံးသီးပစ်ခဲ့မှုကြောင့် စကစတပ်ဘက်က ၇ ဦးသေဆုံးခဲ့ပြီး၅ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှု'ကို ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ အတူ SBDF - B4/C3 နှင့် တန ၂ မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၆။ စစ်အုပ်စု၏အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် G7 ခေါင်းဆောင်များမှ ချက်ချင်း အရေးယူဆောင်ရွက်ရေးအတွက်ဓါတ်ပုံကမ်ပိန်းလုပ်ဆောင်သွားမည်
မေလ၁၉
စစ်အုပ်စု၏အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် G7 ခေါင်းဆောင်များမှ ချက်ချင်း အရေးယူဆောင်ရွက်ရေး အတွက်ဓါတ်ပုံကမ်ပိန်းကို မေလ ၁၉ ရက်နေ့မှ ၂၁ နေ့အထိလုပ်ဆောင်သွားမယ်လို့ မေလ၁၉ရက်မှာ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ GSCBက တိုက်တွန်းနှိုးဆော်ပါတယ်။
"မေလ ၁၉ ရက်နေ့မှ ၂၁ နေ့အထိ ဂျပန်နိုင်ငံမှာ ၄၉ကြိမ်မြောက် G7အစည်းအဝေးပွဲကျင်းပသွားရန်ရှိပါတယ်။ထိုအစည်းအဝေးပွဲတွင် အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် အရပ်သားပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် G7 ခေါင်းဆောင်များမှ ချက်ချင်း အရေးယူဆောင်ရွက်ရေး အတွက် မေလ ၁၅ရက်နေ့တွင် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီး ယခုအခါ မြန်မာ ပြည်သူလူထုက တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲအား ပြည်တွင်းနှင့် ပြည်ပ၊ မြေပြင်နှင့် အွန်လိုင်း ဟန်ချက်ညီညီ ပြုလုပ်သွားရန်ရှိပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်၏ အန္တရယ်ကြောင့် ဆန္ဒပြပွဲများတွင် ပါဝင်ရန် အခက်ခဲရှိသော ပြည်သူများအနေဖြင့် မေလ ၁၉ ရက်နေ့မှ ၂၁ နေ့ထိပြုလုပ်မည့် အွန်လိုင်း ဓာတ်ပုံကမ်ပိန်းတွင် ပါဝင်ပေးပါရန် အထူး မေတ္တာ ရပ်ခံတိုက်တွန်းအပ်ပါတယ်လို့ဆိုထားပါတယ်။
မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိဓါတ်ပုံကန်ပိန်းတွင် တောင်းဆိုကြမည့် စာသားများကို GSCB၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment