၂၀၂၃ ဇွန်လ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပဲခူးတိုင်းစစ်မြေပြင် ရှေ့တန်းကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်သွားရောက်ကာ ရဲဘော်များကို တွေ့ဆုံ အားပေးစကားပြောကြား
📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုထားသည့် စာဖြေသူများ၏ အသိအမှတ်ပြုလက်မှတ်အားလုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထုတ်ပေးမည်
📌 ၄။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်သည်အထိ အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး တိုက်တွန်း
📌 ၅။ စစ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ဖို့ သာလွန်အင်အားတွေအသုံးပြုပြီး ကြိုးစားနေတယ်လို့ဆို
📌 ၆။ ၂နှစ်တာကာလအတွင်းတိုက်ပွဲပေါင်း၁၀၀၀ ကျော်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ၆၀၀ ကျော်ရရှိခဲ့ကာ စခန်းငယ် ၁၀ခုKNDFက သိမ်းယူနိူင်ခဲ့
📌 ၇။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ကာ အမေရိကန်ဒေါ်လာ လေးဘီယံနီးပါးဟာ စွမ်းအင်ကဏ္ဍကဝင်ခဲ့
📌 ၈။ ကချင်ပြည်နယ်မှာ CDMဝန်ထမ်းတွေကို စစ်အုပ်စုက ဆက်တိုက်ဖမ်းဆီး
📌 ၉။ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့ မှမန္တလေး အမှတ် ၁ ရဲစခန်းထဲကို ၄၀ မမ ဖြင့် ပစ်ခတ်၍ ထိခိုက်မှုများရှိနိူင်
📌 ၁၀။ ကောလင်းမြို့ကျောက်တန်းရွာသို့ စစ်ကြောင်းထိုးတဲ့ စကစတပ်များ အများပြည်သူနေအိမ်များကို ရိုက်ချိုးဖျက်ဆီးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပဲခူးတိုင်းစစ်မြေပြင် ရှေ့တန်းကို ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်သွားရောက်ကာ ရဲဘော်များကို တွေ့ဆုံ အားပေးစကားပြောကြား
မေလ၃၁
ပဲခူးတိုင်းစစ်မြေပြင် ရှေ့တန်းကို မေလအတွင်းက ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်ကိုယ်တိုင်သွားရောက်ကာ ရဲဘော်များကို တွေ့ဆုံ အားပေးစကားပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
တွေ့ဆုံရာတွင် ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဦးလွင်ကိုလတ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းတိုင်းစစ်ဦးစီ ရဲဘော်စောယှားဖောင်ဝှါး၊ အမှတ်(၂) စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမူး ရဲဘော်တင်ဦး၊ဧရာဝတီတိုင်းကွပ်ကဲရေးတာဝန်ခံ ရဲဘော်ကောင်းကျော်တို့ပါလိုက်ပါသွားခဲ့ပြီး ပဲခူးတိုင်းစစ်မြေပြင်ရှိ ရှေ့တန်းရောက် ရဲဘော်များထံ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ထို့နောက် အမှတ် ၂ စစ်ဒေသခွဲ၏ စစ်ရေးရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ကာ ကျေးရွာများသို့သွားရောက်၍ ပြည်သူလူထုနှင့်တွေ့ဆုံပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ တော်လှန်ရေးဆောင်ရွက်နေမှုနှင့်လုပ်ငန်းစဉ်များကို ဆွေနွေးပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
မေ လ ၃၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၆/၂၀၂၃)ကို မေလ၃၁ရက်နေ့က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဌာနများမှ ဌာနနှင့်သက်ဆိုင်သည်များကို ပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုထားသည့် စာဖြေသူများ၏ အသိအမှတ်ပြုလက်မှတ်အားလုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထုတ်ပေးမည်
မေလ၃၁ရက်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုထားသည့် စာဖြေသူများ၏ အသိအမှတ်ပြုလက်မှတ်အားလုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထုတ်ပေးမည်ဖြစ်ကြောင်း မေလ ၃၁ရက်မှာ NUG ပညာရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အခြေခံပညာ နဝမတန်း (စနစ်ဟောင်း) အထိ (သို့မဟုတ်) အစိုးရနည်းပညာအထက်တန်းကျောင်း ပထမနှစ်အထိ တက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၁၇) နှစ် ပြည့်ပြီးသည့် ပြည်သူနှင့်အတူ ရပ်တည်သော ကျောင်းသား၊ ကျောင်းသူများအတွက် “၂၀၂၃ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း” အစီအစဉ်ကို ဆောင်ရွက်ပေးလျက် ရှိတယ်လို့ဖော်ပြပါတယ်။
“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (၂၀၂၃)” ပထမအကြိမ်နှင့် ဒုတိယအကြိမ် အစီအစဉ်များတွင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုထားသည့် စာဖြေသူများ၏ အသိအမှတ်ပြုလက်မှတ်အားလုံးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် ထုတ်ပေးမှာဖြစ်တယ်လို့ဆိုပါတယ်။
“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (၂၀၂၃)” အသိအမှတ်ပြုလက်မှတ်တွင် ထုတ်ပြန်ပေးမည့် ရမှတ်အဆင့်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။
========================
📌📌 ၄။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်သည်အထိ အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုဝန်ကြီး တိုက်တွန်း
စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်သည်အထိ အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်ဗဟန်းထန်က မေလ၃၁ရက်မှာ တိုက်တွန်းဆိုလိုက်ပါတယ်။
"မေလ ၃၁ ရက်နေ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းထူထောင်ခြင်း (၂ )နှစ်ပြည့်အတွက် ကျနော့်အနေနဲ့ လေးစားစွာ ဂုဏ်ပြုလိုပါတယ်။ ၂ နှစ်အတွင်းမှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းများအားလုံးကိုလည်း အလေးပြုဦးညွတ်ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်သည်အထိ အတူလက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားကြပါစို့"လို့ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဟာ ကရင်နီဒေသတွင် စကစတပ်များကို ရွပ်ရွပ်ချွံချွံတွန်းလှန်တိုက်ခိုက်နိုင်ခဲ့ပြီး နယ်မြေများစိုးမိုးရရှိခဲ့ပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ဖို့ သာလွန်အင်အားတွေအသုံးပြုပြီး ကြိုးစားနေတယ်လို့ဆို
မေလ၃၁
စစ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ဖို့ သာလွန်အင်အားတွေ အသုံးပြုပြီး ကြိုးစားနေတယ်လို့ ကြားကာလချင်းအမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က မေလ၃၁ရက်မှာ ဆိုပါတယ်။
"ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီဘက်က Victoria Base ကို ထိုးဖောက်နိုင်ဖို့ လေကြောင်း၊ ကြည်းကြောင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပါတယ်။ တမြန်နေ့က Timit တိုက်ပွဲမှာ CNA/CDF တပ်ဖွဲ့ဝင် ၁၁ ဦးကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။ စစ်ကောင်စီအနေနဲ့ ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်တခုလုံးကို ထိန်းချုပ်နိုင်ဖို့ သာလွန်အင်အားတွေအသုံးပြုပြီး ကြိုးစားနေတာဖြစ်ပါတယ်။ မြေပြင်စစ်ဆင်ရေးမှာတော့ အသာစီး မရပေမယ့် လေကြောင်းတိုက်ခိုက်မှုမှာတော့ ၎င်းတို့ဘက်က အလေးသာနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ Victoria Base ပြိုသွားရင် ချင်းတောင်အပါအဝင် အနောက်ဘက်ဒေသရဲ့ တော်လှန်ရေးရေချိန်ကို ရိုက်ချိုးနိုင်ပြီလို့ ယူဆထားပါတယ်။ ဒါကြောင့် VB ကို အသည်းအသန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ပထမလေးလပတ်အတွင်း မြို့နယ် ပေါင်း ၅၆ ခုထက်မနည်းမှာ စကစရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု ၄၄၂ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။
========================
📌📌 ၆။ ၂နှစ်တာကာလအတွင်းတိုက်ပွဲပေါင်း၁၀၀၀ ကျော်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ၆၀၀ ကျော်ရရှိခဲ့ကာ စခန်းငယ် ၁၀ခုKNDFက သိမ်းယူနိူင်ခဲ့
မေလ၃၁ရက်
၂နှစ်တာကာလအတွင်းတိုက်ပွဲပေါင်း၁၀၀၀ ကျော်တိုက်ခဲ့ပြီး စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ ၆၀၀ ကျော်ရရှိခဲ့ကာ စခန်းငယ် ၁၀ခုKNDFက သိမ်းယူနိူင်ခဲ့ပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ထူထောင်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ်ဥက္ကဌ ခွန်းဘီထူး၏ မိန့်ခွန်းမှာထည့်သွင်းဆိုပါတယ်။
"၂နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၁၀၀၀ ကျော်တိုက်ခဲ့ပြီးဖြစ်ပါတယ်။ တိုက်ပွဲကာလတစ်လျှောက် စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ ၆၀၀ ကျော်ရရှိခဲ့ပြီး စခန်းငယ်၁၀ခုသိမ်းယူမှုတွေမှာ ပူးပေါင်းပါဝင်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် KNDFအနေနဲ့ ဖက်ဒရယ်နိူင်ငံတည်ဆောက်ရေးမှာ NUG၊ NUCC ၊CRPHတို့ရဲ့ရပ်တည်မှုနဲ့ လုပ်ဆောင်ချက်များကို ဆက်လက်ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၇။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ကာ အမေရိကန်ဒေါ်လာ လေးဘီယံနီးပါးဟာ စွမ်းအင်ကဏ္ဍကဝင်ခဲ့
မေလ၃၁
အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ကာ အမေရိကန်ဒေါ်လာ လေးဘီယံနီးပါးဟာ စွမ်းအင်ကဏ္ဍက ဝင်ခဲ့တယ်လို့ဆိုပါတယ်။
မေလ ၃၁ရက်မှာ ISP Myanmar ကစကစရဲ့ စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားငွေအများဆုံး ဆက်ရနေတဲ့အပိုင်းကို အသိပေးဖော်ပြပါတယ်။
"အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဝင်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံကျော် ရှိခဲ့ပါတယ်။ ဒီအထဲက ၇၀ ရာခိုင်နှုန်းကျော်အမေရိကန်ဒေါ်လာ လေးဘီယံနီးပါး ဟာ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တာဖြစ်ပါတယ်။ စွမ်းအင်ကဏ္ဍကို ဝင်ခဲ့တဲ့ နိုင်ငံခြားငွေတွေထဲက ၂ ဒသမ ၅ ဘီလီယံ ဟာ ၂၀၂၁ ခုနှစ် မေလအတွင်းက ခွင့်ပြုခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမီးလင်းချိုင် စွမ်းအင်စီမံကိန်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှာလည်း စွမ်းအင်ကဏ္ဍကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ဝင်ရောက်ခဲ့ပြီး မည်သည့်နိုင်ငံက ရင်းနှီးမြှုပ်နှံတယ် ဆိုတာကို အတိအကျ မသိရသေးဘူးဖြစ်ပါတယ်။
အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေခဲ့ပါတယ်။
========================
📌📌 ၈။ ကချင်ပြည်နယ်မှာ CDMဝန်ထမ်းတွေကို စစ်အုပ်စုက ဆက်တိုက်ဖမ်းဆီး
မေလ၃၁
ကချင်ပြည်နယ်မှာ CDMဝန်ထမ်းတွေကို စစ်အုပ်စုက ဆက်တိုက်ဖမ်းဆီးခဲ့တယ်လို့ လတ်တလော ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ မေလ၃၁ရက်မှာ AAPPက ဖော်ပြပါတယ်။
မေလ ၃၀ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားသော စာရေးဝန်ထမ်း ဒေါ်နေခြည်အောင်ကို မိုးကောင်းမြို့နယ်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့တယ်လို့သိရပါတယ်။
ဒေါ်နေခြည်အောင်ကို အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နန့်ရင်းရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ ဧပြီလ ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။
အလားတူ မေလ ၂၇ ရက်နေ့ ညပိုင်းအချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားသော ကျောင်းဆရာမ ဒေါ်ခိုင်စိုးဝေကို အကြမ်းဖက်စစ်အုပ်စု၏တပ်သားများက ရွှေကူမြို့ရှိ ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးလက်ရှိတွင် ဒေါ်ခိုင်စိုးဝေကို ရွှေကူမြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရှိရပါတယ်။
========================
📌📌 ၉။ နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့ မှမန္တလေး အမှတ် ၁ ရဲစခန်းထဲကို ၄၀ မမ ဖြင့် ပစ်ခတ်၍ ထိခိုက်မှုများရှိနိူင်
မေလ၃၁
နတ်ဆိုး မြေအောက်တော်လှန်ရေး တပ်ဖွဲ့ မှမန္တလေး အမှတ် ၁ ရဲစခန်းထဲကို ၄၀ မမ ဖြင့် ပစ်ခတ်၍ ထိခိုက်မှုများရှိနိူင်တယ်လို့ဆိုပါတယ်။
မေလ၃၁ရက် မနက်ပိုင်းမှာ မန္တလေး အမှတ် ၁ ရဲစခန်းထဲကို တိုက်ခိုက်ခဲ့တာလို့ ဗိုလ်နတ်ဆိုးက အတည်ပြုပြောပါတယ်။
"၄၀မမနဲ့ ပစ်လိုက်တာဟုတ်ပါတယ်။ စခန်းထဲထိပစ်ထည့်လိုက်တာပါ။ အထိအခိုက်ကတော့ စုံစမ်းနေဆဲပါ"လို့ပြောပါတယ်။
နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)ဟာမေ (၂၇) ရက် မနက်ပိုင်းက မန္တလေးမြို့ ကုသိုလ်တော်နဲ့ မန္တလေးတောင်ခြေအနီးက ခလရ (၉၁၀) တပ်ထဲကို (၄၀) မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
========================
📌📌 ၁၀။ ကောလင်းမြို့ကျောက်တန်းရွာသို့ စစ်ကြောင်းထိုးတဲ့ စကစတပ်များ အများပြည်သူနေအိမ်များကို ရိုက်ချိုးဖျက်ဆီးခဲ့
မေလ၃၁ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကျောက်တန်းရွာသို့ စစ်ကြောင်းထိုးတဲ့ စကစတပ်များ အများပြည်သူနေအိမ်များကို ရိုက်ချိုးဖျက်ဆီးခဲ့တယ်လို့ မေလ၃၁ရက်မှာ ကောလင်းတော်လှန်ရေးအင်အားစုက အတည်ပြုဆိုပါတယ်။
"မေလ၂၆ရက်နေ့တွင် ကောလင်းမှ စတင်ထွက်ခွါလာသော စစ်ကောင်စီတပ်သည် ကောလင်းမြို့ ကျောက်တန်းရွာသို့ရောက်ရှိပြီး ကျောက်တန်းရွာရှိ ပြည်သူနေအိမ်များအား ဝင်ရောက်ဖျက်စီးမှူများရှိခဲ့ပါတယ်။ရစရာမရှိလောက်အောင်ဖျက်စီးခဲ့ပြီး ပစ္စည်းများကိုလည်း ကားကြီးကားငယ်များနှင့် ခွေးကုန်းအထိုင်ချထားရာ သစ်ဖုလတောင်ကုန်းသို့ သယ်ဆောင်သွားတယ်"လို့ဆိုပါတယ်။
ကောလင်းမြို့နယ်ရှိ ကျေးရွာများကို စကစတပ်များဟာမကြာခဏစစ်ကြောင်းထိုးဝင်ရောက်၍ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုတို့ရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment